သူတို့ကို ဘယ်သူကကူညီရဲတာလဲ
Vol. 10 Ch. 150
"ဘာ.. သူက လီဂျီအွန်းနဲ့တင် မလုံလောက်ဘဲ တခြားမိန်းကလေးတွေကိုပါ ထပ်ခေါ်ချင်နေသေးတာလား"
စုကျီဟယ်၏စကားကို ကြားလိုက်ရသောအခါ ဘဏ်အမှုဆောင်များကလည်း ဒေါသူပုန်ထသွားရလေသည်။ သူတို့သာ ဤကိစ္စကို တကယ်သဘောတူလိုက်ပါက သူတို့နိုင်ငံ၏ဂုဏ်သိက္ခာကို ဆုံးရှုံးလိုက်ရတာနှင့် ဘာမှမခြားပေ။
"ကိုယ်စားလှယ်စု.. သူ တော်တော်လွန်နေပြီနော်။ ဒီလိုသာဆက်ဖြစ်နေရင် ချင်းချိုးနိုင်ငံမှာရှိတဲ့ အမျိုးသမီးအနုပညာရှင်တွေအားလုံး သူ့ကိုအဖော်ပြုပေးရတော့မှာပဲ"
"သူက ကျုပ်တို့ကိုခြိမ်းခြောက်နေတာ ကိုယ်စားလှယ်စု။ ကျုပ်တို့ ဒါကို လုံးဝသဘောတူလိုက်လို့မဖြစ်ဘူး။ ကျုပ်တို့သာ ဒါကိုသဘောတူလိုက်ရင် ဘယ်တော့မှနာလန်ထူနိုင်တော့မှာမဟုတ်ဘူး"
"ဒါပေမဲ့ ငါတို့သာ သူ့တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးဘူးဆိုရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စဉ်းစားကြည့်ဖူးလား"
စုကျီဟယ်လည်း ကျန်းမုန့်လောင်ကို လွယ်လင့်တကူသဘောမတူလိုက်ချင်သော်ငြား သူက ဘာတတ်နိုင်မှာတဲ့လဲ။
"ထားလိုက်ပါတော့။ သူ့ကိုသာ စိတ်ကျေနပ်အောင်လုပ်ပေးလိုက်ကြတာပေါ့။ ငါတို့ အခုလောလောဆယ် သူ့ကို သွားရန်စလို့မဖြစ်ဘူး။ အဲ့လိုမှမဟုတ်ရင် သူ ပိုက်ဆံထုတ်မသွားဘူးဆိုရင်တောင် ပြည်သူလူထုက အချိန်မရွေး ဘဏ်ထဲကအကုန်ထုတ်သွားနိုင်တယ်"
စုကျီဟယ်က သက်ပြင်းချလိုက်ပြီးနောက် အဆုံးမှာတော့ လိုက်လျောလိုက်ရသည်။
"သူတို့က ဘယ်ကုမ္ပဏီကလဲ"
"သူတို့က YGကပါ။ ကျွန်တော် YGသူဌေးနဲ့သိတယ်။ အကြောင်းကြားလိုက်ရမလား"
"လုပ်လိုက်.."
"ကိုယ်စားလှယ်စု..ကိုယ်စားလှယ်စု..သတင်းကောင်းပဲ"
လူတိုင်း ကြံရာမရဖြစ်နေချိန်ဝယ် ဝန်ထမ်းလေးတစ်ယောက်က အပြေးအလွှားရောက်ရှိလာသည်။
"နေဦး။ ဖုန်းမခေါ်သေးနဲ့ဦး"
စုကျီဟယ်က စိတ်သက်သာရာရဟန်ဖြင့် ပြုံးလျက် ပြောလိုက်သည်။ ယခုတစ်ခေါက်တွင် ဆွေးနွေးညှိနှိုင်းမှုများက အောင်မြင်သွားဟန်တူသည်။
"ဘာဖြစ်တာလဲ"
စုကျီဟယ်က အလောတကြီးမေးလိုက်၏။
"ကိုယ်စားလှယ်စု.. အဲ့ဒီနိုင်ငံတွေက သူတို့မှာရှိတဲ့ချင်းချိုးငွေကြေးတွေအကုန်လုံးနဲ့ ကျွန်တော်တို့ကို ကူညီဖို့ သဘောတူလိုက်ပြီ။ ဒီငွေတွေက ကျွန်တော်တို့ရဲ့အခက်အခဲကို ကျော်လွှားဖို့အတွက် လုံလောက်ပါတယ်"
"ဟားဟားဟား ကောင်းတယ်ဟေ့"
ဤသည်မှာ ဤရက်ပိုင်းအတွင်း စုကျီဟယ် ပထမဆုံးအကြိမ်အဖြစ် ပြုံးမိခြင်းပင်။ လွန်ခဲ့သည့်နှစ်ရက်ကပင် ယခုလိုအဖြစ်မျိုး ဖြစ်လာနိုင်ကြောင်း သူ ကြိုတင်ခန့်မှန်းထားခဲ့မိသဖြင့် နိုင်ငံခြားအကူအညီကို တောင်းခံထားခဲ့သည်။
သိထားသလောက်ဆိုလျှင် ချင်းချိုးငွေကြေးမှာ အမေရိကန်ဒေါ်လာလောက် အားမကောင်းသော်ငြား နိုင်ငံတော်တော်များများတွင် ချင်းချိုးငွေကို အရန်အဖြစ် သိမ်းထားကြဆဲသာ။ သို့သော် နိုင်ငံတော်တော်များများပေါင်းမှသာ များပြားလှသောပမာဏတစ်ခု ထွက်လာသည်။
"သူတို့ဘက်မှာလည်း တောင်းဆိုချက်တချို့တော့ရှိမှာပေါ့"
ကမ္ဘာပေါ်တွင် ဘယ်အရာမှ အလကားမရကြောင်း စုကျီဟယ်သိထားသည်။ ဤသည်မှာ တန်ဖိုးတူသောအရာအချင်းချင်း လဲလှယ်မှုတစ်ခုသက်သက်သာ။
"သူတို့ရဲ့တောင်းဆိုချက်က ကျွန်တော်တို့ဘက်မှာ သိမ်းဆည်းထားတဲ့ အမေရိကန်ဒေါ်လာတွေကိုသုံးပြီး ချင်းချိုးငွေကြေးနဲ့ လဲလှယ်ပေးဖို့ပါပဲ"
"ဒါက တကယ့်ကို အခွင့်ကောင်းယူနေတာပဲ"
စုကျီဟယ်က အံတင်းတင်းကြိတ်ထားလိုက်မိသည်။
"ကောင်းပြီလေ။ သဘောတူလိုက်။ ကံကောင်းချင်တော့ ငါတို့နိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်မှုအတွက် အမေရိကန်ဒေါ်လာတော်တော်များများကို နှစ်ပေါင်းများစွာစုဆောင်းထားခဲ့လို့ တော်သေးတယ်။ နိုင်ငံရဲ့စီးပွားရေး မပြိုလဲသရွေ့ ဒီအရန်ငွေတွေက အချိန်မရွေးပြန်ဖြည့်လို့ရတယ်"
"ကျန်းမုန့်လောင်.. မင်းသတ္တိရှိရင် လာလေ။ ဒီတစ်ခေါက် ငါတို့ဘဏ်က လွယ်လွယ်လေးငွေခန်းသွားတော့မှာမဟုတ်ဘူး"
ငွေသားထောက်ပံ့မှုရှိနေပြီဖြစ်သောကြောင့် စုကျီဟယ်၏ကျောရိုးများပင် ခပ်မတ်မတ်ဖြစ်လာပေသည်။
...
"ဘာတွေများအချိန်ဆွဲနေတာလဲ"
တစ်နာရီကြာသွားပြီးနောက် စားပွဲပေါ်ရှိ စားစရာများကို ထပ်ခါထပ်ခါပြန်နွှေးနေရသည့်အတွက် ကျန်းမုန့်လောင်လည်း စိတ်မရှည်လက်မရှည်ဖြစ်နေလေပြီသာ။
ကျန်းမုန့်လောင်က လီဆာနှင့် လျိုရန်နာတို့၏ ယနေ့အတွက် အချိန်ဇယားကို စစ်ဆေးကြည့်လိုက်သည်။ သူတို့နှစ်ယောက်စလုံးက နောက်နှစ်ရက်အတွင်း ချိုးယွမ်မြို့တွင် ရှိနေမည်ဖြစ်လေရာ ဘာမှလွဲချော်မှုမရှိပါက သူနှင့်အတူ ထမင်းစားဖို့ နာရီဝက်အတွင်း ရောက်လာသင့်သည်သာ။
"ကြည့်ရတာ သူတို့က ငါ့စကားကို အလေးမထားဘူးပဲ"
ကျန်းမုန့်လောင်၏ပတ်ပတ်လည်ရှိ လေထုအပူချိန်ကား ရုတ်ခြည်းကျဆင်းသွားရလေသည်။
သူက စုကျီဟယ်၏ဖုန်းနံပါတ်ကို ခေါ်လိုက်၏။
"ကိုယ်စားလှယ်စု… ကျွန်တော်တောင်းဆိုထားတဲ့လူတွေက ဘယ်မှာလဲ။ ခင်ဗျား ကျွန်တော့်ရဲ့စိတ်ရှည်မှုကို လာစမ်းသပ်နေတာလား"
"ကျန်းမုန့်လောင်…လွန်မလာနဲ့နော်"
စုကျီဟယ်၏လေသံက ရုတ်တရက်ကြီး ဤမျှတင်းမာလာလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားခဲ့ပေ။
"ကျန်းမုန့်လောင်… မင်း ငါတို့ဘဏ်ရဲ့အပ်နှံငွေတွေကို ထိန်းချုပ်ထားနိုင်ပြီဆိုတာနဲ့ပဲ ချင်းချိုးနိုင်ငံရဲ့စီးပွားရေးကို ခြယ်လှယ်နိုင်ပြီလို့ ထင်မနေနဲ့။ ငါ မင်းကိုပြောမယ်။ ချင်းချိုးနိုင်ငံရဲ့စီးပွားရေးအင်အားက မင်း ပိုက်ဆံတွေအကုန်လုံးကို ထုတ်ယူသွားရင်တောင် ငါတို့ရဲ့အုတ်မြစ်ကို မထိခိုက်နိုင်ဘူးကွ"
"ခင်ဗျား ကျွန်တော့်ကို ဒါမျိုးလာပြောနေတာ ရူးသွားပြီလား"
စုကျီဟယ် ရူးများရူးသွားလေသလားဟု ကျန်းမုန့်လောင် သံသယဖြစ်မိသည်။ သိပ်မကြာခင်ကပင် ထိုလူမှာ ကြောက်လန့်နေခဲ့ပေသည်။ သို့သော် ယခုတော့ ဤလေသံမျိုးဖြင့် ပြန်ပြောရဲသတဲ့လား။
"ကျန်းမုန့်လောင်.. မင်း ငါတို့ကို ဒီလောက်လေးနဲ့ လာခြိမ်းခြောက်လို့ရနေပြီလို့ထင်ရင် ငါမင်းကိုပြောလိုက်မယ်။ လုံးဝပဲ။ ငါတို့ဘဏ်တွေထဲမှာရှိတဲ့ မင်းပိုက်ဆံတွေအကုန်လုံးကို ထုတ်သွားမယ်ဆိုရင်တောင်မှ ငါတို့ကိုခြိမ်းခြောက်ဖို့ တခြားနည်းလမ်းတွေကို သုံးလာရင်တောင်မှ ငါတို့ကို လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့။ ချင်းချိုးဆိုတာ သနားစရာကောင်းလောက်အောင် ခခယယတောင်းပန်နေမဲ့နိုင်ငံမျိုးမဟုတ်ဘူး"
စုကျီဟယ်က တစ်ထိုင်တည်းနှင့် အကုန်ပြောချလိုက်ပေသည်။ လွန်ခဲ့သည့်နှစ်ရက်တာအတွင်း မွန်းကျပ်ခဲ့ရသမျှ ချက်ချင်းလျော့ကျသွားရသည်မှာ အဖိနှိပ်ခံအလုပ်သမားတစ်ယောက်က ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ရာ အောင်မြင်သွားပြီး တစ်ချီတည်းနှင့် နာလန်ပြန်ထူလိုက်နိုင်သည့်အလားပင်။
"ခင်ဗျား တကယ်ပြောတာလား"
ကျန်းမုန့်လောင်က နောက်တစ်ကြိမ်ထပ်၍ အတည်ပြုလိုက်သည်။
"ကျန်းမုန့်လောင်.. ငါတို့ချင်းချိုးနိုင်ငံသားတွေက သံမဏိနဲ့လုပ်ထားတာကွ။ ငါတို့က ခဏသာခြိမ်းခြောက်ခံရင်ခံရမယ်။ ဒါပေမဲ့ မင်း ငါတို့ကို တစ်သက်လုံးတော့ လာခြိမ်းခြောက်လို့မရဘူး"
"သံမဏိနဲ့လုပ်ထားတာတဲ့လား"
ကျန်းမုန့်လောင်မှာ ဝါးလုံးကွဲအော်ရယ်လိုက်မိသည်။
"ဟွာရှားမှာ ဥပဒေသတစ်ခုကို တင်သွင်းခဲ့တဲ့ နာမည်ကြီးဒဿနိကဗေဒပညာရှင်တစ်ယောက်ရှိတာ ခင်ဗျားသိလား။ ခင်ဗျား အဲ့ဒါကိုစိန်ခေါ်ချင်တာ သေချာရဲ့လား"
"မင်း ဘာတွေပြောနေတာလဲတော့ ငါမသိဘူး။ ဒါပေမဲ့ မိန်းကလေးတွေလွှတ်ပေးဖို့ မင်း ငါ့ကိုဖုန်းဆက်တာဆိုရင်တော့ ငါ စိတ်မဝင်စားဘူးပဲ"
ထိုသို့ပြောပြီးနောက် စုကျီဟယ်က ဖုန်းချပစ်လိုက်သည်။
"သောက်ကျိုးနည်း.. အဲ့ဒီကောင်က ငါ့ဖုန်းကိုချပစ်လိုက်တယ်ပေါ့"
ကျန်းမုန့်လောင်က လုံးဝဒေါသထွက်မနေပေ။ သူက သည်အတိုင်းအံ့ဩနေရုံသက်သက်သာ။ စုကျီဟယ်၏ယုံကြည်မှုများက ဘယ်ကပေါက်ဖွားလာသလဲဆိုသည်ကို သူမသိသော်ငြား ဤသည်မှာ 'အနှေးနှင့်အမြန်ဖြေရှင်းနိုင်မည့်ကိစ္စ'တစ်ခုဖြစ်ကြောင်း သူသိသည်။ ထိုကိစ္စကား ရှုံးနိမ့်သွားသည်ဟူ၍မရှိ။ နှောင့်နှေးနေရုံသက်သက်သာ။
"မစ္စတာကျန်း ဘာဖြစ်တာလဲ"
လီဂျီအွန်းက ကျန်းမုန့်လောင်၏အပြုံးကို ထူးဆန်းသည်ဟု ခံစားမိသဖြင့် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလာလေသည်။
"ဘာရယ်မဟုတ်ပါဘူး။ အခုစားနှင့်ကြစို့လေ။ ဒီညကျရင်တော့ လီဆာနဲ့လျိုရန်နာတို့နဲ့အတူ ညစာစားကြမယ်"
ကျန်းမုန့်လောင်က သူ့တူကိုကောက်ကိုင်၍ ခမ်းနားသော်ငြား သန့်ရှင်းလှသောနေ့လယ်စာကို စတင်မြည်းစမ်းပါတော့သည်။
"နေ့လယ်ကျရင် ငါနဲ့အတူ ဈေးဝယ်လိုက်ခဲ့လေ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"မင်း အဝတ်အစားတွေ အရင်သွားလဲလိုက်ဦး။ ဟုန်းရီက မင်းအတွက် အဆင်သင့်ပြင်ပေးထားပြီးလောက်ပြီ"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
လီဂျီအွန်းကလည်း နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။ တစ်မနက်ခင်းလောက် အတူရှိနေပြီးနောက်မှာ သူ(မ)လည်း ကျန်းမုန့်လောင်၏စိတ်နေစိတ်ထားကို နားလည်သွားဟန်တူသည်။ သူသည် သမားရိုးကျမဆန်သော်ငြား ပုံမှန်မြင်တွေ့နေကျလူချမ်းသာဒုတိယမျိုးဆက်များနှင့်လည်း မတူချေ။
"ဟုန်းရီ.. ဒီကို ခဏလောက်လာပါဦး"
လီဂျီအွန်း အဝတ်အစားသွားလဲချိန်ကို အခွင့်ကောင်းယူ၍ ကျန်းမုန့်လောင်က ဟုန်းရီကို အနားသို့ခေါ်လိုက်သည်။
"မစ္စတာကျန်း.. ကျွန်မ ဘာများလုပ်ပေးရမလဲ"
ဟုန်းရီက မေးလိုက်၏။
"စုကျီဟယ်က ရုတ်တရက်ကြီး ဘာလို့လေသံပြောင်းသွားတာလဲ။ သူ့မှာ ကျောထောက်နောက်ခံတစ်ခုများရှိသွားလို့လား"
ကျန်းမုန့်လောင်က မေးမြန်းလိုက်သည်။
"မစ္စတာကျန်း.. ကျွန်မတို့ရဲ့ထောက်လှမ်းရေးအချက်အလက်တွေအရဆိုရင်တော့ စုကျီဟယ်က နိုင်ငံ၁၇နိုင်ငံကနေ ချင်းချိုးငွေကြေး၃၀ထရီလီယံကျော် စုဆောင်းနိုင်လိုက်ပါပြီ။ အဲ့ဒီငွေနဲ့ဆိုရင် သူတို့ဘဏ်ကို အကျပ်အတည်းကြားကနေ ဆွဲထုတ်ဖို့ လုံလောက်ပါတယ်"
ဟုန်းရီကလည်း ပြန်ဖြေလာသည်။
"အိုး.. ဒီတော့ သူက နိုင်ငံခြားအကူအညီရှာတွေ့သွားပြီကိုး"
ကျန်းမုန့်လောင်က ရေရွတ်လိုက်မိသည်။
"ဘယ်လိုငတုံးတွေကများ အသုံးမကျတဲ့ချင်းချိုးငွေကို သိမ်းထားတာပါလိမ့်။ သူတို့ခေါင်းတွေ ကောင်းကြပုံမပေါ်ဘူး"
"အဲ့ဒါ ဘယ်နိုင်ငံတွေလဲ"
"အာရှနိုင်ငံသေးသေးလေးတွေပါ"
"အဲ့လိုလား။ ငါတို့ ဒါကိုကိုင်တွယ်နိုင်လား"
ကျန်းမုန့်လောင်က ရလဒ်ကို ဂရုတစိုက်ရှိပေသည်။
"သေချာတာပေါ့။ ဒီနိုင်ငံသေးသေးလေးတွေလောက်ကတော့ ရှင့်ဘက်ကသာ အရေးယူချင်တယ်ဆိုရင် နည်းလမ်းအခုတစ်ရာလောက်ပေးနိုင်ပါတယ်။ သူတို့ တုတ်တုတ်တောင်လှုပ်နိုင်မှာမဟုတ်ဘူး"
"မင်းရဲ့လေသံက ယဲ့လျန်ချန်နဲ့တောင် သွားတူနေတယ်"
ကျန်းမုန့်လောင်လည်း မရယ်ဘဲ မနေနိုင်တော့ချေ။
"အဲ့လိုဆိုရင် အမြန်ဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကိုသုံးပြီး သူတို့ ရိုက်ချက်ကောင်းကောင်းလေးပေးလိုက်။ သူတို့ကို ဘယ်သူကများ ကူညီရဲဦးမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
********