← Chapters

တကယ်ကောင်းပါတယ်

Vol. 11 Ch. 152

တကယ်ကောင်းပါတယ်

Vol. 11 Ch. 152

ကျန်းမုန့်လောင်ပြောလိုက်သည့်စကားများကို ကြားလိုက်ရသောအခါ စွေ့ဝူ၏နောက်ကျောတွင် ချွေးများရွှဲသွားရသည်။ ကျန်းမုန့်လောင်က မကောင်းဆိုးဝါးတစ်ကောင်နှင့် မခြားပေ။

ကျန်းမုန့်လောင် ပြောသွားသည့်အတိုင်း နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးဒေသများတွင် စနစ်ချို့ယွင်းမှုနှင့် အချက်အလက်များဆုံးရှုံးမှုမှ ကာကွယ်ရန်အတွက် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစနစ်များကို ထားရှိလေသည်။

သို့သော် ချောင်းမိုနိုင်ငံထဲရှိ လူနေအိမ်ရာများနှင့် စက်မှုဇုန်များအတွက် လျှပ်စစ်မီး၊ ရေနှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့မှုများကို နိုင်ငံတကာစွမ်းအင်ကော်ပိုရေးရှင်းကြီးများက ထောက်ပံ့ပေးထားခြင်းဖြစ်၏။ လျှပ်စစ်မီး၊ ရေ သို့မဟုတ် ဓာတ်ငွေ့ပြတ်တောက်သွားပါက သုံးရက်မပြောနှင့်။ တစ်ရက်တည်းနှင့်ပင် သူတို့စီးပွားရေးကို ပျက်စီးထိခိုက်သွားစေနိုင်သည်။

ဤအခြေအနေမှာ စီးပွားရေးထိန်းချုပ်ခံရခြင်းထက်ပင် ပိုဆိုးဝါးသေးသည်။

"ကျန်းမုန့်..မစ္စတာကျန်း.. ကျုပ်တို့ ဒီကိစ္စကိုဆွေးနွေးလို့ရပါတယ်။ အခုလိုပြင်းပြင်းထန်ထန်အရေးယူစရာမလိုပါဘူး"

စွေ့ဝူခမျာ ချက်ချင်းဆိုသလို ထိတ်လန့်သွားရှာသည်။

ချင်းချိုးနိုင်ငံနှင့် ချောင်းမိုနိုင်ငံတို့က မောင်နှမသားချင်းအရင်းများနှယ် ရင်းနှီးကျွမ်းဝင်ကြသော်ငြား ၎င်းမှာ မိမိနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မထိခိုက်စေသော အခြေအနေအောက်မှာသာ ဖြစ်၏။ ယခုလိုအချိန်မျိုးတွင်မူ ထိုအခြေအနေကား စင်စစ်ရှိမနေပေ။ သူတို့သာ ခေါင်းမာမာဖြင့် ချင်းချိုးနိုင်ငံကို ဆက်လက်ကူညီလိုက်ပါက ချောင်းမိုနိုင်ငံက ချင်းချိုးနိုင်ငံထက် အရင်ပြိုလဲသွားပေလိမ့်မည်။

"ကျွန်တော် ခင်ဗျားကို ကောင်းကောင်းပြောနေတာပဲ မဟုတ်ဘူးလား။ ဘယ်တုန်းကများ ကောင်းကောင်းမွန်မွန်မပြောမိလို့လဲ"

ကျန်းမုန့်လောင်၏အကြည့်က ယခုလေးတင်မှ အဝတ်လဲပြီးထွက်လာသော လီဂျီအွန်းဆီသို့ ကျရောက်သွားပြီး ထိုအဘိုးကြီးနှင့် စကားဆက်ပြောချင်စိတ် ပျောက်ဆုံးသွားသည်။

"ကောင်းပြီ။ တော်လိုက်တော့။ ကျွန်တော် အခု အလှပဂေးလေးနဲ့ ဈေးဝယ်ထွက်နေလို့။ ဒါပဲ ဘိုင့်"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က ဖုန်းကို ချက်ချင်းချပစ်လိုက်၏။

"မစ္စတာကျန်း ခင်ဗျား..တီ တီ တီ.."

လိုင်းကျသွားသည့် အချက်ပေးသံသာလျှင် ဖုန်းတစ်ဖက်မှ ထွက်ပေါ်နေလေတော့သည်။ စွေ့ဝူလည်း ခွန်အားအလုံးစုံကို ဆုံးရှုံးလိုက်ရသည့်အလား ထိုင်ခုံပေါ်သို့ ပြိုလဲကျသွားချေသည်။

"ဝန်ကြီး.. ခင်ဗျား ကျန်းမုန့်လောင်လို့ပြောလိုက်တာ ကြားလိုက်တယ်…"

"အတွင်းရေးမှူးကျန်း.. မင်း ခုနကပြောတာ မှန်တယ်။ ငါတို့တွေ တကယ်ကိုပဲ ကျန်းမုန့်လောင်ကို သွားပြီးရန်မစခဲ့သင့်ဘူး။ သူက တကယ့်ကို မကောင်းဆိုးဝါးတစ်ကောင်ပဲ"

"မဟုတ်မှလွဲရော…."

"ငါတို့နိုင်ငံရဲ့ဘက်စုံသုံးစွမ်းအင်ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကျော်ကို သူပိုင်တာ။ ငါတို့ကို လျှပ်စစ်မီး၊ ရေနဲ့ ဓာတ်ငွေ့တွေ သုံးရက်ဖြတ်တောက်ထားမယ်လို့ ပြောတယ်။ စောစောပြန်ပေးမပေးကတော့ ငါတို့ရဲ့လုပ်ရပ်ပေါ် မူတည်တယ်တဲ့"

"ဝန်ကြီးစွေ့.. ဟွာရှားက အဲ့ဒီလူငယ်လေးကို အထင်မသေးဖို့ ကျွန်တော် အစကတည်းကပြောခဲ့သားပဲ"

အတွင်းရေးမှူးကျန်းက ခါးသက်သက်ပြုံးလျက် ပြောလာလေသည်။ သူ သတိပေးခဲ့ဖူးသော်ငြား စွေ့ဝူကတော့ နားမထောင်ခဲ့ချေ။

"ဒီလိုဆိုမှတော့ ငါတို့ကိုယ်ငါတို့ အရင်ကယ်မှဖြစ်တော့မယ်"

စွေ့ဝူက ဆိုလာလေသည်။

"ချင်းချိုးနိုင်ငံကို ထောက်ပံ့နေတာတွေရပ်လိုက်။ ဒီတစ်ခေါက်တော့ ငါတို့ တကယ်ကူကယ်ရာမဲ့နေပြီ"

...

"ဘာ? ချောင်းမိုနိုင်ငံက ငါတို့ကိုမကူညီတော့ဘူးတဲ့လား"

ချင်းချိုးနိုင်ငံထဲတွင် စုကျီဟယ်သည် ပျော်ရွှင်မှုကို တစ်နာရီကြာအောင်ပင် မခံစားလိုက်ရပါဘဲ သတင်းဆိုးများက တစ်ခုပြီးတစ်ခု ရောက်ချလာခဲ့သည်။

"ကိုယ်စားလှယ်စု..ထိုက်ကုနိုင်ငံက ဝန်ကြီးဘာဆုန်းကလည်း သူတို့ဘက်မှာ ဘဏ္ဍာရေးပြဿနာလေးနဲ့ ကြုံနေရတာမို့ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ကို ကူညီနိုင်မှာမဟုတ်ဘူးလို့‌ပြောတယ်"

"ကိုယ်စားလှယ်စု… ယင်ရှီနိုင်ငံကလည်း ကျွန်တော်တို့ကိုကူညီထားတာတွေ ပြန်ရုပ်သိမ်းလိုက်ပါတယ်"

...

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘာလို့ အခုလိုဖြစ်သွားရတာလဲ"

စုကျီဟယ်ခမျာ ကောင်းကင်ကြီးပြိုကျသွားသလို ခံစားလိုက်ရဿည်။ သူတို့ကိုကူညီဖို့ ကတိပေးထားသောနိုင်ငံများက ချက်ချင်းပင် ကတိပြန်ဖျက်သွားကြခြင်းပင်။

သူတို့၏အကြောင်းပြချက်ကလည်း လေးနက်နေသော်လည်း တစ်ပြိုင်တည်းမှာ နိုင်ငံပေါင်းတစ်ဒါဇင်ကျော်လောက် ပြဿနာကြုံနေရခြင်းကား မဖြစ်နိုင်ပေ။ ထိုဖြစ်နိုင်ခြေမှာ ကမ္ဘာမြေသည် အင်္ဂါဂြိုလ်နှင့် တိုက်မိဖို့ထက်ပင် ပိုနည်းပါးလှသည်။

တစ်နာရီအတွင်းမှာပင် စုကျီဟယ်ခမျာ စိတ်ဓာတ်အကျကြီးကျနေရာမှ ပျော်ရွှင်မှုအထွတ်အထိပ်သို့ တက်လှမ်းသွားရပြီး တစ်ဖန် အနန္တငရဲဆီသို့ သက်ဆင်းရပြန်၏။

"ကိုယ်စားလှယ်စု..ချောင်းမိုနိုင်ငံက ဝန်ကြီးစွေ့က ခင်ဗျားကို သတင်းစကားပါးဖို့ ကျွန်တော့်ကိုတာဝန်ပေးထားပါတယ်"

"ဘာသတင်းစကားလဲ"

"ကျန်းမုန့်လောင်က တကယ်ကြောက်ဖို့ကောင်းတဲ့လူ။ သူသာဆန္ဒရှိရင် သုံးရက်အတွင်းမှာတင် ချောင်းမိုနိုင်ငံကို ပြိုလဲသွားအောင်လုပ်နိုင်တယ်။ ဒီတစ်ခေါက်တော့ သူတို့ ငါတို့ကိုအလဲထိုးလိုက်ပြီ"

"အခုမှ ဒါတွေလာပြောနေတော့ ဘာလုပ်မှာလဲ"

စုကျီဟယ်က ငိုမဲ့မဲ့အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဘာတွေဖြစ်သွားလဲဆိုတာ မင်းသိလား"

စုကျီဟယ်က ဝန်ကြီးစွေ့‌ နောက်ဆုတ်သွားရသည့်အကြောင်းအရင်းကို သိချင်သောကြောင့်မဟုတ်ပါဘဲ ကျန်းမုန့်လောင် ဘာနည်းလမ်းများသုံးလိုက်သလဲဆိုသည်ကို သိချင်သောကြောင့်ပင်။

"ဝန်ကြီးစွေ့ပြောတာတော့ သူတို့နိုင်ငံရဲ့စွမ်းအင်တွေကို ကမ္ဘာ့အကြီးဆုံးဘက်စုံသုံးစွမ်းအင်ကုမ္ပဏီတချို့က ထောက်ပံ့ပေးထားပေမဲ့ အဲ့ဒီကုမ္ပဏီတွေအကုန်လုံးကို ကျန်းမုန့်လောင်ပိုင်တာတဲ့"

"ခွမ်း"

စုကျီဟယ်ကိုင်ထားသော ဖန်ခွက်ကား သူ့လက်ထဲမှာတင် ရုတ်တရက်ကြေမွသွားလေတော့သည်။

"ဘယ်ကုမ္ပဏီက သူတို့ရဲ့စွမ်းအင်စနစ်ကို တည်ဆောက်ပေးတာလဲ"

"အကြီးဆုံးကုမ္ပဏီကတော့ ဂလိုဘယ်စွမ်းအင်၊ အန်ကာဆောက်လုပ်ရေးနဲ့ လီမာစွမ်းအင်တို့ပါ"

စုကျီဟယ်၏လက်ထောက်က ပြန်ဖြေသည်။

"ဘာ? ဒီစွမ်းအင်ကုမ္ပဏီတွေအကုန်လုံးကို ကျန်းမုန့်လောင်ပိုင်တာလား"

သူ့လက်ထောက်ပင် တုန်ယင်နေရှာသည်ကို စုကျီဟယ် သတိထားလိုက်မိသည်။

အကြောင်းမှာ ထိုကုမ္ပဏီသုံးခုက သူတို့နိုင်ငံတွင်လည်း ပါဝင်မိတ်ဆက်ထားသော စွမ်းအင်လုပ်ငန်းစုများဖြစ်ပြီး ချောင်းမိုနိုင်ငံလောက် မများသော်ငြား စွမ်းအင်ထောက်ပံ့မှုသုံးဆယ်ရာခိုင်နှုန်းကျော်တော့ ရှိသည်။

ကျန်းမုန့်လောင်သာ သူတို့ကို စွမ်းအင်ထောက်ပံ့မှုနှင့် ခြိမ်းခြောက်ဖို့ ရွေးချယ်လိုက်ပါက သူတို့၏လက်ရှိအခြေအနေက အဆပေါင်းများစွာဆိုးဝါးသွားလိမ့်မည်ကို စိုးရိမ်မိသည်။

"သူက ဘာမှတောင်အားမထုတ်ရသေးဘူးပဲ။ သူက ငါတို့ကိုလာကစားနေတာ"

ထို့နောက်မှာတော့ ကျန်းမုန့်လောင်သာ ချင်းချိုးနိုင်ငံကို ပစ်မှတ်ထားလိုပါက စကားအနည်းငယ်ဟလိုက်ရုံသာလိုကြောင်း စုကျီဟယ် သဘောပေါက်လိုက်ပေသည်။ ထိုသို့ဆိုလျှင် နှစ်ရက်အတွင်းမှာပင် တွေးပင်မတွေးရဲသော နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို ခံစားရပေလိမ့်မည်။ သိုတိုင် သူကတော့ ဤနည်းလမ်းကိုရွေးချယ်၍ သူတို့ကိုကစားဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော် ယခုလိုအရှက်ခွဲခြင်းမျိုးကပင် သူတို့ကို ပြန်တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွား‌စေသည်။

"ကိုယ်စားလှယ်စု.. ကျွန်တော်တို့ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ကျန်းမုန့်လောင်ကို အကြီးအကျယ်စော်ကားမိသွားပြီ"

"ဖြန်း"

စုကျီဟယ်လည်း ကိုယ့်ပါးကိုသာ ပိတ်ရိုက်လိုက်မိတော့သည်။ သူသာ အစောပိုင်းက ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံခဲ့ပြီး ကျန်းမုန့်လောင်လိုချင်သော မိန်းကလေးနှစ်ယောက်ကို လွှတ်ပေးလိုက်ပါက သူတို့လည်း ယခုလိုဆိုးရွားလှသောအခြေအနေကို ဆိုက်ရောက်လိမ့်မည်မဟုတ်။

ကျန်းမုန့်လောင်ဘက်က ဘယ်လိုနည်းလမ်းမျိုးကိုသုံးပြီး ခြိမ်းခြောက်ခြိမ်းခြောက် သူကတော့ နည်းနည်းမှပင် နာခံမည်မဟုတ်ဟုပင် ပြောလိုက်သေးသည်။ ယခုတော့ သူ့ပါးပြင်မှာ ရောင်ရမ်းနေသလိုခံစားနေရသည်။ ၎င်းမှာလည်း သူကိုယ်တိုင်ရိုက်လိုက်ခြင်းဖြစ်သည်။

"YGရဲ့သူဌေးကို ဖုန်းဆက်လိုက်။ ဒီနေ့ငါးနာရီမထိုးခင် ကျန်းမုန့်လောင်လိုချင်တဲ့လူတွေကို သူ့အိမ်ကိုပို့ပေးလိုက်။ မပို့နိုင်ဘူးဆိုရင် သူတို့ကို သစ္စာဖောက်မှုနဲ့ တရားစွဲမယ်"

...

"ဘုရားရေ.. ဒီမိန်းကလေးတွေက ဘာလို့များ ဒီလောက်တောင်ဈေးဝယ်နိုင်ရတာလဲ"

တစ်နေ့လယ်လုံး ရုန်းကန်ရပြီးနောက် ကျန်းမုန့်လောင်၏ခြေထောက်များကား ထုံကျဉ်နေသော်လည်း လီဂျီအွန်းကတော့ ဈေးဆက်ဝယ်ရန် စိတ်အားထက်သန်နေဆဲသာ။

"မရတော့ဘူး။ မရတော့ဘူး။ ဒီညတော့ ငါ့ကို ခြေထောက်နှိပ်ပေးမဲ့လူတစ်ယောက် ရှာရတော့မယ်"

ကျန်းမုန့်လောင်က ကိုက်ခဲနာကျင်နေသော ခြေထောက်ကိုယမ်းခါလိုက်သည်။

"မစ္စတာကျန်း.. ကျွန်မ ရှင့်ကိုနှိပ်ပေးရမလား"

လီဂျီအွန်းက အပြုံးလေးနှင့် မေးလာသည်။

"ထားလိုက်တော့။ ငါ့ကောင်မလေးကသာ မင်း ငါ့ခြေထောက်ကို နှိပ်ပေးမှန်းသိသွားခဲ့ရင် ငါ့ကိုသတ်ဖို့ ဟွာရှားကနေ ဒီကို တန်းရောက်လာလောက်တယ်"

"ဟုန်းရီ တံခါးဖွင့်ပေးဦး"

ကျန်းမုန့်လောင်က တံခါးကို အားအင်ကုန်ခန်းစွာ မှီတွယ်လျက် ခေါ်လိုက်သည်။

"မစ္စတာကျန်း.. ပြန်လာပြီလား"

ဟုန်းရီက ရယ်သည်။

"ရှင်နဲ့အတူ လူနှစ်ယောက်လောက်ခေါ်သွားပါလို့ ကျွန်မပြောသားပဲ။ ရှင်ကမှ နားမထောင်တာ"

"သေစမ်း..သူ ဒီလောက်ဈေးဝယ်ထွက်နိုင်ပြီး အများကြီးဝယ်နိုင်လိမ့်မယ်လို့ ငါက ဘယ်လိုလုပ်သိမှာလဲ"

ကျန်းမုန့်လောင်က အထွန့်တက်လိုက်သည်။ု

"ငါ သူ့ကို စုကျီဟယ်ဆီ ပြန်ပို့ချင်စိတ်တောင် ပေါက်တယ်"

"ဟားဟား.. မစ္စတာကျန်း သူ့ကိုပြန်ပို့ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို့ကတော့ နောက်ထပ်နှစ်ယောက်ထပ်လွှတ်ထားတယ်"

ဟုန်းရီက ဘေးကပ်ရပ်လိုက်လေရာ မျက်စိဖမ်းစားဖွယ် ခန္ဓာအဆင်းရှိသော မိန်းမလှလေးနှစ်ယောက်က ချဉ်းကပ်လာသည်။ တစ်ယောက်က အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားပြီး တစ်ယောက်ကတော့ ဆက်စီကျပြီး ဆွဲဆောင်မှုရှိသည်။

"မင်္ဂလာပါ မစ္စတာကျန်း.. ကျွန်မက လီဆာပါ"

"မင်္ဂလာပါ မစ္စတာကျန်း.. ကျွန်မက လျိုရန်နာပါ"

"ဒါက ဘာတွေ…"

အဆုံးမှာတော့ စုကျီဟယ်က သူတို့ကိုလွှတ်လိုက်လိမ့်မည်ဖြစ်ကြောင်း ကျန်းမုန့်လောင်သိထားသော်ငြား ဤမျှမြန်မြန်ဆန်ဆန်ကြီးလွှတ်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

"ကိုယ်စားလှယ်စုက ကျွန်မတို့ကို ရှင်နဲ့အတူ ညစာစားဖို့လွှတ်လိုက်တာပါ။ ပြီးတော့…"

မိန်းမလှလေးနှစ်ယောက်မှာ ရှက်သွေးဖြာသွားကြပြီး စုကျီဟယ်က သူတို့ကို ဘယ်လိုအမိန့်မျိုးပေးထားသလဲဆိုသည်ကို ကျန်းမုန့်လောင် မေးကြည့်နေစရာပင် မလိုအပ်ချေ။

"ဟုန်းရီ.. စုကျီဟယ်ဆီကို ဆက်သွယ်ပေးပါဦး"

"မစ္စတာကျန်း"

ဟုန်းရီက ဆက်သွယ်ထားနှင့်ပြီးသားဖြစ်နေသော ဖုန်းကို ကျန်းမုန့်လောင်ကို လက်ကမ်းပေးလာသည်။

"ကျန်း..မစ္စတာကျန်း…"

ဖုန်းတစ်ဖက်တွင် စုကျီဟယ်က သူ့ခေါင်းကိုသူ မြေမြှုပ်ပစ်ထားသည့်အလားဖြစ်နေသော်လည်း ကျန်းမုန့်လောင်၏ဖုန်းကိုတော့ မကိုင်ဘဲမနေရဲချေ။

"ကိုယ်စားလှယ်စု.. ကျွန်တော့်ရဲ့ခြိမ်းခြောက်မှုကို ဘယ်တော့မှနာခံမှာမဟုတ်ဘူးလို့ တစ်စုံတစ်ယောက်က ပြောခဲ့သလားလို့နော်။ ဟုတ်တယ်မလား"

ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့်‌ ပြောလာလေသည်။

"အရသာက ဘယ်လိုနေလဲ"

လေးလံလှသော သက်ပြင်းတစ်ချက်ကိုချလျက် စုကျီဟယ်က စိတ်ပါလက်ပါရေရွတ်လိုက်သည်။

"အရသာရှိပါတယ်။ တကယ်အရသာရှိပါတယ်"

************

All Chapters