← Chapters

ဒါက သတိပေးတာပဲ

Vol. 12 Ch. 167

ဒါက သတိပေးတာပဲ

Vol. 12 Ch. 167

"မင်း ဓားပြသာသွားတိုက်လိုက်ပါတော့လား"

ချွမ်းကျန်းကွေ့မှာ ပေါက်ကွဲမိတော့မတတ်ပင်။ အမေရိကန်ဒေါ်လာ၈၀၀မီလီယံလေးပဲ ဆုံးရှုံးတာမဟုတ်လား။ ဘယ်လိုဖြစ်ပြီး အဆတစ်ထောင်တောင် တက်သွားရတာလဲ။ ဒါကဓားပြတိုက်နေတာမဟုတ်ရင် ဘာလဲ။

သူတို့၏ချင်းချိုးနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သော်ငြား နိုင်ငံခြားငွေလဲလှယ်မှုအဖြစ် အမေရိကန်ဒေါ်လာ၄၀၀ဘီလီယံသာ သိမ်းဆည်းနိုင်ခဲ့သည်။ သူတို့အနေနှင့် သူတို့မှာရှိသမျှ အကုန်ရောင်းချပစ်မယ်ဆိုလျှင်ပင် ပမာဏတစ်ဝက်ခန့်ကိုသာ ဖြည့်ပေးနိုင်မည်ဖြစ်၏။

"မစ္စတာကျန်း..ကျုပ်တို့မှာ အဲ့လောက်အများကြီးမရှိပါဘူး"

ချွမ်းကျန်းကွေ့က ခါးသက်သက်ပြုံးလျက် ပြောလိုက်၏။

"အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံလေးတောင် မရှိဘူးလား။ လူဆင်းရဲတွေပါလား"

ကျန်းမုန့်လောင်က စိတ်ပျက်ဟန်ဖြင့် မှတ်ချက်ပေးလိုက်သည်။

ဆင်းရဲသားတွေတဲ့လား။ ဘယ်နိုင်ငံကများ အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံကို အသာလေးထုတ်နိုင်သလဲလို့ သွားမေးကြည့်စမ်းပါဦး။

ချင်းချိုးနိုင်ငံ၏ အမေရိကန်ဒေါ်လာ၄၀၀ဘီလီယ ံနိုင်ငံခြားငွေသိမ်းဆည်းမှုမျှဖြင့်ပင် သူတို့နိုင်ငံကို ကမ္ဘာ့အဆင့်ကိုနေရာတွင် ရပ်တည်နိုင်စေခဲ့သည်။ ကျန်းမုန့်လောင်၏တောင်းဆိုမှုမှာ အလွန်တရာမဆီလျော်လှသည့်အရာပင်။

"ဒါမှမဟုတ် ကျန်းမုန့်လောင်ဆိုတဲ့ ကျွန်တော်က နစ်နာကြေးအတွက် အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံနဲ့ မတန်ဘူးလို့ ထင်လို့လား"

ကျန်းမုန့်လောင်၏လေသံက အန္တရာယ်ရိပ်များ ပိုမိုယှက်သန်းလာသည်။

"အမေရိကန်ဒေါ်လာဖြစ်စရာမလိုပါဘူး။ ချင်းချိုးငွေကြေးပဲဖြစ်ဖြစ် ဟွာရှားငွေပဲဖြစ်ဖြစ် အကုန်အဆင်ပြေပါတယ်။ ကျွန်တော်က ပိုက်ဆံနဲ့ပတ်သက်လာရင် ချေးမများတတ်ဘူး"

ယခုတော့ "စဉ်းတီတုံးပေါ်က ငါးများအလား"ဆိုသည့် ဟွာရှားဆိုရိုးစကားကို ချွမ်းကျန်းကွေ့ နားလည်သွားပြီဖြစ်၏။

အစကတည်းက ဤကိစ္စတွင် သူတို့ဘက်က မှားထားသည်ကို အသာထား။ သူတို့ဘက်က မှန်နေခဲ့လျှင်ပင် ကျန်းမုန့်လောင်လိုရက်စက်တတ်သူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်မျိုးမှာ သူတို့က ဘာတတ်နိုင်မှာတဲ့လဲ။ အဆုံးအထိ ခုခံသွားရန်လည်း ရွေးချယ်၍ရနိုင်သော်ငြား ကျန်းမုန့်လောင်၏ အမိန့်တစ်ခုမျှဖြင့်ပင် သူတို့နိုင်ငံ၏လျှပ်စစ်မီးနှင့် စွမ်းအင်ထောက်ပံ့မှု၄၀ရာခိုင်နှုန်းက ဖြတ်တောက်ခံလိုက်ရနိုင်ပြီး တိုင်းပြည်အတွက် ကြီးမားလှသောကပ်ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မည်သာ။

သိပ်တောင်အချိန်မယူလိုက်ရပါဘဲ ရက်အနည်းငယ်အတွင်းမှာပင် ချင်းချိုးတစ်နိုင်ငံလုံး ဝရုန်းသုန်းကားဖြစ်သွားပေလိမ့်မည်။ အုံကြွလာသော လူထုကြီးနှင့်ပင် ခေါင်းကိုက်ချင်စရာကောင်းနေလေပြီ။ စီးပွားရေးဆိုင်ရာဆုံးရှုံးမှုကို မဆိုထားနှင့်။ ပမာဏကား ခန့်မှန်းရခက်သော်လည်း အမေရိကန်ဒေါ်လာ၈၀၀ဘီလီထက်တော့ လျော့နိုင်မည်မဟုတ်။

"ကိုယ့်ကံကြမ္မာကိုယ် တအားရေစုန်မျှောမပစ်လိုက်ပါနဲ့လေ"

ကျန်းမုန့်လောင် ဆက်ပြောသည်။

"အဲ့ဒီပမာဏအကုန်လုံးကို တစ်ချီတည်းနဲ့ထုတ်ပေးဖို့ခက်မှန်းတော့ ကျွန်တော်သိပါတယ်။ အိမ်တွေကားတွေဝယ်တဲ့အခါ အရစ်ကျငွေချေစနစ်ဆိုတာ ရှိတယ်မလား။ ခင်ဗျားတို့မှာ အမေရိကန်ဒေါ်လာ၄၀၀ဘီလီယံရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ ခင်ဗျားတို့ အရစ်ကျငွေချေစနစ်ကို သုံးလို့ရတာပဲ"

"အတိုးနှုန်းကို စဉ်းစားကြည့်လိုက်ဦးမယ်"

ကျန့်မုန့်လောင်က သူ့ဘာသာရေရွတ်နေသည်။

"နှစ်စဉ်အတိုးနှုန်း၃၀ရာခိုင်နှုန်းပေါ် အခြေခံမယ်ဆိုရင်.."

"သေစမ်း"

ချင်းချိုးနိုင်ငံသားများက တစ်ယောက်ပြီးတစ်ယောက် ကျိန်ဆဲကြပါတော့သည်။ နှစ်စဉ်အတိုးနှုန်း၃၀ရာခိုင်နှုန်းအကြောင်း ကြားလိုက်ရသောအခါ သူတို့၏စိတ်အစဉ် ပြိုလဲသွားရသည်။ ဒါက ချေးငွေယူထားတာမို့လို့လား။ ဒါက အတိုးကြီးစားတာပဲ။

ယခုလိုအတိုးနှုန်းနှင့်ဆိုလျှင် ပထမတစ်နှစ်မှာတင် သူတို့ ကျန်းမုန့်လောင်ကိုပေးရမည့်ပမာဏသည် အမေရိကန်ဒေါ်လာ၁၃၀ဘီလီယံရှိပေလိမ့်မည်။ သူတို့၏နောက်ဆုံးGDPက အမေရိကန်ဒေါ်လာ၁.၆ထရီလီယံမျှသာရှိသည်။ သူတို့နိုင်ငံသားတွေက မစားမသောက်၊ ပိုက်ဆံမသုံးစွဲရတော့ဘူးလား။

"ဒါမှမဟုတ် နောက်ထပ်ရွေးချယ်စရာတစ်ခုပေးရမလား"

ကျန်းမုန့်လောင်က မပြောခင် ခဏမျှတွေးတောချိန်ဆလိုက်သေးသည်။

"ပိုက်ဆံမရှိဘူးလား။ ဒါဆို ခင်ဗျားတို့အနေနဲ့ အကြွေးဆပ်ဖို့အတွက် တခြားတစ်ခုခုကိုသုံးနိုင်တယ်။ ခင်ဗျားတို့ချိုးယွမ်မြို့က အရမ်းနေလို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က အခုတောင် ခင်ဗျားတို့မြေရဲ့ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်ထားပြီးပြီဆိုတော့ အဲ့ဒီပမာဏကို သုံးဆတိုးလိုက်မယ်ဆိုရင်လည်း စိတ်မရှိပါဘူး"

မင်းက စိတ်မရှိပေမဲ့ ငါတို့ကတော့ စိတ်ရှိတယ်ကွ။

ချွမ်းကျန်းကွေ့ခမျာ မကောင်းဆိုးဝါးတစ်ကောင်နှင့် အပေးအယူလုပ်နေရသလို ခံစားနေရသည်။ ချိုးယွမ်က သူတို့နိုင်ငံ၏မြို့တော်ဖြစ်သည်။ ထိုမြေ၏ဆယ်ပုံတစ်ပုံကို ရောင်းချထားခဲ့သည့်အဖြစ်မှာ ယခင်သမိုင်းတုန်းက ဖြစ်သည့်အတွက် သူတို့အနေနှင့် ရွေးချယ်စရာမရှိခဲ့ချေ။ သို့သော် ဤဆယ်ပုံတစ်ပုံမျှဖြင့်ပင် သိသာထင်ရှားလှသော သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သူတို့သည် အခွန်ငွေအမြောက်အများကို ကျန်းမုန့်လောင်ဆီသို့ နှစ်တိုင်းပို့ပေးနေရပြီး သူတို့လုပ်လိုက်သမျှ ဆောက်လုပ်ရေးတိုင်းအတွက်လည်း သူ့ကို ငှားရမ်းခပေးနေရသည်။ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာဆယ်ဘီလီယံကျော် ဆုံးရှုံးနစ်နာနေရသည်။

ထို့ပြင် အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံဖြင့်ဆိုလျှင် ထိုကဲ့သို့သော မြေကွက်နှစ်ခုကို ဝယ်နိုင်လုနီးပါးပင်။

သူတို့သာ ချိုးယွမ်မြို့၏ မြေကွက်၃၀ရာခိုင်နှုန်းကို ဆုံးရှုံးလိုက်ရပါက နောက်တစ်ကြိမ် နာလန်ပြန်ထူနိုင်တော့မည်မဟုတ်။ ဟွာရှားနိုင်ငံသားတစ်ယောက်က သူတို့၏မြေရှင်ဖြစ်နေခြင်းထက် ပို၍ ရယ်ဖို့ကောင်းသောကိစ္စရှိနိုင်ဦးမည်လား။ ချိုးယွမ်မြို့ကိုရော ချင်းချိုးနိုင်ငံဟု ခေါ်ထိုက်လေဦးမလား။

"ကျုပ်တို့ကို ဆွေးနွေးချိန်လေးနည်းနည်းပေးပါဦး"

ချွမ်းကျန်းကွေ့က အနူးအညွတ်တောင်းပန်လိုက်သည်။ ဤတစ်ခေါက်တွင် သူတို့အနေနှင့် အနည်းငယ်သောစတေးမှုတစ်ခု မလုပ်ပါက ကျန်းမုန့်လောင်၏ဒေါသကို ဖြေဖျောက်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း သိနေပေသည်။

ကျန်းမုန့်လောင်၏တောင်းဆိုမှုက အလွန်ပါးနပ်လှ၏။ နက်နဲလှသော သင်ခန်းစာတစ်ခုကို ချန်ထားရစ်နိုင်လောက်အောင် နာကျင်ဖွယ်ရာကောင်းလှသည့်တိုင် သူတို့ကို စိတ်ဓာတ်ကျနိုင်သည့်အနေအထားမျိုးကိုလည်း တွန်းပို့ခြင်းမရှိ။

"ကောင်းပြီလေ။ ခင်ဗျားတို့ကြိုက်သလောက်သာ ဆွေးနွေးကြ။ ကျွန်တော် အခုထိညစာမစားရသေးဘူး။ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချပြီးရင် ကျွန်တော့်ကိုပြောကြပေါ့"

သူ့ကိုယ်သူ အပြင်လူဟု သဘောမထားသော ကျန်းမုန့်လောင်က လီဂျီအွန်းနှင့်အတူ နေရာယူပြီး ထိုင်လိုက်လေသည်။

"ဂျီအွန်း..မင်း အနုပညာလောကမှာ ဆက်မနေသင့်တော့ဘူး။ ငါ့ဆီမှာ လာအလုပ်လုပ်ပါ့လား"

ကျန်းမုန့်လောင်က လီဂျီအွန်းနှင့် အေးအေးလူလူစကားပြောဆိုနေလေသည်။

"ဒါပေါ့"

လီဂျီအွန်းက ဆို၏။

"အိုပါး.. ချင်ချိုးမှာ ကုမ္ပဏီတစ်ခုဖွင့်ဖို့ စီစဉ်နေတာလား"

"အဲ့ဒါ ဘာလုပ်ရမှာလဲ"

ကျန်းမုန့်လောင်က မနှစ်မြို့ဟန်ဖြင့်‌ ပြောလိုက်သည်။

"မင်းတို့ချင်းချိုးနိုင်ငံမှာ ငါရှယ်ယာပါထားတဲ့ နိုင်ငံခြားလုပ်ငန်းစုတွေမှ အပြည့်ပဲ။ ငါ့ကုမ္ပဏီတွေက ချင်းချိုးနိုင်ငံတစ်ဝှမ်းမှာ နေရာယူထားပြီးပြီလေ"

"ဒါဆို ကျွန်မကို ဘာအတွက်လိုအပ်တာလဲ"

"ဟားဟား"

ကျန်းမုန့်လောင်က ချွမ်းကျန်းကွေ့နှင့် ကျန်လူများကို လှမ်းကြည့်လိုက်သည်။

"ငါ ဒီမှာ မြေကွက်ကြီးတစ်ခုကို သိမ်းပိုက်ဖို့ စီစဉ်နေတာ။ ပြီးရင် အိမ်တွေအပြည့်ဆောက်လိုက်မယ်။ အဲ့ဒီအိမ်တွေကို ငှားပြီး မြေခွန်ကောက်မယ်။ မင်းက ငါ့အတွက် နေ့တိုင်း အဲ့ဒီတစ်အိမ်ချင်းစီတိုင်းကနေ အိမ်ခွန်ကောက်ပေးရမယ်။ သော့တွေကိုင်ရမယ်"

"ခွီး"

လီဂျီအွန်းလည်း အော်မရယ်ဘဲ မနေနိုင်တော့ပေ။ ကျန်းမုန့်လောင် ယခုပြောလိုက်သောစကားတွင် "မြေအောက်လောက"၏ အသုံးအနှုန်းများ ပါဝင်နေသည်။ ချင်းချိုးနိုင်ငံ၏မြေကွက်များကို သိမ်းပိုက်ပြီး မြေခွန်များ ကောက်ခံမည်တဲ့။ ယခုတော့ အိမ်ခွန်ပါ ‌ကောက်ခံရန်စီစဉ်ထားသတဲ့လေ။ ဤသည်မှာ ချင်းချိုးနိုင်ငံ၏မြေကွက်များကို မိသားစုပိုင်ပစ္စည်းအဖြစ် သိမ်းယူပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းတော့မည့်အလားပင်။

ကျန်းမုန့်လောင် အလကားနီးပါးရခဲ့သော ထိုမြေကွက်များအတွက် ဆောက်လုပ်ရေးနှင့် ကုန်ကြမ်းပစ္စည်းစရိတ်များကိုသာ ပေးချေရပေလိမ့်မည်။ ရာသက်ပန်ပိုင်ဆိုင်မှုသာ ရသွားပါက ထိုကုန်ကျစရိတ်ကို နှစ်အနည်းငယ်အတွင်းမှာပင် ပြန်ရပေလိမ့်မည်။

ကျန်းမုန့်လောင်သာ ဤနေရာရှိ မြေကွက်ငါးပုံတစ်ပုံကို ရသွားခဲ့ပါက စတုရန်းကီလိုမီတာတစ်ရာကျော်သွားပေလိမ့်မည်။ ကျယ်ပြန့်လှသော ထိုမြေကွက်များကိုသာ မိုးမျှော်တိုက်ကြီးများ ဆောက်လိုက်ပါက သူတို့တော့ အညွန့်တလူလူတက်ပေတော့မည်။

"အိုပါး.. ကျွန်မ ငှားခတွေအကုန်လုံးကို လိုက်ကောက်နိုင်မှာမဟုတ်ဘူး"

လီဂျီအွန်းက ဆို၏။

"စိတ်မပူပါနဲ့။ မင်းတစ်ယောက်တည်းမလုပ်နိုင်ရင် လူတွေထပ်ငှားလိုက်လို့ရတာပဲ။ အဲ့ဒီလိုဆိုရင် ချင်းချိုးနိုင်ငံရဲ့အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်မှုနှုန်းလည်း တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုရလာလိမ့်မယ်"

သူတို့ပြောနေသည့်စကားများကို အကုန်ကြားလိုက်ရသော ချွမ်းကျန်းကွေ့ခမျာ နှလုံးအမောဖောက်လုမတတ် ဖြစ်သွားရသည်။ သူတို့နိုင်ငံ၏မြေကွက်ကို အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချပြီး ဝင်ငွေအားလုံးကတော့ ကျန်းမုန့်လောင်၏အိတ်ကပ်ထဲသို့ ဝင်သွားမတဲ့လား။ ဤသည်ကို အလုပ်အကိုင်တိုးတက်စေရေးဟု ခေါ်သလား။ ဤနည်းဖြင့် GDPကို ဖန်တီးခဲ့လေသလား။

အချိန်အတော်ကြာပြီးနောက် ချွမ်းကျန်းကွေ့နှင့် အခြားလူများလည်း ဆွေးနွေးညှိနှိုင်းမှု ပြီးစီးသွားလေပြီ။ သူ့ပုံစံကြည့်ရသည်မှာ ချက်ချင်းလက်ငင်း ဆယ်နှစ်လောက် အိုစာသွားသလိုပင်။

"ခင်ဗျားတို့ ဆွေးနွေးလို့ပြီးပြီလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"မစ္စတာကျန်း ကျုပ်တို့အနေနဲ့ ဒီပမာဏကို နည်းလမ်းနှစ်မျိုးရောပြီး‌ ပေးချေဖို့ဆုံးဖြတ်ထားပါတယ်။ ငွေသားနဲ့ အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံပေးချေပြီး ကျင်းရှန်းမြို့မှာရှိတဲ့ မြေကွက်စတုရန်းကီလိုမီတာ၁၂၀ကို ပေါင်းထည့်ပေးမှာပါ"

ချွမ်းကျန်းကွေ့က တစ်စုံတစ်ယောက်ကို မြေပုံတစ်ခုယူလာခိုင်း၍ ထိုနေရာကို ကျန်းမုန့်လောင်အား ပြသနေသည်။

"ကျွန်တော့်ကို ငတုံးလို့ထင်နေတာလား။ ဒီနေရာက အမေရိကန်ဒေါ်လာ၆၀၀ဘီလီယံတန်လို့လား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။ ဤနေရာတွင် တောင်တန်းများနှင့် စွန့်ပစ်မြေများနှင့် ပြည့်နှက်နေပြီး ဘာစီးပွားဖြစ်နယ်မြေမှ မဟုတ်သလို နို်ငငံခြားခရီးသွားတန်ဖိုးလည်း မရှိချေ။

"မစ္စတာကျန်း..ဒါက ကျွန်တော်တို့ကမ်းလှမ်းနိုင်တဲ့ အကောင်းဆုံးအရာပါပဲ"

ချွမ်းကျန်းကွေ့ခမျာ ကျန်းမုန့်လောင်ကို ဒူးထောက်မိလုနီးနီးပင်။ မြို့ပြဧရိယာများတွင် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များ စီစဉ်ထားပြီးဖြစ်၏။ ဤဆင်ခြေဖုံးဒေသများမှာလည်း မပေးမဖြစ်၍သာ ပေးထားရခြင်းဖြစ်သည်။

"ခင်ဗျားတို့ရဲ့ချာတူးလံနေရာကို ကျွန်တော်က သဘောကျမတဲ့လား"

ကျန်းမုန့်လောင်က မနှစ်မြို့ဟန်ဖြင့် ပြောလိုက်သည်။

"လူသူဝေးတဲ့ဒီလိုနေရာမျိုးမှာ ကျွန်တော် အလေးစွန့်မယ်ဆိုရင်တောင် အေးခဲသွားလိမ့်မယ်"

"စကားမစပ်..ဂျီအွန်း ချင်းချိုးမှာ ရှုခင်းလှတဲ့နေရာတစ်နေရာရာများရှိလား"

"အဲ..ကျွန်မတို့မှာ ကျီလင်းကျွန်းရှိတယ်လေ။ အရမ်းလှတာ။ ကျွန်မ မကြာခဏအလည်သွားဖူးတယ်။ ချင်းချိုးရဲ့ ဟာဝိုင်အီလို့တောင် ပြောလို့ရတယ်"

"သဘောတူတယ်"

ကျန်းမုန့်လောင်က ချွမ်းကျန့်ကွေ့ဘက်ကိုလှည့်၍ ပြောလိုက်သည်။

"ကျွန်တော် ကျီလင်းကျွန်းမှာရှိတဲ့‌ မြေကွက်၁၅၀စတုရန်းကီလိုမီတာ လိုချင်တယ်။ ကမ်းခြေနဲ့ကပ်လျက်ရှိတဲ့နေရာနော်"

ချွမ်းကျန်းကွေ့၏ ကူကယ်ရာမဲ့နေလေဟန် စိတ်အိုက်နေသည့်အမူအရာကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။

"ဒါက ကျွန်တော့်ရဲ့နောက်ဆုံးသတ်မှတ်ချက်ပဲ"

ချွမ်းကျန်းကွေ့နှင့် သူ့ဘေးရှိလူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အဆုံးမှာတော့ အံတင်းတင်းကြိတ်၍သာ သဘောတူလိုက်ရသည်။

"အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံကိုတော့ သုံးရက်အတွင်း ခင်ဗျားအကောင့်ထဲ လွှဲပေးလိုက်ပါ့မယ်။ ကျွန်းမြေကွက်လွှဲပြောင်းမှုကတော့ ပြဿနာရှုပ်ထွေးမှုတချို့ကြောင့် တစ်လလောက်ကြာနိုင်ပါတယ်"

"အဲ့ဒီကိစ္စကိုကိုင်တွယ်ဖို့ ကျွန်တော် လူတွေစီစဉ်ပေးပါ့မယ်"

ကျန်းမုန့်လောင်က ပျင်းတိပျင်းလျော့ အကြောဆန့်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။

"ဂျီအွန်း သွားရအောင်"

"မစ္စတာကျန်း နေပါဦး အာရပ်ရေနံဆီ.."

"ဟုန်းရီ.. သူတို့ကို ရေနံဆီထောက်ပံ့မှု ပြန်တင်ပို့ခိုင်းလိုက်။ ဈေးနှုန်းကိုတော့ နောက်သုံးနှစ်ကျော်အထိ ၃၀ရာခိုင်နှုန်းတက်လိုက်"

"ဘာ? ဈေးတက်မှာလား"

ချွမ်းကျန်းကွေ့ခမျာ အံ့အားသင့်သွားရလေသည်။

"ဒါကို သတိပေးတယ်လို့သဘောထားလိုက်"

ကျန်းမုန့်လောင် ပြောလိုက်သည်။

"နောက်တစ်ခါရှိလာဦးမယ်ဆိုရင် ဒီလောက်ရိုးရှင်းမှာမဟုတ်တော့ဘူး"

ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့် လှစ်ဟပြသလိုက်သည်။

"ဒါပေမဲ့ ခင်ဗျားတို့တွေ လူငှားပြီး ကျွန်တော့်ကို နောက်တစ်ခေါက် သတ်ဖို့ကြိုးစားဦးမယ်ဆိုရင်လည်း ကြိုဆိုနေမှာပါ"

**********

All Chapters