← Chapters

ရှင့်အခန်းထဲကိုသွားမလား ဒါမှမဟုတ် ဒီမှာပဲနေမှာလား

Vol. 10 Ch. 147

ရှင့်အခန်းထဲကိုသွားမလား ဒါမှမဟုတ် ဒီမှာပဲနေမှာလား

Vol. 10 Ch. 147

"ကလစ်"

ရေချိုးခန်းတံခါးက ရုတ်ခြည်းပွင့်သွားလေရာ လီဂျီအွန်းလည်း ထိတ်လန့်နေသော သိုးငယ်‌လေးတစ်ကောင်အလား လန့်ဖျပ်သွားပြီး သူ(မ)၏ရင်ဘတ်ကို တဘက်ဖြင့် အုပ်ထားလိုက်သည်။

"မိန်းကလေးလီ.. မကြောက်ပါနဲ့။ ကျွန်မပါ"

ဟုန်းရီက အိတ်တစ်လုံးကိုင်လျက် လျှောက်လာလေသည်။

"မစ္စတာကျန်းက‌ ရေချိုးနေတုန်းပဲရှိပါသေးတယ်။ သူ ရှင့်ကိုတွေ့ချင်တယ်ဆိုရင် ရှင် ကောင်းကောင်းမွန်မွန်ဝတ်စားထားသင့်တယ်လို့ ပြောလိုက်လို့ပါ"

"လိုအပ်လို့လား"

လီဂျီအွန်း၏စိတ်ထဲ နားမလည်နိုင်လောက်အောင်ပင်။ သူ(မ) ယနေ့တွင် ဤနေရာသို့ ဘာအတွက်ရောက်လာသလဲဆိုသည်ကို ကောင်းကောင်းသိထားသည်။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်လို မိမိကိုယ်ကိုယ်ယုံကြည်မှုပြင်းထန်သူတစ်ယောက်က အပေါ်ယံပကာသနများကို ဘာကြောင့်များဂရုစိုက်နေလေသလဲ။

ဟုန်းရီပြောသလိုဆိုလျှင် ကျန်းမုန့်လောင်ဟုခေါ်သော ဤဟွာရှားလူငယ်လေးက သူ(မ)ကို အရေးကြီးကိစ္စတစ်ရပ်အဖြစ် သဘောထားကြောင်း သိနိုင်လေသည်။ ဤသည်မှာ အနည်းငယ်ကျိုးကြောင်းမသင့်ချေ။ ဤတွေ့ဆုံမှုက အလွန်တရာလေးနက်တည်ကြည်နေသည်ဆိုပါက ယခုလိုဖြစ်နေသင့်သူမှာ သူမဟုတ်ဘဲ သူ(မ)ပင်။

"မစ္စတာကျန်းက ရှင့်ပရိသတ်တစ်ယောက်ဆိုတာ မသိသေးဘူးနော်"

ဟုန်းရီက ရယ်ကာမောကာဖြင့်‌ ပြောလိုက်၏။

"ရှင့်ကို နတ်ဘုရားမလို့ခေါ်တာကလည်း အကျယ်ချဲ့တာတော့မဟုတ်ဘူးပဲ"

လီဂျီအွန်း၏မျက်နှာထက်တွင် အံ့အားသင့်သည့်အရိပ်တစ်ခု ဖြတ်သန်းသွား၏။ ကျန်းမုန့်လောင်လို ချမ်းသာကြွယ်ဝသူတစ်ဦးက ဘယ်လိုမိန်းမမျိုးကို မပိုင်ဆိုင်ဘဲ ရှိမှာတဲ့လဲ။ ယနေ့ကဲ့သို့ သူ့ဘက်ကသာ စကားတစ်ခွန်းဟလိုက်သည်နှင့် ချင်းချိုးနိုင်ငံ၏အစိုးရကပင် ကျန်းမုန့်လောင်ဆီသို့ ကိုယ်တိုင်ကိုယ်ကျရောက်လာပြီး အဖော်ပြုပေးလိမ့်မည်သာ။ သူ့နတ်ဘုရားမဖြစ်ဖို့ မည်သူ့မှာများ အရည်အချင်းရှိနိုင်မည်တဲ့လဲ။

သို့သော် လီဂျီအွန်းမသိသည့်ကိစ္စမှာ ကျန်းမုန့်လောင်သည် သာမန်လူတစ်ဦးအဖြစ် အချိန်အတော်ကြာနေထိုင်ခဲ့ခြင်းပင်။ သူ့မိသားစု၏စည်းစိမ်ကို အမွေဆက်ခံထားသည်မှာ သုံးလပင်မပြည့်သေးချေ။ သူ့အမြင်တချို့ပြောင်းလဲသွားသော်ငြား သူ့ခံယူချက်အများစုကတော့ ယခင်အတိုင်း မပြောင်းမလဲရှိနေဆဲသာ။ လူတစ်ယောက်၏ပင်ကိုဗီဇကား ပြောင်းလဲရန်ခက်ခဲလွန်းလှပေသည်။

"မစ္စတာကျန်းက တကယ်ထူးဆန်းတဲ့လူပဲ"

မိန်းမချင်းဖြစ်နေသည့်အတွက် လီဂျီအွန်းက သူ(မ)နှင့် သက်တူရွယ်တူဖြစ်သော ဟုန်းရီကို သတိကြီးကြီးထားမနေပေ။

"အထဲကိုဝင်လာတဲ့လူက မစ္စတာကျန်းလို့ ကျွန်မထင်လိုက်မိတာ"

"မစ္စတာကျန်းဖြစ်နေရင်တောင်မှ မိန်းကလေးလီရဲ့ အခုလိုခုခံကာကွယ်တဲ့လုပ်ရပ်က အဓိပ္ပာယ်ရှိမှာမဟုတ်ပါဘူး"

ဟုန်းရီက အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ရှင်တို့နိုင်ငံရဲ့အမိန့်အရ မစ္စတာကျန်းကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့မှာလိုက်တယ်မလား။ မစ္စတာကျန်းကသာ ရှင့်ကို တစ်ခုခုလုပ်ချင်တယ်ဆိုရင် ရှင်ရော ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မှာတဲ့လား"

လီဂျီအွန်းလည်း ခါးသက်သက်ပြုံးလိုက်မိသည်။

"ကျွန်မ ဒီကိုလာဖို့ဆုံးဖြတ်ထားမှတော့ အရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီးပါပြီ"

"အမှန်ပါပဲ။ အဲ့ဒါကြောင့် ဒီနေ့မှာ အရာအားလုံးက မစ္စတာကျန်းရဲ့စိတ်နေသဘောထားအပေါ် မူတည်နေတာပေါ့။ ရှင် ဘာမှခုခံကာကွယ်နေဖို့မလိုပါဘူး။ ဘာလို့လဲဆို‌တော့ အဓိပ္ပာယ်မှမရှိတာ"

ဟုန်းရီက ပြောလိုက်သည်။

"မစ္စတာကျန်း လိုချင်တဲ့မိန်းမတွေကို မရနိုင်စရာအကြောင်းမရှိပါဘူး"

လီဂျီအွန်းလည်း သူ(မ)လက်ထဲရှိ တဘက်ကို ချထားလိုက်ပြီး ရေထဲမှဖူးပွင့်လာသည့် ကြာပန်းလေးတစ်ပွင့်အလား ရေချိုးကန်ထဲက ထွက်လာခဲ့လိုက်သည်။ သူ(မ)၏မျက်နှာကတော့ နီရဲနေဆဲပင်။ ဤမျှအထိ ရဲရဲရင့်ရင့်ဆုံးဖြတ်ပြီးသည့်တိုင် သူ(မ)၏စိတ်အစဉ်က လွန်ဆွဲနေဆဲဖြစ်ကြောင်း သိသာပေသည်။

"ဒါမှပေါ့"

ဟုန်းရီက လီဂျီအွန်း၏ခန္ဓာကိုယ်ကို အားကျစိတ်ဖြင့်ကြည့်လျက် ပြောလိုက်သည်။

"ဒါက ရှင့်အတွက်ပြင်ပေးထားတဲ့အဝတ်အစားတွေပါ။ ရေချိုးခန်းထဲမှာ အဝတ်လဲခန်းတစ်ခန်းလည်းရှိတယ်။ ရှင် အဲ့ဒီထဲမှာအဝတ်လဲပြီးထွက်လာခဲ့လိုက်ပါ"

"ဒါ..ဒါက ညအိပ်ဝတ်စုံလား"

လီဂျီအွန်းက အဝတ်အစားများကိုယူလိုက်ချိန်မှာ သူ(မ)၏ခါးသက်သက်အပြုံးက ပိုနက်ရှိုင်းသွားလေသည်။ အဆုံးမှာတော့ သူ(မ)သည် ဤနေရာသို့ ထိုကိစ္စအတွက် ရောက်လာခြင်းဖြစ်လေရာ ကျန်းမုန့်လောင်သည် ညအထိပင် မစောင့်ဆိုင်းနိုင်တော့ဟန်ပင်။

"မစ္စတာကျန်းက သူ့အိမ်ကို မိန်းကလေးတွေ မကြာခဏခေါ်လာတတ်လား"

လီဂျီအွန်းက ဟုန်းရီနှင့် စကားစမြည်ပြောကြည့်လိုက်သည်။

"ဒီနေရာကို မစ္စတာကျန်း ပထမဆုံးအကြိမ်ရောက်ဖူးတာပါ"

"ဒါဆို ဒီအဝတ်အစားတွေက…"

လီဂျီအွန်းက သူ(မ)အတွက် အထူးချုပ်လုပ်ထားဟန်တူသော ရေချိုးဝတ်ရုံကို ထုတ်လိုက်လေရာ သူ(မ)၏ဆိုဒ်နှင့် ကွက်တိတော်နေသည့်အပြင် အလွန်တရာလည်း သက်သောင့်သက်သာရှိလှသည်။

"ရှင် နားလည်မှုလွဲနေပြီ"

ဟုန်းရီက ရှင်းပြလိုက်သည်။

"မစ္စတာကျန်းက ကမ္ဘာအနှံ့မှာ သီးသန့်အဝတ်အစားဆိုင်ပေါင်းသုံးရာကို ပိုင်ပါတယ်။ တစ်ဆိုင်ချင်းစီမှာ ထိပ်တန်းဒီဇိုင်နာနဲ့ ကျွမ်းကျင်အပ်ချုပ်သမားတွေရှိပါတယ်။ သူတို့တွေက အမျိုးသမီးတွေအပါအဝင် သူနဲ့သူ့သူငယ်ချင်းတွေ ဝန်ထမ်းတွေအတွက် စတိုင်လ်အမျိုးမျိုးနဲ့ ဆိုဒ်အမျိုးမျိုးကို အဆက်မပြတ်ချုပ်လုပ်ပြင်ဆင်ထားပါတယ်။ ဒါမျိုးတွေက ကမ္ဘာအနှံ့မှာရှိတဲ့ သူ့အိမ်တိုင်းမှာ ပုံမှန်ထည့်ထားတဲ့အရာတွေပါ။ ဘာမှအံ့ဩစရာမရှိပါဘူး"

"အဝတ်အစားတွေက သက်သောင့်သက်သာရှိရဲ့လား"

"အရမ်းသက်သောင့်သက်သာရှိတယ်။ ကျွန်မ ဒီလောက်သက်သောင့်သက်သာရှိတဲ့အဝတ်အစားမျိုး မဝတ်ဖူးဘူး"

လီဂျီအွန်းကပြောလိုက်သည်။ သူ(မ)၏ကိုယ်ပိုင်အဝတ်အစားများကလည်း သီးသန့်ဘရန်းများမှဖြစ်သည်။ သို့သော် ထိုအဝတ်အစားများက ဤဝတ်စုံများလောက် သက်သောင့်သက်သာမရှိချေ။

"မစ္စတာကျန်းရဲ့အဝတ်အစားတွေအကုန်လုံးက သူတို့ကိုယ်ပိုင်ထောက်ပံ့ရေးအရင်းအမြစ်ကြီးကိုယ်စီရှိကြပါတယ်။ ကုန်ကြမ်းပစ္စည်းတွေကလည်း အကောင်းဆုံးပါပဲ။ သူ့အဝတ်အစားနဲ့ သူ့အမျိုးသမီးတွေအတွက်ချုပ်ထားတဲ့ အဝတ်အစားတွေကတော့ အကောင်းတကာ့အကောင်းစားတွေပေါ့။ ဝန်ထမ်းတွေရဲ့အဝတ်အစားနဲ့တော့ ကွာပါတယ်"

"ဒါက…"

အထုပ်ထဲတွင် ရေချိုးဝတ်ရုံအပြင် အလွန်အေးမြလှသော အတွင်းဝတ်တစ်စုံလည်းပါသည်။ ထိုဝတ်စုံကား ကမ်းခြေတွင်ဝတ်ဖို့ သင့်တော်သောအဝတ်အစားမျိုးဖြစ်သည်။

လီဂျီအွန်းလည်း နှုတ်ခမ်းကိုက်ထားရင်း ထိုဝတ်စုံကို ဝတ်ထားလိုက်သော်ငြား သူ(မ)၏ခန္ဓာကိုယ်ကို ရေချိုးဝတ်ရုံဖြင့် တင်းတင်းကျပ်ကျပ်ပတ်ထားလိုက်၏။

လီဂျီအွန်းတစ်ယောက် ယခုလိုဖြစ်နေသည်ကို မြင်သောအခါ ဟုန်းရီလည်း ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိလေတော့သည်။ လီဂျီအွန်းက သူ(မ)၏အခြေအနေကို ကောင်းကောင်းလက်မခံနိုင်သေးဟန်တူ၏။ ကျန်းမုန့်လောင်က သူ(မ)ကို မသင့်တော်သည့်လုပ်ရပ်များ လုပ်မည်မဟုတ်ကြောင်း သူ(မ)ကောင်းကောင်းသိထားသည်။ ကျန်းမုန့်လောင်ဟာ သာမန်ဒုတိယလူချမ်းသာမျိုးဆက်များလို မဟုတ်ပေ။

"သွားရအောင် မိန်းကလေးလီ.. မစ္စတာကျန်းနဲ့တွေ့ဖို့အချိန်ကျပြီ"

"အင်း"

လီဂျီအွန်းလည်း ခပ်တိုးတိုးရေရွတ်လျက် ဟုန်းရီ၏အနောက်ကလိုက်၍ ရေချိုးခန်းထဲက ထွက်လာခဲ့လိုက်သည်။

...

"သောက်ကျိုးနည်း.. မင်းက ပြောသွားတဲ့အတိုင်း တကယ်ကြီးလုပ်ချလိုက်တာပဲ။ ငါက မင်းထွက်ပြေးသွားပြီလို့ထင်နေတာ"

ကျန်းမုန့်လောင်က သွားတိုက်နေရင်းဖြင့် ဝမ်လင်နှင့် ဖုန်းပြောနေချေသည်။

"မင်းသာထွက်ပြေးမှာ။ ငါကတော့မပြေးဘူးကွ။ ငါပြောမယ်။ မင်း ငါ့ကို ဘာလို့အမြဲတမ်းလိုက်နှောင့်ယှက်နေတာလဲ ငါ့ကောင်။ မင်း ငါ့ကိုဖုန်းခေါ်တဲ့အကြိမ်ရေက မင်းရည်းစားကိုခေါ်တာထက်တောင် ပိုများနေမယ်ထင်တယ်"

"ဟားဟားဟား မိန်းမတွေဆိုတာက အဝတ်အစားတွေလိုပဲ။ ညီအစ်ကိုတွေကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲလေ။ ငါက မင်းကိုဂရုစိုက်နေတာမဟုတ်ဘူးလား"

ဝမ်လင်က ရယ်သည်။

"ဒါနဲ့ မင်း ဘယ်ရောက်နေတာလဲ"

"ငါက ဟန်မြစ်နားက လောင်ရှန်းတိုက်ခန်းမှာရောက်နေတာ"

"မိုက်တယ်။ အဲ့ဒီနေရာမှာ ချင်းချိုးက အမျိုးသမီးအနုပညာရှင်တွေအများကြီးရှိတယ်လို့ ကြားဖူးတယ်။ ဂျောင်ဂျီဟျွန်းတို့ ရှင်မင်အာတို့လိုပေါ့"

"မင်း ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ ဒီမနက်ကပဲ ငါ့ကို လီဂျီအွန်းက အိပ်ရာလာနှိုးပေးတာကွ"

ကျန်းမုန့်လောင်က မျက်နှာသုတ်၍ အခန်းထဲမှ အပြင်ထွက်ရန် အသင့်ပြင်လိုက်သည်။

"ဟားဟားဟား..ဆက်ကြွားနေလိုက်။ လီဂျီအွန်းရဲ့နောက်ခံက အရမ်းအင်အားတောင့်တယ်လို့ ပြောကြတယ်။ ဒီနှစ်တွေအတွင်းမှာ သူ့ကို ထုတ်ပြောလို့မရတဲ့ဘယ်လိုစည်းမျဉ်းမျိုးကိုမှ ထုတ်သုံးလို့မရခဲ့ဘူးတဲ့။ သူက ချင်းချိုးဖျော်ဖြေရေးလောကမှာ ကျောက်စိမ်းလိုစင်ကြယ်တဲ့မိန်းကလေးလို့တောင် တင်စားခံထားရတာ။ ဘယ်လိုလုပ်ပြီးတော့များ သူက မင်းကို အိပ်ရာလာနှိုးပေးမှာတဲ့လဲ"

ဝမ်လင်က ဆဲလိုက်လေသည်။

"ဒီမနက်တုန်းက မင်းကို သူကလာနှိုးပေးခဲ့တာဆိုရင် ငါ ကင်းမြီးကောက်ထောင်ရင်း ခေါင်းလျှော်ပြရုံတင်မကဘူး။ ခေါက်ဆွဲပါစားပြမယ်"

"မင်း ငါ့ကိုမယုံဘူးပဲ"

ကျန်းမုန့်လောင်က ဖုန်းကင်မရာကို တစ်ဖက်သို့လှည့်လိုက်ပြီးနောက် ယခု‌လေးတင်ဝတ်စားဆင်ယင်ပြီး အဝတ်လဲခန်းထဲမှထွက်လာသော လီဂျီအွန်းကို ချိန်ပြလိုက်သည်။

သူ(မ)၏ဆံပင်က အနည်းငယ်စိုထိုင်းနေဆဲဖြစ်ပြီး ဒူးအထက်ရေချိုးဝတ်ရုံအောက်ရှိ သွယ်လျလှသော နှင်းအလားဖြူစွတ်နေသည့် ခြေသလုံးလေးများမှာ လူတစ်ယောက်ကို အတွေးပျံ့လွင့်စေလေသည်။

"မစ္စတာကျန်း မင်္ဂလာပါ။ ကျွန်မက လီဂျီအွန်းပါ"

လီဂျီအွန်းက ဆွဲဆောင်မှုရှိလှသော အပြုံးတစ်ပွင့်ဖြင့် ကျန်းမုန့်လောင်ကိုနှုတ်ဆက်လိုက်သည်။ သို့သော် ထိုအပြုံးက မည်မျှအတိုင်းအတာအထိ စစ်မှန်သလဲဆိုသည်ကိုတော့ သူမသိပေ။

"သောက်ကျိုးနည်း..တကယ်ကြီးကို ငါ့နတ်ဘုရားမပဲ"

ကျန်းမုန့်လောင်မှာ အလွန်အံ့အားသင့်သွားပြီး ဖုန်းပင်လွတ်ကျတော့မတတ်ဖြစ်သွားရသည်။

"မဖြစ်ဘူး။ မရဘူး။ ငါမင်းကိုမပြနိုင်ဘူး။ မင်းနဲ့မတန်ဘူး"

"သောက်ကျိုးနည်း တကယ်ကြီးဟ"

တကယ်တမ်းတွင် လီဂျီအွန်းက သူ့နတ်ဘုရားမလည်းဖြစ်နေသည့်အကြောင်း ဝမ်လင်မပြောပြမိခဲ့ပေ။

"မင်း.. သူ အခုလေးတင် ရေချိုးလို့ပြီးတာလား။ မင်း..မင်း သားရဲကောင်ကြီး။ သူက မင်းကို အိပ်ရာလာနှိုးပေးတာမလား။ တခြားဘာမှမရှိဘူးမလား"

လီဂျီအွန်းက ကျန်းမုန်လောင်၏သားကောင်အဖြစ် ရောက်ရှိသွားလေပြီဟု တွေးလိုက်မိရုံမျှဖြင့် ဝမ်လင်၏အသက်ရှူသံများ ရပ်တန့်သွားရသည်။

"မင်းအပူမပါဘူး"

ကျန်းမုန့်လောင်ကလည်း သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။

"ငါ မင်းအတွက် ခေါက်ဆွဲခြောက်ထုတ်နဲ့ ခေါင်းလျှော်ရည်တွေကို တစ်ယောက်ယောက်နဲ့ပို့ခိုင်းလိုက်မယ်။ မင်း ဘာဘရန်းလိုချင်လဲ"

ကျန်းမုန့်လောင်က လက်ချိုး၍ ရေတွက်ကြည့်လိုက်သည်။

"အခုအထိတွက်ကြည့်မယ်ဆိုရင် မင်း ငါ့ကို မစင်တန်နှစ်ဆယ်စားပြဖို့ရယ် ကင်းမြီးကောက်ထောင်ပြီး သုံးကြိမ်ခေါင်းလျှော်ပြဖို့ရယ် မြန်နှုန်းငါးဆပန်ကာနှစ်ရက်တာရယ် အကြွေးတင်နေတယ်နော်။ အဲ့ဒါတွေကို မြန်မြန်လေးဖြေရှင်းပေး"

"ငါသွားပြီ"

ထိုအကြောင်းအရာကို အစဖော်လာသည်နှင့် ဝမ်လင်က ချက်ချင်းဖုန်းချသွားသည်။

"ဟားဟားဟား ငကြောက်..ထပ်ပြီးထွက်ပြေးသွားပြန်ပြီ"

ကျန်းမုန့်လောင်က ဖုန်းကိုဘေးချထားလိုက်ပြီးနောက် လီဂျီအွန်းကို ကြည့်လိုက်ချေသည်။

"မစ္စတာကျန်း.. ဒါဆို ကျွန်မသွားလိုက်ပါဦးမယ်"

ဟုန်းရီက ကျန်းမုန့်လောင်ကို ဦးညွှတ်လိုက်သည်။

"အင်း သွားလေ"

ကျန်းမုန့်လောင်က ဆိုဖာပေါ်မှီချရင်း ခေါင်းညိတ်ပြလိုက်သည်။

"မိန်းကလေးလီ.. သက်သောင့်သက်သာနေပါ။ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သဘောထားနော်"

လီဂျီအွန်း၏မျက်နှာထက်တွင် ရဲခနဲဖြစ်သွားလေ‌တော့သည်။

"ကျွန်မတို့.. ရှင့်အခန်းထဲကိုသွားမလား။ ဒါမှမဟုတ် ဒီမှာပဲနေမလား"

***********

All Chapters