အံ့ဩသွားလား
Vol. 11 Ch. 165
Hawke Palaceဟိုတယ်အတွက်တော့ ယနေ့မှာ အလွန်ထူးခြားသော နေ့တစ်နေ့ဖြစ်၏။ ယနေ့ညတွင် ချင်းချိုးနိုင်ငံ၏ အရေးပါအရာရောက်သောပုဂ္ဂိုလ်များက ဤနေရာတွင် တွေ့ဆုံပွဲတစ်ခု ကျင်းပကြမည်ဖြစ်၏။
ဤဧည့်သည်များကို ဧည့်ခံကျွေးမွေးရန်အတွက် ဟိုတယ်၏တစ်ထပ်လုံးကို ရှင်းလင်းထားပြီး ဝင်ပေါက်တွင်လည်း လုံခြုံရေးအစီအမံများ လုပ်ဆောင်ထားသည်။ ယနေ့ ဤနေရာသို့ ရောက်လာသူတိုင်းမှာ ချင်းချိုးနိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်များပင်။
"ဥက္ကဋ္ဌချွမ်း.. အစောကြီးရောက်နေပါလား"
"ဟားဟားဟားဟား စိတ်ထဲမှာလေးနေတဲ့အရာကို ဖြေရှင်းလိုက်ရတော့ စိတ်ပေါ့သွားပြီလေ။ လာရတော့တာပေါ့"
"ကျန်းမုန့်လောင်ဆိုတဲ့ အဲ့ဒီလူငယ်လေးကြောင့် မကြာသေးခင်ကမှ တအားတွေမွန်းကျပ်ထားတာ။ အခုတော့ သူပြန်ပြီဆိုတော့ အောင်ပွဲခံရမှာပေါ့လေ"
"ခင်ဗျားတို့ဘဏ်ရော အခြေအနေ ဘယ်နှယ့်လဲ"
"အခြေအနေတော့ငြိမ်သွားပါပြီ။ ငွေထုတ်တဲ့လူအရေအတွက်လည်း နည်းသွားပြီ။ အများဆုံးနှစ်ရက်အတွင်းလောက်ဆိုရင်တော့ ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်သွားတော့မှာပါ။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ တကယ့်ကို အထိအခိုက်များခဲ့တယ်"
"အမှန်ပဲ။ ကျုပ်တို့မင်ရှန့်ဘဏ်လည်း တော်တော်အထိနာခဲ့တာ။ နှစ်ကုန်ခါနီးရင်တော့ ပျက်စီးဆုံးရှုံးမှုတွေကို နည်းနည်းလောက်ပြန်ကာမိနိုင်ဖို့ မျှော်လင့်ရတာပဲ"
"ဒီနေ့ တွေ့ဆုံပွဲက အဲ့လောက်မရိုးရှင်းဘူးလို့ ကျုပ်ကြားထားတယ်"
စုကျီဟယ်နှင့် ဆက်ဆံရေးကောင်းသော ဘဏ်ဥက္ကဋ္ဌများထဲမှ တစ်ယောက်က လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလာလေသည်။
"ဒီနေ့က ကျန်းမုန့်လောင် ပြန်သွားလို့ အောင်ပွဲခံနေတယ်များ ထင်နေတာလား"
"တခြားဘာများဖြစ်နိုင်မှာလဲ"
ဘဏ်ဥက္ကဋ္ဌတော်တော်များများက အနားကပ်လာကြသည်။
"ခင်ဗျားတို့နားလည်ထားရမှာက ကျန်းမုန့်လောင်ရဲ့လုပ်ရပ်တွေက ကျုပ်တို့ရဲ့စီးပွားရေးကိုတင် ထိုးနှက်ခဲ့တာမဟုတ်ဘူး။ အဲ့ဒီညတုန်းက သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ချင်းချိုးလူမျိုးတွေက တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ကွဲခဲ့ရတယ်။ ဒါက တကယ်ကိုကြီးမားတဲ့စော်ကားမှုတစ်ခုပဲလေ။ ကျုပ်တို့သာ သူ့ကို ဒီအတိုင်းပြန်ခွင့်ပေးလိုက်ရင် ကျုပ်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာက ဘယ်သွားထားရတော့မှာလဲ"
"အဓိပ္ပာယ်က.."
ဘဏ်ဥက္ကဋ္ဌများ၏ နားရွက်များက ထောင်လာလေသည်။ သူတို့ထဲကတစ်ယောက်က လည်ပင်းကိုလှီးလိုက်သည့် လက်ဟန်တစ်ခုကိုပင် လုပ်ပြလိုက်သည်။
"ရှူး..အသာနေ။ ဒီကိစ္စက ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုပဲ။ ကိုယ်စားလှယ်စုကလွဲရင် ဒီကိစ္စကိုသိတဲ့လူက ငါးယောက်ထက်မပိုဘူး။ ခင်ဗျားတို့လည်း ဘယ်သူ့ကိုမှပြောပြလို့မရဘူးနော်"
ဥက္ကဋ္ဌက ပြောလိုက်သည်။
"ကျန်းမုန့်လောင်ရဲ့လေယာဉ် တခြားနိုင်ငံရဲ့ပိုင်နက်ထဲကိုရောက်မှ ဒီကိစ္စကိုအကောင်အထည်ဖော်ရမှာ။ သူ့သေဆုံးမှုနဲ့ပတ်သက်တဲ့ ဘယ်လိုသဲလွန်စမျိုးကမှ ကျုပ်တို့ဆီကို ဦးတည်လာလို့မဖြစ်ဘူး"
"အဲ့လိုသာဆိုရင် ကျုပ်တို့နိုင်ငံအတွက်တော့ သတင်းကောင်းပေါ့"
"ဟုတ်တယ်။ ကိုယ်စားလှယ်စုက ဘယ်မှာလဲ"
"ဟုတ်သားပဲ။ ဒီည သူက ကျုပ်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး သူရဲကောင်းကြီးဖြစ်ရမှာလေ"
အချိန်ကား ညနေ၆နာရီမိနစ်၂၀သို့ ရောက်ရှိနေလေပြီ။ ခန်းမထဲသို့ သမ္မတချွမ်းကျန်းကွေ့ပင် ရောက်နေလေပြီ။ သို့သော် စုကျီဟယ်ကတော့ ပေါ်မလာသေးပေ။
"စုကျီဟယ်က ဘယ်မှာလဲ။ သူ အချိန်မေ့သွားတာများလား"
ချွမ်းကျန်းကွေ့က မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"သူ့ကို တစ်ယောက်ယောက်သွားခေါ်လိုက်ပါလား။ သူ့အတွင်းရေးမှူးကို ဆက်သွယ်ကြည့်လိုက်"
"ကျွန်တော် သွားလိုက်ပါ့မယ်"
စုကျီဟယ်နှင့် ဆက်ဆံရေးအဆင်အပြေဆုံး ပြောင်ကွမ်ကျီးက ဖုန်းကိုထုတ်ယူလိုက်သည်။ တစ်ဖက်မှ မအားသေးပါဟု ကြားလိုက်ရသောအခါ သူ့အမူအရာကား စိတ်ရှုပ်ထွေးမှုများ အထင်းသားဖြစ်သွားရသည်။
"ဒုန်း"
ထိုအခိုက်မှာပင် ရုတ်တရက်ကြီး တံခါးကိုတွန်းဖွင့်လိုက်သည့်အသံကို ကြားလိုက်ရသည်။ လူတိုင်းလည်း လန့်ဖျပ်သွားကြသော်ငြား ယနေ့ည ချင်းချိုးတစ်နိုင်ငံလုံးတွင် ဤနေရာထက်ပိုပြီး လုံခြုံသောနေရာတစ်ခု မရှိတော့ကြောင်း သူတို့ကောင်းစွာနားလည်ထားကြသဖြင့် ကြောက်တော့မကြောက်သွားကြပေ။
"အတွင်းရေးမှူးဂျင်"
အလောတကြီးဝင်လာသူကို လူတိုင်းသိသည်။ သူ့မျက်နှာထက်တွင် အကြောက်တရားများနှင့် ပြည့်နှက်နေပြီး ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးကိစ္စတစ်ခုကို ကြုံတွေ့လာရသည့်အလား လက်ထဲတွင်လည်း စာရွက်တစ်ရွက်ကိုကိုင်ထားသည်။
"ကိစ္စတစ်ခုဖြစ်သွားတယ်။ ကိစ္စတစ်ခုဖြစ်သွားတယ်။ ကိုယ်စားလှယ်စု တစ်ခုခုဖြစ်သွားတယ်"
အတွင်းရေးမှူးဂျင်က ကျယ်လောင်စွာအော်ပြောလိုက်သည်။
"စိတ်လျှော့ ဖြည်းဖြည်းပြော"
ချွမ်းကျန်းကွေ့က ပြောလိုက်သည်။
"ကိုယ်စားလှယ်စု ဘာဖြစ်သွားလို့လဲ"
"ကိုယ်စားလှယ်စု သေပြီ"
အတွင်းရေးမှူးဂျင်က ထိုသတင်းကို လက်ဆင့်ကမ်းလိုက်လေရာ လူတိုင်း အကြီးအကျယ်ထိတ်လန့်သွားကြသည်။
"သူက ဘာပြင်ပဒဏ်ရာမှမရခဲ့ဘူး။ ဆရာဝန်ပြောတာတော့ ရုတ်တရက်နှလုံးရပ်ပြီး ဆုံးတာတဲ့"
"ရုတ်တရက်နှလုံးရပ်တာလား။ ကိုယ်စားလှယ်စုက အလုပ်ပိပြီး ဆုံးသွားတာလား"
လူတိုင်း နောင်တတကြီးဖြစ်ကုန်ကြသည်။
စုကျီဟယ် အာဏာရလာသည့် နှစ်များအတောအတွင်း ချင်းချိုးနိုင်ငံ၏စီးပွားရေးက တိုးတက်လာခဲ့သည်။ ဤသည်မှာ သူ့အလုပ်လုပ်နည်းနှင့် ပတ်သက်နေသည်။ သူက ညဘက်နောက်ကျသည်အထိ အလုပ်လုပ်ကြောင်း လူတိုင်းသိသည်။ အလုပ်ပင်ပန်းမှုကြောင့် သေဆုံးခြင်းဖြစ်နိုင်ခြေက အလွန်မှန်သည်။
ထိုသို့ဆိုပါက သူ့လက်ထောက်က ဘာကြောင့် ယခုလိုအမူအရာမျိုး ဖြစ်နေမှာလဲ။
"မဟုတ်ဘူး။ ကိုယ်စားလှယ်စုက ရုတ်တရက်နာမကျန်းဖြစ်မှုကြောင့် ဆုံးတာမဟုတ်ဘူး။ သူ အသတ်ခံရတာ"
လက်ထောက်က စာရွက်အပိုင်းလေးတစ်ခုကို ကမ်းပေးလာသည်။
"ဒီပြေစာကို ကိုယ်စားလှယ်စုရဲ့ဘေးမှာ တွေ့ခဲ့တာ"
"ပြေစာလား"
"ဟုတ်ပါတယ်။ ပါဝင်ပစ္စည်းနေရာမှာ "လုပ်ကြံသတ်ဖြတ်မှု"တဲ့။ ပမာဏကတော့…ဆယ်…ဆယ်ယွမ်.."
"ဟွာရှားငွေလား"
လူတိုင်းနီးပါးက ကျန်းမုန့်လောင်ကို ပြေးသတိရလိုက်မိကြသည်။ သူတို့အားလုံး ယနေ့ ဤနေရာတွင် စုဝေးနေကြခြင်းမှာ သူ့ကြောင့်ပင်။
ထို့ပြင် အတွင်းကျကျသိထားသူများဆိုလျှင် စုကျီဟယ်သည် သူ့ကို သတ်ဖြတ်ရန်အတွက် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုကို ငွေအမြောက်အများပေး၍ အလုပ်အပ်ခဲ့ကြောင်း ကောင်းကောင်းသိထားကြသည်။ သူ့အနေနှင့် ရှုံးနိမ့်ပြီး ကျန်းမုန့်လောင်ထံမှ ပြန်လည်တိုက်ခိုက်ခံရသည်မှာ အလွန်ဖြစ်နိုင်ခြေရှိသည်။
ရုတ်ခြည်းပင် ခန်းမကြီး၏တံခါးများ တွန်းဖွင့်ခံလိုက်ရပြန်သည်။ ဤတစ်ခေါက်တွင်မူ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က အထဲသို့ဝင်လာသည်။ အမျိုးသမီးက ငယ်ရွယ်ပြီး လှပကာ နတ်သမီးပုံပြင်လေးထဲမှ ထွက်လာသည့်အလား လှပလွန်းလှသောဝတ်စုံလေးတစ်ခုကို ဝတ်ဆင်ထားသည်။ အမျိုးသားကတော့ ခန့်ညားသော်ငြား သူ့မျက်နှာထက်တွင် လှောင်ပြောင်လိုဟန်အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားသည်။
"ကျန်းမုန့်လောင်"
လူတိုင်းလည်း ထိုလူငယ်လေးကို ချက်ချင်းမှတ်မိသွားသည်။
"တောင်းပန်ပါတယ်။ ဒီနေ့ ကိယ့်သဘောနဲ့ကိုယ် ရောက်လာတာပါ"
သူက ထိုသို့ပြောသော်ငြား ရှက်ရွံ့နေဟန် လုံးဝမရှိပေ။
"မစ္စတာချွမ်းကျန်းကွေ့.. အံ့ဩသွားလား။ မှန်းကြည့်စမ်းပါဦး။ ကျွန်တော် အသက်ရှင်နေတုန်းပဲ"
"မင်း အထဲကို ဘယ်လိုလုပ်ဝင်လာတာလဲ"
ချွမ်းကျန်းကွေ့၏မျက်ဝန်းထဲဝယ် အံ့ဩရိပ်တို့က အထင်းသား။ ယနေ့ ခန်းမကို လုံခြုံရေးတင်းကျပ်စွာချထားသည်။ ဖိတ်ကြားထားခြင်းမရှိပါက လုံခြုံရေးများနှင့် ချွမ်းကျန်းကွေ့၏ကိုယ်ပိုင်ဘော်ဒီဂတ်များက အထဲကို ဝင်ခွင့်ပေးမည်မဟုတ်။
"ကျွန်တော်တော့ ဒီအတိုင်းဝင်လာလိုက်တာပဲ"
ကျန်းမုန့်လောင်က ပြောသည်။
"ခင်ဗျားတို့လူကတော့ အခုလောက်ဆိုရင် အရှင်ကျိုးနဲ့ စကားစမြည်ပြောနေလောက်ပြီ"
"ကိုယ့်လူ.. ခင်ဗျားတို့ငှားထားတဲ့လူက တော်တော်ညံ့တာပဲ။ ကျွန်တော့်ကိုသတ်ချင်တယ်ပေါ့လေ။ အနည်းဆုံးတော့ ပိုပြီးအထင်ကြီးဖို့ကောင်းတဲ့လူတစ်ယောက်ကို လွှတ်လိုက်စမ်းပါ။ ကမ်းလှမ်းတဲ့ငွေကလည်း အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံတဲ့။ စော်ကားခံလိုက်ရသလိုပဲ"
"မင်းဘာတွေပြောနေမှန်း ငါနားမလည်ဘူး"
ချင်းချိုးနိုင်ငံမှ ကျန်းမုန့်လောင်ကို လုပ်ကြံရန်အတွက် လူလွှတ်ခဲ့ကြောင်း ချွမ်းကျန်းကွေ့ကတော့ ဝန်ခံမည်မဟုတ်ပေ။ သူ ဘာမှမသိချင်ယောင်ဆောင်နေရပေမည်။
"ကြည့်ရတာတော့ ခင်ဗျားကဝန်ခံမဲ့ပုံမပေါ်ဘူး"
ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်သည်။
"ခင်ဗျား ဒါကိုနားထောင်ကြည့်လိုက်ပါဦး"
ကျန်းမုန့်လောင်က အသံသွင်းကိရိယာလေးတစ်ခုကို ထုတ်လိုက်သည်။
"စုကျီဟယ်က ငါ့ကိုသတ်ဖို့ မင်းကိုလွှတ်လိုက်တာလား"
"မင်း..မင်း အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ"
...
ကျန်းမုန့်လောင်နှင့် ဆိုရန်တို့၏အသံများကို အသံသွင်းထားခြင်းပင်။
"အိုး..ပြီးတော့ စကားမစပ်.. စုကျီဟယ်ဘက်က လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို ဆက်သွယ်ထားတဲ့ အသံဖိုင်လည်းရှိတယ်။ နားထောင်ချင်လား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
သူ့ထောက်လှမ်းရေးကွန်ယက်အတွက်တော့ ယခုလိုသက်သေများရဖို့က အလွယ်လေးပင်။
"မင်း…"
ခန်းမထဲရှိလူတိုင်း မျက်နှာအမူအရာပြောင်းလဲသွားသည်။ ကျန်းမုန့်လောင် ပြောတာသာ အမှန်ဆိုလျှင် သူ့မှာလည်း ထိုသက်သေများ အမှန်တကယ်ရှိပါလျှင် ကျန်းမုန့်လောင်ကိုသတ်ဖို့ သူတို့ဘက်က လုပ်ကြံသတ်ဖြတ်ရေးသမားများကို စေလွှတ်ခဲ့သည့်ကိစ္စကို အတည်ပြုလိုက်နိုင်ပြီဖြစ်၏။ ဤအကြောင်းသာ နိုင်ငံတကာအသိုင်းအဝိုင်းဆီကို ရောက်သွားပါက ချင်းချိုးနိုင်ငံက လူတိုင်း၏ပစ်မှတ်ဖြစ်လာနိုင်သည်။
"စုကျီဟယ်ကို အခုလိုဖြစ်အောင်လုပ်ဖို့ မင်း လူလွှတ်ခဲ့တာမလား"
ချွမ်းကျန်းကွေ့က ပြောလိုက်သည်။
"အသံသွင်းကိရိယာတို့ ဗီဒီယိုရိုက်ကူးနေတဲ့ကိရိယာတစ်ခုခုရှိလား"
ကျန်းမုန့်လောင်က ယဲ့ရင်နှင့် စိတ်ထဲမှဆက်သွယ်ပြောဆိုလိုက်သည်။
"အဲ့ဒါတွေအကုန်လုံးကို ကျွန်တော်ပိတ်ဆို့ပေးထားနိုင်ပါတယ်"
ယဲ့ရင်ဘက်က အပြုသဘောဆောင်သော တုံ့ပြန်စကားထွက်လာသောအခါ ကျန်းမုန့်လောင်၏အပြုံးက တောက်ပသွားချေသည်။
"ဒစ်စကောင့်ဈေးဆယ်ယွမ်နဲ့ အခုလိုလုပ်ဖို့ လူငှားခဲ့တာ ကျွန်တော်ပဲ။ ဈေးချိုတယ်မလား"
စိတ်တိုချင်စရာကောင်းသော ကျန်းမုန့်လောင်၏အသံကို ကြားလိုက်ရသောအခါ ချွမ်းကျန်းကွေ့လည်း လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။
"ခင်ဗျားက ဘာကြည့်နေတာလဲ။ သမ္မတဖြစ်ရတာကို အဟုတ်ကြီးမှတ်နေတာလား။ ယုံချင်ယုံ မယုံချင်နေ… ခင်ဗျားကိုလည်း ဆယ့်ငါးယွမ်ပဲသုံးပြီး စုကျီဟယ်လိုမျိုး အလောင်းဖြစ်အောင်လုပ်ပေးလိုက်လို့ရတယ်"
ကျန်းမုန့်လောင်က အနည်းငယ်မျှပင် စိတ်ပိုင်းဆိုင်ရာဖိစီးမှုမရှိပါဘဲ သူ့ကို သေစေချင်နေကြသောသူများကို ခြောက်လှန့်လိုက်သည်။
"ကျန်းမုန့်လောင်.. မင်း ငါ့ကိုလာခြိမ်းခြောက်နေတာလား။ ဒါက နှစ်နိုင်ငံပဋိပက္ခဖြစ်သွားမှာမကြောက်ဘူးလား"
"ဟုတ်တယ်။ ခြိမ်းခြောက်နေတာ။ သတ္တိရှိရင် လာလေ"
ကျန်းမုန့်လောင်က ပြောင်ပြောင်တင်းတင်းဆက်ပြောလိုက်သည်။
"ဟားဟားဟား.. ခင်ဗျားက ကျွန်တော့်ရဲ့ပြစ်မှုကို လူသိရှင်ကြားဖြစ်အောင် လုပ်ချင်နေတယ်ပေါ့လေ။ ဒါပေမဲ့ ခင်ဗျားလူတွေမှာ ဘာသက်သေမှမရှိဘူး"