လျှပ်စစ်မီး ရေနှင့် ဓာတ်ငွေ့ပြတ်တောက်ခြင်း
Vol. 11 Ch. 151
ချောင်းမိုနိုင်ငံသည် ချင်းချိုးနိုင်ငံနှင့် အနီးဆုံးတည်ရှိနေသော နိုင်ငံတစ်ခုဖြစ်သည်။ စင်စင်တွင် ၎င်းမှာ တစ်နိုင်ငံတည်းသာ ဖြစ်ခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် နိုင်ငံနှစ်ခြမ်းကွဲ၍ အဆုံးမှာမူ အစိုးရနှစ်ရပ် ပေါ်ထွက်လာခဲ့သည်။
၎င်းတို့မှာ သီးခြားရပ်တည်နေကြသော်ငြား သူတို့၏ဆက်ဆံရေးကတော့ အလွန်ကောင်းမွန်လေသည်။ အကြောင်းမှာ နိုင်ငံနှစ်နိုင်ငံလုံးရှိ ပြည်သူများမှာ မျိုးရိုးတစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်ပြီး နယ်နိမိတ်ခြားထားသော်ငြား သွေးချင်းနီးစပ်မှုရှိနေသောကြောင့်ပင်။
ချောင်းမိုနိုင်ငံသည် နိုင်ငံခြားလဲလှယ်မှုအတွက် ကမ္ဘာပေါ်တွင် ချင်းချိုးငွေကြေးအများဆုံးကိုင်ဆောင်ထားသော နိုင်ငံဖြစ်ပြီး ချင်းချိုးငွေကြေး၁၀.၈ထရီလီယံအထိ ကိုင်ဆောင်ထားသည်ဖြစ်ရာ အခြားနိုင်ငံများ၏ နိုင်ငံခြားငွေသိမ်းဆည်းမှုများထက် ပိုသာလေသည်။
ချင်းချိုးနိုင်ငံ၏ ပထမဆုံးအကြိမ် အကူအညီတောင်းခံမှုကို လက်ခံရရှိလိုက်သည့်အချိန်ကတည်းက သူတို့က ဘာအပိုစာသားသတ်မှတ်ချက်မှမပါဘဲ လက်ရှိငွေလဲနှုန်းအတိုင်း အမေရိကန်ဒေါ်လာဖြင့် ပေးဆောင်ဖို့သာ တောင်းဆိုခဲ့သည့် တစ်ခုတည်းသောနိုင်ငံပင်။ ဤသည်မှာ အရေးကြီးချိန် သွေးစည်းကြခြင်းသာ။
ချောင်မိုနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးခန်းထဲတွင် စွေ့ဝူက စုကျီဟယ်နှင့် စိတ်အားထက်သန်စွာ စကားပြောဆိုနေသည်။
"ဝန်ကြီးစွေ့…ဒီတစ်ခေါက်တော့ ကျုပ်တို့ ခင်ဗျားကို အကြီးကြီးကျေးဇူးကြွေးတင်သွားပြီ။ ခင်ဗျားတို့ဘက်ကသာ ကူညီဖို့ လက်ကမ်းမလာဘူးဆိုရင် ကျုပ်တို့ချင်းချိုးနိုင်ငံရဲ့စီးပွားရေးကတော့ သိသိသာသာကျဆင်းသွားရတော့မှာ"
"ခင်ဗျား ဘာတွေပြောနေတာလဲ။ ကျုပ်တို့တွေက မိတ်ဖက်နိုင်ငံတွေပဲဟာကို။ ဒီလိုအသေးအဖွဲကိစ္စလေးတွေမှာ အချင်းချင်းကူညီပေးရမှာပေါ့။ ဟွာရှားက လူတစ်ယောက်နဲ့ ရင်ဆိုင်ရရုံလေးပဲဟာကို။ ကျုပ်တို့နှစ်နိုင်ငံသာ စည်းလုံးရင် အသက်နှစ်ဆယ်စွန်းစွန်းပဲရှိသေးတဲ့ လူငယ်လေးတစ်ယောက်ကို မကိုင်တွယ်နိုင်စရာလား"
စကားအရသာ မိတ်ဖက်နိုင်ငံဟု ပြောသော်ငြား စွေ့ဝူသည် မကြာသေးခင်ကမှ နိုင်ငံတစ်ဝှမ်းရှိ ဘဏ်များကို အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သူတို့နိုင်ငံက နောက်ပိုင်းကျမှသာ တည်ထောင်ထားခြင်းဖြစ်သောကြောင့် ကျန်းမုန့်လောင်၏ ဩဇာအာဏာသက်ရောက်မှုက မထိုးဖောက်နိုင်သေးဟန်တူသည်။ ထူးခြားဆန်းကြယ်လှသော ထိုအကောင့်များက သူတို့နိုင်ငံရှိ ဘဏ်များတွင်မူ မတွေ့ရပေ။
ကျန်းမုန့်လောင်က ချင်းချိုးနိုင်ငံကို သုံးခဲ့သည့်နည်းလမ်းမျိုး သူတို့ကို ထပ်သုံးနိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလေရာ သူတို့က ဘာများကြောက်စရာရှိပါသလဲ။ သူတို့စိတ်ကြိုက် လုပ်ချင်ရာလုပ်လို့ရနိုင်လေသည်။ ကျန်းမုန့်လောင်က သူတို့ကိုပါ နှောင့်ယှက်နိုင်မှာတဲ့လား။
"ဟားဟားဟား အမှန်ပါပဲ။ ကျုပ်တို့ နိုင်ငံနှစ်နိုင်ငံသာ ဖြစ်ချင်ဖြစ်နေမယ်။ ကျုပ်တို့ဘိုးဘေးတွေကတော့ တစ်မျိုးနွယ်တည်းပဲလေ။ ကျုပ်တို့ခန္ဓာကိုယ်ထဲကသွေးတွေကလည်း တစ်သားတည်းပဲ။ ဟွာရှားလူမျိုးတစ်ယောက်အနေနဲ့ ကျုပ်တို့ကို အနိုင်ကျင့်လို့မရစေရဘူး"
သူတို့ စကားပြောနေကြခိုက်မှာပင် စုကျီဟယ်က ကျန်းမုန့်လောင်နှင့် မိန်းမပြဿနာများအကြောင်း စွေ့ဝူကိုပြောပြရင်း သူ့နာကြည်းချက်များကို ဖောက်သည်ချပါတော့သည်။
"ဒါကြီးက တရားလွန်လိုက်တာ"
ဤအကြောင်းကို ကြားလိုက်ရသောအခါ စွေ့ဝူကလည်း စုကျီဟယ်လို ဒေါသူပုန်ထသွားရသည်။
"စိတ်ချထားလိုက်ပါ။ ဒီကိစ္စကို အထက်လွှတ်တော်က အတည်ပြုထားပြီးပြီ။ ကျုပ်တို့ဘက်က ခင်ဗျားတို့ကိုကူညီဖို့အတွက် ဘာမှဝန်လေးနေမှာမဟုတ်ဘူး။ နှစ်ရက်မတိုင်ခင်မှာပဲ ချင်းချိုးငွေကြေး၁၀ထရီလီယံက ခင်ဗျားတို့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့အကောင့်ထဲကို ရောက်လာလိမ့်မယ်"
"သိပ်မိုက်တယ်"
စုကျီဟယ်က ရုတ်ခြည်းစိတ်အားတက်ကြွသွားသည်။
"ပထမဆုံးအစုရှယ်ယာထောက်ပံ့ငွေက နှစ်ရက်အတွင်းရောက်လာတော့မှာဆိုတော့ ကိစ္စတွေအကုန်လုံးကို လွယ်လွယ်ကူကူဖြေရှင်းနိုင်တော့မှာပါ"
...
"ဝန်ကြီးစွေ့..ကျွန်တော်တို့ တကယ်ပဲ ဒီလိုလုပ်ဖို့လိုလို့လား"
ဖုန်းချလိုက်ပြီးနောက် စွေ့ဝူ၏လက်ထောက်က ရုတ်တရက်ကြီး မေးခွန်းတစ်ခုကို ကောက်မေးလာသည်။
"ကျန်းမုန့်လောင်လို့ခေါ်တဲ့ ဒီဟွာရှားလူငယ်လေးအကြောင်းကို ကျွန်တော်သေချာမသိပေမဲ့ သူက တော်တော်တဲ့တိုးဆန်တဲ့လူတစ်ယောက်လို့ ခံစားမိတယ်။ ကျွန်တော်တို့လုပ်ရပ်က သူ့ကို သွားစော်ကားရာကျနိုင်တယ်နော်"
"သူ့ကို စော်ကားသလိုဖြစ်တော့ရော ဘာဖြစ်လဲ။ ငါတို့က ချင်းချိုးနိုင်ငံမဟုတ်ဘူး။ ငါတို့ကိုဆန့်ကျင်ဖို့ သူ့မှာ ဘာနည်းလမ်းများရှိလို့လဲ"
စွေ့ဝူက နှာမှုတ်လိုက်သည်။
"ဟွာရှားလူမျိုးတွေက အရမ်းမောက်မာတယ်။ လူတိုင်းက သူတို့ကိုကြောက်နေတာမဟုတ်ဘူးဆိုတာကို ပြဖို့အချိန်တန်ပြီ"
"ဒါပေမဲ့ ဝန်ကြီး.. ကျွန်တော်တို့နိုင်ငံက လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကမှ တည်ထောင်ထားတာလေ။ အခြေခံအဆောက်အအုံတွေနဲ့ လူမှုအဖွဲ့အစည်းတွေအားလုံးကလည်း ဖွံ့ဖြိုးဆဲအဆင့်မှာပဲ ရှိသေးတယ်။ တစ်ခုခုသာ လွဲချော်သွားခဲ့ရင် ဆိုးဝါးတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်"
"မင်းက တော်တော်အဆိုးမြင်နေတာပဲ။ ဟွာရှားလူမျိုးတွေမှာ အဲ့ဒီလောက်အစွမ်းအစမရှိပါဘူးကွာ"
စွေ့ဝူက ခွန်းတုံ့ပြန်လိုက်၏။
"ဖလပ်"
ထိုအချိန်မှာပင် ဝန်ကြီးရုံးခန်းတစ်ခုလုံး လုံးဝအမှောင်ကျသွားရလေတော့သည်။ မီးများသာမက အခြားစက်ပစ္စည်းများလည်း လုံးဝအလုပ်မလုပ်တော့ချေ။
"ဘာတွေဖြစ်နေတာလဲ"
ကံကောင်းချင်တော့ နေ့ခင်းဘက်ကြီးဖြစ်နေသည့်အပြင် စွေ့ဝူကလည်း အရေးကြီးကိစ္စများ လုပ်ဆောင်နေခြင်းမရှိပေ။
"ကြည့်ရတာ လျှပ်စစ်မီးပြတ်တောက်သွားတာထင်တယ်။ ကျွန်တော် သွားစစ်ဆေးကြည့်လိုက်ပါ့မယ်"
စွေ့ဝူ၏လက်ထောက်က ပြောလာသည်။
"ပေါက်ကရတွေ မဖြစ်နိုင်တာ။ ဒါက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့အဆောက်အအုံလေ။ ဘယ်လိုလုပ်ပြီးမီးပျက်မှာတဲ့လဲ"
စွေ့ဝူက ဖြစ်နိုင်ခြေကို ချက်ချင်းပယ်ချလိုက်သည်။ ဤသည်မှာ သာမန်နေရာတစ်ခုမဟုတ်ကြောင်း သိရပေမည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းမှာ အရေးကြီးဒေတာများနှင့် စာရွက်စာတမ်းများကို ဆုံးရှုံးသွားစေနိုင်ပြီး တစ်နိုင်ငံလုံးကိုပါ သက်ရောက်မှုဖြစ်သွားစေနိုင်သည်။ အစိုးရပိုင်အဆောက်အအုံများတွင် ယခုလိုဖြစ်ရပ်မျိုး ဖြစ်လေ့မရှိ။
ထိုအချိန်မှာပင် စွေ့ဝူ၏ဖုန်းက ရုတ်တရက်ထမြည်လာ၏။ ဤဖုန်းနံပါတ်ကား သူ့လက်အောက်ငယ်သားတစ်ယောက်ထံမှဖြစ်သည်။
"ဘာကိစ္စလဲ"
စွေ့ဝူက အာဏာညောင်းသံဖြင့် မေးလိုက်သည်။
"မင်းဘာပြောလိုက်တယ်။ တစ်နိုင်ငံလုံး လျှပ်စစ်နဲ့ရေပြတ်တောက်သွားတယ် ဟုတ်လား"
"ဘာ? စွမ်းအင်ထောက်ပံ့မှုလည်း ပြတ်တောက်သွားပြီတဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထိတ်လန့်ဖွယ်သတင်းပေါင်းများစွာကြောင့် စွေ့ဝူခမျာ ကြောင်အသွားရလေသည်။
"ဘာတွေဖြစ်နေတာတုန်း။ လျှပ်စစ်မီး ရေနဲ့ စွမ်းအင်စနစ်ကို တာဝန်ယူထားတဲ့ဌာနတွေက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရမှာမဟုတ်ဘူးလား။ ငါ့ဆီကို ဘာလို့လာတင်ပြနေတာလဲ"
"ဝန်ကြီး.. အဲ့ဒီတာဝန်ခံတွေက ဝန်ကြီးကိုမေးခိုင်းလိုက်လို့ပါ။ ခင်ဗျား ဘာတွေလုပ်ထားတာလဲ"
"အဲ့ဒါက ဘာသဘောလဲ"
စွေ့ဝူခမျာ ထိတ်လန့်တုန်လှုပ်နေပြီး သူ့လက်အောက်ငယ်သား၏စကားကို နားမလည်နိုင်ဖြစ်နေလေသည်။
"ဝန်ကြီး.. ကျွန်တော်တို့ရဲ့လျှပ်စစ်မီး ရေနဲ့ စွမ်းအင်စနစ်တစ်ခုလုံးက တခြားနိုင်ငံတွေကို မှီခိုနေရတာလေ။ လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်တုန်းကပဲ ကျွန်တော်တို့ရဲ့သဘာဝဓာတ်ငွေ့ထောက်ပံ့သူတွေက ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ပြီ။ ရေနဲ့လျှပ်စစ်မီးစနစ်တွေရောပဲ"
"ငါတို့ရဲ့ကိုယ်ပိုင်ထောက်ပံ့ရေးစနစ်တွေကရော"
စွေ့ဝူက မေးမြန်းကြည့်လိုက်၏။
"ဝန်ကြီး.. ကျွန်တော်တို့နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေက နှစ်ပေါင်းများစွာ တိုးတက်မှုတွေလုပ်လာခဲ့တာဆိုပေမဲ့ ဒီနေ့ဒီအချိန်အထိဆိုရင် ၈၀ရာခိုင်နှုန်းကျော်ကျော်လောက်က အိမ်နီးချင်းနိုင်ငံတွေကို မှီခိုနေရဆဲပဲလေ။ အထူးသဖြင့် လျှပ်စစ်မီးနဲ့ စွမ်းအင်ပေါ့။ လျှပ်စစ်မီးကုမ္ပဏီတော်တော်များများကလည်း အစိုးရပိုင်မဟုတ်ဘူး။ အခုလောလောဆယ်မှာ ကျွန်တော်တို့ရဲ့နိုင်ငံတော်အရင်းအမြစ်တွေက တအားနည်းပါးလွန်းတဲ့အတွက် အရေးကြီးဌာနတချို့ကို စွမ်းအင်ထောက်ပံ့ပေးထားရုံလောက်ပဲ လုံလောက်ပါတယ်။ ပြည်တွင်းထောက်ပံ့ရေးကို ကျွန်တော်တို့ တကယ်ပဲမစွမ်းသာဘူး"
"ဘာတွေဖြစ်ကုန်တာလဲ။ ဒီလိုမျိုး ဘာလို့ဖြစ်လာတာလဲ။ အဲ့ဒီကုမ္ပဏီတွေက ဘာလို့ ထောက်ပံ့မှုကိုဖြတ်တောက်ပစ်လိုက်တာလဲ။ ငါတို့ဘဏ္ဍာရေးဌာနရဲ့ နှစ်စဉ်စွမ်းအင်အသုံးစရိတ်အများကြီးက ဟာသသက်သက်လား"
"ဝန်ကြီး..အဲ့ဒီကုမ္ပဏီတွေကတော့ သူတို့သူဌေးတွေရဲ့အမိန့်ကြောင့် ကျွန်တော်တို့နိုင်ငံကို "ဖြတ်သုံးဖြတ်"မူဝါဒအတိုင်း လုပ်ရတာလို့ပြောပါတယ်။
"ဖြတ်သုံးဖြတ်မူဝါဒတဲ့လား။ ဘယ်သုံးခုကို ဖြတ်တောက်မှာလဲ"
"ရေ လျှပ်စစ်မီးနဲ့ သဘာဝဓာတ်ငွေ့လေ"
"လူယုတ်မာတွေ"
စွေ့ဝူက စားပွဲကို ဒေါသတကြီးရိုက်ချလိုက်သည်။
"သူတို့ပြောတဲ့ အဲ့ဒီသူဌေးတွေက ဘယ်သူတွေလဲ။ ငါ သူတို့ဆီကို တိုက်ရိုက်သွားတွေ့လိုက်မယ်"
"ကျွန်တော်..ကျွန်တော်မေးပါသေးတယ်.. ဒါပေမဲ့ စွမ်းအင်ဝန်ကြီးဌာနက မစ္စတာဂျင်က ဒါတွေအားလုံးက ခင်ဗျားလက်ချက်လို့ ပြောလိုက်ပါတယ်.."
"ငါ့လက်ချက်တဲ့လား။ ငါက ဘာလုပ်မိလို့လဲ"
စွေ့ဝူလည်း လုံးဝခေါင်းရှုပ်သွားရလေသည်။
ထိုအချိန်မှာပင် စွေ့ဝူ၏ဖုန်းကို နောက်ထပ်ဖုန်းခေါ်မှုတစ်ခုက ကြားဖြတ်ဝင်ရောက်နှောင့်ယှက်ပြန်သည်။ နံပါတ်စိမ်းတစ်ခုဖြစ်ပြီး သူတို့နိုင်ငံက ဟုတ်ပုံမရချေ။
"အခုပြောနေတာ စွေ့ဝူပါ။ ဘယ်သူများလဲ"
"ဝန်ကြီးစွေ့..မင်္ဂလာပါ။ ကျွန်တော်က ကျန်းမုန့်လောင်ပါ"
လူငယ်လေးတစ်ယောက်၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်လေးမှာပင် ကျန်းမုန့်လောင်နှင့် လီဂျီအွန်းတို့က ချင်းချိုးနိုင်ငံထဲရှိ အကြီးဆုံးသောဈေးဝယ်စင်တာကြီးထဲသို့ ရောက်ရှိနေပြီဖြစ်၏။ လီဂျီအွန်းက တန်ဖိုးကြီးအထည်ဆိုင်တွင် အဝတ်အစားများကို စမ်းဝတ်ကြည့်နေ၏။ ဈေးဝယ်ထွက်ခြင်းမှာ မိန်းကလေးတိုင်းအတွက် မွေးရာပါဆန္ဒတစ်ခုဟု ပြောလျှင်ပင် ငြင်းနိုင်မည်မဟုတ်။ လီဂျီအွန်းက ကျန်းမုန့်လောင်နှင့်အတူ လိုက်လာပြီး အဖော်ပြုပေးရမည့်သူ ဖြစ်သင့်ပါသော်ငြား ယခုတော့ သူကသာ သူ(မ)နောက်က လိုက်ပါလာသကဲ့သို့ ဖြစ်နေလေသည်။
"ကျန်းမုန့်လောင်လား။ ကျုပ်ဖုန်းနံပါတ်ကို ဘယ်လိုလုပ်ရတာလဲ"
စွေ့ဝူက မေးလိုက်သည်။
"မင်းဘာလိုချင်လို့လဲ"
"အိုး..ဝန်ကြီးစွေ့များ အဲ့ဒီစွမ်းအင်ကုမ္ပဏီတွေရဲ့ သူဌေးတွေကို လိုက်ရှာနေသလားလို့ မေးချင်လို့ပါ"
"မင်းက အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ"
စွေ့ဝူ၏သူငယ်အိမ်များမှာ ထိုအကြောင်းကိုကြားပြီး ပြူးကျယ်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုကလည်း သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
"ဧကန္တ…"
"ယုံကြည်မှုရှိရှိလုပ်စမ်းပါ။ 'ဧကန္တ'ဆိုတာကြီးကို ဖြုတ်လိုက်။ နိုင်ငံတကာစွမ်းအင်ကုမ္ပဏီ အန်ကာဆောက်လုပ်ရေး လီမာစွမ်းအင်ကုမ္ပဏီ..ဒီကုမ္ပဏီတွေရဲ့သူဌေးက နှိမ့်ချတတ်တဲ့ကျွန်တော်ပဲ"
"မင်း..မင်း ဒါကိုလုပ်လိုက်တာလား"
စွေ့ဝူ၏အသံထဲရှိ ချောက်ချားမှုကား ပုံကြီးချဲ့ထားခြင်း မဟုတ်တန်ရာ။ အစတုန်းကတော့ ကျန်းမုန့်လောင်သည် သူတို့နိုင်ငံ၏စီးပွားရေးကို မထိန်းချုပ်ထားနိုင်သရွေ့ သူတို့အနေနှင့် သူ့ကို ကြောက်စရာမလိုဟု ထင်ထားခဲ့မိသည်။
သို့သော် ကျန်းမုန့်လောင်က စီးပွားရေးကို ထိန်းချုပ်ထားနိုင်ရုံသာမက နိုင်ငံ၏စွမ်းအင်စနစ်ကိုပါ ကြိုးကိုင်ထားပေသည်။ ဤသည်မှာ သူတို့နိုင်ငံ၏အသက်ကြိုးကို ဆုပ်ကိုင်ထားသည့်အလားပင်။
"ကျွန်တော် ခင်ဗျားကိုဖုန်းခေါ်လိုက်တာက သတိပေးဖို့ပဲ။ ခင်ဗျားနဲ့မဆိုင်တဲ့ကိစ္စတွေကို ဝင်မပါနဲ့။ ကျွန်တော် ခင်ဗျားကို အသေးစားဒဏ်ခတ်မှုလေးတစ်ခုလုပ်ဖို့ စဉ်းစားထားတယ်။ သုံးရက်တိတိ လျှပ်စစ်မီးရော ရေရော သဘာဝဓာတ်ငွေ့ပါ ဖြတ်တောက်ထားမယ်။ ခင်ဗျားသာ ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် ကြာချိန်ကို လျှော့ပေးဖို့ စဉ်းစားပေးနိုင်ပါတယ်"
ကျန်းမုန့်လောင်က ရယ်၏။
"ခင်ဗျားတို့ရဲ့အဓိကဌာနတွေမှာ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစနစ်တွေ ရှိတယ်ဆိုပေမဲ့ ပြည်သူလူထုအတွက် ရေ လျှပ်စစ်မီးနဲ့ စွမ်းအင်ထောက်ပံ့မှုအများစုကတော့ ကျွန်တော့်အပေါ်မှာပဲ မှီခိုနေရတာနော်"
***********