← Chapters

သူ့ရဲ့လိုအပ်ချက်တွေကို ခြွင်းချက်မရှိဖြည့်ဆည်းပေးလိုက်

Vol. 10 Ch. 144

သူ့ရဲ့လိုအပ်ချက်တွေကို ခြွင်းချက်မရှိဖြည့်ဆည်းပေးလိုက်

Vol. 10 Ch. 144

"ဥက္ကဋ္ဌပြောင်.. သူဘာပြောလိုက်တာလဲ"

အစည်းအဝေးခန်းမထဲတွင် လူတိုင်းက ပြောင်ကွမ်ကျီး၏အမူအရာကို ကြည့်နေကြသည်။ သူ့အမူအရာကား မသာမယာဖြစ်နေသဖြင့် လူတိုင်း၏စိတ်ထဲ တထင့်ထင့်ဖြစ်နေရတော့သည်။

"ကိုယ်စားလှယ်စု သူ..သူ အိပ်နေတုန်းပဲတဲ့။ ပြီးတော့ လီဂျီအွန်းလာနှိုးမှ ထမယ်လို့လည်း ပြောလိုက်တယ်"

ပြောင်ကွမ်ကျီးကလည်း တိတိကျကျပြန်ပြောပြလိုက်၏။

"လီဂျီအွန်းက ဘယ်သူလဲ"

သူ(မ)က ချင်းချိုးနိုင်ငံနှင့် ဟွာရှားနိုင်ငံတွင် အလွန်တရာကျော်ကြားလှသော်ငြား ထိုလောကနှင့် မသက်ဆိုင်သူများအတွက်တော့ ရင်းနှီးကျွမ်းဝင်မှုမရှိသော နာမည်တစ်ခုသာဖြစ်၏။

"ကြည့်ရတာတော့ ကျွန်တော်တို့နိုင်ငံရဲ့ ထိပ်တန်းအေဂျင်စီသုံးခုထဲကတစ်ခုဖြစ်တဲ့ LEအေဂျင်စီရဲ့လက်အောက်မှာ ပွဲဦးထွက်ခဲ့တဲ့ အမျိုးသမီးအနုပညာရှင်တစ်ယောက်ပါပဲ။ သူက ပြည်တွင်းမှာ တော်တော်နာမည်ကြီးတယ်။ ကြည့်ရသလောက်တော့ ဟွာရှားမှာလည်း အရမ်းရေပန်းစားပုံပဲ"

ချင်းချိုးမင်ရှန့်ဘဏ်၏ ဥက္ကဋ္ဌက ပြောလိုက်သည်။

"မင်းက‌ တော်တော်သိပုံရတယ်"

စုကျီဟယ်က မှတ်ချက်ပေးလိုက်သည်။

"မနှစ်တုန်းက မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို ပါတီတစ်ခုကိုဖိတ်ခဲ့တယ်လေ။ အဲ့ဒီမှာပဲ ကျွန်တော်က ဒီအမျိုးသမီးအနုပညာရှင်ကို သတိထားမိခဲ့တာ။ သူက အရမ်းလည်းလှသလို သီချင်းဆိုတာလည်း အရမ်းတော်တယ်။ ကျွန်တော်တို့နိုင်ငံထဲမှာ သူ့ထက်ပိုနာမည်ကြီးတဲ့ အမျိုးသမီးအနုပညာရှင်ရယ်လို့ အများကြီးမရှိဘူး"

"ဒီတော့ သူက အဲ့ဒါဘာသဘောလဲ။ ကျုပ်တို့နိုင်ငံရဲ့အမျိုးသမီးအနုပညာရှင်တစ်ယောက်က သူ့ကို လာနှိုးပေးရမှာပေါ့။ သူက ကျုပ်တို့ကို ဘာများအောက်မေ့နေတာလဲ"

စီအီးအိုတစ်ယောက်က ချက်ချင်းပင် ဒေါသူပုန်ထသွားလေသည်။

ကိုယ်စားလှယ်စုက ဆွေးနွေးညှိနှိုင်းဖို့အတွက် သူ့ကို ဖိတ်ခေါ်ခဲ့သော်လည်း သူကတော့ သူ့ကိုဖုန်းဆက်လာသည့် ဥက္ကဋ္ဌပြောင်ကွမ်ကျီးကို အော်ဟစ်ပစ်ခဲ့ပြီး ယခုလည်း သူတို့၏ကမ္ဘာကျော်နတ်ဘုရားမကိုပင် သူ့အား အိပ်ရာလာနှိုးခိုင်းနေလေပြီ။ သူက ဧကရာဇ်တစ်ပါးလို ဆက်ဆံခံရဖို့များ မျှော်လင့်နေလေသလား။

"အမှန်ပဲ။ ဒါကတော့ လွန်လွန်းတယ်။ သူက ကျုပ်တို့ရဲ့ဘဏ္ဌာရေးဌာနကို မီးနီဒေသများမှတ်နေတာလား။ သူ့စိတ်ကြိုက်အတိုင်း အမျိုးသမီးတစ်ယောက်ကို လာတောင်းဆိုနေတယ်ပေါ့လေ"

"ဒါဆိုလည်း မင်းတို့မှာ ပိုကောင်းတဲ့အကြံဉာဏ်တစ်ခုခုများရှိကြလား"

စုကျီဟယ်လည်း တင်းမာခက်ထန်နေသော်ငြား ကူကယ်ရာမဲ့နေရဆဲပင်။

ကျန်းမုန့်လောင်က ငွေထုတ်ဖို့အတွက် အလျင်လိုမနေသော်ငြား သူတို့ကတော့ အလျင်လိုနေပေသည်။

ယခုဆိုလျှင် မျက်လုံးပေါင်းများစွာက ဟွာရှားကို စောင့်ကြည့်နေကြလေပြီ။ ကျန်းမုန့်လောင်က ချင်းချိုးဘဏ်အကောင့်လက်ကျန်ငွေကို ဝေးပေါ်တွင် တင်လိုက်ချိန်တုန်းကပင် တစ်ကမ္ဘာလုံးနီးပါးက ထိုအကြောင်းကို သိသွားခဲ့ကြပြီး ထိုသတင်းက ချင်းချိုးနိုင်ငံထဲကိုပါ ပျံ့နှံ့သွားခဲ့သည်။

ယခုဆိုလျှင် ချင်းချိုးနိုင်ငံထဲရှိ လူတိုင်းက ဟွာရှားနိုင်ငံတွင် ကျန်းမုန့်လောင်ဟုခေါ်သော လူချမ်းသာမျိုးဆက်တစ်ယောက်ရှိကြောင်း၊ သူသည် ချင်းချိုးဘဏ်ထဲတွင် ချင်းချိုးငွေကြေး၇၃၀ထရီလီယံကိုပိုင်ဆိုင်ထားကြောင်းနှင့် အခြားဘဏ်များ၏ ဘလက်ကတ်များထဲတွင်လည်း ပိုက်ဆံမည်မျှရှိထားသလဲဆိုသည်ကို မသိရသေးကြောင်းနှင့်အတူ သူသည် ချင်းချိုးတစ်နိုင်ငံလုံးရှိ ဘဏ်များအားလုံးကို ပြောင်သလင်းခါသွားအောင် ငွေထုတ်ပစ်မည်ဟု ကြေညာထားကြောင်းတို့ကိုပါ သိသွားကြသည်။

အကယ်၍ ကျန်းမုန့်လောင်သာ ထိုသို့လုပ်ဆောင်နိုင်ခဲ့ပါက သူတို့နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားခြစ်ကုပ်စုဆောင်းထားသော ပိုက်ဆံများကို ဘဏ်ထဲမှ ထုတ်ယူရန် ခဲယဉ်းသွားမည်ဖြစ်လေရာ သူတို့အနေနှင့် မစိုးရိမ်ဘဲ အဘယ်မှာနေနိုင်ပါအံ့နည်း။

ယနေ့မနက် ဘဏ်ဖွင့်လိုက်ပြီးနောက်မှာပင် ငွေထုတ်ယူမှုဒုတိယလှိုင်းလုံးကြီးတစ်ခုက ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။ တစ်မနက်တည်းနှင့်ပင် ချင်းချိုးဘဏ်၏ စုငွေများမှာ ချင်းချိုးငွေကြေးတစ်ရာထရီလီယံအထိ လျော့ကျသွားခဲ့သည်။

လုပ်ငန်းအရွယ်အစားမှာ အလွန်ကြီးမားလွန်းလှသောကြောင့် ဘဏ်အနေနှင့် ထိုကဲ့သို့များပြားလှသော ဝန်ဆောင်မှုပမာဏကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိချေ။ နိုင်ငံတစ်ဝှမ်းတွင်လည်း ပဋိပက္ခများ စတင်ဖြစ်ပေါ်လာပြီး အခြေအနေကလည်း တစ်နေ့တစ်ခြားဆိုးဝါးလာလေတော့သည်။

ယခုလိုသာဆက်ဖြစ်နေပါက ကျန်းမုန့်လောင်ပင် ပိုက်ဆံထုတ်လိုက်ဖို့ လိုမည်မဟုတ်။ ပြည်တွင်းရှိ ပြည်သူများကတင် ဘဏ်ရန်ပုံငွေများကို အပြောင်ကုန်ခန်းသွားစေနိုင်ပြီး အကြွေးအများကြီးတင်နေတော့မည်ဖြစ်၏။

စင်စစ်တွင် သူတို့အနေနှင့် ငွေစက္ကူရိုက်နှိပ်ဖို့ မလိုလားသည့်တိုင် လူထုကရော ငွေစက္ကူထုတ်နိုင်လေသလား။ ရလဒ်ကား သိသာထင်ရှားနေပြီဖြစ်၏။

ကျန်းမုန့်လောင်ကတော့ အလျင်မလိုပေ။ ချင်းချိုးနိုင်ငံထဲတွင် သူ့စိတ်ကြိုက် စားလိုက်၊ သောက်လိုက်၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်လုပ်နေပေသည်။ သို့သော် သူတို့ကတော့ ထိုသို့မလုပ်နိုင်ပေ။ ဤအခြေအနေမျိုးသာ တစ်ပတ်လောက်ဆက်ဖြစ်နေပါလျှင် သူတို့၏စီးပွားရေးလည်း ပြိုလဲသွားတော့မည်ဖြစ်၏။ ထိုအချိန်ကျမှ ကျန်းမုန့်လောင်တစ်ယောက် ချင်းချိုးနိုင်ငံထဲမှ ထွက်သွားလျှင်တောင် နောက်ကျသွားပြီသာ။

ယခုအချိန်တွင် သူတို့အလိုအပ်ဆုံးအရာမှာ အချိန်ပင်တည်း။

"ပြောကြစမ်းပါ။ အားလုံးပဲ ပြောကြစမ်းပါ။ အခုလေးတင် မင်းတို့ တအားတွေဆုံးဖြတ်ချက်ပြတ်သားနေကြတာမဟုတ်ဘူးလား။ အခုကျတော့ ဘာလို့စကားမပြောနိုင်တော့တာလဲ"

စုကျီဟယ်က စိန်ခေါ်လိုက်သည်။

"အခု ငါတို့မှာရွေးစရာမရှိတော့ဘူး။ အဲ့ဒါက အမျိုးသမီးအနုပညာရှင်လေးတစ်ယောက်ပဲ မဟုတ်ဘူးလား။ သူ့ကို အိပ်ရာနှိုးရုံလေးတင်ပဲလေ။ သူ့ကိုနှိုးခိုင်းရုံတင်မကဘဲ ကျန်းမုန့်လောင်နဲ့အတူ အတူအိပ်ဖို့ပြောလာခဲ့ရင်တောင် ငါတို့လုပ်ပေးရမှာပဲ"

ဘဏ်အကြီးအကဲတော်တော်များများမှာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့လိုက်ကြပြီး မလိုလား‌သော်ငြား မတတ်သာတော့ပြီ။ စုကျီဟယ်၏စကားများက ရက်စက်လှသော အမှန်တရာကို ရောင်ပြန်ဟပ်နေစေသည်။ သူတို့မှာ ကျန်းမုန့်လောင်ကို ထပ်အချိန်ဆွဲထားဖို့ အချိန်မရှိတော့ချေ။ သူဘာပြောပြော သူတို့ဘက်က ခြွင်းချက်မရှိဖြည့်ဆည်းပေးရတော့မည်သာ။

"ကိုယ်စားလှယ်စု.. ကျွန်တော်တို့ ခပ်ကြမ်းကြမ်းလေးအရေးယူလိုက်မယ်ဆိုရင်ရော.. ဒီလူသာ ဒီအတိုင်းပျောက်ကွယ်သွာမယ်ဆိုရင်…"

"မင်းက ငတုံးလား။ ငါတို့ကို သေကြောင်းကြံစည်ဖို့ကြိုးစားနေတာလား"

စုကျီဟယ်က အဆုံးမှာတော့ ပေါက်ကွဲပါတော့သည်။

"မျက်လုံးဘယ်နှလုံးလောက်က ငါတို့ကိုစောင့်ကြည့်နေလဲဆိုတာ မင်းသိလား။ ကျန်းမုန့်လောင်သာ သေသွားရင် အဲ့ဒါက ငါတို့လက်ချက်ဟုတ်ဟုတ်မဟုတ်ဟုတ် သူများတွေရဲ့အမြင်မှာတော့ အဲ့ဒါက ငါတို့လက်ချက်ဖြစ်နေမှာပဲ။ ဒေါသထွက်နေတဲ့ ဟွာရှားနိုင်ငံသားတွေက ဘာလုပ်လာလိမ့်မလဲဆိုတာ မင်းစဉ်းစားဖူးလား"

စုကျီဟယ်၏စကားများမှာ တရစပ်ပင်။

"ပြီးတော့ သူ့စည်းစိမ်မျိုးနဲ့သာဆိုရင် သူက ဒီအတိုင်းသာမန်ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်လို့များ ထင်နေတာလား။ သူ့နောက်ကွယ်မှာရှိတဲ့ စွမ်းအားက ငါတို့ထင်ထားတာထက် အများကြီးသာလွန်တယ်ကွ။ ဟွာရှာက ဘာမှဆက်မလုပ်ဘူးဆိုရင်တောင်မှ ငါတို့ အဲ့ဒီအင်အားစုကို အံတုနိုင်မှာတဲ့လား"

စုကျီဟယ်၏စကားများက လုံးဝစိတ်ထိခိုက်ချင်စရာ ကောင်းလှပြီး ထိုအမှုဆောင်များ၏ စိတ်ကူးယဉ်မျှော်လင့်ချက်များအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

"LEဖျော်ဖြေရေးဌာနရဲ့ပိုင်ရှင်က ဘယ်သူလဲ"

စုကျီဟယ်က မေးလိုက်သည်။

"ယန်ရှုအိုပါ။ ကျွန်တော် သူနဲ့ ညစာအတူစားဖူးပါတယ်"

လီအန်ဘဏ်ဥက္ကဋ္ဌ ကွေ့ယုံရှုန်းက ဆိုလာလေသည်။

"မင်း ဒီအကြောင်း သူ့ကိုသွားပြောလိုက်။ ငါ့အမိန့်လို့သာပြောလိုက်။ ဘာပဲဖြစ်နေနေ ဒီမနက်ဆယ်နာရီကျရင် လီဂျီအွန်းလို့ခေါ်တဲ့ အနုပညာရှင်က ကျန်းမုန့်လောင်ရဲ့ခုတင်ဘေးကိုသွားပြီး သူ့လိုအပ်ချက်မှန်သမျှကို ခြွင်းချက်မရှိဖြည့်ဆည်းပေးရမယ်လို့။ မှတ်ထား။ သူ့ကိုအိပ်ရာနှိုးတာမှမဟုတ်ဘူး။ အကုန်လုံးပဲ"

"ဟုတ်ကဲ့ သိပါပြီ"

…

LEဌာနချုပ်ထဲရှိ အလှပြင်ခန်းထဲတွင် ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လှသော မိန်းကလေးတစ်ယောက်က မှန်ရှေ့တွင် အလှပြင်နေလေသည်။

လီဂျီအွန်းက ၉၃ခုနစ်တွင်မွေးဖွားခဲ့ပြီး သူ(မ)အဖေ၏ လွှမ်းမိုးမှုကြောင့် ငယ်ငယ်ကတည်းက ဂီတကို ချစ်မြတ်နိုးခဲ့သူဖြစ်၏။ သူ(မ)၏ကိုယ်ပိုင်အားထုတ်ကြိုးစားမှုနှင့် အိပ်မက်များကြောင့် တစ်ကိုယ်တော်အနုပညာရှင်လမ်းကြောင်းကို လျှောက်လှမ်းကာ ဂီတနှင့် ရုပ်ရှင်လောကထဲ၌ ထူးချွန်လှသောလက်ရာများကို ချန်ထားရစ်ခဲ့သည်။ ပြည်တွင်းရှိ မျိုးဆက်ဟောင်းအဆိုရှင်များကပင် သူ(မ)၏အဆိုစွမ်းရည်ကို အလွန်လေးစားကြရသည်။

ယခုလက်ရှိတွင် လီဂျီအွန်းသည် LE၏မျက်နှာစာတစ်ခုဖြစ်လာပြီး ချီးမွမ်းမှုများစွာကိုလည်း ခံယူနေရလေသည်။ ကံကောင်းစွာဖြင့် သူ(မ)တွင် ဖခင်ကောင်းတစ်ယောက်ရှိပြီး ကုမ္ပဏီဘက်ကလည်း အခိုင်အမာကာကွယ်ပေးထားသဖြင့် ဖျော်ဖြေရေးလောက၏ ညစ်ပတ်လှသောဘက်အခြမ်းနှင့် သူ(မ) ကင်းဝေးနေရချေသည်။

လီဂျီအွန်းသည် သူ(မ)၏ သဘာဝဆန်သော ရိုးသားမှုနှင့် ပျော်ရွှင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ဂီတနှင့် စင်မြင့်ကို ပျော်ရွှင်ခံစားနေဆဲပင်။

ယနေ့မွန်းလွဲပိုင်းတွင် သူ(မ)သည် ပြည်တွင်းရှိ ရသစုံရှိုးတစ်ခုတွင် ပါဝင်ရမည်ဖြစ်သောကြောင့် ရိုက်ကူးရေးလုပ်ဖို့ ပြင်ဆင်နေခြင်းပင်။

"ဂျီအွန်း.. အဆင်သင့်ပဲလား"

လီဂျီအွန်း၏မန်နေဂျာက ကြေညာချက်အထပ်လိုက်ကြီးကိုကိုင်ကာ အလှပြင်ခန်းထဲသို့ ဝင်ရောက်လာသည်။

"နာရီဝက်အတွင်း ကားရောက်တော့မှာ။ အချိန်ကိုသတိထားနေနော်"

"သိပါတယ် အစ်မအွန်းချယ်ရဲ့။ ကျွန်မ ပြီးခါနီးပါပြီ"

လီဂျီအွန်းက ပြုံးလိုက်လေသည်။

"ကျွန်မ ဒီရသစုံရှိုးမှာပါချင်နေတာ ကြာလှပြီ။ ဒီတစ်ခေါက်တော့ ကျွန်မ အပြတ်ပျော်ခဲ့မယ်"

"မင်းကတော့ အမြဲပျော်ဖို့ပဲစဉ်းစားနေတော့တာပဲ။ ဒါက အလုပ်နော်။ မင်း ဖျော်ဖြေရဦးမှာ။ ကလေးလိုပဲ အမြဲလုပ်မနေနဲ့။ ဒါပေမဲ့ လူတိုင်းကလည်း မင်းရဲ့ဒီလိုပုံစံကို ကြိုက်ကြတာနေမှာပါလေ ဟားဟား"

"ဟမ်..သူဌေးဖုန်းခေါ်တာပဲ။ ဂျီအွန်း… မိတ်ကပ်ဆက်ပြင်နေနော်"

…

"ဘာ? သူဌေး? ဂျီအွန်းကို ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်ပြီးခိုင်းရက်ရတာလဲ။ လုံးဝမရဘူးနော်"

…

"နိုင်ငံတော်အမိန့်တဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ကောင်းပါပြီ..ကျွန်မနားလည်ပါပြီ…ကျွန်မ ဂျီအွန်းကိုပြောလိုက်ပါ့မယ်။ ဆယ်နာရီကျရင် ကျွန်မ သူ့ကို အဲ့ဒီနေရာဆီ ခေါ်သွားလိုက်ပါ့မယ်"

မန်နေဂျာက လီဂျီအွန်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားရင်း သူ(မ)၏မျက်နှာထက်တွင် မျက်ရည်များစီးကျနေသည်။

လီဂျီအွန်းကလည်း မှန်ထဲကတစ်ဆင့် သူ့မန်နေဂျာ၏ ပုံမှန်မဟုတ်သော အပြုအမူကို ချက်ချင်းသတိထားမိသွားပြီး သူ(မ)ကိုင်ထားသည့်ပစ္စည်းများကို ချပစ်ကာ မတ်တတ်ထရပ်လိုက်သည်။

"အစ်မအွန်းချယ်.. ဘာဖြစ်လို့လဲ။ သူဌေးက ထပ်ဆူလိုက်လို့လား"

မန်နေဂျာကလည်း ခေါင်းအတွင်တွင်ခါယမ်းပြသည်။ ထို့နောက် လီဂျီအွန်းကိုကြည့်ပြီး စကားဘယ်လိုစရမှန်း မသိတော့ပေ။

"အစ်မအွန်းချယ်.. တစ်ခုခုပြောပါဦး။ ကျွန်မကိုမခြောက်ပါနဲ့"

သူ(မ) ယခုလိုပုံစံဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လီဂျီအွန်း၏အမူအရာမှာ သနားစရာကောင်းသွားလေသည်။

"သူဌေးကပြောတယ်။ ဟွာရှားကလူငယ်တစ်ယောက်ကို မင်း အဖော်ပြုပေးရမယ်တဲ့…လိုအပ်လာရင် သူ့တောင်းဆိုချက်မှန်သမျှကို..ခြွင်းချက်မရှိဖြည့်ဆည်းပေးလိုက်တဲ့…"

**********

All Chapters