ဒီကိုလာခဲ့
Vol. 11 Ch. 161
"မစ္စတာကျန်း..သူ့နာမည်က ဆိုရန်ပါ။ သူက အင်္ဂလန်က လယ်ကွင်းငယ်လေးတစ်ခုထဲမှာ မွေးဖွားခဲ့တာပါ။ သူ့အသက်ခုနစ်နှစ်တုန်းက အဲ့ဒီအဖွဲ့အစည်းဆီက ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ဓာတ်ခွဲခန်းထဲမှာ ဆယ့်နှစ်နှစ်လောက် လူမဆန်စွာနှိပ်စက်ခံခဲ့ရပါတယ်။ အခု သူက အဆင့်သုံးသန္ဓေပြောင်းလူသားတစ်ယောက်ဖြစ်နေပါပြီ"
"သူ့ပုံစံကြည့်ရတာ သာမန်လူတစ်ယောက်လိုပါပဲ"
ကျန်းမုန့်လောင်က ဆိုရန်ကို စိုက်ကြည့်လိုက်သည်။ ယဲ့ရင်ပြောသော အချိန်ကာလကို ထောက်ရှုကြည့်မည်ဆိုပါက ဆိုရန်၏အသက်ကား အသက်၇၀နှင့် ၈၀ကြား ရှိနေသင့်သော်လည်း ယခုမူ သူ့ပုံပန်းသွင်ပြင်မှာ အသက်နှစ်ဆယ်သုံးဆယ်မျှသာ ရှိသေးသည့်ဟန်ပင်။
ဆိုရန်တွင် ရွှေအိုရောင်ဆံပင်နှင့် အပြာရောင်မျက်ဝန်းများ ရှိသည်။ သူ့အရပ်မှာ ၁၇၅စင်တီမီတာရှိပြီး အရပ်သိပ်မရှည်ဘဲ အနည်းငယ်သွယ်လျနေပေသော်ငြား သူ့ရှေ့တွင်ရပ်နေချိန်မှာ ပြင်းထန်လှသောဖိအားတစ်ရပ်ကို ကျန်းမုန့်လောင် ခံစားမိသည်။ သူတို့ပတ်ပတ်လည်ရှိ လေထုကား ပိုမိုခြောက်သွေ့လာပြီး လျှပ်စစ်စီးဆင်းသည့် တဆစ်ဆစ်မြည်သံကိုပင် သူကြားနေရသည်။
သတိပြုရမည့်အချက်မှာ ကျန်းမုန့်လောင်က လေယာဉ်ပေါ်တွင် ရှိနေခြင်းဖြစ်သည့်အတွက် ဤအဖြစ်မှာ လေလှိုင်းထဲတွင် အလွန်အမင်းအန္တရာယ်များလှသည်။ လျှပ်စစ်သံလိုက်စက်ကွင်းများက လေယာဉ်၏ကိရိယာတန်ဆာပလာများကို ချို့ယွင်းသွားစေနိုင်ပြီး အသက်အန္တရာယ်လည်း ရှိနိုင်သောအနေအထားပင်။
"သူက တကယ်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်က လူလား"
ဆိုရန်၏ပုံစံမှာ သူနှင့် သက်တူရွယ်တူခန့်သာ ရှိပုံပေါက်သဖြင့် ကျန်းမုန့်လောင် အံ့ဩနေမိသည်။
"သူ့ဆဲလ်တွေက နျူကလီးယားရောင်ခြည်နဲ့ ပြန်လည်မွမ်းမံထားတာလေ။ အဲ့ဒါက မိုက်တိုခွန်ဒရီယာတွေကိုမြှင့်တင်ပေးပြီး လူသားတွေရဲ့အိုမင်းမှုကို သိသိသာသာနှေးကွေးစေပေမဲ့ လျှပ်စစ်ငါးတွေနဲ့ဆင်တူတဲ့ဆဲလ်တွေကိုလည်း ထုတ်လုပ်ပေးနိုင်တယ်။ ဖွဲ့စည်းတည်ဆောက်ပုံအရ နည်းနည်းလေးပိုရှုပ်ထွေးတယ်ဆိုပေမဲ့ပေါ့"
ယဲ့ရင်က ရှင်းပြလိုက်သည်။
"မစ္စတာကျန်း.. စိတ်ဝင်စားတယ်ဆိုရင် ဇီဝဗေဒကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာကြည့်သင့်တယ်"
"မင်းက ငါ့အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုပြီး လာသင်ပေးနေတာလား"
ကျန်းမုန့်လောင်က မျက်ဆန်လည်ပြလိုက်သော်ငြား အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားမိကြောင်းကိုတော့ ဝန်ခံရပေမည်။
"မဟာဘွဲ့ဆက်ယူဖို့ စဉ်းစားကြည့်လိုက်ပါ့လား"
ကျန်းမုန့်လောင်က ရုတ်တရက်ချိန်ဆကြည့်လိုက်သည်။ သူ့အနေနှင့် အလုပ်လုပ်စရာလည်း မလိုအပ်သည့်အတွက် ကျောင်းမှာပင် နှစ်နည်းနည်းလောက် အချိန်ဖြုန်းနေလိုက်လည်း ဖြစ်သည်သာ။ ကမ္ဘာ့ကပ်ရောဂါကြောင့် မဟာဘွဲ့ဝင်ခွင့်စာမေးပွဲကို နောက်လာမည့်မတ်လသို့ ရွှေ့ဆိုင်းထားသည်ဖြစ်ရာ ကျန်းမုန့်လောင်လည်း ဝင်ခွင့်လျှောက်ထားရန် အခွင့်အရေးရှိသေးသည်။
"သူ ဘာတွေလုပ်နေတာလဲ"
ဆိုရန်က ကျန်းမုန့်လောင်ကို စိုက်ကြည့်ပြီး ဘာမှလည်းမပြောချေ။ ဟွာရှားက လူငယ်လေးက လုံးဝကြောက်ဟန်မတူပါဘဲ စိတ်ကူးပင်ယဉ်နေလိုက်သေးသည်။
သန္ဓေပြောင်းလူသားတစ်ယောက်တဖြစ်လဲ ဤနေရာသို့ လူသတ်ရန်ရောက်ရှိလာသော လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်အနေနှင့် အနည်းဆုံးတော့ သူ့အနေနှင့် လေးစားမှုလေးတော့ ရထိုက်သည်မဟုတ်ပါလား။
"မင်းက ကျန်းမုန့်လောင်လား"
နောက်ဆုံးမှာတော့ ဆိုရန်က မမေးဘဲမနေနိုင်တော့ချေ။
"ဟုတ်တယ်။ ငါပဲ။ မင်း ဘာလိုချင်လို့လဲ"
ကျန်းမုန့်လောင်က ထိုင်နေသည့်အနေအထားကို မပြင်ပါဘဲ ပါးစပ်ထဲသို့ စပျစ်သီးတစ်လုံး ပစ်ထည့်လိုက်သည်။
ဆိုရန်၏နှုတ်ခမ်းများ တွန့်ရှုံ့သွားချေသည်။ ဤအခြေအနေကား ဇာတ်ညွှန်းနှင့် ကိုက်ညီမနေပေ။ ယခင်တုန်းကဆိုလျှင် သူ လျှပ်တပြက်ဆန်ဆန် တစ္ဆေတစ်ကောင်အလား ပေါ်ပေါက်လာပါလျှင် လူအများကို အဆုံးမရှိသော ကြောက်ရွံ့မှုတို့ထဲ ကျရောက်သွားအောင် လုပ်နိုင်ခဲ့သည်။
ဆိုရန်၏ခန္ဓာကိုယ်ထဲတွင် သူ့ဆဲလ်များက ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်သော အားကောင်းသည့် လျှပ်စစ်သံလိုက်စက်ကွင်းတစ်ခုကို ထုတ်လုပ်ပေးနိုင်ပြီး "Magneto"အလား ပြင်ပထောက်ပံ့မှုမပါဘဲ လေထဲတွင် ပျံဝဲနေနိုင်အောင် လုပ်ဆောင်ပေးနိုင်သည်။
ထို့ပြင် လျှပ်စစ်စီးကြောင်းများမှတစ်ဆင့် သူ့ဆဲလ်များက အန္တရာယ်ရှိသော စွမ်းဆောင်မှုအဆင့်ဖြစ်သည့် အက်တမ်လယ်ဗယ်အထိ ပြိုကွဲသွားနိုင်သည်။ သို့သော် လျှပ်စစ်နှင့် ဖွဲ့စည်းထားသော စက်ကွင်း၏ကျေးဇူးကြောင့် သူ့အက်တမ်များက တည်ငြိမ်လှသောအနေအထားတစ်ခုတွင် ထိန်းသိမ်းထားနိုင်ပြီး သိပ်သည်းမှုအလယ်အလတ်အဆင့် အစိုင်အခဲများကိုပင် အက်တမ်တုန်ခါခြင်းအားဖြင့် ဖြတ်သန်းနိုင်၏။
အပြင်လူတစ်ယောက်အတွက်တော့ ထိုကဲ့သို့သောစွမ်းရည်များက ဂမ္ဘီရဆန်လှသည်။
သူသတ်ခဲ့သော လူတိုင်းက သွေးရူးသွေးတန်းဖြင့် ညှာတာပေးဖို့အတွက် သူ့ကိုတောင်းပန်ခဲ့ကြသည်သာ။ သူတို့၏နောက်ဆုံးအကြည့်မှာ စိတ်ပျက်အားငယ်ပြီး သနားစဖွယ်အကြည့်လေးသာ ဖြစ်နေခဲ့သည်။
သို့သော် ကျန်းမုန့်လောင်၏မျက်ဝန်းထဲတွင် ရှိနေသည့်အရာမှာ အကြောက်တရားမဟုတ်ပါဘဲ စိတ်လှုပ်ရှားပျော်ရွှင်နေဟန်တစ်စွန်းတစ်စပင် မြင်နေရသည်။
ထို့ပြင် သာမန်အခြေအနေအောက်မှာဆိုလျှင် "မင်းက ဘယ်သူလဲ"ဟု မေးရမည်မဟုတ်ပါလား။
သူ့စိတ်ထဲ ရဲတင်းလှသော ခန့်မှန်းချက်တစ်ခုပေါ်ထွက်လာသည်။ ကျန်းမုန့်လောင်က သူ့ကို သိနေတာများလား"
"မဖြစ်နိုင်တာ"
ဆိုရန်က ထိုဖြစ်နိုင်ခြေကို စိတ်ထဲမှ ပယ်ချလိုက်သည်။ Wind Nestမှ သူ့မစ်ရှင်မှာ အလွန်လျှို့ဝှက်လှသည်။ အဖွဲ့အစည်းထဲရှိ အဖွဲ့ဝင်များများနှင့် ကမ္ဘာပေါ်ရှိ လူနည်းစုကလွဲလျှင် သူ့အကြောင်း သို့မဟုတ် သူရှိနေကြောင်း သိနိုင်ခြေရှိသူမျိုး မရှိပေ။
"ငါက မင်းကိုသတ်ဖို့ရောက်လာတာ"
ဆိုရန်က အေးတိအေးစက်ဆိုလိုက်သည်။
"ခွီး"
ကျန်းမုန့်လောင်ကား မရယ်ဘဲမနေနိုင်တော့ပေ။
"ကိုယ့်လူရေ.. မင်းက အဲ့လောက်လည်းပရော်ဖက်ရှင်နယ်ဆန်မနေဘူးပဲ။ ငါတို့ဟွာရှားမှာဆိုရင် ဗီလိန်တွေက စကားများလို့ သေသွားရတာမျိုးတွေချည်းပဲ။ တကယ့်လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ဆိုတာ စကားနည်းပြီး လုပ်ရပ်နဲ့ပဲ သက်သေပြတတ်တဲ့လူတစ်ယောက်ကွ။ မင်းကတော့ ပြန်သတ်ခံရဖို့ လွယ်လိုက်တာမှ"
ဆိုရန်ဟာ ကလေးဘဝတုန်းက စိတ်ဒဏ်ရာကြောင့် လူတစ်ယောက်၏ မသေခင်အချိန်မှာကြည့်သည့် ကြောက်ရွံ့နေဟန်အကြည့်များနှင့် အင်အားကင်းမဲ့စွာ အော်ဟစ်သံများကိုသာ နှစ်ခြိုက်ခဲ့ဟန်တူသည်။ အကြိမ်တော်တော်များများမှာ သူ့ပစ်မှတ်ကို သူရှိနေမှန်းတောင် သတိမထားမိလိုက်ပါဘဲ သတ်ဖြတ်နိုင်စွမ်းရှိသော်လည်း သူကတော့ ထိုသို့မလုပ်ခဲ့ပေ။ မည်သူမှ သူ့လက်ထဲတွင် အသက်မရှင်နိုင်ဘူးဟူသော ယုံကြည်ချက်တစ်ခုက သူ့ထံတွင် စွဲမြဲနေသောကြောင့်ပင်။
သို့သော် ကျန်းမုန့်လောင်ရှေ့မှာမူ ထိုကဲ့သိုသောအပြုအမူမျိုးက ကလေးဆန်ပြီး ရယ်စရာကောင်းသွားလေသည်။
"ကောင်းပြီ။ အကုန်ဖွင့်ထုတ်လိုက်တာပေါ့။ ငါ ဟန်ဆောင်ရတာစိတ်ကုန်သွားပြီ"
ကျန်းမုန့်လောင်က စပျစ်စေ့ကို ထွေးထုတ်လိုက်သည်။
"ဟုန်းရီ.. နောက်တစ်ခေါက်ကျရင် ငါ့အတွက် အစေ့မပါတဲ့ စပျစ်သီးပဲဝယ်ပေး။ ဒါကိုစားရတာ အရမ်းပင်ပန်းတယ်"
ထိုစကားကိုကြားလိုက်ရသောအခါ ဆိုရန်ခမျာ သူ့ကမ္ဘာ့အမြင်များ ပြိုလဲသွားသလို ခံစားလိုက်ရသည်။ လူတစ်ယောက်က သူ့လို လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်နှင့် ရင်ဆိုင်နေရချိန်မှာ ဘယ်လိုလုပ်ပြီး စပျစ်သီးစားနေနိုင်ရသလဲ။ စားနေပုံကလည်း အေးအေးလူလူပင်။ သူတို့က သူ့ကို ရှိတယ်လို့ရောထင်ကြရဲ့လား။
"စုကျီဟယ်က မင်းကိုလွှတ်လိုက်တာလား"
"သေစမ်း"
ဆိုရန်လည်း စိတ်ထဲမှာ လန့်ဖျပ်သွားရသည်။ သူ့လှုပ်ရှားမှုများကို ဘယ်လိုများဖော်ထုတ်နိုင်ခဲ့သလဲ။ ဘယ်သူများဖြစ်နိုင်မလဲ။
သို့သော် မဖြစ်နိုင်ပေ။ သူတို့အဖွဲ့အစည်းထဲရှိ အဖွဲ့ဝင်များမှာ သူတို့၏မစ်ရှင်များကို သီးသန့်အစီအစဉ်ဆွဲတတ်ကြသည်။ Wind Nestမှ လူတစ်ယောက်မဟုတ်သရွေ့ မည်သူကမှလည်း သူတို့အစီအစဉ်ကို မသိနိုင်ပေ။
သို့သော် Wind Nestက လူများမှာ သူ့အတွက်တော့ ညီအစ်ကိုများဖြစ်လေရာ သူတို့ထဲမှာတော့ သစ္စာဖောက်မရှိနိုင်ပေ။
"စိတ်ပူမနေနဲ့။ မင်းကို ဘယ်သူမှသစ္စာမဖောက်ဘူး။ ငါ့မှာရှိတဲ့စွမ်းအားကို မင်းမှန်းကြည့်လို့ရမှာတောင်မဟုတ်ဘူး။ ဒီနေ့ မင်း ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး။ မင်း ဒီနေ့လာတာ အလကားဖြစ်သွားလောက်မှာပဲ"
ကျန်းမုန့်လောင်က ရယ်၏။
"စကားမစပ် သူက မင်းကို ဘယ်လောက်ပေးထားတာလဲ။ မင်းသာ သူ့ကိုရှင်းပေးမယ်ဆိုရင် ငါက မင်းကို အဲ့ဒီနှစ်ဆပေးမယ်"
"သေစမ်း"
ဆိုရန်မှာ အရှက်ခွဲခံရသလို ခံစားလိုက်ရသဖြင့် မကျိန်ဆဲဘဲ မနေနိုင်ချေ။
ကျန်းမုန့်လောင်က လွဲလျှင် ဤလေယာဉ်ပေါ်တွင် လူခုနစ်ယောက်သာရှိသည်။ လေယာဉ်မှူးတစ်ယောက်၊ လက်ထောက်လေယာဉ်မှူးတစ်ယောက်နှင့် ကျန်လူများမှာ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများဖြစ်သည်။ အားလုံးက သာမန်လူများပင်။ ကျန်းမုန့်လောင်၏ပုံစံကလည်း သူတို့ထဲမှာမှ သာမန်အဆန်ဆုံးဟု ထင်ရသည်ဖြစ်ရာ သူ ဘာကြောင့်များ ဤမျှယုံကြည်မှုပြည့်ဝနေရသလဲဆိုသည်ကို ဆိုရန် နားမလည်နိုင်ပေ။
"ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့ကိုယုံမှာလည်းမဟုတ်ပါဘူး။ မင်းက ငါ့ကိုသတ်ဖို့ရောက်လာတာမလား။ ဒါဆို လာသတ်လေ"
ကျန်းမုန့်လောင်က ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်ပြီး ကူကယ်ရာမဲ့နေဟန်ပြု၏။
"ဒီဟွာရှားလူမျိုးက ဘာတွေအကွက်လာဆင်နေတာလဲ။ ရှေးဟောင်းဟွာရှားဗလာခံတပ်သိုင်းလား"
ဆိုရန်ခမျာ တွေဝေတုံ့ဆိုင်းသွားချေသည်။ သူ့အလိုလိုသိစိတ်ကတော့ ဟွာရှားနိုင်ငံမှ ဤဒုတိယမျိုးဆက်လူငယ်လေးနှင့်ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေသည်ဟု သတိပေးနေသည်။
"ဝှစ်"
ကျန်းမုန့်လောင်က ရုတ်တရက်မတ်တတ်ထရပ်လိုက်သဖြင့် ဆိုရန်ခမျာ လန့်ဖျပ်သွားရသည်။
"ဟားဟားဟား..ဒီတော့ ဟန်ဆောင်တာက ခြိမ်းခြောက်နိုင်တဲ့အစွမ်းမျိုးရှိသားပဲ"
ကျန်းမုန့်လောင်မှာ မရယ်ဘဲ မနေနိုင်ပေ။
သို့သော် သူ့ပုံစံက အပြင်ပန်းမှာတော့ ခွေးအိုကြီးတစ်ကောင်လို တည်ငြိမ်နေသော်ငြား စိတ်ထဲမှာတော့ အလွန်အမင်းစိတ်လှုပ်ရှားနေသည်။
ယဲ့ရင်က ဖြုံချင်စရာကောင်းသည်ဆိုသော်ငြား အကယ်၍များ ယဲ့ရင်က သူ့ကိုယ်သူအထင်ကြီးလွန်းနေပြီး ပြိုင်ဘက်၏စွမ်းရည်ကို လျှော့တွက်မိနေခြင်းမျိုးဆိုပါက ဘယ်လိုလုပ်မလဲ။ အကယ်၍များ သူ့ဟန်ဆောင်မှုက ကျရှုံးသွားပြီး ပြဿနာတက်သွားလျှင် ဘယ်လိုလုပ်မလဲ။ ထိုသို့ဆိုပါက သူ ငါးပါးမှောက်ပြီမဟုတ်လား။
ထိုမျှသာမက သူတို့က ယခုလက်ရှိမှာ မီတာတစ်သောင်းအမြင့်တွင် တည်ရှိနေခြင်းပင်။ ယဲ့ရင်က ဆိုရန်ကို ချက်ချင်းမနှိမ်နင်းနိုင်ခဲ့ပါဘဲ လေယာဉ်တစ်ခုခုဖြစ်သွားလျှင် ကျန်းမုန့်လောင်လည်း အပိုင်းပိုင်းအစစပျက်စီးသွားနိုင်သည်။ တကယ်တမ်းတွင်မူ သူ့စိတ်ထဲတွင် ယုံကြည်မှုရှိမနေပေ။
"လာခဲ့လေ"
ကျန်းမုန့်လောင်က သတ္တိမွေး၍ ပြောလိုက်သည်။
"လျှောက်ဖြီးနေတာပဲဖြစ်မယ်"
ဆိုရန်က နောက်တစ်ကြိမ်ထပ်ပြီး အတည်ပြုလိုက်သည်။ ဤလူကလွဲလျှင် လေယာဉ်ပေါ်မှာ အခြားလူတစ်ယောက် ရှိဟန်မတူပေ။ ကျန်းမုန့်လောင်က ဟန်ဆောင်နေရုံသက်သက်ပင်။
"ကောက်ကျစ်လှည့်ဖြားတတ်တဲ့ ဟွာရှားလူမျိုး"
ဆိုရန်၏မျက်ဝန်းအစုံက မှေးကျဉ်းသွားလေသည်။
"မင်း ငါတို့လှုပ်ရှားမှုကို ဘယ်လိုသိသွားလဲဆိုတာတော့ မသိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီနေ့ သေရမှာပဲ"
"ဇစ်ဇစ်"
ဆိုရန်၏ခန္ဓာကိုယ်မှတစ်ဆင့် လျှပ်စစ်စီးကြောင်းတစ်ခု ထွက်ပေါ်လာလေတော့သည်။ ဤသည်မှာ သာမန်လျှပ်ငြိမ်ထုတ်လွှတ်မှုတစ်ခု မဟုတ်ပါဘဲ ဗို့အားပြင်းလျှပ်စီးများဖြစ်၏။
ထိုအခိုက်အတန့်လေးမှာ လေယာဉ်အချက်ပေးသံကလည်း ကျယ်လောင်စွာမြည်ဟည်းလာပြီး ထိန်းချုပ်ရေးစနစ် ပျက်စီးသွားကြောင်း အချက်ပြနေပေသည်။
*******