အစ်ကိုရေ..မင်းက Thorလား
Vol. 11 Ch. 160
"အိုပါး.. မကြာမကြာလာလည်နော်"
"ဟုတ်တယ်။ ကျွန်မတို့ ရှင့်ကိုသတိရနေမှာ"
ချိုးယွမ်လေဆိပ်တွင် လီဂျီအွန်းနှင့်ကျန်နှစ်ယောက်က ကျန်းမုန့်လောင်ကို အင်တင်တင်ဖြင့် နှုတ်ဆက်နေကြသည်။ ကျန်းမုန့်လောင်က မကြာခဏလာလည်မည်ဟု ကတိပေးထားသော်လည်း သူ့ကိုထပ်တွေ့ရဖို့မှာ ဤမျှရိုးရှင်းသည့်ကိစ္စမဟုတ်ကြောင်း သူတို့အားလုံးသိထားကြသည်။
ဤလူငယ်လေးက သူတို့ကံကြမ္မာကို ထာဝရပြောင်းလဲပေးလိုက်ကြောင်း သူတို့ လုံးဝမေ့သွားမည်မဟုတ်။
"မစ္စတာကျန်း.. လမ်းခရီးဖြောင့်ဖြူးပါစေ"
ချင်းချိုးနိုင်ငံကို ကိုယ်စားပြု၍ စုကျီဟယ်က ကျန်းမုန့်လောင် မွေးရပ်မြေသို့ပြန်သည့်ခရီးအား လိုက်လံပို့ဆောင်ပေးခဲ့သည်။ အဆုံးမှာတော့ ကံဆိုးမှုကို ခေါ်ဆောင်လာသူကြီးကား နေရပ်ပြန်ပေတော့မည်။
ထိုတိုက်ရိုက်ထုတ်လွှင့်မှုအပြီး ရက်ပေါင်းများစွာကြာသွားသော်လည်း ထိုသက်ရောက်မှုကား အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။ ကျန်းမုန့်လောင်ကလည်း ဤလုပ်ရပ်ဖြင့် သူ့၏ဩဇာအာဏာကို ကမ္ဘာတစ်ဝှမ်းသို့ ပြသခဲ့ပေသည်။ သူ့မိသားစုမှာ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို အမှန်တကယ်ဖန်တီးနိုင်စွမ်းရှိသည်။
တိုက်ရိုက်ကျသော သက်သေအထောက်အထားဟူ၍ မရှိသော်ငြား ကျန်းမုန့်လောင်ပြသခဲ့သော စီးပွားရေးအင်အားမျှဖြင့် လုံလောက်တာထက် ပိုသွားလေပြီ။ ထို့ကြောင့် ဤသည်မှာ သူ့အဘိုး၏လက်ချက်လားဆိုသည်ကို အတည်ပြုဖို့အတွက် နောက်ထပ်သက်သေအထောက်အထားများ ရှာဖွေရန် မလိုအပ်တော့ပေ။
ချင်းချိုးနိုင်ငံကတော့ ကမ္ဘာတစ်ဝှမ်းအကြား လူရယ်စရာတစ်ခု ဖြစ်သွားခဲ့သည်။ "အောင်နိုင်သူ"သီချင်းကလည်း ကမ္ဘာအနှံ့အပြားတွင် နာမည်ကြီးလူကြိုက်များသွားခဲ့ပြီး လမ်းမများနှင့် လမ်းကြားများထဲတွင်ပါ တေးသံများပျံ့နှံ့နေကာ အဆိုရှင်ကတော့ အအောင်မြင်ဆုံးဖြစ်သွားခဲ့သည်။
"စိတ်မပူပါနဲ့။ ခရီးလမ်းဖြောင့်ဖြူးမှာပါ"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့လေယာဉ်ကို မြေပြင်မှ လေကြောင်းသို့ပစ်သော ဒုံးကျည်ဖြင့် ချိန်ရွယ်ပစ်ခတ်လျှင်တောင် ယဲ့ရင်သာ သူ့ဘေးနားမှာ ရှိနေသရွေ့ သူ့အနေနှင့် ဘယ်တော့မှအန္တရာယ်မကျရောက်နိုင်ချေ။
"အိုး..နောက်တစ်ခုရှိသေးတယ်"
သူက သူတို့သာကြားနိုင်သောအသံဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ကို ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် နှောင့်ယှက်ဖို့ မတွေးလေနဲ့။ အကျိုးဆက်တွေကို ခင်ဗျားကိုင်တွယ်နိုင်မှာမဟုတ်ဘူး"
"မစ္စတာကျန်း.. ခင်ဗျားက ဟာသဉာဏ်သိပ်ရှိတာပဲ။ ကျုပ်တို့က ခင်ဗျားကို နောက်နောင် လေးစားရတဲ့ဧည့်သည်တော်တစ်ဦးအနေနဲ့ ဆက်ဆံမှာပါ။ နောက်တစ်ခေါက် ခင်ဗျား ချင်းချိုးနိုင်ငံကိုလာလည်ရင် ကျုပ်တို့ စံချိန်စံနှုန်းအမြင့်ဆုံးအဆင့်နဲ့ ကြိုဆိုဧည့်ခံပါ့မယ်"
"အိုး အဲ့လိုလား။ ကဲ ဒါဆို နောက်တစ်ခေါက်မှတွေ့ကြတာပေါ့"
ကျန်းမုန့်လောင်က ပဟေဠိဆန်သောမှတ်ချက်တစ်ခုကို ထားရစ်ခဲ့သည်။
ကျွီခနဲမြည်သံနှင့်အတူ လေယာဉ်သည်လည်း မိုးကုပ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
"သူပြောသွားတာက ဘာအဓိပ္ပာယ်လဲ။ သတင်းပေါက်ကြားသွားတာလား"
စုကျီဟယ်က သူ့လက်ထောက်ကို မေးလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ ဒီကိစ္စက သမ္မတဆီက တိုက်ရိုက်အမိန့်ဖြစ်တဲ့အတွက် သိတဲ့လူကလည်း ငါးယောက်ထက်မပိုပါဘူး။ ပြီးတော့ သူတို့တွေအကုန်လုံးကလည်း ယုံကြည်ရတဲ့လူတွေချည်းပါပဲ။ ကျရှုံးနိုင်ခြေလုံးဝမရှိပါဘူး"
"ဟမ့် ကျန်းမုန့်လောင်.. မင်းရဲ့တည်ရှိမှုက ငါတို့ချင်းချိုးနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ။ မင်းက မင်းကိုယ်မင်း ဒီအခြေအနေရောက်အောင် ဆွဲခေါ်လာခဲ့တာ။ ဒီတော့ မင်းရဲ့သေဆုံးမှုအတွက် ငါတို့ကို လာအပြစ်မတင်နဲ့ပေါ့"
စုကျီဟယ်က လှောင်လိုက်ချေသည်။
"အကုန်စီစဉ်ပြီးပြီလား"
"အကုန်စီစဉ်ပြီးပါပြီ"
"သူတို့ ဘယ်လိုလုပ်မှာလဲ။ ဘာခြေရာလက်ရာမှ ကျန်လို့မဖြစ်ဘူးနော်။ မဟုတ်ရင် ချင်းချိုးနိုင်ငံကို ဆိုးကျိုးဖြစ်စေလိမ့်မယ်"
"ကိုယ်စားလှယ်စု..အခုပဲ ကျွန်တော်တို့ "Wind Nest"နဲ့ ဆက်သွယ်ပြီးပါပြီ"
"Wind Nestလား"
စုကျီဟယ်၏အသံက ထိုနာမည်ကိုကြားသည်နှင့် တိမ်ဝင်သွားလေသည်။
"မင်း သူတို့နဲ့ဆက်သွယ်နိုင်ခဲ့တယ်ပေါ့"
သာမန်လူများအတွက် ဤနာမည်က ဘာမှန်းမသိသော်လည်း စုကျီဟယ်လိုရာထူးမျိုးတွင် ရှိသူတစ်ယောက်အတွက်တော့ ရင်းနှီးကျွမ်းဝင်ပြီး ကြောက်စရာကောင်းလှသည်။
၎င်းမှာ အဖွဲ့ဝင်ခုနစ်ယောက်နှင့် ဖွဲ့စည်းထားသော ကမ္ဘာလုံးဆိုင်ရာ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ သို့သော် ထိုလူခုနှစ်ယောက်က သာမန်လူသားများ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလပျံ့နေချေသည်။
ထိုလူများက ဘယ်နိုင်ငံသားမှလည်းမဟုတ်သလို လိင်အမျိုးအစားရော ထူးခြားစွမ်းရည်ရော မရှိကြသဖြင့် ဤကမ္ဘာပေါ်တွင် သူတို့ အမှန်တကယ်တည်ရှိနေသလားဆိုသည်ကိုပင် သံသယဖြစ်ဖွယ်ရှိ၏။
ထိုအဖွဲ့အစည်းတည်ရှိလာခဲ့သည်မှာ ဟွာရှားနိုင်ငံတည်ထောင်ချိန်ထက်ပင် ပိုကြာမြင့်သည်။ ယနေ့အချိန်အထိ သူတို့ဟာ နိုင်ငံ့ခေါင်းဆောင်တစ်ရာကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ရှုံးနိမ့်မှုမှတ်တမ်းကလည်း တစ်ကြိမ်မျှသာ။
နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုကို အမြစ်ဖြတ်ချေမှုန်းပြီးနောက်မှာ ဤနာမည်က အထက်တန်းလွှာလူတန်းစားအကြား ကျော်ကြားလာခဲ့သည်။
သို့သော် Wind Nestနှင့် မည်သို့ဆက်သွယ်ရမလဲဆိုသည်ကိုတော့ မည်သူမှ မသိကြပေ။ ချင်းချိုးနိုင်ငံပင်လျှင် မဆက်သွယ်နိုင်ခဲ့ပေ။
"အစတုန်းကတော့ ကျွန်တော်တို့ တခြားနိုင်ငံတကာလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို ဆက်သွယ်ပြီး ကျန်းမုန့်လောင်ရဲ့လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ဖို့အတွက် လေယာဉ်လမ်းကြောင်းမှာရှိတဲ့ နိုင်ငံငယ်တစ်ခုက ဒုံးကျည်စနစ်ကို အသုံးပြုဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ သူတို့က အဲ့ဒါကို အန္တရာယ်များလွန်းတယ်ဆိုပြီး အဲ့ဒီအစား Wind Nestက လူတစ်ယောက်နဲ့ ဆက်သွယ်ပေးခဲ့တာပါ"
"ဒီလောက်တောင်ကံကောင်းတာလား"
စုကျီဟယ်၏မျက်နှာထက်တွင် အံ့အားသင့်မှုတို့က အထင်းသား။
"သူတို့က ဘယ်လောက်လိုချင်တယ်တဲ့လဲ"
"အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံ"
"သူတို့က ဈေးတော့ကြီးသားပဲ"
စုကျီဟယ်သည် ဈေးနှုန်းကြောင့် ထိတ်လန့်အံ့ဩသွားခြင်းမရှိပေ။ ကျန်းမုန့်လောင်၏အသက်အတွက်သာဆိုလျှင် ဤပမာဏက တန်ပေသည်။
"သူတို့ကို အဲ့ဒီအတိုင်းပေးလိုက်။ ငါ့ရဲ့တစ်ခုတည်းသော တောင်းဆိုချက်က ကျန်းမုန့်လောင် ဟွာရှားကို အသက်ရှင်ရက်ပြန်မသွားနိုင်ဖို့ပဲ"
ဤတစ်ခေါက်ကိစ္စတွင် ကျန်းမုန့်လောင်ကို စာရင်းရှင်းရန်အတွက် စုကျီဟယ်က အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံကို သုံးစွဲခွင့်ရထားသည်။ ဤသည်မှာ အကုန်ချရင်းထားရသည့် လောင်းကစားတစ်ခုပင်။
"ဟမ့်.. ကျန်းမုန့်လောင် ကြီးမြတ်တဲ့ချင်းချိုးနိုင်ငံကို ရန်စတာက မင်းလုပ်ခဲ့သမျှထဲမှာ အတုံးအဆုံးကိစ္စပဲ။ မင်းမှာ ပိုက်ဆံရှိချင်ရှိမယ်။ ဒါပေမဲ့ အသက်ရှင်နေမှလည်း သုံးလို့ရမှာလေ"
...
လေယာဉ်ပေါ်တွင် ကျန်းမုန့်လောင်က ခြေထောက်ချိတ်ထိုင်လျက် "Three-Body"ဝတ္ထုကိုဖတ်ရာတွင် ဈာန်ဝင်စားနေချေသည်။
"ကျစ် ကျစ် ကျစ်.. ဒီလိုစာအုပ်နဲ့ဖတ်ရတဲ့ဇာတ်လမ်းကတောင် ငါ့ကို သွေးတွေပွက်ပွက်ဆူလာစေရင် တကယ့်ရုပ်ရှင်များသာဆိုရင် ဘယ်လိုများဖြစ်မလဲမသိဘူး။ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်က ဇာတ်လမ်းထဲတွင် လုံးဝနစ်မြောနေပြီး သူ၏အိမ်အပြန်လမ်းတွင် စောင့်မျှော်နေနိုင်သော ခြိမ်းခြောက်မှုများကို ဂရုစိုက်ဟန်မတူပေ။
"မစ္စတာကျန်း.. သူ့ကို ဘာလို့ရှင်းပစ်ဖို့ ခွင့်မပြုရတာလဲ"
ယဲ့ရင်က ကျန်းမုန့်လောင်၏အနောက်မှ ထွက်ပေါ်လာသည်။
"သူ့ကို ဒီအတိုင်းရှင်းပစ်လိုက်ရင် ဘာပျော်စရာကောင်းတော့မှာလဲ။ ငါ့ကိုရှင်းထုတ်ဖို့အတွက် သူ ဘယ်သူ့ကို စစ်ကူခေါ်ထားလဲဆိုတာ ငါသိချင်သေးတယ်"
ကျန်းမုန့်လောင် ရယ်လိုက်သည်။
တကယ်တမ်းတွင် သူ့ကိုသတ်ဖို့ စုကျီဟယ် လူတစ်ယောက်ကို ငှားရမ်းလိုက်သည့်အချိန်ကတည်းက ကျန်းမုန့်လောင်ဆီသို့ သတင်းရောက်လာပြီးသားပင်။ "Wind Nest"ဟုခေါ်သော ဤအဖွဲ့အစည်းမှာ ရှင်းရှင်းပြောရပါလျှင် သန္ဓေပြောင်းမျိုးစိတ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုပင်။
ဤလူများသည် လွန်ခဲ့သည့် နှစ်ခုနစ်ဆယ်ခန့်က နိုင်ငံတစ်နိုင်ငံ၏သိပ္ပံအဖွဲ့အစည်းတစ်ခုမှ လုပ်ဆောင်ခဲ့သော လျှို့ဝှက်လူသားနျူကလီးယားစမ်းသပ်မှုတစ်ခုမှ စမ်းသပ်မှုအောင်မြင်ခဲ့သော အစမ်းသပ်ခံများ ဖြစ်ကြသည်။ အစမ်းသပ်ခံ၁၇၀၀၀အနက် သူတို့ခုနစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူတို့၏ခန္ဓာကိုယ်ထဲရှိ နျူကလီးယားရောင်ခြည်ကလည်း အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီး သူတို့ကို သဘာဝလွန်လူသားများ ဖြစ်လာစေခဲ့သည်။
သူတို့မွေးဖွားခဲ့စဉ်က သူတို့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် စွမ်းအင်ထုတ်လွှတ်မှုတစ်ခုကြောင့် ဓာတ်ခွဲခန်းကို လုံးဝပျက်စီးသွားစေခဲ့သည်။ သူတို့က မျိုးနွယ်တူချင်းဖြစ်သောကြောင့် အချင်းချင်းနွေးထွေးစွာ ဆက်ဆံခဲ့ကြသည်။ သူတို့သည် သာမန်လူသားများနှင့် လူ့အဖွဲ့အစည်းကြီးထဲတွင် လိုက်လျောညီထွေနေနိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိထားကြသည်။
"ယဲ့ရင် သူတို့က အရမ်းအစွမ်းထက်တာလား"
"သာမန်လူတွေအတွက်ဆိုရင် သူတိုက နတ်ဘုရားတို့ မကောင်းဆိုးဝါးတို့လို ဖြစ်တည်မှုမျိုးပါပဲ"
ယဲ့ရင်က ပြန်ဖြေသည်။
"မင်းအတွက်ဆိုရင်ရော"
"သူတို့က ကာလာဘက်ရှ်ညီအစ်ကိုခုနစ်ယောက်လိုပါပဲ"
"ဟားဟားဟား အကြင်နာမဲ့လိုက်တာ"
ကျန်းမုန့်လောင်က ယဲ့ရင်၏စကားကို ကြားသောအခါ စိုးရိမ်မှုနောက်ဆုံးအမျှင်အတန်းလေးကို လွှတ်ချလိုက်သည်။
"မင်းတို့တိုက်ခိုက်ကြတဲ့အခါ သတိထားဦး။ ဒီလေယာဉ်က အရမ်းဈေးကြီးတယ်နော်"
"စိတ်ချပါ မစ္စတာကျန်း.. အခုလာမှာက အဆင့်သုံးသန္ဓေပြောင်းတစ်ယောက်တည်းပါ"
"အဆင့်တွေလည်းရှိတာလား။ ဒါဆို ဖီးနစ်မိန်းမပျိုတို့ မုန်တိုင်းမိန်းမပျိုတို့လို အဆင့်ငါးသန္ဓေပြောင်းလည်းရှိတယ်ပေါ့"
"မစ္စတာကျန်း.. လူကြီးမင်း ရုပ်ရှင်တွေကြည့်တာများသွားပြီ။ ဒါပေမဲ့ သူတို့ရဲ့အစွမ်းတွေကတော့ တကယ်ရှိတာပါ"
"ကျစ် ကျစ် ကျစ်"
ကျန်းမုန့်လောင်က ဆိုဖာထက်တွင် အနေအထားပြောင်းလိုက်ပြီးနောက် ရုပ်ရှင်ကြည့်ဖို အသင့်အနေအထားပြင်လိုက်သည်။
"ငါ နည်းနည်းတော့ စိတ်မရှည်တော့ဘူး"
...
"သူရောက်လာပါပြီ"
ယဲ့ရင်က ရုတ်တရက်ပြောလာလေသည်။
"မင်း အရင်ပုန်းနေလိုက်။ ငါအန္တရာယ်ရှိပြီဆိုမှ လုပ်ငန်းစလိုက်။ မင်းလည်း လူမတွေ့အောင် သတိထားဦး။ မဟုတ်ရင် ပျော်ဖို့မကောင်းတော့ဘူး"
ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
ယဲ့ရင်က ခေါင်းညိတ်ပြ၍ ကျန်းမုန့်လောင်၏အနောက်တွင် ပျောက်ကွယ်သွားပြီးနောက် သူနှင့်ဟုန်းရီတို့ကိုသာ ချန်ထားရစ်ခဲ့လေသည်။
"လာစမ်းပါ ဟုန်းရီ.. ငါ့ဘေးနားမှာထိုင်နေ။ အတူပွဲကြည့်ကြရအောင်"
"ဝှစ်"
လျှပ်စီးတန်းတစ်ခုအလား တစ်မီတာအချင်းရှိသော အလင်းလုံးတစ်ခုက ကျန်းမုန့်လောင်ရှေ့တွင် ရုတ်တရက်ပေါ်လာပြီးနောက် အလင်းရောင်ထဲတွင် ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာသည်။
"ဖြောင်းဖြောင်းဖြောင်း"
ကျန်းမုန့်လောင် လက်ခုပ်ဩဘာမပေးဘဲ မနေနိုင်ချေ။
"မိုက်လိုက်တာ။ မိုက်လိုက်တာ။ ကြည့်ကောင်းလိုက်တာ"
"ချွင်"
ဒင်္ဂါးတစ်ပြားက ဆိုရန်၏အရှေ့သို့ ကျလာခဲ့သည်။
"ကိုယ့်လူ..မင်းက Thorလား ဘာတုန်း။ နောက်တစ်ခေါက်ထပ်လုပ်ပြပါဦး"
"ဘာတွေဖြစ်နေတာလဲ"
ဆိုရန်ခမျာ အံ့အားသင့်သွားချေသည်။ ဤတစ်ခေါက် သူ့ပစ်မှတ်က သူလာမည့်အကြောင်း သိထားဟန်တူသည်။ သာမန်လူတစ်ယောက်က ယခုလိုသဘာဝလွန်ဖြစ်ရပ်မျိုးကို မြင်လိုက်ရသည့်အခါ အံ့ဩမှင်တက်သွားသင့်သည်မဟုတ်ပါလား။
ထိုအစား သူကတော့ ဒင်္ဂါးတစ်ပြားကို သူ့ထံ ပစ်ပေးလာခဲ့သည်။ ဤလူက သူ့ကို တိရစ္ဆာန်ရုံက မျောက်တစ်ကောင်နှယ် သဘောထားနေလေသလား။
သူ့ပစ်မှတ်က လုံးလုံးမထိတ်လန့်သွားသည့်အပြင် အလွန်စိတ်လှုပ်ရှားနေဟန်လည်း တူသည်။ တက်ကြွနေသည်ဟုပင် ဆိုနိုင်လေသည်။
ရုတ်တရက်ဆိုသလို သူ့စိတ်ထဲတွင် မကောင်းသောအာရုံတစ်ခု ပေါ်ပေါက်လာသည်။
*********