ငါ့အသက်က အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံပဲ တန်တယ်ပေါ့
Vol. 11 Ch. 162
"ယဲ့ရင်.. မင်း အခုချက်ချင်းထွက်လာခဲ့တော့။ အဲ့လိုမှမဟုတ်ရင် ငါ ဓာတ်လိုက်ပြီး သေတော့မယ်"
ကျန်းမုန့်လောင်က သံကုန်ဟစ်လျက် အော်လိုက်လေသည်။
ဆိုရန်၏ခန္ဓာကိုယ်ထဲမှ ထွက်နေသော လျှပ်စစ်စီးကြောင်းများက ပတ်ပတ်လည်ရှိပစ္စည်းများကို အပိုင်းပိုင်းအစစကြေမွသွားစေပြီး ခွက်များ၊ တီဗီနှင့် လေယာဉ်အတွင်းနံရံများကိုပါ လောင်ကျွမ်းတူးခြစ်သွားစေသည်။
"သေစမ်း။ ငါ့ပန်းချီကား.. သောက်ကျိုးနည်းပဲ။ အဲ့ဒါကို အမေရိကန်ဒေါ်လာ၂၄သန်းတန်ပန်းချီကားကြီး။ ပြန်လျော်စမ်း"
"သေလိုက်ပါတော့။ ဒါက ဘာလဲဆိုတာ မင်းသိလား။ အကန့်အသတ်နဲ့ထုတ်တဲ့ ဝိုင်နီကွ။ မင်းမှာ ပိုက်ဆံရှိရင်တောင် ဒါကိုဝယ်လို့မရဘူး။ ငါတောင် တစ်ငုံပဲသောက်ရသေးတာ"
လေထဲတွင် ပျံ့နှံ့နေသော လျှပ်ငြိမ်များကြောင့် ကျန်းမုန့်လောင်၏ဆံပင်များက ထောင်မတ်နေပြီး သူ့အရေပြားထက်မှာလည်း စူးရှသော နာကျင်မှုတစ်ခုကို ခံစားနေရသည်။ ဤလူကား မကောင်းဆိုးဝါးတစ်ကောင်ပင်။ လူမဟုတ်ပေ။
"မစ္စတာကျန်း ကျွန်တော်ပြောသားပဲ။ သူဝင်မလာခင်ကတည်းက ရှင်းပစ်လိုက်ရုံပါပဲဆိုတာကို။ အဲ့လိုသာဆိုရင် ဒီလောက်ဒုက္ခများမှာမဟုတ်ဘူး။ လူကြီးမင်းက တအားတွေပြစားပြစားလုပ်ချင်နေတာကိုး"
ကူကယ်ရာမဲ့နေသော ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏အနောက်နားဆီမှ ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် ကျန်းမုန့်လောင်၏ပတ်ပတ်လည်တွင် မမြင်ရသောအင်အားစက်ကွင်းတစ်ခု ပေါ်လာပြီး သူ့ကို လျှပ်စစ်စီးကြောင်းများရန်မှ ဝန်းရံကာကွယ်ပေးထားလိုက်သည်။ ထုံထိုင်းနာကျင်စေသော ခံစားချက်လည်း ခဏတွင်းချင်းပျောက်ကွယ်သွား၏။
"သူ့ကိုရိုက်ပစ်။ နာနာလေးရိုက်ပစ်"
ကျန်းမုန့်လောင်က အနည်းငယ်ထိတ်လန့်နေဟန်တူသည်။ သူ့အနေနှင့် သူ့ဇာတ်ရုပ်ကို ပိုင်နိုင်အောင်မကပြနိုင်ခဲ့သည်မှာ အသိသာကြီးပင်။ ယခုလေးတင် သူ တကယ်ကြောက်ရွံ့သွားခဲ့ကြောင်း ဝန်ခံရပေလိမ့်မည်။
စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပါသော်ငြား Thorလိုမျိုး ခန္ဓာကိုယ်ထဲမှ လျှပ်စစ်စီးကြောင်းများ ထုတ်လွှတ်နိုင်သော လူထူးဆန်းတစ်ယောက်နှင့် ကြုံလိုက်ရသောအခါ တည်ငြိမ်နေနိုင်ရန် မဖြစ်နိုင်ချေ။
"သေစမ်း"
ကျန်းမုန့်လောင်က မွစာကြဲနေသော လေယာဉ်အတွင်းခန်းကို ကြည်လိုက်သည်။
"ဒီကိစ္စကတော့ တကယ်ကျော်သွားလို့မရဘူး"
ထိုအချိန်မှာပင် ဆိုရန်ကလည်း သူ့စွမ်းအားများ ထုတ်လွှတ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေပြီး အလွန်အမင်းကြောက်လန့်နေသော အနေအထားမျိုးတွင် ရှိသည်။
သူ ဤလေယာဉ်ပေါ်သို့ ရောက်နေခဲ့သည်မှာ နှစ်မိနစ်ရှိသွားလေပြီ။ သူတို့ဘေးတွင် အခြားလူတစ်ယောက်ရှိနေကြောင်း သူ သတိမထားမိသည်မှာ အံ့ဩစရာကောင်းလှသည်။ ဤလူက သူ့ထက်ပိုပြီး အစွမ်းထက်နေလေသလား။ ထိုသို့မဟုတ်ပါက သူက ထိုလူ၏တည်ရှိမှုကို အာရုံမခံမိဘဲ နေမတဲ့လား။
သန္ဓေပြောင်းလူသားတစ်ယောက်ဖြစ်သည့်အတွက် ဆိုရန်က သာမန်လူသားများထက် အဆပေါင်းများစွာသာလွန်သော အာရုံခံနိုင်စွမ်းရှိသည်။ သူ့အနားမှာ တစ်စုံတစ်ဦးရှိနေသည်ကို သူ အာရုံမခံမိဘဲ မနေပေ။ အကယ်၍ ထိုလူက သူနှင့် မျိုးနွယ်တူနေခဲ့လျှင်တော့ တစ်မျိုးပေါ့။
"မင်းလည်း သန္ဓေပြောင်းလူသားပဲလား"
ဆိုရန်က ထိုသို့မေးလိုက်သည်။
"မဟုတ်ဘူး။ အဲ့ဒါလည်းမဟုတ်သေးဘူး။ ဟွာရှားမှာ သန္ဓေပြောင်းစမ်းသပ်မှုတွေလုပ်တာမျိုး ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ မင်းက သဘာဝစွမ်းအားနိုးကြားလာတဲ့ စိတ်နယ်လွန်ပညာရှင်တစ်ယောက်လား။ ဒါမှမဟုတ် ဟွာရှားရှေးဟောင်းသိုင်းပညာရှင်လား။ ကျင့်ကြံရေးသမားတစ်ယောက်လား"
"ဒီလူကတော့ ထင်ယောင်ထင်မှားရောဂါနောက်ဆုံးအဆင့်ဖြစ်နေပြီပဲ"
ကျန်းမုန့်လောင်က ဟုန်းရီကို တီးတိုးကပ်ပြောလိုက်၏။
"ရှေးဟောင်းသိုင်းတွေ ကျင့်ကြံရေးတွေတောင် ပါလာပြီ။ သူက ဝတ္ထုတွေအဖတ်လွန်နေတာပဲ"
ဟုန်းရီက ကိုးရိုးကားရားပြုံးလိုက်ပြီး အကျယ်ချဲ့ထားသော ကျန်းမုန့်လောင်၏ တုံ့ပြန်မှုကို စိတ်အနှောင့်အယှက်လုံးဝမဖြစ်ပေ။
"ဘယ်ဟာမှမဟုတ်ဘူး"
ယဲ့ရင်က ခေါင်းခါယမ်းလိုက်သည်။
"အဆင့်သုံးသန္ဓေပြောင်းလူသား အဆင့်လေးနီးနီးအစွမ်းရှိတဲ့လူ လူသားခန္ဓာကိုယ်ထဲက ရေဒီယိုသတ္တိကြွထကြွလာအောင် စွမ်းအားဖွင့်နိုင်တာမျိုးက တကယ်အထင်ကြီးဖို့ကောင်းလိုက်တာ"
"သောက်ကျိုးနည်း.. မင်းက ဘယ်သူလဲ"
ယဲ့ရင်က ဆိုရန်ထက် အသက်ပိုငယ်ပုံပေါက်၏။ ဘာကြောင့်ရယ်မှန်းမသိသော်ငြား ဆိုရန်က သူနှင့်ပတ်သက်ပြီး မူမမှန်တာ တစ်ခုမှရှာမတွေ့ချေ။ သို့တိုင် သူ့ရှေ့တွင် ကြီးမားလှသောတောင်တန်းကြီးတစ်ခု ရပ်နေသည့်အလား ခံစားရပြီး မမြင်နိုင်သောဖိအားတစ်ရပ်ကလည်း သူ့ကို အသက်ရှူရခက်အောင် လုပ်နေချေသည်။
"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အခုလေးတင် မစ္စတာကျန်းက မင်းကို ရိုက်သတ်ပေးဖို့ပြောထားတယ်လေ။ ဒီတော့ မင်း အရိုက်ခံရဖို့ အဆင်သင့်ပြင်ထားလိုက်တော့"
ယဲ့ရင်က ပြောလိုက်၏။
"ဟွာရှားသား.. မင်းက အရမ်းမောက်မာတာပဲ"
ဆိုရန်သည် သူ့သန္ဓေပြောင်းစွမ်းအားများကို နျူကလီးယားရောင်ခြည်မှ ရရှိထားပြီးကတည်းက အရေးနိမ့်သည့်အနေအထားကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးပေ။
"မင်းက သူ့ရဲ့ဘော်ဒီဂတ်ပဲဖြစ်ရမယ်။ ဟုတ်တယ်မလား"
"အဲ့လိုပြောလို့ရပါတယ်"
"ဒါဆို ငါ မင်းကိုအရင်သတ်ပြီးမှ သူ့ကိုသတ်မယ်"
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်စီးကြောင်းက ဆိုရန်၏ဆဲလ်များမှ ဖြတ်သန်းစီးဆင်းလာပြန်သည်။
"ငါတို့ မင်းကို မစ္စတာကျန်းရဲ့လေယာဉ်ကို ထပ်ပြီးဖျက်ဆီးခွင့်မပေးနိုင်ဘူး"
ယဲ့ရင်က ခပ်ဖွဖွရယ်လျက် ပြောလိုက်သည်။
ထိုအခိုက်မှာပင် လေထဲ၌ မျက်စိနှင့်မြင်နိုင်သော လှိုင်းလုံးတစ်ခု ပေါ်ပေါက်လာပြီး ဆိုရန်၏မျက်နှာကို ခပ်ကြမ်းကြမ်းရိုက်ချပစ်လိုက်သည်။
"ဖြန်း"
ပြတ်သားလှသော အသံတစ်ခုနှင့်အတူ ဆိုရန်၏ခန္ဓာကိုယ်က တန်ပေါင်းများစွာလေးသော ကုန်တင်ကားတစ်စီးထံမှ ဝင်တိုက်ခံလိုက်ရသည့်အလား လွင့်ထွက်သွားချေသည်။
သို့သော် သူ့အနောက်တွင် မမြင်နိုင်သောနံရံတစ်ခု ပေါ်လာလေရာ "ဘန်း"ခနဲ ဝင်တိုက်မိသွားပြီး ကျန်းမုန့်လောင်၏အမြင်မှာတော့ လေထဲပေါလောပေါ်နေသလို ထင်နေရသည်။
"ဟစ်"
ကျန်းမုန့်လောင်လည်း အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက် ဆိုရန်၏မျက်နှာထက်တွင် သွေးထွက်နေပြီဖြစ်ကြောင်း သတိထားလိုက်မိသည်။ သက်ရောက်မှုကြောင့် သူ့ပါးရိုးကျိုးသွားဟန်တူ၏။
ဆိုရန်ခမျာလည်း သူ့ခေါင်းက လေးလံလှသော တူတစ်ချောင်းနှင့် ရိုက်နှက်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ ယဲ့ရင်က သူ့ကိုတိုက်ခိုက်ဖို့အတွက် ဘယ်လိုနည်းလမ်းမျိုး သုံးလိုက်သလဲဆိုသည်ကို သူမသိပေ။ သူ ခံစားလိုက်ရသည်မှာ လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားတစ်ရပ်က သူ့မျက်နှာကို သက်ရောက်ပြီး စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖိနှိပ်ထားသဖြင့် သူ့စိတ်ဝိညာဉ်လည်း ချက်ချင်းကွဲကြေသွားရသည်။
လက်သီးတစ်ချက်မျှဖြင့် သူ နိဂုံးချုပ်ခံလိုက်ရသည်။ သူ့အရှေ့ရှိ ဟွာရှားလူမျိုးမှာ သူ ယှဉ်ပြိုင်နိုင်သော လူတစ်ယောက်မဟုတ်ပေ။
"ပြေးတော့။ အဲ့လိုမှမဟုတ်ရင် ငါ ဒီနေရာမှာတင် သေရလိမ့်မယ်"
ဆိုရန် ယခုလေးတင် ဝင်လာသော အသိစိတ်ကြောင့် ထိုအခိုက်အတန့်လေးမှာပင် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို အသက်သွင်းလိုက်ချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲမှ အခြားစွမ်းအားတစ်ရပ် ထွက်ပေါ်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ သူ့စိတ်ကြိုက် ထိန်းချုပ်ခဲ့ပါသော ဆဲလ်အတွင်းရှိ စွမ်းအားမှာ သူ့အမိန့်ကို မနာခံတော့ပေ။
"မင်းရဲ့ခွန်အားကို အကုန်မခံနဲ့။ မင်းရဲ့ဆဲလ်တွေထဲမှာရှိတဲ့ ရောင်ခြည်စွမ်းအင်ကို ငါ ပိတ်ထားလိုက်ပြီ"
ယဲ့ရင်က ဆို၏။
"မစ္စတာကျန်း.. ကျွန်တော် သူ့ကိုသတ်ပစ်လိုက်ရမလား"
ယဲ့ရင်က တဲ့တိုးမေးချလာသည်။
"နေဦး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဟေး.. မင်း ငါမေးတာကို အခုထိပြန်မဖြေသေးဘူးနော်။ သူတို့က ငါ့ကိုလာသတ်ပေးဖို့အတွက် မင်းကို ဘယ်လောက်ပေးထားလဲ"
ဆိုရန်က တစ်ဖက်သို့ ခေါင်းစောင်းလိုက်ပြီး ကျန်းမုန့်လောင်ကို ပြောပြချင်ဟန်မတူပေ။
"ကိုင်း... သိပ်ခေါင်းမာတယ်ပေါ့လေ။ ငါကလည်း ခေါင်းမာတဲ့လူတွေကိုမှ သဘောကျတာ"
ကျန်းမုန့်လောင်က ရယ်သည်။
"ယဲ့ရင် သူ့ကိုရိုက်နှက်ပစ်လိုက်စမ်း"
"ဘွန်း"
နောက်ထပ်စွမ်းအင်လှိုင်းတစ်ခုက ဆိုရန်၏ရင်ဘတ်ထဲသို့ စီးဆင်းလာပြီး ကျိုးသွားသည့် သူ့နံရိုးများနားတွင် နက်ရှိုင်းလှသည့် အချိုင့်ရာကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။
"အဟွတ်..အဟွတ်..အဟွတ်"
ဆိုရန်က ပါးစပ်ထဲ သွေးအပြည့်အန်ထုတ်လိုက်မိသည်။
"မပြောဘူးလား။ ဆက်လုပ် ယဲ့ရင်..ဒါပေမဲ့ သတ်တော့မသတ်နဲ့"
"ဘွန်း"
"ဘွန်း"
...
"မင်း ဘာလုပ်နေတာလဲ။ ဒါက အသုံးမဝင်ဘူး။ ငါ မင်းကိုသင်ပေးမယ်။ သူ့ဘောကို နာနာရိုက်ရတယ်"
ယဲ့ရင်၏နှုတ်ခမ်းထောင့်က တွန့်သွားရလေသည်။ ကျန်းမုန့်လောင်က ဤမျှညစ်ပတ်သည့်နည်းလမ်းမျိုးကို ထုတ်သုံးလာလိမ့်မည်ဟု သူ ထင်မထားပေ။
"ငါပြောပြမယ်"
ဆိုရန်၏စိတ်အစဉ်ကား ပြိုလဲလုမတတ်ပင်။ သေရမည်ဆိုလျှင်ပင် ယောကျာ်းတစ်ယောက်၏ သင်္ကေတဖြစ်သော သူ့ယောကျ်ားပီသမှုကို ထိန်းသိမ်းသွားချင်သေးသည်။
"ချင်းချိုးနိုင်ငံက စုကျီဟယ်က မင်းရဲ့အသက်ကိုနှုတ်ပေးဖို့ အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံနဲ့ကမ်းလှမ်းခဲ့တာ"
ကျန်းမုန့်လောင်လို မကောင်းဆိုးဝါးတစ်ကောင် ရှိနေမှန်းသာ ကြိုသိခဲ့ပါက ဒေါ်လာ၂ထရီလီယံပေးလည်း သူ လာခဲ့မိမည်မဟုတ်ချေ။
သူ့ကိုအသာထား။ ဤဟွာရှားမကောင်းဆိုးဝါးလူငယ်လေးကိုသာ ရင်ဆိုင်ရပါလျှင် Wind Nestမှ သူတို့ခုနှစ်ယောက်လုံး လာခဲ့လျှင်တောင် တစ်ယောက်ပြီးတစ်ယောက် သေတွင်းပို့သလို ဖြစ်နေတော့မည်သာ။
"သေစမ်း"
ကျန်းမုန့်လောင်က ဒေါသတကြီးဆဲရေးလိုက်သည်။
"ငါက အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံပဲ တန်တာလား"
ဆိုရန်၏ သွေးရွှဲနေသော မျက်နှာထက်တွင် အလွန်အမင်းအံ့ဩနေသော အမူအရာများ ပြသလာသည်။ ဒီဟွာရှားလူငယ်လေးရဲ့ဦးနှောက်က ပျက်နေတာလား။
တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါသော်ငြား သူကတော့ ပစ်မှတ်ထားခံရခြင်းအတွက် စိတ်မတိုဘဲ သူ့ခေါင်းအတွက် သတ်မှတ်ပေးထားသော ဈေးနှုန်းကို မမြင့်သောကြောင့် မကျေမနပ်ဖြစ်နေသတဲ့လား။ ဒါက ဘယ်လိုအတွေးအခေါ်မျိုးပါလိမ့်။
"ဟုန်းရီ.. မင်း ဘယ်လိုထင်လဲ။ ငါ့အသက်က အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံပဲ တန်တာလား။ ဒါက ငါ့ကိုလာစော်ကားတာပဲ။ ဒါက ငါ့ကိုသိက္ခာချတာ"
ကျန်းမုန့်လောင်က ဒေါသူပုန်ထသွားလေတော့သည်။
"ဟမ်း..ဟမ်း..ဟမ်း"
ထိုအခိုက်ဝယ် ဟုန်းရီ၏အတွေးကလည်း ဆိုရန်နှင့် တစ်ထပ်တည်းပင်။ ကျန်းမုန့်လောင်ကို ဤမျှဒေါသထွက်စေခဲ့သော အရာကား ဘယ်အရာလဲ။ သူ ယခင်က ဤမျှအထိ ဒေါသမထွက်ဖူးပေ။
ထိုအချိန်မှာပင် ကျန်းမုန့်လောင်က သူ့အိတ်ကပ်ထဲကို လှန်လှောရှာဖွေလိုက်ပြီးနောက် အဆုံးတွင် ဟွာရှားငွေဆယ်ယွမ်တန်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
ထို့နောက် သူက ဆိုရန်၏မျက်နှာကို ထိုပိုက်ဆံဖြင့် ပစ်ပေါက်လိုက်သည်။
"ဒီတစ်ခေါက်တော့ ငါ မင်းကိုမသတ်တော့ဘူး။ ဒီမှာရော့ ဆယ်ယွမ်။. မင်း စုကျီဟယ်ကို သွားလုပ်ကြံချေ။ ပြီးတော့ သူ့ကိုပြောလိုက်။ သူ့အသက်က ဆယ်ယွမ်ပဲတန်တယ်လို့"
"သောက်ကျိုးနည်း.. ငါ့ကိုဒေါသထွက်အောင်လာလုပ်နေတာပဲ"
...