← Chapters

ပိုက်ဆံမရှိဘူးလား ဒါဆို မြေကွက်ပြန်အပ်လိုက်လေ

Vol. 11 Ch. 163

ပိုက်ဆံမရှိဘူးလား ဒါဆို မြေကွက်ပြန်အပ်လိုက်လေ

Vol. 11 Ch. 163

"မင်း..မင်း ငါ့ကိုမသတ်ဘူးလား"

ဆိုရန်က ကျန်းမုန့်လောင်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ သူတော့ ဒီနေ့ သေရတော့မည်ဟု ထင်ထားသော်ငြား အံ့ဩဖို့ကောင်းလောက်အောင်ပင် ကျန်းမုန့်လောင်က သူ့အသက်ကိုချမ်းသာပေးခဲ့သည်။

သူ့ကိုသတ်ရန် ကြံစည်ခဲ့သည့် လုပ်ကြံသတ်ဖြတ်ရေးသမားကို လွှတ်ပေးလိုက်သတဲ့လား။ သူ့ရည်ရွယ်ချက်ကား စုကျီဟယ်ကို နည်းနည်းပင်ဖြစ်ဖြစ် အရှက်ခွဲရန်အတွက်သာ။ သူ့ခေါင်းထဲတွင် အမေးသင်္ကေတများဖြင့် ပြည့်နှက်သွားရသည်။ ဟွာရှားလူမျိုးတွေအားလုံးက ဒီလိုပဲရူးသွပ်ကြတာလား။

"ဒီဆယ်ယွမ်ကိုယူသွားပြီး စုကျီဟယ်ကို သတ်ပစ်လိုက်။ ဒါဆို ငါ မင်းကိုမသတ်ဘူး"

ကျန်းမုန့်လောင်က နောက်ထပ်မေးခွန်းတစ်ခုကို မေးလာလေသည်။

"အိုး စကားမစပ်.. မင်းတို့လုပ်ကြံသတ်ဖြတ်ရေးသမားတွေက အလုပ်လက်ခံပြီးရင် ပြေစာထုတ်ပေးတတ်လား"

ဤမေးခွန်းကြောင့် ဆိုရန်ခမျာ ဆွံ့အသွားရလေသည်။ လူသတ်မှုအတွက် ဘာတွေများပြေစာထုတ်ပေးရမှာလဲ။ မင်းက အခွန်ရုံးမှာတောင် အခွန်သွားဆောင်ဦးမလို့လား။ မင်း အခွန်ဆောင်ရင် သူတို့က "စံပြအခွန်ပေးဆောင်သူ"ဆိုတဲ့ ဂုဏ်ပြုတံဆိပ်ကြီး ချီးမြှင့်မှာမို့လို့လား။ မင်းရဲ့ဦးနှောက်က ဒီလိုမေးခွန်းမျိုးမေးရလောက်အောင်အထိ ရေများဝင်နေတာလား။

"မစ္စတာကျန်း.. သူ့ကို ဘာလို့ပြေစာတောင်းချင်နေရတာလဲ"

"စုကျီဟယ်ကိုလုပ်ကြံပြီးရင် အခင်းဖြစ်တဲ့နေရာမှာ ချန်ထားခဲ့ဖို့လေ"

ကျန်းမုန့်လောင်က သဘာဝကျကျဆိုလာချေသည်။

"အဲ့ဒါမှ တခြားလူတွေ သူ့အလောင်းကိုလာကောက်တဲ့အချိန်ကျရင် သူ့ကိုသတ်ဖို့ ဆယ်ယွမ်ပဲသုံးလိုက်ရတယ်ဆိုတာကို သိသွားမှာပေါ့"

နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး လုပ်ကြံသတ်ဖြတ်ခံရခြင်းကပင် အလွန်အမင်းအရှက်ကွဲချင်စရာကောင်းနေလေပြီ။ အကယ်၍များ လူသတ်သမားအား သူ့ကိုသတ်ပေးဖို့ ဆယ်ယွမ်သာ‌ ‌ပေးခဲ့ရကြောင်း သိသွားကြပါလျှင် သမိုင်းမှာ ဒဏ္ဍာရီတစ်ပုဒ်အဖြစ် တွင်ကျန်ရစ်နိုင်သည်။

"ထင်ထားတဲ့အတိုင်း မစ္စတာကျန်း ပီသပါပေတယ်"

ဟုန်းရီခမျာ ဆွံ့အသွားရသည်။ ကျန်းမုန့်လောင်ကလွဲလျှင် ဤကမ္ဘာပေါ်၌ ယခုလိုအကြံမျိုး ထုတ်နိုင်သူမှာ နောက်တစ်ယောက်မရှိနိုင်ဟု သူ(မ) ထင်မိသည်။

"မင်းက ငါ့ကို တကယ်လွှတ်ပေးမလို့ပေါ့"

ဆိုရန်က သံသယဖြစ်နေဆဲပင်။

"ငါ ကတိမတည်မှာ မကြောက်ဘူးလား။ ငါ ဒီကထွက်သွားပြီးတာနဲ့ မင်း ငါ့ကိုထိန်းချုပ်လို့မရတော့ဘူးနော်"

"ဒီတာဝန်ကို မင်း ကျေပွန်အောင်မထမ်းဆောင်ဘူးဆိုရင် Wind Nestတစ်ခုလုံးကို အမြစ်ဖြတ်ပစ်မယ်"

ကျန်းမုန့်လောင် စကားမပြောလိုက်နိုင်ခင်မှာပင် ယဲ့ရင်က လက်ဦးမှုရယူလိုက်၏။

"Wind Nestဌာနချုပ်က ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှမသိဘူးလို့ထင်နေတာလား။ ငါမှတ်မိတာသာ မမှားဘူးဆိုရင် နာနီယာချောက်ကြီးရဲ့အောက်မှာ ရေအောက်လှိုဏ်ဂူတစ်ခုရှိတယ်…"

ဆိုလန်၏မျက်လုံးအိမ်များ ရုတ်ခြည်းပြူးကျယ်လာသည်။

"မင်းက အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ။ ဒါက…"

"ဒီကမ္ဘာပေါ်မှာ မစ္စတာကျန်းမသိတာ ဘာမှမရှိဘူး။ ဒီတော့ ဉာဏ်များမယ်မကြံနဲ့"

ယဲ့ရင်ကပြောလိုက်သည်။

"စကားမစပ်.. ငါ မင်းကို နည်းနည်းလောက်ထပ်ပြောပြလို့ရသေးတယ်။ ဓာတ်ခွဲခန်းနှစ်က ပထမမျိုးဆက်သန္ဓေပြောင်းလူသားတွေကို ငါ့အဘိုးကသတ်ပစ်ခဲ့တာ"

Wind Nest၏အခြေစိုက်စခန်းနေရာကို ဖော်ထုတ်လိုက်ခြင်းကပင် ဆိုရန်ကို အံ့ဩထိတ်လန့်သွားစေခဲ့ပြီးဖြစ်၏။ သို့သော် ဤအကြောင်းကိုပါ သူကြားလိုက်ရသောအခါ စိတ်ထဲမှ နက်ရှိုင်းလှသော အကြောက်တရားတစ်ခုကို ခံစားလိုက်ရသည်။

ဓာတ်ခွဲခန်း(၂)က သူတို့ခုနစ်ယောက် မွေးဖွားလာသည့် ငရဲလိုနေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် သူတို့ဘဝတစ်လျှောက်လုံး မေ့မရနိုင်တော့မည့် ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့သည်။

တကယ်တမ်းတွင် သူတို့ခုနှစ်ယောက်တည်းနှင့် ဓာတ်ခွဲခန်း(၂)ကို မဖျက်ဆီးနိုင်လောက်ပေ။ သူတို့က သာမန်ဒုတိယမျိုးဆက်သန္ဓေပြောင်းလူသားများသာ။ သူတို့ခေတ်မတိုင်ခင်တုန်းက ပထမမျိုးဆက်သန္ဓေပြောင်းလူသားများ ရှိခဲ့ကြပြီး သူတို့ထက်လည်း အဆမတန်အင်အားကြီးမားကာ နျူကလီးယားကွဲပွားမှုများကလည်း သူတို့ခန္ဓာကိုယ်များထဲမှာ ဖြစ်ပွားနေပေသည်။

အက်တမ်ဗုံးတစ်လုံး၏ စွမ်းအားမှာ နျူကလီးယားကွဲပွားမှုမှ မြစ်ဖျားခံခြင်းဖြစ်၏။ လူ့ခန္ဓာကိုယ်အတွင်း ဖိသိပ်ထည့်ထားခံရသော စွမ်းအင်ဆိုလျှင် မည်မျှအထိ ကြောက်စရာကောင်းလိုက်လေမလဲ။ သူတို့ဟာ တကယ်တမ်းမှာတော့ လူသားအသွင်ရှိသည့် နျူကလီးယားလက်နက်များပင် ဖြစ်သည်။

သို့သော် လူသားတစ်ယောက်၏ခန္ဓာကိုယ်က ထိုကဲ့သို့သော နျူကလီးယားစွမ်းအင်ကို ခံနိုင်ရည်မရှိချေ။ ထိုအရာသည် ထိုလူများ၏ခန္ဓာကိုယ်ကို ကြီးမားလှသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေကာ မကောင်းဆိုးဝါးတစ်ပိုင်း သတ္တဝါများအဖြစ် ပြောင်းလဲသွားစေနိုင်ပြီး မကြာခဏ ဒေါသပေါက်ကွဲသည့်ဖြစ်စဉ်ကိုလည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် ထိုလူများက သူတို့လို ဒုတိယမျိုးဆက်သန္ဓေပြောင်းလူသားများကို ဖန်တီးခဲ့ခြင်းပင်။

သူတို့၏ခွန်အားကွာခြားမှုမှာ ကြီးမားလှသည်။ ပထမမျိုးဆက်သန္ဓေပြောင်းလူသားတစ်ယောက်က ဆိုရန်ဆယ်ယောက်လောက်ကိုပင် အသာလေးဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

ဤသန္ဓေပြောင်းလူသားများက အဖွဲ့အစည်း၏ အထက်တန်းလွှာစစ်သည်များထံမှ ဆင့်ကဲပြုပြင်ထားခြင်းဖြစ်သည်။ မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲသွားသော်ငြား သူတို့၏ သစ္စာရှိမှုကိုတော့ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထိုစဉ်ကတည်းက အခြေစိုက်စခန်းကို ကြိုးကြိုးစားစားကာကွယ်စောင့်ရှောက်ပေးနေခဲ့သည်။ သူတို့သာရှိနေလျှင် မည်သူမှ မလွတ်မြောက်နိုင်ပေ။

သို့သော် အကြောင်းပြချက်တချို့ကြောင့် ဓာတ်ခွဲခန်း(၂)မှ ပထမမျိုးဆက်သန္ဓေပြောင်းလူသားဆယ့်နှစ်ယောက် အသတ်ခံလိုက်ရကြောင်း သတင်းရရှိခဲ့သည်။ ထို့နောက်တွင်မူ နောက်ဆက်တွဲဖြစ်ရပ်များဆီသို့ ဦးတည်သွားပါလေတော့သည်။

ယနေ့မှာတော့ ဆိုရန်တစ်ယောက် ဤအဖြစ်အပျက်၏အဖြေကို သိလိုက်ရဟန်တူသည်။

"ဟီးဟီး"

ယဲ့ရင်က ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်၏။

"အဲ့ဒီပထမမျိုးဆက်သန္ဓေပြောင်းကောင်တွေက တော်တော်လေးအစွမ်းထက်တာ။ ငါ့အဘိုးဆိုရင် သူတို့တွေအကုန်လုံးကို သုတ်သင်ဖို့အတွက် တစ်မိနစ်နီးနီးအချိန်ယူလိုက်ရတယ်"

"တစ်မိနစ်လား"

ဆိုရန်၏ယုံကြည်မှုများ ပြိုကွဲသွားရလေတော့သည်။

"နေဦး။ ငါ မေးစရာတစ်ခုရှိတယ်။ မင်းရဲ့အဘိုးက ဘယ်လိုလုပ်ပြီး အဲ့ဒီမကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ခဲ့ရတာလဲ"

ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"အိုး ဒီလိုလေ"

ယဲ့ရင်ကလည်း ရှင်းပြလိုက်သည်။

"အဲ့ဒီတုန်းက လူကြီးမင်းရဲ့အဘိုးက နိုင်ငံ့ရတနာတွေခိုးသွားတဲ့ လူအုပ်စုနဲ့ စာရင်းရှင်းပြီးတဲ့နောက် ဥရောပကနေ ပြန်လာတာ။ အဲ့ဒီတုန်းက ကျွန်တော့်အဘိုးက သူ့ရဲ့ဘော်ဒီဂတ်ပေါ့။ ဓာတ်ခွဲခန်း(၂)နားက သူတို့ဖြတ်သွားတဲ့အချိန်မှာပဲ အဲ့ဒီသန္ဓေပြောင်းတွေက စိတ်ရူးပေါက်ပြီး တောင်တန်းတစ်ခုလုံးကို ဖျက်ဆီးနေတာကို တွေ့လိုက်ရတယ်လေ"

"ငါ့အဘိုးက သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်သူတစ်ယောက်လား"

ကျန်းမုန့်လောင်က ခန့်မှန်းကြည့်လိုက်သည်။

"သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာမြင်တော့ သူစိတ်မထိန်းနိုင်လို့ သူတို့တွေအကုန်လုံးကို သတ်ပစ်လိုက်တာလား"

"မဟုတ်ပါဘူး။ လူကြီးမင်းရဲ့အဘိုးက တစ်ရေးအိပ်နေတုန်း ပေါက်ကွဲသံတစ်ခုကြောင့် နိုးလာတာလေ။ အိပ်ရာနိုးခါစဒေါသတွေထွက်ပြီး အဲ့ဒီသန္ဓေပြောင်းတွေအကုန်လုံးကိုသတ်ဖို့ ကျွန်တော့်အဘိုးကိုခိုင်းတော့တာပဲ"

"သေစမ်းကွာ..အဲ့ဒီအကြောင်းပြချက်ကြီးက… ငါ့အဘိုးပီသလိုက်တာ…"

"သူကတော့ တကယ့်လူပဲ"

ဟုန်းရီလည်း တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။ ကျန်းမုန့်လောင်အဘိုး၏လုပ်ရပ်များက ကျန်းမုန့်လောင်လို အံ့ဖွယ်ကောင်းလှသည်။

"ငါ..ငါနားလည်ပါပြီ။ ငါ သေချာပေါက်ဖြစ်အောင်လုပ်ပေးပါ့မယ်"

ယခုမှာတော့ ဆိုရန်လည်း သူ၏မူလကအတွေးများကို လုံးဝစွန့်လွှတ်လိုက်လေတော့သည်။ ကျန်းမိသားစုရှေ့တွင် သူတို့Wind Nestမှာ ပါ့မွှားလေးတစ်ခုသက်သက်သာ။

"ဒီည နိုင်ငံတကာသတင်းထဲမှာ စုကျီဟယ်သေသွားပြီဆိုတာကို မြင်ချင်တယ်"

ကျန်းမု်န့လောင်က ပြောလိုက်၏။

"နားလည်ပါပြီ""

ဆိုရန်က ခေါင်းညိတ်ပြသည်။ သူ့အနေနှင့် အပြင်းအထန်ဒဏ်ရာရထားသော်လည်း သူ့ဆဲလ်များက ပြည်လည်သက်သာလာအောင် အားဖြည့်ပေးနိုင်စွမ်းရှိသည်။ ယဲ့ရင်ကလည်း ရက်ရက်စက်စက်မတိုက်ခိုက်ခဲ့သောကြောင့် နာရီပိုင်းအတွင်းမှာပင် ဤဒဏ်ရာများ သက်သာသွားပေလိမ့်မည်။

စုကျီဟယ်၏ဘောဒီဂတ်များကတော့ ဆိုရန်လိုလူတစ်ယောက်၏အမြင်မှာ သူတို့က လုံးဝအရေးစိုက်စရာမလိုသောလူများပင်။

"ခဏနေဦး"

ကျန်းမုန့်လောင်က ဆိုရန်ကို ခေါ်လိုက်သည်။

"နောက်..နောက်ထပ်မှာကြားစရာများရှိသေးလို့လား"

ဆိုရန်က သတိကြီးကြီးထား၍ မေးလိုက်သည်။

"ဒီဆယ်ယွမ်ကိုပါ ယူသွား။ ကျန်းမုန့်လောင်ဆိုတဲ့ ငါက ဘယ်တော့အကြွေးမထားဘူး"

ဆိုရန်ခမျာ အံတင်းတင်းကြိတ်၍ ဟွာရှားငွေဆယ်ယွမ်ကို ကောက်ယူပြီးနောက် လျှပ်စီးလုံးတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး အဝေးဆီသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ဆိုရန်ကို နှိမ်နင်းပြီးသွားချိန်မှာတော့ လေယာဉ်ကလည်း ပုံမှန်အနေအထားပြန်ဖြစ်သွားလေပြီ။ သို့သော် မူလတုန်းက တန်ဖိုးကြီးဇိမ်ခံပစ္စည်းများနှင့် ပြည့်နှက်နေခဲ့သော လေယာဉ်အတွင်းခန်းက ယခုမူ အနည်းငယ်ရှုပ်ပွနေလေသည်။

"ဟုန်းရီ.. လေယာဉ်မှူးကို ပြန်လှည့်ခိုင်းလိုက်။ ငါတို့ ချင်းချိုးနိုင်ငံကို ပြန်သွားကြမယ်"

ကျန်းမုန့်လောင်က ကြေညာလိုက်သည်။

"မစ္စတာကျန်း.. ရှင် ဘာလုပ်မလို့လဲ"

ဟုန်းရီက မေးလိုက်သည်။

"ဘာလုပ်ရမှာလဲ။ ဒီဆိုရန် ဘာလုပ်သွားလဲဆိုတာ မြင်တယ်မလား"

ကျန်းမုန့်လောင်က နာကျင်နေသော အမူအရာဖြင့် ပြောလာလေသည်။

"ဒီပန်းချီကားတွေနဲ့ ဝိုင်ပုလင်းတွေကိ ခွဲသွားတာက တစ်ကြောင်း။ ငါ့ရဲ့ယူနီကွန်းစိန်ရုပ်တုကရော ဘယ်လိုလုပ်မလဲ။ ငါ့မှာ ဒါတွေရဖို့ နှစ်လလောက်စောင့်ခဲ့ရတာ။ အခုတော့ ကြေမွကုန်ပြီ"

ဟုန်းရီက ကြမ်းပြင်အနှံ့ ပြန့်ကြဲနေသော ကမ္ဘာကျော်ပန်းချီကားများကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ရုပ်တုက အမှန်တကယ်တန်ဖိုးကြီးသော်ငြား ထိုပန်းချီကားများနှင့်တော့ မယှဉ်နိုင်ပေ။ ကျန်းမုန့်လောင်က ပန်းချီကားများအတွက် ဒေါသမထွက်ဘဲ စိန်ရုပ်တုအတွက် ဘာကြောင့်ဒေါသထွက်နေရလေသလဲ။

"ရှင် ချင်းချိုးနိုင်ငံရဲ့သမ္မတကို သွားသတ်မလို့လား"

ဟုန်းရီက မေးကြည့်လိုက်သည်။

"ဒါက စုကျီဟယ်တစ်ယောက်တည်းရဲ့လက်ချက်တော့ မဖြစ်နိုင်ဘူးလေ။ ချွမ်းကျန်းကွေ့လည်း ဒီကိစ္စမှာပါဝင်ပတ်သက်နေမှာပဲ"

"လူသတ်တာက အရမ်းပျင်းဖို့ကောင်းတယ်ကွ။ ငါက သူတို့ကို ပိုက်ဆံပြန်လျော်ခိုင်းမလို့"

ကျန်းမုန့်လောင်က ဆိုလာ၏။

"ပျက်စီးသွားတာတွေက ပမာဏဘယ်လောက်ရှိလဲဆိုတာ ကူတွက်ပေးဦး"

"ခဏလေးပါ"

ဟုန်းရီက ကြမ်းပြင်ပေါ်ရှိ အကျိုးအပဲ့အစအနများကို ခပ်မြန်မြန်လေ့လာကြည့်လိုက်သည်။

"ကျွန်မအထင်တော့ အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံလောက်ရှိမယ်ထင်တယ်"

"ကောင်းပြီ။ ဒါဆို အဆတစ်ထောင်လျော်ကြေးတောင်းမယ်"

ကျန်းမုန့်လောင်က ကြေညာချက်ထုတ်လိုက်သည်။

"အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံကို သူတို့မပေးနိုင်ဘူးဆိုရင် သူတို့ရဲ့ရေ လျှပ်စစ်မီး ဓာတ်ငွေ့နဲ့ ရေနံဆီတွေကို ဖြတ်တောက်ပစ်လိုက်မယ်"

"ဖူး"

ဟုန်းရီမှာ ယခုတော့ ကျန်းမုန့်လောင်၏ အရှက်မရှိမှုကို မျက်မြင်တွေ့လိုက်ရသည်။ သို့သော် သူ(မ) နားလည်ပေးနိုင်ပါသည်။ ဖြစ်သွားသောကိစ္စမှာ ငွေရေးကြေးရေးနစ်နာဆုံးရှုံးမှုတစ်ခုသက်သက်မဟုတ်ချေ။ တစ်ဖက်လူက သူ့ကို သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်၏။ ကျန်းမုန့်လောင်ဘက်က ဒေါသကိုထိန်းချုပ်ထားမှသာ ထူးဆန်းနေမည်သာ။

"မစ္စတာကျန်း.. ရှင် ချွမ်းကျန်းကွေ့ကိုရောင်းလိုက်ရင်တောင် အဲ့ဒီလောက်ပမာဏရမှာမဟုတ်ဘူး"

"ပိုက်ဆံမရှိဘူးလား။ ဒါဆို မြေကွက်ပြန်အပ်လိုက်လေ"

*********

All Chapters