← Chapters

တစ္ဆေတံခါး

Vol. 17 Ch. 237

တစ္ဆေတံခါး

Vol. 17 Ch. 237

အခန်း (၂၃၇) တစ္ဆေတံခါး

ကျန်းလန် ရေခဲပုဇဉ်းရင်ကွဲတောအုပ်ကို ဖြတ်သန်းလမ်းလျှောက်လာသည်။

ပထမဆုံးအကြိမ် ဤတောအုပ်သို့ရောက်လာစဉ်က သူက မူလဝိညာဉ်အဆင့်သာ ရှိသေးသည်။

ထိုစဉ်က ဤနေရာက အန္တရယ်ကင်းသည်ဟု ခံစားခဲ့ရသည်။ သို့သော် တကယ်တမ်းတွင် ရေခဲပုဇဉ်းရင်ကွဲတောအုပ်က အန္တရယ်များဖြင့် ပြည့်နက်နေသည့် နေရာတစ်ခု ဖြစ်၏။

ယခု ကျန်းလန် ဤနေရာသို့ ထပ်မံရောက်ရှိလာပြီဖြစ်သည်။

သူက အပြည့်အဝသတိထားနေပြီး အန္တရယ်တွေ့ကြုံရပါက ရင်ဆိုင်နိုင်ရန်လည်း ပြင်ဆင်ထားသည်။

အစစ်အမှန်အင်မော်တယ်ဖြစ်ခြင်းက ပြိုင်ဘက်ကင်းဖြစ်ပြီဟု မဆိုနိုင်ပေ။ သူက လူသားအင်မော်တယ်ထက် အနည်းငယ်သာ တန်ခိုးစွမ်းအား မြင့်မားခြင်း ဖြစ်သည်။

မိုးကောင်းကင်ဝံပုလွေများနှင့်တိုက်ပွဲတွင် တန်ခိုးစွမ်းအားမြင့်မားလှသည့် မိုးကောင်းကင်ဝံပုလွေတစ်ကောင်က အဋ္ဌမတောင်ထွတ်၏တောင်သခင်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။

ထိုစဉ်က နေရောင်ကဲ့သို့ တောက်ပသည့် အလင်းရောင်များ ကောင်းကင်ထက်တွင် ထိန်ထိန်လင်းနေပြီး မျက်စိဖြင့် တည့်တည့်ကြည့်ရန်ပင် ခက်ခဲသည်။

လောကရှိ အရာအားလုံးကို ပိုင်ဆိုင်ချင်သည်ဆိုလျှင် လူအများ၏ ရိုသေလေးစားမှု ၊ ကျေနပ်အားကျမှုနှင့် အထင်ကြီးမှုတို့ကို ရရှိအောင် ကြိုးစားရမည် ဖြစ်သည်။

သို့သော် ကံတရားကလည်း အရေးကြီးသေး၏။

မည်သို့ပင်ဖြစ်စေ အောင်မြင်မှုရရှိရန်အတွက် လူတစ်ယောက်သည် မိမိကိုယ်ကိုအထင်သေးခြင်းမရှိဘဲ အမြဲတမ်း ကြိုးစားနေရမည် ဖြစ်သည်။

အတားအဆီးများအားလုံးကို ကျော်ဖြတ်ပြီး လောကဓံလှိုင်းလုံးထက်တွင် စီးနှင်သွားနိုင်ရမည် ဖြစ်သည်။

"ဝှစ်…"

လေအေးတစ်ချက် တိုက်ခတ်လာသည်။

တောအုပ်တစ်ခုလုံး မှောင်မဲလျှက် ရှိ၏။

ပကတိမျက်စိက တောအုပ်အတွင်းမှအမှောင်ထုကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိသည့်အပြင် အမှောင်ထုမှ ထွက်ပေါ်လာသည့် အေးစိမ့်ခြင်းကလည်း မခံမရပ်နိုင်အောင် ပြင်းထန်လှသည်။

သို့ရာတွင် အစစ်အမှန်အင်မော်တယ်တစ်ပါးဖြစ်သည့် ကျန်းလန်အတွကတော့ တောအုပ်၏ အမှောင်ထုက သက်ရောက်မှု သိပ်မရှိပေ။

ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရရန် သူက အမှန်တရားမျက်လုံး တန်ခိုးစွမ်းအားကို ထုတ်ဖော် အသုံးပြုလိုက်သည်။

ထိုအခါမှ တောအုပ်တစ်ခုလုံးကို ကြည်လင်ရှင်းလင်းစွာ တွေ့မြင်လာရသည်။

သို့သော် တောအုပ်ထဲတွင် မည်သည့်သက်ရှိသတ္တဝါမှ ရှိမနေပေ။ ဤသည်က မူမမှန်သည့် အချက်ဖြစ်သည်။

ကျောက်စိမ်းရေကန်အတွင်း ဝင်ရောက်နေသည့် အနက်ရောင်အခိုးအငွေ့များနှင့်ဆင်တူသည့် အခိုးအငွေ့များက သစ်ပင်များ၏ သစ်ကိုင်းများတွင် အများအပြားလွင့်ပျံလျှက် ရှိနေသည်။

"ကြည့်ရတာ ဒီကိစ္စနောက်ကွယ်မှာ တစ္ဆေတိုင်းပြည် ရှိနေမယ်ထင်တယ် ၊ ဒီ အနက်ရောင်အခိုးအငွေ့တွေက ပိုပြီး ထူထပ်လာတယ် ၊ ဒီညတော့ တစ်ခုခု မကောင်းတာ ဖြစ်တော့မယ်လို့ ယူဆရတယ်"

တစ္ဆေချီစွမ်းအားများက ထူထပ်သည်ထက် ထူထပ်လာသည်။ တစ္ဆေတိုင်းပြည်မှ တစ်စုံတစ်ယောက် (သို့မဟုတ်) အုပ်စုတစ်စု ချဉ်းကပ်လာပုံရသည်။

ခွန်လွန်တောင်က အကြောင်းရင်းကို သိရှိသည်နှင့် ချက်ချင်း တုံ့ပြန်မည် ထင်၏။

"ဒီအခိုးအငွေ့တွေထွက်လာတဲ့ ဗဟိုချက်ကို အရင်ဆုံး ရှာဖွေရမယ်"

ကျန်းလန်တွေးလိုက်သည်။

ဤသည်က လက်ရှိတွင် သူပြုလုပ်ရန် လိုအပ်သည့် အချက်ဖြစ်သည်။ ရန်သူကို တစ်ခါတည်း သုတ်သင်ပစ်နိုင်လျှင် သုတ်သင်ပစ်ရမည် ဖြစ်သည်။

ခွန်လွန်တောင်က ယနေ့ကိစ္စကို စောလျှင်စွာ သိရှိသွားခဲ့လျှင် အဆင်ပြေသော်လည်း နောက်ကျသွားခဲ့လျှင်…

တစ္ဆေတိုင်းပြည်က နတ်မိစ္ဆာများနှင့် မတူညီပေ။

တစ္ဆေတိုင်းပြည်က ခွန်လွန်တောင်နှင့် နီးကပ်စွာတည်ရှိသည့် အင်အားစုတစ်ခု ဖြစ်သည်။ ယခု တစ္ဆေတိုင်းပြည်က ကျောက်စိမ်းရေကန်ကို တိုက်ခိုက်လာသည့်ကိစ္စကို သူ့ဘက်က အလေးအမနက်မထားလျှင် အဆုံးမရှိသည့် ပြဿနာများ ဖြစ်လာနိုင်သည်။

ကျန်းလန် မြေပြင်ထက် မုဆိုးဒူးထောက်ထိုင်ချရင်း တစ္ဆေချီစွမ်းအားများထွက်ပေါ်လာရာ နေရာကို ခြေရာခံလိုက်သည်။ ထို့နောက် သူ ရှေ့ဆက်လျှောက်သွားလေသည်။

***

ရေခဲပုဇဉ်းရင်ကွဲတောအုပ်၏ အခြားတစ်ဖက်။

ပေဖန်း ၊ ဟုန်လွမ် ၊ လုကျန်းနှင့် လင်အန်းတို့ (၄)ယောက် အမှောင်ထုထဲသို့ လမ်းလျှောက်ရင်း တိုးဝင်လာကြသည်။

လက်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်ရာ သူ့လက်တွင် အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ပတ်ဝန်းကျင်အမှောင်ထုကို ဖြိုခွင်းလိုက်သည်။

ထိုအလင်းရောင်က "တစ္ဆေနှင်အလင်းရောင်" ဖြစ်ပြီး တစ္ဆေချီစွမ်းအားများကို ဖယ်ရှားပစ်နိုင်စွမ်း ရှိသည်။

ဟုန်လွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရင်း…

"ဒီအခိုးအငွေ့တွေက မရဏအငွေ့အသက်တွေနဲ့ ဆင်တူတယ် ၊ ဒါပေမဲ့ မရဏအငွေ့အသက်တွေ ဟုတ်မနေဘူး ၊ တစ္ဆေချီစွမ်းအားတွေ ဖြစ်ရမယ် ၊ ကြည့်ရတာ တစ္ဆေတိုင်းပြည်က ရောက်လာကြပြီ ထင်တယ်"

ဤနေရာက ပုံမှန်မဟုတ်သည်ကတော့ အသေအချာပင် ဖြစ်သည်။

"အခိုးအငွေ့တွေက ပိုပြီး ထူထပ်လာတယ် ၊ ကြည့်ရတာ အခြေအနေတော့ မကောင်းနိုင်ဘူး…၊ အားလုံး တန်ခိုးစွမ်းအားတွေ စုစည်းထားကြ"

လင်အန်းက သတိပေးလိုက်သည်။

လုကျန်းက…

"မဟုတ်ဘူး ၊ ကျုပ်တို့ အခု အကူအညီတောင်းရမယ် ၊ ဒီနေရာမှာ တစ်ခုခု မှားနေပြီ"

ပြောပြီးသည်နှင့် လုကျန်း ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားဝိညာဉ်က ကောင်းကင်ကို ထိုးခွင်းဖောက်ထွက်သွားသည်။

ထိုဓားဝိညာဉ်က ခွန်လွန်တောင်ဆီသို့ ဦးတည်လေသည်။

သို့သော်...

လမ်းတစ်ဝက်မှာပင် ဓားဝိညာဉ်က အမှောင်ထု၏ ဝါးမျိုသွားခြင်းကို ခံလိုက်ရသည်။

ပျောက်ကွယ်သွားသည့်ဓားကိုကြည့်ပြီး လုကျန်းက ပြောလိုက်သည်။

"ကြည့်ရတာ နောက်ကျသွားပြီ ထင်တယ်"

ဤနေရာက တစ္ဆေချီစွမ်းအားများနှင့် ဝန်းရံခံထားရပြီး သီးခြားနေရာတစ်ခုပမာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ကျုပ်စမ်းကြည့်မယ်"

ပေဖန်းက ဓားကို လက်နောက်ပြန်ကိုင်ထားလိုက်ပြီး တန်ခိုးစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။

ထိုအခါ သူဝတ်ဆင်ထားသည့် အင်္ကျီရှိ ပါးကွသင်္ကေတမျ အလင်းရောင်များလင်းလက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

အလင်းရောင်များက တစ်လောကလုံးရှိ နေရာတိုင်းသို့ ပျံ့နှံ့သွားပြီး သဲလွန်စမကျန် ပြန်လည် ပျောက်ကွယ်သွားလေသည်။

ပေဖန်းက…

"ရပြီ ၊ ဒါပေမဲ့ သတင်းအကူးအပြောင်းလုပ်ဖို့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ် ၊ ဘာပဲ ဖြစ်ဖြစ် တော်သေးတယ်လို့ ပြောရမှာပေါ့ ၊ မဟုတ်ရင် ကျုပ်တို့ (၄)ယောက်တည်း ဒီကိစ္စကို ရင်ဆိုင်ရတော့မှာ"

ပေဖန်းကိုကြည့်ရသည်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားဟန် ရှိသည်။

"မင်းရဲ့ဝတ်စုံကတော့ ကျုပ်ကြည့်လိုက်တိုင်း စွဲဆောင်မှု ရှိနေတာပဲ"

လုကျန်းက ပေဖန်းဝတ်ထားသည့် ပါးကွသင်္ကေတပုံစံပါရှိသည့် တာအိုဝတ်စုံကိုကြည့်ရင်း မနာလိုအားကျစွာဖြင့် ပြောလိုက်သည်။

"ဒီလိုဝတ်စုံမျိုးဝတ်ချင်ရင် ဒုတိယတောင်ထွတ်ကို ဆက်သွယ်လိုက်လေ ၊ ကျုပ်နေရာကို လိုချင်တယ်ဆိုရင်တောင် မင်းကို ပေးပါ့မယ်ဗျာ"

ပေဖန်းက လုကျန်းကိုကြည့်လိုက်ပြီး စိတ်ရင်းဖြင့် ပြောလိုက်သည်။

သူယူထားသည့်တာဝန်က လေးလံလွန်းသဖြင့် အခြားတစ်ယောက်ကို လက်လွှဲချင်နေသည်မှာ ကြာပြီ ဖြစ်သည်။

"မင်းရထားတဲ့နေရာက စံပြတပည့် (၈)ယောက်ရဲ့ နေရာလေ ၊ မင်းပေးရင်တောင် ကျုပ် မယူချင်ပါဘူးဗျာ"

လုကျန်းက ခနဲ့သလို ပြောလိုက်သည်။

ဟုန်လွမ်က…

"ရှေ့ဘက်အရင်သွားကြည့်ရအောင် ၊ အဲဒီမှာ ပြဿနာတစ်ခုခု ဖြစ်နေသလိုပဲ"

သူမက နောက်ဆုံးမှ လိုက်လာသူဖြစ်သော်လည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိသည်။

အရှေ့ဘက်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်ကို သူမ အာရုံခံမိလေသည်။

ပေဖန်းနှင့် အခြားသူများက ရှေ့သို့ ကြည့်လိုက်ကြလေရာ အနက်ရောင်မြူခိုးများ လှိုင်းလုံးများပမာ မြင့်တက်လာသည်ကို တွေ့မြင်လိုက်ကြရသည်။

မြူခိုးများထဲတွင် မည်သည့်အရာများရှိသည်ကို မည်သူမှ မသိနိုင်ကြပေ။

"ဒုန်း… ဒုန်း"

အနက်ရောင်မြူခိုးများအတွင်းမှ ခြေသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

သူတို့ (၄)ယောက် ချက်ချင်းပင် တိုက်ခိုက်ရန် အသင့်အနေအထားပြင်လိုက်ကြ၏။

ပေဖန်းက…

"တစ်ယောက်ယောက်များ အပြန်လမ်းကို သိနိုင်ဦးမလား"

ပေဖုန်းက သူ၏ ပါးကွသင်္ကေတပုံစံပါဝင်သည့်ဓားရှည်ကို ကိုင်ထားပြီး တစ္ဆေချီစွမ်းအားများ သူ့အနားသို့ မချဉ်းကပ်စေနိုင်ရန် တန်ခိုးစွမ်းအားအနည်းငယ်ကို ထုတ်လွှတ်ဖြန့်ကျက်ထားသည်။

လင်အန်းက…

"ဝင်လာတဲ့လမ်းကို ခြေရာခံဖို့ တာအိုမန္တန်တစ်ခု ချန်ထားခဲ့တယ် ၊ ဒါပေမဲ့ အခု ဘာမှ ခြေရာခံလို့ မရတော့ဘူး"

စကားသံအဆုံးသတ်သွားသည်နှင့် သူ့လက်တွင်တောက်ပနေသည့် "တစ္ဆေနှင်အလင်းရောင်" က တဖြည်းဖြည်း မှေးမှိန်သွားသည်။

သူက တန်ခိုးစွမ်းအားများကို အလဟသ ဖြုန်းတီးမပစ်ဘဲ သူတို့ (၄)ယောက်လုံလောက်ရုံသာ အလင်းရောင်ကို ထိန်းချုပ်ထားခဲ့သည်။

ပတ်ဝန်းကျင်ကို ပြန်လည် တွေ့မြင်နေရပြီဖြစ်သောကြောင့် အလင်းရောင်လည်း သိပ်ပြီး မလိုအပ်တော့ပေ။

လုကျန်းက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…

"ကျုပ် ချန်ထားခဲ့တဲ့ ဓားဝိညာဉ်ကိုလည်း အာရုံခံလို့ မရတော့ဘူး"

ဤတောအုပ်က အမှန်တကယ်ပင် ပြင်ပလောကတစ်ခုလုံးဆီမှ သီးခြားခွဲထွက်နေပြီ ဖြစ်သည်။

ဟုန်လွမ်က…

"ငါလည်း ပန်းရနံ့ကို ချန်ထားခဲ့တယ် ၊ အခုထိ ပန်းရနံ့ကို အနံ့ခံလို့ရနေသေးတယ်ဆိုတော့ ဒီနေရာက လုံး၀ ပိတ်မိနေတာတော့ မဟုတ်သေးဘူး"

သူမက တန်ခိုးစွမ်းအားကို ထုတ်လွှတ်ကာ ပန်းရနံ့ထွက်ပေါ်လာရာအရပ်ကို အာရုံခံကြည့်လိုက်သည်။

သူမက ခဏမျှစောင့်ကြည့်လိုက်ရင်း…

"ဒါပေမဲ့ ပန်းရနံ့က ဘယ်နေရာကလာတာလဲဆိုတာ မပြောနိုင်တော့ဘူး"

ပေဖန်းက…

"ကျုပ်ရဲ့ ပါးကွသင်္ကေတတန်ခိုးစွမ်းအားကလည်း ကျုပ်တို့တည်နေရာကိုပြဖို့ မဖြစ်နိုင်တော့ဘူး ၊ တစ္ဆေချီစွမ်းအားတွေက ဖျက်စီးပစ်လိုက်ပြီ"

လုကျန်းက သက်ပြင်းချလိုက်ရင်း…

"ဒါဖြင့် ကျုပ်တို့ ဒီနေရာမှာ ပိတ်မိနေပြီဆိုပါတော့"

ပြီးမှ သူက ဆက်ပြောသည်။

"ဂိုဏ်းတူညီလေးပေဖန်း… မင်း ခန့်မှန်းတာ မှန်တယ်ဗျ ၊ တစ္ဆေတိုင်းပြည်က တကယ်ပဲ တိုက်ခိုက်နေပြီပဲ ၊ တောင်သခင်တွေကလည်း ဒီတိုက်ခိုက်မှုကို တိတ်တဆိတ်သဘောတူခဲ့ကြတာမျိုး ဖြစ်နိုင်ခြေရှိတယ် ၊ ဒီကိစ္စကို တောင်သခင်တွေ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ မင်းခေါ်လာတဲ့လူတွေက အားနည်းလွန်းတယ် ၊ ဒီတိုက်ပွဲကို ကျုပ်တို့ (၄)ယောက်တည်းနဲ့ တောင့်ခံနိုင်ပါ့မလား မသိဘူး"

ဟုန်လွမ်က အေးစက်စွာဖြင့်…

"ဟွန့်… ဂိုဏ်းတူအစ်ကိုပြောချင်တာက ကျွန်မက အားနည်းသူမို့ ဝန်ထုပ်ဝန်ပိုးဖြစ်မယ်လို့ ဆိုချင်တာလား"

လင်အန်းက ပြုံးလိုက်ရင်း…

"ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုလုကျန်းက စစ်သည်တော်တစ်ထောင်ကို တစ်ယောက်တည်းနဲ့ တိုက်ခိုက်နိုင်စွမ်း ရှိတာပဲလေ ၊ ဒီတော့ ပြဿနာမရှိလောက်ပါဘူး"

ပေဖန်းက…

"သူတို့လာကြပြီ… အခြေအနေကတော့ သိပ်မဟန်ဘူး"

ထိုအချိန်မှာပင် အနက်ရောင်မြူခိုးများထဲမှ လမ်းလျှောက်ထွက်လာသည့် အတန်းလိုက်ပုံရိပ်များကို တွေ့မြင်လိုက်ကြရသည်။

သူတို့က ညီညီညာညာ စီတန်းပြီး ထွက်လာကြခြင်း ဖြစ်၏။ သူတို့ပုံစံက စည်းကမ်းတိကျသည့် စစ်သည်တော်များအလား ဖြစ်သည်။

မကြာမီ ထိုသူများ၏ မျက်နှာများကို တွေ့မြင်လိုက်ကြရသည်။

မျက်နှာများက အစိမ်းရောင်ဖြစ်ပြီး သွားစွယ်များက ထက်ရှလွန်းလှသည့် ဆံပင်များက ရှည်လျားပြီး မျက်လုံးများက သွေးရောင်ပမာ ရဲရဲတောက်လျှက် ရှိ၏။

သူတို့အားလုံးလက်ထဲတွင် အစိမ်းရောင်နွယ်ပင်များကို ကိုင်ဆောင်ထားကြသည်။

သူတို့ပုံစံက ထူးခြားလွန်းပြီး စွမ်းအားများနှင့် ပြည့်ဝလျှက် ရှိကြသည်။

ဟုန်လွမ် နောက်သို့ ဆုတ်လိုက်မိရင်း…

"ဒီကောင်တွေက ဘာတွေလဲ"

ထိုကြောက်မက်ဖွယ်ရာပုံရိပ်များသည် တစ္ဆေတိုင်းပြည်မှ တစ္ဆေကျင့်ကြံသူများဖြစ်ပြီး သူတို့ထံသို့ ရွေ့လျားလာနေကြသည်။

သူတို့ ဤနေရာသို့ရောက်လာကြသည်မှာ သေချာပေါက် ကောင်းသည့်အချက် မဟုတ်ပေ။

ပေဖန်းက တည်ကြည်သည့်မျက်နှာထားဖြင့်...

"သူတို့အကြောင်း ကျုပ်အတော်များများ စုံစမ်းထားတယ်၊ ကျုပ်အထင်မမှားဘူးဆိုရင် ဒီကောင်တွေက..."

ခဏနားပြီးမှ သူက စကားဆက်ပြောသည်။

"ဒါတွေက တစ္ဆေတိုင်းပြည်က တစ္ဆေစစ်သည်တော်တွေပဲ ၊ ကျူးကျော်လာတာ အစပိုင်းပဲ ရှိဦးမယ်၊ ဒီတစ္ဆေစစ်သည်တော်တွေက တစ္ဆေတိုင်းပြည်ရဲ့ တစ္ဆေတံခါးမဖွင့်ခင် ရှေ့ပြေးဖြစ်လိမ့်မယ် ၊ နောက်ပိုင်းကျရင် မရေမတွက်နိုင်တဲ့ တစ္ဆေကျင့်ကြံသူတွေ ထွက်ပေါ်လာလိမ့်မယ် ၊ ဒါပေမဲ့ သူတို့ရဲ့ တန်ခိုးစွမ်းအားတွေကလည်း အကဲဖြတ်ရခက်ခဲတယ်"

ပေဖန်း၏စကားအဆုံးသတ်သွားသည်နှင့် ကျန်သုံးယောက်က တုန်လှုပ်သောအမူအရာဖြင့် အရှေ့သို့ စိုက်ကြည့်နေကြသည်။

သူတို့ ပြန်လည်ဆုတ်ခွာလိုသော်လည်း လွတ်လမ်းမရှိတော့ပေ။ သူတို့ ဘာလုပ်ရပါမည်နည်း။

လုကျန်းက…

"သူတို့စွမ်းအားကို ကျုပ်စမ်းသပ်ကြည့်မယ် ၊ ပြီးရင် အခြေအနေအရ ဆုံးဖြတ်ကြတာပေါ့ ၊ လွတ်မယ်ထင်ရင် ပြေးကြတာပေါ့ ၊ မလွတ်ဘူးဆိုတော့လည်း တိုက်ကြတာပေါ့"

ထို့နောက် လုကျန်းက လေထဲသို့ ခုန်ဝင်လိုက်သည်။

ဓားဝိညာဉ်က ဖြာလင်းထွက်ပေါ်လာပြီး ရှေ့တိုးလာသည့် တစ္ဆေကျင့်ကြံသူများအားလုံးကို ထိုးခုတ်သတ်ဖြတ်ပစ်လိုက်သည်။

"ဘုန်း..."

တိုက်ပွဲတစ်ခု စတင်ပြီ ဖြစ်၏။

***

ကျန်းလန် ရှေ့ဆက်လျှောက်လာခဲ့သည်။

အနက်ရောင်အခိုးအငွေ့များကြောင့် လမ်းပျောက်မည်ကိုတော့ မပူရပေ။ သူ့တွင် အမှန်တရားမျက်လုံး တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

"ဝှစ်..."

ကျန်းလန်က အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည့်ဗဟိုချက်နေရာကို ရှာဖွေနေစဉ် ကောင်းကင်ထက်တွင် ဓားဝိညာဉ်တစ်ခုကို ရုတ်တရက် တွေ့မြင်လိုက်ရသည်။

မကြာမီ ဓားဝိညာဉ်ကို အမှောင်ထုက စုပ်ယူဝါးမျိုသွား၏။

"အကူအညီတောင်းတာလား..."

"တစ်ယောက်ယောက်က တစ္ဆေတိုင်းပြည်ရဲ့ အစီအစဉ်တွေကို ငါ့ထက်အရင် ရိပ်မိသွားတာလား..."

ဟုတ်ပေ၏။

ကျန်းလန်တွေ့မြင်လိုက်ရသည့်ဓားဝိညာဉ်မှာ အကူအညီတောင်းခံရန်အတွက် လုကျန်း ထုတ်လွှတ်လိုက်သည့် ဓားဝိညာဉ်ပင် ဖြစ်တော့၏။

All Chapters