← Chapters

တစ်သန်းတန်စာအိတ်နီအခုတစ်ရာမဲဖောက်ခြင်း

Vol. 11 Ch. 157

တစ်သန်းတန်စာအိတ်နီအခုတစ်ရာမဲဖောက်ခြင်း

Vol. 11 Ch. 157

"အမျိုးသမီးတို့.. စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် ချင်းချိုးငွေကြေးတစ်ရာဘီလီယံကို အကောင့်ထဲလွှဲထားပြီးပါပြီ။ ဒါက LEနဲ့ YGက ရှယ်ယာလွှဲပြောင်းမှုသဘောတူစာချုပ်တွေပါ။ မိန်းကလေးလီဂျီအွန်းက အခုဆိုရင် LEအင်တာတိန်းမန့်အုပ်စုရဲ့ ရှယ်ယာ၅၂ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားပါပြီ။ မိန်းကလေးလျိုနဲ့ လီဆာတို့ကတော့ YGအင်တာတိန်းမန့်အုပ်စုရဲ့ ရှယ်ယာ၃၂ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားပါပြီ။ တစ်ဦးချင်းစီအနေနဲ့ ချင်းချိုးငွေကြေးငါးရာဘီလီယံဝန်းကျင် တန်ဖိုးရှိပါတယ်"

ထိတ်လန့်တုန်လှုပ်သွားသော စုကျီဟယ်သည် သူ့အလုပ်လုပ်နိုင်စွမ်းကို အဆပေါင်းများစွာမြှင့်တင်လိုက်သည်ဟု ပြောရပေမည်။ နှစ်နာရီပင် မပြည့်သေးခင်မှာတင် ကျန်းမုန့်လောင်၏အိမ်သို့ ရှယ်ယာလွှဲပြောင်းမှုသဘောတူစာချုပ်အထူကြီးသုံးခုကို ပို့ဆောင်နိုင်ခဲ့သည်။

ဤရှယ်ယာများအားလုံးကို ချင်းချိုးနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက ဝယ်ယူထားခြင်းဖြစ်သည်။ သူတို့အနေနှင့် ကျန်းမုန့်လောင်က သူတို့ဘဏ်များနှင့် အစိုးရအဆောက်အအုံများကို မြေတူးသမားများနှင့် ဖြိုချပစ်မည့်အရေးကို အသာထိုင်ကြည့်နေနိုင်မည်မဟုတ်။

ဤမြေကွက်များအတွက် အခွန်အခများစွာ နေ့စဉ်ပေးဆောင်နေရသော်လည်း နည်းနည်းစီပေးခြင်းမှာ ချင်းချိုးငွေထရီလီယံပေါင်းများစွာကို တစ်ချီတည်းထုတ်ပေးရခြင်းထက်တော့ ထိခိုက်မှုနည်းပါးပေသည်။

"မင်းတို့ရဲ့အကောင့်တွေကို စစ်ကြည့်လိုက်ပါဦး။ ပိုက်ဆံတွေရောက်ရဲ့လား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"မစ္စတာကျန်း.. ရောက်ပါတယ်"

အမျိုးသမီးအနုပညာရှင်သုံးယောက်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့မှာ တစ်လျှောက်လုံး အိပ်မက်မက်နေသည်ဟုပင် ခံစားရသည်။

မနေ့တုန်းကတော့ သူတို့ဟာ နိုင်ငံတော်၏ အသုံးချခံနယ်ရုပ်များ ဖြစ်နေခဲ့ကြသော်ငြား ယခုမှာမူ သူတို့သည် ချင်းချိုးနိုင်ငံထဲရှိ အကြီးဆုံးအင်တာတိန်းမန့်ကုမ္ပဏီကြီးနှစ်ခု၏ အကြီးဆုံးရှယ်ယာရှင်များ ဖြစ်သွားရလေပြီ။

ယခုကစပြီး သူတို့ တစ်ပါးသူ၏ထိန်းချုပ်မှုအောက်တွင် နေစရာမလိုတော့ပေ။ သူတို့ဘဝကို သူတို့ဘာသာကြီးစိုးနိုင်တော့မည်သာ။ သူတို့သဘောမကျသည့်အရာများကိုလည်း လုပ်နေစရာမလိုတော့ချေ။ သရုပ်ဆောင်လုပ်ငန်းနှင့် အဆိုလုပ်ငန်းကိုတော့ သူတို့ ဆက်လက်လိုက်စားနိုင်ဆဲသာ။ သို့သော် ဘာဝန်ထုပ်ဝန်ပိုးမှမရှိတော့သဖြင့် သူတို့ဘဝဟာ ပို၍ပင် ပျော်စရာကောင်းသွားပေတော့မည်။

ပြန်စဉ်းစားကြည့်ပါက ကျန်းမုန့်လောင်ကို ပြုစုဖို့အတွက် ပို့ဆောင်ခံရခြင်းမှတစ်ဆင့် ယခုလိုကံကောင်းသည့်ကိစ္စနှင့် ကြုံလိုက်ရချေသည်။

"အမျိုးသမီးတို့.. အခု ကျုပ်တို့ကို ခွင့်လွှတ်ပေးလို့ရမလား။ ခင်ဗျားတို့မိသားစုကို ခြေရာခံပြီး စောင့်ကြည့်နေတဲ့လူတွေကိုလည်း ကျုပ်တို့ ပြန်ရုပ်သိမ်းလိုက်ပါပြီ။ နောက်နောင် သူတို့တွေ ဘာအနှောင့်အယှက်မှ ပေးတော့မှာမဟုတ်ပါဘူး"

"မစ္စတာကျန်း.. ကျွန်မတို့ သူ့ကိုခွင့်လွှတ်လိုက်ရမလား"

မိန်းကလေးသုံးယောက်စလုံးက ကျန်းမုန့်လောင်ကို တစ်ပြိုင်တည်းကြည့်လိုက်ကြသည်။ သူတို့က ဤလျော်ကြေးကို အလွန်တရာကျေနပ်အားရမှုရှိသည်။ ဤသည်မှာ သူတို့ထင်ထားတာထက်ပင် ပိုသာနေသေးသည်။ သို့သော် သူတို့အနေနှင့် ကျန်းမုန့်လောင်၏အဆုံးအဖြတ်ကိုတော့ လိုအပ်နေဆဲပင်။

"ကောင်းပြီလေ။ မစ္စတာစုက အရမ်းကြိုးစားထားတာကို မြင်ထားတာဆိုတော့ လျော်ကြေးက တအားကြီးမများလှပေမဲ့ ထားလိုက်ပါတော့။ ဒီလောက်နဲ့ပဲ တော်လိုက်ပါ့မယ်"

ကျန်းမုန့်လောင်က ဆိုလာလေသည်။

ဤစကားကိုကြားမှသာ စုကျီဟယ်လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ကြည့်ရသည်မှာ ကျန်းမုန့်လောင်က အနည်းငယ်စိတ်ကျေနပ်သွားဟန်တူသည်။

"ဒါပေမဲ့"

ကျန်းမုန့်လောင်၏လေသံက ပြောင်းလဲသွားပြန်လေရာ စုကျီဟယ်၏ သက်သာရာရသွားသော စိတ်အစဉ်မှာလည်း တစ်ဖန်ပြန်တင်းကျပ်သွားရ၏။

"ဒီကိစ္စကိုဖြေရှင်းပြီးသွားပြီဆိုတော့ ကျွန်တော့်ကိစ္စကို ဆွေးနွေးကြတာပေါ့"

ကျန်းမုန့်လောင်က ဆိုသည်။

"ကျွန်တော့်အနေနဲ့ ခင်ဗျားတို့နိုင်ငံရဲ့စီးပွားရေးပုံစံအသစ်ကို စိတ်ဝင်စားနေတုန်းပဲ။ အမြင်လည်းကျယ်ချင်တယ်လေ။ မစ္စတာစုဘက်က ကျွန်တော့်ရဲ့သိချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

"မစ္စတာကျန်း ကျုပ် ဒီကိုလာခဲ့တာ အဲ့ဒါကိုရှင်းပြဖို့ပါ"

စုကျီဟယ်က သမာသမတ်ကျကျ ပြောလိုက်သည်။

"ကျုပ်တို့ အသေးစိတ်စုံစမ်းစစ်ဆေးပြီးပါပြီ။ အဲ့ဒီစီးပွားရေးပုံစံဆိုတဲ့အရာက ကျုပ်တို့နိုင်ငံထဲမှာရှိတဲ့ မအောင်မြင်တဲ့ ဘဏ္ဍာရေးအုပ်စုတွေရဲ့ လုပ်ကြံဖန်တီးမှုတစ်ခုပါ။ အဲ့ဒီလိုစီးပွားရေးပုံစံမျိုး မရှိဘူးဆိုတာကိုလည်း ကျုပ်တို့ သက်သေပြပြီးပါပြီ။ မစ္စတာကျန်းရဲ့လုပ်ကိုင်နိုင်စွမ်းကို မြင်ပြီးတဲ့နောက်မှာ မစ္စတာကျန်းက တကယ်ပဲ ကမ္ဘာ့စီးပွားရေးကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ကျုပ်တို့ယုံကြည်သွားပါပြီ"

"သေစမ်း.. ဒီလူရဲ့မျက်နှာက တော်တော်အရေထူတာပဲ။ ငါတော့ ပြောစရာစကားမရှိတော့ဘူး"

ကျန်းမုန့်လောင်မှာ ရုတ်ခြည်းဆွံ့အသွားရသည်။ စုကျီဟယ်က စင်စစ် အရည်အချင်းရှိလှပေသည်။ ပြည်တွင်းစီးပွားရေးပညာရှင်များကို လုံးဝရောင်းစားပစ်လိုက်ခြင်းပင်။

အထက်အမိန့်မရဘဲ ထိုစီးပွားရေးပညာရှင်များက ယခုလိုကိစ္စမျိုးကို လုပ်ကြံဖန်တီးရဲမည်မဟုတ်ကြောင်း ကျန်းမုန့်လောင် အတပ်သိသည်။ စုကျီဟယ်က စင်စစ်ရက်စက်လှကြောင်းကိုတော့ သူ ဝန်ခံရပေလိမ့်မည်။ ဤပြဿနာကို ချင်းချိုးနိုင်ငံနှင့် လွတ်ကင်းအောင် ဖယ်ရှားရှင်းလင်းနေပေသည်။

သူသာ သက်သေရှာချင်ပါက တစ်ခွန်းပြောလိုက်ရုံသာလိုကြောင်း ကျန်းမုန့်လောင်ယုံကြည်ထားသည်။ သို့သော် ထိုသို့လုပ်ဖို့ မလိုအပ်ပေ။ ယခုတစ်ခေါက် ကျန်းမုန့်လောင် ရောက်လာခြင်းမှာ ကျားကို သတိပေးရန်မျှသာ ရည်ရွယ်ခဲ့ခြင်းပင်။ သို့သော် တောင်တန်းကိုလှုပ်ခါပစ်လိုက်လျှင် ကျားတချို့ကိုသာ ထိတ်လန့်စေလိမ့်မည်။

နိုင်ငံတကာမှ ဝေဖန်မှုများသည် တစ်စိတ်တစ်ပိုင်းမျှသာ ပျောက်ကွယ်သွားသေးသည်။ နောက်ဆုံးတစ်ခေါက်တုန်းက ကျန်းမုန့်လောင်အနေနှင့် ဟုန်းရီအား နိုင်ငံငယ်လေးများကို ကိုင်တွယ်ခိုင်းခဲ့သည်။ ထိုနိုင်ငံများကို ကျန်းမုန့်လောင် ဖျက်ဆီးပစ်လိုက်လျှင်ပင် အဓိပ္ပာယ်မရှိပေ။ အကြောင်းမှာ နိုင်ငံကြီးများကလည်း အလားတူလုပ်ဆောင်လာနိုင်သောကြောင့်ပင်။

သို့သော် ချင်းချိုးနိုင်ငံကတော့ မတူပေ။ သူတို့၏GDPကို ကြည့်လိုက်လျှင် သူတို့က ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တစ်ဆင့်တည်းကို ရောက်ရှိထားပြီးဖြစ်၏။ စစ်ရေးဖိအားများ ရှိနေသော်ငြား နိုင်ငံငယ်လေးများနှင့် ယှဉ်ကြည့်ပါက အဆင်ချင်း လုံးဝမတူချေ။ သူတို့ကို သင်ခန်းစာပေးပြလိုက်လျှင် ဝေဖန်သူအများစုကို ပါးစပ်ပိတ်သွားစေနိုင်လောက်သည်။

"အပေးအယူကတော့ ဒီလိုပဲ။ ခင်ဗျားတို့ဘက်က ကျွန်တော့်အတွက် တစ်ခုလုပ်ပေး။ ဒီလိုဆိုရင် ကျွန်တော် ဒီကိစ္စကို ဒီမှာတင်အဆုံးသတ်လိုက်မယ်။ စုငွေတွေကိုလည်း မထိတော့ဘူး။ ခင်ဗျားတို့ဘက်က ကျွန်တော့်ကို အတိုးနဲ့ မြေငှားခကို မှန်မှန်ပေးနေရုံပဲ။ ကျွန်တော်လည်း ခင်ဗျားတို့ကို မလိုအပ်ဘဲ ရန်မလုပ်ချင်ဘူး"

စုကျီဟယ်ခမျာ စိတ်ထဲမှာတော့ ခါးသက်နေချေသည်။ တစ်နိုင်ငံလုံးကို စိတ်ရှိတိုင်းဖိနှိပ်နိုင်သူတစ်ယောက်ရှိကြောင်း မည်သူကြားဖူးမည်တဲ့လဲ။ သို့သော် သူ့မှာ ကျန်းမုန့်လောင်၏အဆိုပြုချက်ကို ခွန်းတုံ့ပြန်နိုင်သည့် အင်အားမျိုးမရှိ။ ဤရက်ပိုင်းအတွင်းမှာ ချင်းချိုးနိုင်ငံတစ်ခုလုံးသည် ကျန်းမုန့်လောင်၏ရိုက်ချက်ကြောင့် ကောင်းကောင်းနာလန်မထူနိုင်သေးပေ။

သူတို့၏ပိုက်ဆံကို ကာကွယ်မထားနိုင်ပေ။ သူတို့၏အမျိုးသမီးများကို မစောင့်ရှောက်ထားနိုင်ပေ။ သူတို့၏မြေကွက်များပင် မလုံခြုံတော့ပေ။

"မစ္စတာကျန်း.. ခင်ဗျား ပြောသာပြောလိုက်ပါ။ ကျုပ်တို့တတ်နိုင်တာဆိုရင် သေချာပေါက် အကောင်းဆုံးကြိုးစားပေးပါ့မယ်"

"သိပ်ကောင်းတယ်"

ကျန်းမုန့်လောင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အမှားလုပ်မိတာ ကြောက်စရာမရှိပါဘူး။ အဲ့ဒီအမှားကို ဝန်မခံမှသာ ကြောက်ဖို့ကောင်းတာ။ မနက်ဖြန်ညကျရင် ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု လုပ်မယ်။ ခင်ဗျားတို့ရဲ့ အဲ့ဒီစီးပွားရေးပညာရှင်ငတုံးတွေကို လူစုထားလိုက်။ ပြီးရင် သူတို့ရဲ့အမှားကို ကျွန်တော့်ရှေ့မှာတင် ဝန်ခံပြီး တောင်းပန်ရမယ်။ ပြီးရင် ကျွန်တော့်အရှေ့မှာ "အောင်နိုင်သူ"သီချင်းကို ဆိုပြရမယ်"

"အောင်..အောင်နိုင်သူသီချင်းလား"

အခြားလူများကို သတိပေးရန်အတွက် ကျန်းမုန့်လောင်က ဤနည်းလမ်းကို အသုံးပြုနေခြင်းဖြစ်ကြောင်း စုကျီဟယ်သိသည်။ သူ့အနေနှင့် အလွန်တရာမလိုလားပါသော်ငြား ရွေးချယ်စရာမရှိသောကြောင့် နာခံရပေလိမ့်မည်။ အခြားနည်းလမ်းမရှိတော့ပြီ။

"သီချင်းလေးပဲ ဆိုခိုင်းတာပါ။ ခင်ဗျားတို့ကို သင်ပေးဖို့ လူတစ်ယောက်လွှတ်လိုက်မယ်။ ကောင်းပြီ။ ခင်ဗျား အခုပြန်လို့ရပြီ"

ကျန်းမုန့်လောင်က စုကျီဟယ်ကို ယင်ကောင်မောင်းသလို မောင်းထုတ်ဟန်ပြုသည်။

"ခင်ဗျားကို နေ့လယ်စာဧည့်မခံတော့ဘူးနော်"

"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"

စုကျီဟယ် ထွက်သွားပြီးနောက်မှာ အမျိုးသမီးအနုပညာရှင်သုံးယောက်ကလည်း ကျန်းမုန့်လောင်ကို လေးလေးနက်နက်ဦးညွှတ်လိုက်သည်။ ယခုကစပြီး သူတို့၏အဆင့်အတန်းက မပြောင်းမလဲရှိနေသေးသော်ငြား သူတို့၏ကံကြမ္မာများကတော့ လုံးဝပြောင်းလဲသွားလေပြီ။

"ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ဒီရက်ပိုင်း ငါ့ကိုအဖော်လုပ်ပေးလို့ မုန့်ဖိုးပေးတယ်လို့ပဲ သဘောထားလိုက်ပါ"

ကျန်းမုန့်လောင်က သူ့အခန်းထဲသို့ လျှောက်သွားရင်း လေချွန်သွားလေသည်။

"ခဏနေရင် နေ့လယ်စာစားဖို့ လာခေါ်နော်။ နေ့လယ်ကျရင် ငါနဲ့အတူ မာကျောက်ဆော့ပေးကြဦး။ ဒီညကျရင်တော့ အတူဂိမ်းကစားကြတာပေါ့"

...

"ဒီည ငါ Sharkတီဗီမှာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုပ်မယ်။ တစ်သန်းတန်စာအိတ်နီအခုတစ်ရာကိုလည်း မဲဖောက်ပေးမယ်။ မလွတ်စေနဲ့နော် ပရိသတ်တို့"

ထိုညနေခင်းဘက်တွင် ကျန်းမုန့်လောင်၏ဝေးပေါ်ထက်တွင် ပို့စ်အသစ်တစ်ခုတက်လာသည်။ ရဲရင့်လှသော ဤကြေညာချက်ကြောင့် တုံ့ပြန်မှုများက မနည်းမနောတက်လာခဲ့သည်။

"သောက်ကျိုးနည်းဟေ့။ တစ်ရာတန်စာအိတ်နီကို လူအယောက်တစ်ရာစာအတွက် မဲဖောက်ပေးတာမျိုးပဲ ကြားဖူးတာ။ ကျန်းမုန့်လောင်ကတော့ တစ်သောင်းနဲ့တောင်မြှောက်လိုက်တာဟေ့။ ဘုရားရေ"

"ဝူးဝူးဝူး..ယောကျ်ားရေ..ကျွန်မကိုရွေးပါ"

"မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ဖို့ ဒီနည်းလမ်းသုံးလို့ရမယ်လို့ ထင်နေတယ်ပေါ့။ လုံးဝပဲ။ ငါ့ဆွေမျိုးတွေကိုပါ ကြည့်ဖို့ ခေါ်လာခဲ့မယ်ဟေ့"

"သေစမ်း..မစ္စတာကျန်းကတော့ မစ္စတာကျန်းပါပဲ။ သူက ငွေနဲ့ပစ်ပေါက်ဖို့ ကြိုးစားနေတာလား"

"သူများတွေက ပိုက်ဆံရဖို့ လိုက်ဖ်လွှင့်ကြတာ။ မစ္စတာကျန်းကတော့ ပိုက်ဆံသုံးဖို့ လိုက်ဖ်လွှင့်တာ။ လူချမ်းသာတွေရဲ့ပျော်ရွှင်မှုကို ငါတို့နားမလည်နိုင်ဘူး"

"ငါ မေးစရာတစ်ခုရှိတယ်။ မစ္စတာကျန်းက ဘာကိုတိုက်ရိုက်ထုတ်လွှင့်မှာလဲ။ သူက အခု ချင်းချိုးနိုင်ငံမှာမဟုတ်ဘူးလား"

"ဘယ်သူသိမှာလဲ။ ပိုက်ဆံရရင် ပြီးရော။ ငါသာမဲပေါက်ရင် အရစ်ကျချေးငွေအတွက် ဖူလုံပြီ"

ကောမန့်ထဲတွင် ဆူညံပွက်လောရိုက်နေကြသည်ကို ကြည့်ရင်း ကျန်းမုန့်လောင်က စိတ်ကျေနပ်လေဟန်အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။ မနက်ဖြန်တိုက်ရိုက်ထုတ်လွှင့်မှုမှာ အလွန်စည်ကားနေပေတော့မည်။

*********

All Chapters