← Chapters

သူက ခင်ဗျားရဲ့အသက်ကိုဝယ်ဖို့ ကျုပ်ကို ဆယ်ယွမ်ပေးလိုက်တယ်

Vol. 11 Ch. 164

သူက ခင်ဗျားရဲ့အသက်ကိုဝယ်ဖို့ ကျုပ်ကို ဆယ်ယွမ်ပေးလိုက်တယ်

Vol. 11 Ch. 164

ကျန်းမုန့်လောင် ဤမျှဒေါသထွက်နေသည်မှာ ယခုတစ်ခေါက်က ပထမဆုံးပင်။ သူ့မှာ လုပ်ကြံသတ်ဖြတ်မှုနှင့် ကြုံတွေ့ရသည့်အပြင် ကမ်းလှမ်းငွေကလည်း အလွန်နိမ့်နေသေးသည်။ အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံဆိုသည်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ ပိုင်ဆိုင်မှုနီးနီးသာရှိ၏။ ပိုလာဒီကို သတ်ဖြတ်ဖို့အတွက်သာဆိုလျှင် ထိုဈေးနှုန်းက နားလည်ပေး၍ ရကောင်းရနိုင်သော်ငြား သူကတော့ မရပေ။ သူတို့အနေနှင့် ထိုအကြောင်းမပြောခင် နောက်ထပ်သုညနည်းနည်း ထပ်ဖြည့်လျှင် ပိုကောင်းလိမ့်မည်။

ပြင်းထန်လှသော လျှပ်စစ်စီးကြောင်းနှင့် ရင်ဆိုင်ခဲ့ရသော်ငြား ကျန်းမုန့်လောင်၏လေယာဉ်က အဆင့်မြင့်လုံခြုံရေးစနစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သောကြောင့် ပြင်းပြင်းထန်ထန်ပျက်စီးသွားခြင်းမျိုးတော့ မရှိပေ။ အသေးစားပြုပြင်မွမ်းမံမှုကို လိုအပ်နေရုံသက်သက်သာဖြစ်သည့်အတွက် သာမန်အခြေအနေအောက်မှာတော့ အပြည့်အဝပျံသန်းနိုင်စွမ်းရှိသည်။

ကျန်းမုန့်လောင်၏လေယာဉ်မှူးကလည်း နာမည်ကြီးကပ္ပတိန်ဆူလီဖြစ်သည်။ ထိုလူမှာ ယခင်က အင်ဂျင်အမြောက်အများပျက်စီးသွားသည့်ကြားက ပင်လယ်ထဲသို့ အရေးပေါ်ဆင်းသက်ကာ လေယာဉ်ပေါ်ရှိလူတိုင်းကို အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့ဖူးသည်။ ယခုမူ သူသည် ကျန်းမုန့်လောင်၏ကိုယ်ပိုင်လေယာဉ်မှူးဖြစ်လာခဲ့သည်။

ရင်းနှီးကျွမ်းဝင်နေသော ကင်မ်ချီအနံ့နှင့်အတူ ကျန်းမုန့်လောင်လည်း ချင်းချိုးနိုင်ငံနှင့် ရင်းနှီးနေသော ထိုနေအိမ်သို့ နောက်တစ်ကြိမ်ပြန်ရောက်လာခဲ့သည်။

"မစ္စတာကျန်း… ရှင် ဘာလို့ပြန်ရောက်လာတာလဲ"

အဆောက်အအုံကို တာဝန်ယူထားရသည့် အိမ်အကူက အခန်းများကို ရှင်းလင်းနေခြင်းပင်။ ကျန်းမုန့်လောင်က ယခုလောက်ဆိုလျှင် ဟွာရှားသို့ ပြန်ရောက်နေသင့်ပြီဖြစ်၏။ သို့ဖြစ်လေရာ ရုတ်တရက်ကြီး ဘာလို့ပြန်ရောက်လာလေသလဲ။

"စိတ်မပူပါနဲ့။ သူငယ်ချင်းတချို့ကို သတိရနေလို့ ပြန်လာလည်တာ"

ကျန်းမုန့်လောင်က ပြုံးပြုံးလေး ပြန်ဖြေလိုက်၏။

"မစ္စတာကျန်းက အဆက်အသွယ်တွေအများကြီးရှိတာပဲ။ ချင်းချိုးနိုင်ငံမှာတောင် မိတ်ဆွေတွေအများကြီးရှိတယ်"

"ခင်ဗျား သွားနားတော့လေ။ ကျွန်တော် ဒီမှာ နောက်တစ်ရက်လောက်တော့ ဆက်နေရဦးမှာ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

အိမ်အကူကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် အိမ်တွင်းအလုပ်သမားများနှင့်အတူ အခန်းထဲမှ ထွက်သွားလိုက်သည်။

"ဟုန်းရီ..စုကျီဟယ်နဲ့ သူ့လူတွေ အခုဘာလုပ်နေလဲဆိုတာ မင်းသိလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ဒီည အဆင့်မြင့်တွေ့ဆုံပွဲတစ်ခုရှိပါတယ်"

ဟုန်းရီက ပြန်ဖြေလိုက်သည်။

"ဒီည ဆိုရန်ရဲ့လုပ်ကြံမှုက အောင်မြင်ခဲ့တယ်ဆိုရင် အဲ့ဒါက အောင်ပွဲခံပါတီတစ်ခု ဖြစ်သွားမှာပါ။ သူတို့တွေအကုန်လုံးက ရှင့်ကို ရှင်းထုတ်ပစ်နိုင်ပြီဆိုပြီး သီချင်းဆိုပြီးကခုန်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ မစ္စတာကျန်း"

"ဟားဟားဟား..သူတို့ကိုစိတ်ပျက်အောင်လုပ်ရတာတော့ စိတ်မကောင်းပါဘူး"

ကျန်းမုန့်လောင်က ရယ်သည်။

"အဲ့လိုဆိုရင် အဓိကဇာတ်လိုက်အနေနဲ့ ငါလည်း သွားပေးရမှာပေါ့။ အဲ့လိုမှမဟုတ်ရင် သူတို့တွေ ဘယ်လောက်တောင်စိတ်ပျက်သွားလိုက်မလဲ"

"မစ္စတာကျန်း.. ပါတီက ဒီညခြောက်နာရီခွဲ Hawke Palaceဟိုတယ်မှာ ကျင်းပမှာပါ။ ချင်းချိုးနိုင်ငံရဲ့အထက်တန်းလွှာအရာရှိထက်ဝက်နီးပါး တက်ရောက်မှာပါ။ ရှင့်အနေနဲ့ နေ့တစ်ဝက်လောက် ပြင်ဆင်ချိန်ရပါတယ်"

"လီဂျီအွန်းကို ဖုန်းဆက်လိုက်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဝတ်စုံနှစ်စုံပြင်ထားလိုက်။ ညစာစားပွဲတက်ရင် ပွဲတိုးတဲ့အဖော်လေးတစ်ယောက်တော့ လိုတယ်လေ"

"မိန်းကလေးလီဂျီအွန်းကတော့ ပျော်နေတော့မှာ။ ကျွန်မ သူ့ကို အခုချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"

...

"ထူးဆန်းလိုက်တာ။ အခုလောက်ဆိုရင် ကျန်းမုန့်လောင် သေနေလောက်ပြီဟာကို။ ဟိုဘက်ကနေ ဘာလို့သတင်းမရသေးတာလဲ"

စုကျီဟယ်က သူ့အခန်းထဲတွင် စိုးရိမ်တကြီးဖြင့် အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက် လုပ်နေလေသည်။

Wind Nestအကြောင်း သူသိထားသလောက်ဆိုလျှင် သူတို့သာ နိုင်ငံတစ်နိုင်ငံ၏ သမ္မတတစ်ယောက်ကို ပစ်မှတ်ထားလိုက်ပါက အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သကဲ့သို့ လွယ်လင့်တကူရှိသည်။ ယခုအချိန်အထိလည်း တစ်ကြိမ်သာ ကျရှုံးဖူးသည်။ အများစုကတော့ ၎င်းမှာ ကြက်ကန်းဆန်အိုးတိုးခြင်းဖြစ်ကြောင်း ယုံကြည်ထားကြသည်။ ယခုလိုဖြစ်ရပ်မျိုးက တစ်ကြိမ်တစ်ခါဖြစ်နိုင်သော်လည်း ဒုတိယတစ်ခေါက်တော့ မဖြစ်တန်ရာ။

သို့သော် ထိုအချိန်မှာပင် ကျန်းမုန့်လောင် မပြန်ခင်ပြောသွားသော စကားတစ်ခွန်းကို စုကျီဟယ် ပြန်အမှတ်ရလိုက်သည်။ သူ့စကားများတွင် အဓိပ္ပာယ်တစ်ခုရှိနေသလိုပင်။ ထိုအရာက သူ့ကို စိတ်မသက်မသာဖြစ်အောင် လုပ်နေသည်။

"ရွှား…"

ရုတ်တရက်ဆိုသလိုပင် လေပြင်းတစ်ပွေက သူ့ရုံးခန်းပြတင်းပေါက်မှတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာပြီး တောက်ပနေသော လျှပ်စီးလုံးတစ်ခုကလည်း ပြတင်းပေါက်မှန်ကတစ်ဆင့် ဖောက်ဝင်လာသည်။ ထိုလျှပ်စီးများအလယ်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

ထိုလူ၏ခန္ဓာကိုယ်တွင် ဗို့အားမြင့်လျှပ်စစ်ဓာတ်များ စီးဆင်းနေပြီး သူ့မျက်လုံးများကလည်း ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးအလား အပြာရောင်လဲ့နေချေသည်။

သို့သော် ထူးဆန်းစွာပင် ထိုလူ၏ခန္ဓာကိုယ်တွင် သွေးများဖုံးလွှမ်းနေသည်။ ထိုလူမှာ သွေးသံတရွှဲရွှဲဖြင့် စစ်မြေပြင်မှပြန်လာခဲ့ရသည့်အလား သွေးများက ခြောက်ကပ်သွားပြီး သွေးနံ့ပြင်းပြင်းတစ်ခုကို ထုတ်လွှတ်နေလေတော့သည်။

"မင်းက Wind Nestကလား"

စုကျီဟယ်လည်း ခပ်မြန်မြန်တုံ့ပြန်လိုက်သည်။ ယခုလိုလူတစ်ယောက်ကို သူ ယခင်က မမြင်ဖူးခဲ့သော်ငြား သူသိထားသလောက်တော့ ဤကဲ့သို့သောသက်ရှိများက စင်စစ်တည်ရှိလေသည်။ ထို့ကြောင့် သူ့ရှေ့တွင် အံ့ဖွယ်ကောင်းသောမြင်ကွင်းတစ်ခု ပေါ်လာသည့်တိုင် အစပိုင်းတော့ ထိတ်လန့်သွားမိသော်ငြား လုံးဝလက်ခံနိုင်ပေသည်။

"ကျန်းမုန့်လောင်သေပြီလား"

စုကျီဟယ်က အလောတကြီးမေးလိုက်၏။

"မင်းတို့ Wind Nestကလူတွေက လုပ်ကြံသတ်ဖြတ်ရေးမှာ အောင်မြင်နိုင်ခြေမြင့်မှန်း ငါသိတယ်"

"ကျန်းမုန့်လောင်က မသေဘူး"

ဆိုရန်က လှောင်ပြောင်ထေ့ငေါ့ဟန်လေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ဘာ? သူမသေသေးဘူးလား။ ဒါဆို မင်းက ဒီကို ဘာလို့ရောက်လာတာလဲ။ မင်းတို့အဖွဲ့အစည်းရဲ့ခွန်အားက ဒါအကုန်ပဲလား"

စုကျီဟယ်လည်း သူစကားပြောနေသူမှာ သာမန်လူတို့နားမလည်နိုင်သော အစွမ်းမျိုးရှိသည့် သန္ဓေပြောင်းလူသားတစ်ယောက်ဖြစ်ကြောင်း မေ့လျော့သွားဟန်တူသည်။ သူ့စိတ်ထဲတွင် သူသည် နိုင်ငံတစ်နိုင်ငံ၏ဝန်ကြီးတစ်ယောက်ဖြစ်ပြီး ဤလုပ်ငန်းသဘောတူညီချက်တွင်လည်း အလုပ်အပ်သူဖြစ်နေပြန်သည်။ ထို့ကြောင့် သူ့လေသံကို မသင့်တော်ဟုလည်း မတွေးမိချေ။

"ကျုပ်တို့အဖွဲ့အစည်းက အားကောင်းလားမကောင်းဘူးလားဆိုတာကို ခင်ဗျား မှတ်ချက်ပေးစရာမလိုဘူး"

ဆိုရန်က ပြောလိုက်သည်။

"ဒါပေမဲ့ အခု ကျုပ်က ခင်ဗျားကိုသတ်ဖို့ရောက်လာတာ"

"မင်း ဘာပြောလိုက်တယ်"

စုကျီဟယ်လည်း ယခုမှသာ သူသည် သူ့ကိုသတ်ချင်နေသော အလွန်အစွမ်းထက်သန့် သဘာဝလွန်လူသားရှေ့တွင် ရပ်နေမိကြောင်း ရုတ်ခြည်းသဘောပေါက်လိုက်သည်။ ယခုအချိန်တွင် သူ့ကို လက်နက်ကိုင်စစ်တပ်တစ်ခုက ကာကွယ်ပေးလျှင်တောင် သူ အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်နည်းနည်းမှ မရှိတော့ပေ။

"ဘာလို့လဲ…ဘာလို့လဲ"

"ကျုပ် ကျန်းမုန့်လောင်ကို မသတ်နိုင်ခဲ့ဘူး"

ဆိုရန်က မညာပေ။

"သူ့ဘေးနားမှာရှိတဲ့စွမ်းအားက ခင်ဗျားတို့ပေးထားတဲ့ သတင်းအချက်အလက်တွေထက် ပိုအားကောင်းတယ်။ ကျုပ်တောင် သူ့လေယာဉ်ပေါ်မှာ သေတော့မလိုဖြစ်ခဲ့တာ"

ဆိုရန်က သွေးများစိုရွှဲနေသော သူ့အဝတ်အစားများကို လက်ညှိုးထိုးပြပြီး ပြောလာသည်။

"တွေ့လား။ ဒါက ကျုပ်ရဲ့သွေးတွေ"

"မင်း...မင်း သူ့ကိုမသတ်နိုင်ဘူးဆိုရင်..ဒီကိစ္စကို ဒီမှာတင်အဆုံးသတ်ပြီး‌ နောက်တစ်နည်းစဉ်းစားကြတာပေါ့…"

"ကျုပ် ခင်ဗျားကိုပြောပြီးပြီလေ။ ကျုပ်က မစ်ရှင်အကြောင်းတင်ပြဖို့ ခင်ဗျားဆီ ရောက်လာတာမဟုတ်ဘူး"

ဆိုရန်က ပြောလိုက်သည်။

"ကျန်းမုန့်လောင်က ခင်ဗျားရဲ့အသက်ကိုဝယ်ဖို့အတွက် ဟွာရှားငွေဆယ်ယွမ်ပေးလိုက်တယ်"

"ဘာ? မင်းလုပ်လို့မရ…."

လျှပ်စစ်စီးကြောင်းတစ်ခုက စုကျီဟယ်၏ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဆင်းသွားလေသည်။ သူ့မှာ စကားတောင်မဆုံးလိုက်ခင်မှာပင် ပြင်းထန်လှသော လျှပ်စစ်စီးကြောင်းကြီးက သူ့နှလုံးကို ရပ်တန့်သွားစေပြီး သူ့မျက်နှာထက်တွင် နောက်ဆုံးသောအမူအရာအဖြစ် တောင့်တင်းနေဟန်အမူအရာကို ချန်ထားရစ်ခဲ့သည်။

"အဲ့ဒါက ကျုပ်ရဲ့ပရော်ဖက်ရှင်နယ်စည်းမျဉ်းနဲ့ သွေဖည်နေပေမဲ့ ဒီလိုလုပ်မှ ကျုပ်တို့အဖွဲ့အစည်းရော ကျုပ်ရော အသက်ရှင်နိုင်မှာ"

ဆိုရန်က ခါးသက်သက်ပြုံးလျက်ပြောလိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်၍ စုကျီဟယ်၏စားပွဲပေါ်တွင် တင်ထားခဲ့လိုက်သည်။

ဤသည်မှာ ချင်းချိုးနိုင်ငံမှ ပြေစာတစ်ခုဖြစ်ပြီး ပါဝင်ပစ္စည်းနေရာတွင် "လုပ်ကြံသတ်ဖြတ်မှု"ဟုရေးထားပြီး ပမာဏနေရာတွင်မူ "ဆယ်ယွမ်"ဟု ရေးထားပေသည်။

"ဟွာရှားလူမျိုးတွေက ဘယ်လိုကစားရမလဲဆိုတာကို ကောင်းကောင်းသိသားပဲ"

ဆိုရန်က ခေါင်းတခါခါဖြင့် လျှပ်စီးတစ်ခုအသွင်ဖြင့် ‌ပျောက်ကွယ်သွားလေတော့သည်။

...

"အိုပါး..ဒီဝတ်စုံလေးက အရမ်းလှတာပဲ"

လီဂျီအွန်းက ကျန်းမုန့်လောင် ပြန်ရောက်လာသည့်အတွက် အံ့လည်းအံ့ဩ၊ ပျော်လည်း ပျော်ခဲ့ရသည်။ သူ(မ)အတွက် သူပြင်ဆင်ပေးထားသော ဝတ်စုံကိုမြင်သောအခါ သူ(မ)၏မျက်ဝန်းထဲ တလက်လက်တောက်ပသွားရသည်။

၎င်းမှာ ဆီးနှင်းအလား ဖြူဆွတ်နေသော ဝတ်စုံတစ်ခုဖြစ်ပြီး ဒဏ္ဍာရီလာပုံပြင်ထဲက မင်းသမီးတစ်ပါး၏မင်္ဂလာဆောင်ဝတ်စုံထက်ပင် ပိုလှသေးသည်။ လီဂျီအွန်းမှာ ထိုဝတ်စုံ၏ဈေးနှုန်းကိုပင် မခန့်မှန်းတတ်ပေ။ သလင်းကျောက်စီခြယ်ထားသော ဒေါက်မြင့်ဖိနပ်နှင့် ကလေးတစ်ယောက်၏ လက်ဖဝါးအရွယ်ခန့်ရှိသော ပန်းရောင်စိန်လည်ဆွဲတို့မှာ မိန်းကလေးတိုင်း၏အိပ်မက်ထဲမှ အရာများပင် ဖြစ်ချေတော့သည်။

"ဒီပစ္စည်းတွေက အရမ်းဈေးကြီးမှာပဲနော်"

လီဂျီအွန်းကမေးလိုက်၏။

"မိန်းကလေးလီ.. ဒီဝတ်စုံက မစ္စတာကျန်းရဲ့ကိုယ်ပိုင်ဒီဇိုင်နာက နှစ်နှစ်ကျော်လောက် ဖန်တီးချုပ်လုပ်ထားတာပါ။ ကုန်ကြမ်းပစ္စည်းရဲ့ကုန်ကျစရိတ်ကတင် အမေရိကန်ဒေါ်လာသုံးသန်းကျော်ပါတယ်။ ဖိနပ်ကတော့ ဈေးအရမ်းမကြီးပါဘူး။ ဒါပေမဲ့ ဒီစိန်လည်ဆွဲကတော့ တကယ့်ကိုတန်ဖိုးကြီးပါတယ်"

ဟုန်းရီက ရှင်းပြလိုက်သည်။

"ဒီစိန်ကို ဒီနှစ်အစောပိုင်းကပဲ မစ္စတာကျန်းရဲ့စိန်တွင်းကနေ တူးဖော်ရရှိခဲ့တာပါ။ ဖြတ်တောက်ပြီးတဲ့နောက်မှာတော့ အရည်အသွေးက ၁၀၅ကာရတ်အထိ ရောက်သွားခဲ့တယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာသန်း၈၀ရှိမှာပါ။ ဒါကိုဝတ်ခွင့်ရတာ ရှင်က ပထမဆုံးပါပဲ"

"ဒါက..ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်"

လီဂျီအွန်း၏အမူအရာကား ပြောင်းလဲသွားသည်။ ဒေါ်လာသန်းတစ်ရာတန်ပစ္စည်းက သူ(မ)၏ခန္ဓာကိုယ်ထက်တွင် ဆင်မြန်းရမည်ဆိုပါလျှင် သေရေးရှင်ရေးနှင့် ကြုံတွေ့ရနိုင်သည်။

"ဝတ်ထားလိုက်ပါ"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"ဒီနေ့ ငါတို့သွားတွေ့မဲ့လူက ဂုဏ်ဒြပ်ကြီးတဲ့လူတွေလေ။ ဒီတော့ ငါတို့ အထက်တန်းကျကျဖြစ်နေသင့်တာပေါ့"

"ကျွန်မတို့က ရှင့်မိတ်ဆွေနဲ့သွားတွေ့မှာလား"

လီဂျီအွန်းက သိလိုစိတ်ဖြင့်မေးကြည့်လိုက်သည်။

"မဟုတ်ဘူး။ ငါတို့က မင်းတို့နိုင်ငံရဲ့အကြီးအကဲနဲ့သွားတွေ့မှာ"

********

All Chapters