မစ္စတာကျန်းက ရှင့်ကို ရေအရင်ချိုးစေချင်ပါတယ်တဲ့
Vol. 10 Ch. 146
တစ်ခါတုန်းက လီဂျီအွန်း၏ပရိသတ်ဖြစ်ခဲ့ဖူးသော ကျန်းမုန့်လောင်က သူ(မ)၏အသံကို မမှတ်မိဘဲ မနေပေ။ ချိုသာလှသော ထိုအသံလေးက တံခါးဝနားမှ ထွက်ပေါ်လာချိန်တွင် ကျန်းမုန့်လောင်လည်း ချက်ချင်းနိုးနိုးကြားကြားဖြစ်သွားသည်။
"သေစမ်း..သူတကယ်ရောက်လာတာလား"
ကျန်းမုန့်လောင်ကတော့ အိပ်မက်အလား ခံစားနေရဆဲပင်။ သူ့နတ်ဘုရားမက သူ့ကို အိပ်ရာနှိုးဖို့အတွက် သူ့အခန်းအထိ အပြေးရောက်လာသတဲ့လေ။
"မဖြစ်ဘူး။ ငါ စိတ်ငြိမ်ငြိမ်ထားဖို့လိုတယ်။ ဒါက အခြေခံလုပ်ထုံးလုပ်နည်းတွေပဲ"
ကျန်းမုန့်လောင်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ချေသည်။ သူသည် ယခင်ကလို အရှုံးသမားတစ်ယောက် မဟုတ်တော့ပေ။ သူဟာ တစ်ကမ္ဘာလုံး၏ စီးပွားရေးအသက်သွေးကြောကို ကိုင်ထားပြီး ကမ္ဘာပေါ်ရှိ စည်းစိမ်အများစုကို ထိန်းချုပ်ထားနိုင်သူဖြစ်၏။ သူသည် မိုးကြိုးနှင့်လျှပ်စီးကိုပါ အမိန့်ပေးနိုင်ပြီး သူသာ စိတ်မကျေနပ်ပါက နိုင်ငံတစ်နိုင်ငံပင်လျှင် သူ့အမျက်ဒေါသကို ခံနိုင်ရည်မရှိပေ။
ယခုမှာမူ မိန်းမတစ်ယောက်မျှသာ ဖြစ်၏။ ဘာတွေစိတ်လှုပ်ရှားနေစရာလိုပါသလဲ။ ဤအမျိုးသမီးက နေရာအနှံ့အပြားတွင် ကိုးကွယ်ခံနေရသော စူပါစတားတစ်ယောက်ဖြစ်သော်လည်း သာမန်မိန်းမတစ်ယောက်နှင့် မခြားပေ။
မကြာခင်မှာပင် ကျန်းမုန့်လောင် စိတ်ငြိမ်သွားပြန်လေသည်။
"ဒီနေ့ လီဂျီအွန်းက ငါ့ကို အိပ်ရာလာနှိုးပေးမှန်းသာ ရီရီသိသွားရင် သူသေချာပေါက် သဝန်တိုနေတော့မှာပဲ"
ကျန်းမုန့်လောင် ချင်းချိုးနိုင်ငံသို့လာသည့်အချိန်တုန်းက လုရီယောင်က လီဂျီအွန်း၏လက်မှတ်ကို တောင်းခဲ့ရန်မှာထားကြောင်း သူမမေ့သေးပေ။ တကယ်တမ်းတွင် လက်မှတ်ထိုးထားသော ဓာတ်ပုံတစ်ပုံမျှသာမက လီဂျီအွန်းကိုယ်တိုင်ကို ပြန်ခေါ်သွားချင်လျှင်ပင် ချင်းချိုးနိုင်ငံ၏အစိုးရလည်း စကားတစ်ခွန်းမှ ဟနိုင်မည်မဟုတ်။
သဘောမတူဘူးလား။ ဒါဆို ကောင်းပြီ။ ချင်းချိုးငွေကြေးဘီလီယံရာဂဏန်းနဲ့စလိုက်ကြတာပေါ့။
"ကောင်းပြီ။ ခဏစောင့်ပါဦး"
လီဂျီအွန်းက တံခါးဝတွင် ရောက်နေပြီဖြစ်၏။ ထို့ကြောင့် ကျန်းမုန့်လောင်လည်း ဆက်အိပ်တော့မည်မဟုတ်။ ဤနတ်ဘုရားမသည် သူ့စိတ်ကူးထဲ ပုံဖော်ခဲ့ဖူးသော လီဂျီအွန်းနှင့်တူမတူ သူ မြင်တွေ့ချင်သေးသည်။
တံခါးအပြင်ဘက်ရှိ လီဂျီအွန်းက ခဏတာမျှကြက်သေသေသွားလေသည်။ ကျန်းမုန့်လောင်၏ ချင်းချိုးဘာသာစကားစွမ်းရည်က အလွန်ကောင်းမွန်နေလိမ့်မည်ဟု သူ(မ)ထင်မထားခဲ့ချေ။ သူ(မ)ကဲ့သို့ ချင်းချိုးနိုင်ငံသားတစ်ယောက်အတွက်ပင် နားထောင်ရတာ ဘာအခက်အခဲမှမရှိပေ။
အိမ်ထဲသို့ ဝင်လာပြီးကတည်းက လီဂျီအွန်း၏အံ့အားသင့်မှုများက လုံးဝရပ်တန့်မသွားချေ။
ဤတိုက်ခန်းက ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသောကြောင့်မဟုတ်ပေ။ သူ(မ)၏အဆင့်အတန်းနှင့်ဆိုလျှင် သူ(မ)သာ စိတ်ရှိပါက ယခုလိုနေရာမျိုးတွင် နေထိုင်နိုင်သည်။ သို့သော် ကျန်းမုန့်လောင်ကဲ့သို့သော လက်ချောင်းတစ်ချက်လှုပ်ရုံမျှဖြင့် ချင်းချိုးနိုင်ငံ၏စီးပွားရေးကို ဖျက်ဆီးနိုင်သူတစ်ယောက်အဖို့တော့ ဤနေရာမျိုးတွင် နေထိုင်ခြင်းမှာ သာမန်မျှသာဖြစ်၏။
သို့သော် ဤအိမ်ထဲတွင် အလှဆင်ထားသော ပစ္စည်းများမှာ ချင်းချိုးနိုင်ငံ၏ ပြည့်ရတနာများစွာဖြစ်နေကြောင်း သူ(မ)မြင်လိုက်ရသည်။ ဤပစ္စည်းများကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဌာနနှင့် ပြတိုက်များတွင်သာ လီဂျီအွန်းမြင်ခဲ့ဖူးသည်။ သို့သော် ကျန်းမုန့်လောင်၏နေအိမ်ထဲတွင်မူ ထိုအရာများက သာမန်အလှဆင်ပစ္စည်းများသာ ဖြစ်နေလေသည်။
ကျန်းမုန့်လောင်စုဆောင်းထားသော ရုပ်တုများအတွက် ဗီရိုတစ်လုံးသက်သက်ပင် ထားရှိထားသည်။ သူ့မျက်လုံးထဲတွင်မူ အဖိုးမဖြတ်နိုင်သော ချင်းချိုးနိုင်ငံ၏ နိုင်ငံ့ရတနာများနှင့် ပန်းပုရုပ်တုများမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် တန်ဖိုးကြီးလှသည်။
"ဟုန်းရီ.. မိန်းကလေးလီကိုဂရုစိုက်ပေးပြီး သူရေချိုးဖို့အတွက် စီစဉ်ပေးလိုက်ပါဦး။ ငါလည်း ရေသွားချိုးလိုက်ဦးမယ်"
ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်၏။ သူ့အခန်းထဲတွင် ရေချိုးခန်းတွဲရက်ပါပြီးသားဖြစ်သောကြောင့် ဤနေရာမှာတင် ရေချိုးသန့်စင်လိုက်လို့ရလေသည်။ အလှပဂေးလေးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရမည်ဖြစ်သောကြောင့် အိပ်မှုန်စုန်မွှားဖြင့် မသပ်မရပ်ထွက်တွေ့လို့မရနိုင်ပေ။
"ရေသွားချိုးတော့မယ်"ဟူသော ကျန်းမုန့်လောင်၏စကားက လီဂျီအွန်း၏စိတ်ထဲမှာမူ မည်သို့သဘောသက်ရောက်သွားလေမလဲဆိုသည်ကို သူကိုယ်တိုင်ပင် မတွေးမိချေ။
"ရေ..ရေချိုးရမှာလား"
ထိုစကားများကို ကြားလိုက်ရသောအခါ လီဂျီအွန်း၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။ ဤနေရာသို့ရောက်လာပြီးမှတော့ ထိုကံကြမ္မာကို ဘယ်လိုရှောင်လွှဲနိုင်တော့မည်လဲ။
"မိန်းကလေးလီ.. ရှင့်ကို ရေအရင်ချိုးဖို့ လိုက်ပို့ပေးပါ့မယ်"
ဟုန်းရီက လီဂျီအွန်းကို ညင်သာပျော့ပျောင်းစွာပြောလိုက်သည်။
"ကောင်းပါပြီ"
လီဂျီအွန်းလည်း နှုတ်ခမ်းကိုက်လျက်သာ ခက်ခက်ခဲခဲခေါင်းညိတ်ပြလိုက်သည်။ ပြောင်ကွမ်ကျီး သူ(မ)ကိုပေးပို့ထားသည့် သတင်းအချက်အလက်ထဲမှာလည်း ကျန်းမုန့်လောင်တောင်းဆိုသမျှကို ငြင်းဆန်ခြင်းမပြုဘဲ သူ့ကို စိတ်ကျေနပ်အောင်လုပ်ပေးရမည်ဟု ပါရှိလေသည်။ ထိုသို့မဟုတ်ပါက သူ(မ)တင်မကဘဲ သူ(မ)၏မိသားစုတစ်ခုလုံးပါ သစ္စာဖောက်မှုဖြင့် အပြစ်ပေးခံရမည်ဖြစ်၏။
လီဂျီအွန်းအနေနှင့် သူ(မ)၏သန့်စင်မှုကို ကာကွယ်ရန်အတွက် သူ(မ)၏အသက်အပြင် အရာအားလုံးကို စွန့်လွှတ်နိုင်သော်လည်း သူ(မ)၏မိသားစုကိုတော့ သူ(မ)ကြောင့် အထိခိုက်မခံနိုင်ပေ။ ကျန်းမုန့်လောင်၏အိမ်ထဲသို့ ခြေချလိုက်ချိန်ကစပြီး သူ(မ) အရာအားလုံးအတွက် အဆင်သင့်ပြင်ထားပြီးဖြစ်၏။
"မိန်းကလေးလီ.. ဒီဘက်ကိုကြွပါ။ ရေချိုးခန်းက အပေါ်ထပ်မှာပါ"
"ဒီအထပ်နှစ်ထပ်က ဆက်ထားတာလား"
လီဂျီအွန်းခမျာ တုံ့ခနဲရပ်တန့်သွားရပြီးနောက် ဤနေရာရှိ တိုက်ခန်းတစ်ခန်းသည် စတုရန်းမီတာ၄၀၀ခန့်ကျယ်ဝန်းပြီး ဤနယ်မြေတစ်ဝိုက်ရှိ အိမ်ခြံမြေဈေးကိုအခြေခံ၍ တွက်ကြည့်လိုက်ပါက အိမ်တစ်လုံး၏စုစုပေါင်းတန်ဖိုးမှာ ချင်းချိုးငွေကြေးတစ်ဆယ်ဘီလီယံရှိသည်။ ယခုလိုနေအိမ်မျိုးတစ်အိမ်ပိုင်ထားလျှင်ပင် အံ့ဖွယ်ကောင်းနေလေပြီ။
"ဟီးဟီး.. မိန်းကလေးလီ ဒီအထပ်ရော အပေါ်ထပ်ရော အောက်ထပ်ရော အကုန်လုံးက မစ္စတာကျန်းပိုင်တာပါ။ ဒါက တိုက်ခန်းတစ်ခုတည်းပါပဲ။ မစ္စတာကျန်းက သူ့ကိုယ်သူ အဆင့်နှိမ့်ထားသလိုဖြစ်နေတယ်လို့ မထင်ဘူးလား"
ဟုန်းရီက ရယ်မောလိုက်သည်။
"မစ္စတာကျန်းက မကြာခင် ရေချိုးလို့ပြီးစီးတော့မှာပါ။ သူ့ကို စောင့်နေရအောင်မလုပ်ပါနဲ့"
သီးသန့်ဓာတ်လှေကားကိုစီး၍ ဟုန်းရီက လီဂျီအွန်းကို အဆင့်မြင့်ရနံ့တစ်ခု သင်းပျံ့နေလေသော အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအခန်းထဲတွင် ပန်းပွင့်ဖတ်များ ကြဲထားသော နို့ရည်ရေချိုးကန်ကြီးတစ်ခု ရှိနေပေသည်။
"ကျွန်မက ဒီမှာရေချိုးရမှာလား"
လီဂျီအွန်းလည်း အံ့ဩသွားရသည်။ ကျန်းမုန့်လောင်လို လူချမ်းသာတစ်ယောက်က ထိုကဲ့သို့သောအရာမျိုးမလုပ်ခင် ယခုလိုတခမ်းတနားပြင်ဆင်တတ်သည့် ဓလေ့တစ်ခု ရှိနေလေသလား။
"ဒီနို့က ဩစတြေးလျမှာရှိတဲ့ မစ္စတာကျန်းရဲ့ကိုယ်ပိုင်ခြံကထွက်တာပါ။ ကျွန်မတို့ ဒီမနက်ကပဲ ကိုယ်ပိုင်လေယာဉ်နဲ့သယ်ထားတာပါ။ အဲ့ဒါက အသားအရေလှပဖို့နဲ့ စိုပြေဖို့အတွက် အရမ်းကောင်းတဲ့ပစ္စည်းပါ"
ဟုန်းရီက အခန်းတံခါးကို ပိတ်ချလိုက်သည်။
"ကျွန်မ ရှင့်အတွက် အဝတ်အစားသွားပြင်ပေးထားပါ့မယ်"
"ဒီမစ္စတာကျန်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ"
အကြောင်းပြချက်တချို့ကြောင့် လီဂျီအွန်းသည် ကြားဖူးရုံသာကြားဖူးထားပြီး တစ်ခါမှမတွေ့ဖူးသေးသော ကျန်းမုန့်လောင်အပေါ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။
"ရောက်လာပြီးမှတော့ ရေချိုးလိုက်တာပေါ့"
လီဂျီအွန်းခမျာ မဲ့ပြုံးလေးပြုံးလိုက်မိပြီးနောက် သူ(မ)၏အဝတ်အစားများကိုချွတ်ကာ ယခုလေးတင်မှ လိမ်းလာခဲ့သည့်မိတ်ကပ်များကိုလည်း ဖျက်ပစ်လိုက်လေရာ သူ(မ)၏မျက်နှာပြောင်လေးက ထွက်ပေါ်လာချေသည်။ သန့်ပြန့်နေသော ထိုအသားအရေနှင့် ပြီးပြည့်စုံလွန်းလှသော သွင်ပြင်လက္ခဏာတို့ကြောင့် ဘယ်ပုရိသယောကျ်ားကမှ တည်ငြိမ်နေနိုင်ဖို့ မဖြစ်နိုင်ပေ။
"ဒါက မကောင်းတဲ့ကိစ္စမဟုတ်တာလည်း ဖြစ်နိုင်တာပဲ"
ထိုအခိုက်အတန့်လေးဝယ် လီဂျီအွန်း၏စိတ်ထဲတွင် အံ့ဩဖွယ်ကောင်းသော အတွေးတစ်ခု ဖြတ်ပြေးသွားသည်။
လီဂျီအွန်းသည် ထိပ်တန်းသရုပ်ဆောင်တစ်ယောက်အနေနှင့် အနုပညာလောကထဲတွင် သူ(မ)၏အလုပ်အကိုင်ကို ချောမွေ့စွာ ဆက်လက်လုပ်ကိုင်နိုင်လိမ့်မည်ဟု အမြဲတွေးထင်ခဲ့မိသည်။ နိုင်ငံတော်အဆင့်လုပ်ထုံးလုပ်နည်းများနှင့် အရင်းရှင်များရှေ့တွင်မူ သူ(မ)၏ကျော်ကြားမှုက သီးသန့်အခွင့်အရေးမရှိပါဘဲ အစားထိုးခံကိရိယာတစ်ခုဖြစ်နေလိမ့်မည်ဟုတော့ လုံးဝထင်မထားပေ။
ကျန်းမုန့်လောင်နှင့်တွေ့ပြီး ယခုကိစ္စမဖြစ်ပျက်ခဲ့လျှင်တောင် နောင်တစ်ချိန်ချိန်တွင် လီမုန့်လောင်တို့ တင်းမုန့်လောင်တို့နှင့် တွေ့နိုင်သည်သာ။ သူ(မ)၏ကံကြမ္မာ ပြောင်းလဲမသွားသရွေ့တော့ လွတ်မြောက်နိုင်မည်မဟုတ်။
အကယ်၍ သူ(မ)တွင်သာ အာဏာကြီးသောနောက်ခံတစ်ခု ရှိနေခဲ့ပါက သာမန်အသုံးတော်ခံပစ္စည်းတစ်ခုခုဖြစ်နေစေဦးတော့။ ယခုလိုဆိုးဝါးလှသော ကံကြမ္မာမှ လွတ်မြောက်နိုင်လောက်မလား။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကိုပင် မီဒီယာများရှေ့မှာ သူ့ရင်းနှီးငွေက ကျန်းမုန့်လောင်၏အကြီးအကဲများဆီမှ ဆင်းသက်လာကြောင်း ဝန်ခံလာအောင် လုပ်နိုင်စွမ်းရှိသည့် ကျန်းမုန့်လောင်သည် တစ်ကမ္ဘာလုံးအတိုင်းအတာအထိ သက်ရောက်မှုကြီးမားသော အံ့ဖွယ်ကိစ္စတစ်ရပ်ကိုပင် ကြေညာခဲ့သူဖြစ်သည်။
ထို့ပြင် ကျန်းမုန့်လောင်သည် ထိုအချက်ကို သူ့ကိုယ်ပိုင်အစွမ်းအစနှင့် လုပ်ရပ်များဖြင့် သက်သေပြခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပိုလာဒီပြောသွားသည့် စကားများအားလုံးက မှန်ကန်ကြောင်းကိုပါ သက်သေပြခဲ့သည်။
အချိန်ကားနှစ်ရက်သာကြာ၏။ သူသည် ချင်းချိုးနိုင်ငံ၏စီးပွားရေးကို ဖရိုဖရဲဖြစ်အောင်လုပ်ဖို့အတွက် အချိန်နှစ်ရက်သာယူခဲ့ပြီး လူမှုအဖွဲ့အစည်း၏ ပုံမှန်လည်ပတ်နေသော လုပ်ငန်းစနစ်ကိုပင် အပြင်းအထန်ထိခိုက်ပျက်စီးစေခဲ့သည်။
ထိုမျှသာမက သူ၏ဩဇာလွှမ်းမိုးမှုဖြင့် ချင်းချိုး၏အစိုးရတစ်ရပ်လုံးကိုပါ အညံ့ခံစေခဲ့လေရာ သူ့အသုံးတော်ခံဖြစ်လာလျှင်ပင် ထိုမျှအထိဆိုးဝါးလှသောကိစ္စတစ်ခုမဟုတ်ဟု ထင်စေခဲ့သည်။
ယနေ့ သူတို့နှစ်ယောက်ကြား တစ်စုံတစ်ရာဖြစ်ပျက်ခဲ့သည်ဆိုလျှင် ၎င်းမှာ ကျန်းမုန့်လောင်ကို မျက်နှာသာပေးဖို့အတွက်သက်သက်ဆိုလျှင်ပင် နောင်အနာဂတ်တွင် ချင်းချိုးအစိုးရအနေနှင့် သူ(မ)ကို အတင်းအကျပ်စေခိုင်းဖို့ တွေဝေတုံ့ဆိုင်းသွားပေလိမ့်မည်။
ဤနို့ရည်နှင့် ပန်းပွင့်ဖတ်များထဲတွင် ရေချိုးသန့်စင်နေရင်း လီဂျီအွန်းတစ်ယောက် အချိန်ကိုပင် ခေတ္တခဏမေ့လျော့သွားရသည်။
*********