သူတို့ကို ထွက်သွားခိုင်းလိုက်
Vol. 12 Ch. 168
"ဟူး..နောက်ဆုံးတော့ ပြန်ရောက်ပြီပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းတွေက တကယ်သေချင်စော်နံတယ်"
ကျန်းမုန့်လောင်က လေဆိပ်မှ အိမ်ကို ပျင်းတိပျင်းလျော့ပြန်လာရင်း ခြေပစ်လက်ပစ်လဲလျောင်းနေချေသည်။ ဤအိမ်ပြန်ခရီးတွင် ကျန်းမုန့်လောင်အနေနှင့် ဘာလျှပ်တပြက်ဖြစ်ရပ်မျိုးနှင့်မှ မကြုံခဲ့ရပေ။ ကြည့်ရသည်မှာဤတစ်ခေါက်တော့ သူ ချင်းချိုးနိုင်ငံ၏အသွေးအသားများကို ခမ်းခြောက်အောင် စုပ်ယူနိုင်ခဲ့ဟန်တူ၏။
လျော်ကြေးငွေအမေရိကန်ဒေါ်လာ၂၀၀ဘီလီယံနှင့် ကျီလင်းကျွန်း၏မြေကွက်ဆယ်ပုံတစ်ပုံတို့မှာ ချွမ်းကျန်းကွေ့နှင့် သူ့လူများကို အချိန်အတော်ကြာခေါင်းခဲစေလိမ့်မည်ဖြစ်၏။ သူတို့က ရူးနှမ်းနေသူများမဟုတ်ကြသည့်အတွက် ကျန်းမုန့်လောင်ကို နောက်တစ်ခါထပ်ပြီး ပြဿနာရှာရဲတော့မှာမဟုတ်ပေ။
"မစ္စတာကျန်း.. ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရှင်က ခေါင်းခဲရတာမဟုတ်ပါဘူး။ ရှင်ကသာ သူများတွေကို ခေါင်းခဲအောင်လုပ်ခဲ့တာပါ"
ဟုန်းရီက နံဘေးမှနေ၍ ရယ်မောလေသည်။
"သူတို့နဲ့တန်တယ်လေ"
ကျန်းမုန့်လောင်ကလည်း သာမန်ကာလျှံကာ မှတ်ချက်ပေးလိုက်သည်။
"နို်ငငံတကာမှာ ငါ့အကြောင်း မကောင်းပြောနေကြတဲ့လူတွေ ရှိသေးလား"
"ဘယ်သူက အဲ့လိုလုပ်ရဲတော့မှာလဲ"
ဟုန်းရီက ပြန်ဖြေ၏။
"ဒီရက်ပိုင်းတွေထဲမှာ ရှင့်အမိန့်ကြောင့် နိုင်ငံငယ်၁၂နိုင်ငံက လုံးဝပြိုလဲသွားရပြီ။ ခန့်မှန်းခြေဆယ်နှစ်နဲ့နှစ်နှစ်ဆယ်လောက်တော့ တိုးတက်မှုဆုတ်ယုတ်သွားပြီ။ အဲ့ဒီနိုင်ငံတကာစီးပွားရေးပညာရှင်တွေက အရူးတွေမှမဟုတ်တာ။ ဒါက တစ်ယောက်ယောက်ရဲ့လက်ချက်လား ဈေးကွက်ပျက်လို့ဖြစ်ရတာလားဆိုတာ သူတို့ သေချာပေါက်သိတာပေါ့။ နည်းနည်းလောက်စုံစမ်းရင် အကုန်သိရပြီလေ"
"ပြီးတော့ မကြာသေးခင်ကမှ ရှင် ချင်းချိုးနိုင်ငံမှာ ဖန်တီးခဲ့တဲ့ ဂယက်နဲ့အတူ "အောင်နိုင်သူ"သီချင်းကို ကမ္ဘာတစ်ဝှမ်းလုံးမှာ သီဆိုနေကြတာကိုကြည့်ရင် ငတုံးတစ်ယောက်တောင်မှ ရှင့်လက်ချက်ဆိုတာကို သိမှာပဲ။ ဒီလိုအခြေအနေအထိရောက်နေမှတော့ မကောင်းပြောရဲတဲ့လူတစ်ယောက်ယောက်ရှိရင်လည်း သူတို့အနေနဲ့ ချင်းချိုးနိုင်ငံထက် စီးပွားရေးအင်အားပိုတောင့်အောင်လုပ်ထားဖို့ လိုလိမ့်မယ်"
"ငါကတော့ နောက်ထပ်ပြဿနာရှာတဲ့လူတွေ ရှိဦးမယ်လို့ထင်ထားတာ။ စိတ်ပျက်စရာပဲ"
ကျန်းမုန့်လောင်က အပျော်အပါးလေးရှာလိုဟန်ဖြင့် ပြောလာသည်။
"အိုး..မစ္စတာကျန်း.. ခုနက ရှင် လေယာဉ်ပေါ်မှာ အိပ်ပျော်နေတုန်းက မစ္စတာဝမ်လင်ဆီက ဖုန်းဝင်လာသေးတယ်။ ကျွန်မ ရှင့်အစားကိုင်လိုက်တယ်"
"အိုး ဘာကိစ္စလဲ။ ရိုက်ကူးရေးအဖွဲ့မှာ ပြဿနာတက်နေတယ်လို့တော့ မပြောနဲ့နော်။ ငါက ဒီရုပ်ရှင်ကို တတ်နိုင်သမျှ မြန်မြန်ကြည့်ရဖို့ မျှော်လင့်ထားတာ"
ကျန်းမုန့်လောင်က ဆို၏။
"အမှန်ပါပဲ။ ပြဿနာလေးတချို့ရှိနေလို့တဲ့"
ဟုန်းရီက ခွန်းတုံ့ပြန်လိုက်သည်။
"သရုပ်ဆောင်တချို့က အာဏာပြနေကြတယ်လေ"
"အနှောင့်အယှက်ပေးမဲ့အရာတစ်ခုခု ရှိလိမ့်မယ်လို့တော့ ထင်သားပဲ"
ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်ယူ၍ ဝမ်လင့်ကို တိုက်ရိုက်ဖုန်းခေါ်ချလိုက်သည်။
"နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီပေါ့လေ။ မင်းက ချင်းချိုးနိုင်ငံကိုသွားပြီး ရက်တော်တော်ကြာအောင်ပျော်ပါးနေတာ။ ငါ့ကိုတော့ ဒီအရှုပ်ထုပ်ကြီးထဲ ပစ်ထားခဲ့တယ်ပေါ့လေ။ ဒီရုပ်ရှင်ကိုရိုက်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ မင်းသိရဲ့လား။ မင်းက မူရင်းနေရာမှာပဲ ရိုက်ကူးရေးလုပ်ချင်တယ်ဆိုလို့ ငါ့မှာတော့ အခု ချင်ဂန်တောင်တန်းမှာ အေးခဲတော့မယ်ကွ"
ကျန်းမုန့်လောင် စကားမပြောနိုင်ခင်မှာပင် ဝမ်လင်၏ပါးစပ်မှ စက်သေနတ်ပစ်သည့်အလား စကားများ တရစပ်ထွက်ပေါ်လာသည်။
"အဲ့ဒါက ရိုက်ကူးရေးရလဒ်ကောင်းဖို့အတွက်လေ"
ကျန်းမုန့်လောင်က ရယ်သည်။
"ဝတ္ထုထဲမှာလည်း သမိုင်းကြောင်းဆိုင်ရာအချက်အလက်တချို့ ပါတယ်လေ။ အနီရောင်ကမ်းခြေစခန်းက ချင်ဂန်တောင်တန်းနယ်မြေမှာ ရှိတာကိုး။ အဲ့ဒီမှာ ရိုက်ကူးရေးလုပ်မယ်ဆိုရင် ပိုပြီးစစ်မှန်မသွားဘူးလား။ ဒါပေမဲ့ ဒါရိုက်တာဝမ်ကိုယ်တိုင် ရိုက်ကွင်းကိုလာကြည့်လိမ့်မယ်လို့တော့ ငါထင်မထားဘူး"
"ပေါက်ကရတွေ.. ငါက ပါးစပ်အပြောပဲရှိတဲ့ ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်မှမဟုတ်တာ။ ငါ့မှာလည်း ရည်မှန်းချက်ဆိုတာရှိတယ်ကွ သိလား"
"ပြောစမ်းပါဦး။ ဘာတွေဖြစ်နေတာလဲ။ တချို့သရုပ်ဆောင်တွေက အာဏာပြနေကြတယ်လို့ ငါ ဟုန်းရီဆီက ကြားထားတယ်"
"မင်းသိလား။ မြို့တော်နဲ့ယှဉ်ရင် ဒီနေရာက လူသူနေထိုင်မှုမရှိတော့ သဘာဝအခြေအနေကလည်း တော်တော်ဆိုးဝါးတယ်။ ငါတို့က ဒီနေရာမှာ တစ်လလောက် ရိုက်ကူးရေးလုပ်ရမှာ။ ပြီးတော့ ဖူးဖူးမှုတ်နေခဲ့ရတဲ့ တချို့သရုပ်ဆောင်တွေကလည်း အစပိုင်းတော့ သည်းခံနိုင်ပေမဲ့ တစ်ပတ်လောက်ရိုက်ကူးရေးလုပ်ပြီးသွားတော့ ဇာတိပြလာတော့တာပဲ"
"အထူးသဖြင့် ဒါဟယ်အင်တာတိန်းမန့်က တိုက်ချင်းယင်ပဲ။ ယဲ့ဝမ်ကျဲရဲ့ဇာတ်ကောင်ကို ရထားတဲ့တစ်ယောက်လေ။ သူက ရိုက်ကူးရေးအဖွဲ့ထဲမှာ ပြဿနာအရှာဆုံးပဲ။ ဆီလျော်မှုမရှိတဲ့ တောင်းဆိုချက်တွေကိုလည်း တအားလုပ်တာ။ ပြီးတော့ သူ့ကိုယ်ပိုင်အဖွဲ့တစ်ခုဖွဲ့ပြီးတော့တောင် ရိုက်ကူးရေးအဖွဲ့ကို စိန်ခေါ်နေတာကွ"
"တိုက်ချင်းယင်လား။ သူ့သရုပ်ဆောင်စွမ်းရည်က မဆိုးဘူးလားလို့။ သူက ဆုတချို့လည်း ရထားတယ်မဟုတ်လား။ ရုပ်ရှင်အတွက်လည်း သူ့ကို အခကြေးငွေကောင်းကောင်းပေးထားတယ်လေ။ မဟုတ်ဘူးလား"
ကျန်းမုန့်လောင်က ထိုနာမည်ကို ကောင်းကောင်းကြီးမှတ်မိသည်။ တိုက်ချင်းယင်၏ဇာတ်ကားတော်တော်များများကိုလည်း သူကြည့်ဖူးသည်။ သူ(မ)၏ မီဒီယာအမြင်ကလည်း အပြုသဘောဆောင်သော ပုံရိပ်ရှိသည့်အတွက် ကျန်းမုန့်လောင်လည်း အစတုန်းက သူ(မ)အပေါ် အထင်အမြင်ကောင်းများရှိခဲ့သည်။
"ကောင်းကောင်းပေးတာမဟုတ်ဘူးတဲ့လား။ သူ့လစာ၈၀မီလီယံနဲ့ဆိုရင် ပထမပိုင်းရဲ့ဇာတ်လိုက်ဖြစ်တဲ့ ဝမ်မြောင်ပြီးရင် သူက ဒုတိယပဲ။ အဲ့ဒါကို ရိုက်ကူးရေးအခြေအနေဆိုးဝါးမှုကို အကြောင်းပြပြီး တစ်ရာမီလီယံအထိ ရုတ်တရက်ကြီး တိုးတောင်းတယ်လေ"
ဝမ်လင်က နှာမှုတ်လျက် ပြောလာလေသည်။
"ဇာတ်ပို့တွေနဲ့ တခြားသရုပ်ဆောင်တွေကတော့ ဘာမှအထွန့်မတက်ရှာဘူး။ ဒါတောင် သူက လုပ်အားခတိုးတောင်းဖို့ သတ္တိတွေရှိနေတာ"
"အဲ့ဒါတင်မကဘူး။ သူက နေ့တိုင်း ရေပူနဲ့ ရေချိုးချင်သေးတာ။ ပြီးတော့ ရေချိုးကန်တစ်ခုကိုလည်း သုံးမယ်တဲ့။ ဒီနေရာအကြောင်းလည်း မင်းသိသားနဲ့။ ရေပူနဲ့ရေချိုးရရင်ကို တော်လှပြီ"
"အဆိုးဆုံးကတော့ သူက နေ့တိုင်း ဒီဟာစားမယ် ဟိုဟာစားမယ်နဲ့ တောင်းဆိုသေးတာ။ သူက ဒီနေရာကို သရုပ်ဆောင်ဖို့လာတာလား။ မင်းသမီးတစ်ပါးလိုနေဖို့လာတာလားဆိုတာတောင် မသိတော့ဘူး"
"ဒါဆို မင်း သူ့ကိုမထိန်းနိုင်ဘူးပေါ့"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"သူ သရုပ်မဆောင်ချင်ဘူးဆိုရင်လည်း ထွက်သွားခိုင်းလိုက်လေ။ ဒါဆို အဆင်ပြေပြီမလား"
"ခွီး..သူက မင်းသမီးလေးတစ်လက်ပါပဲကွာ။ ကိုင်တွယ်ဖြေရှင်းနေစရာ ဘာရှိလဲ"
ဝမ်လင်က ပြောသည်။
"ဒါပေမဲ့ သူ့နောက်ခံက ဒါဟယ်အင်တာတိန်းမန့်ရဲ့သူဌေးလေ။ သူက ငါ့အဖေနဲ့ အဆက်အသွယ်အများကြီးရှိတယ်။ ငါကြားတာတော့ တိုက်ချင်းယင်က ဒါဟယ်ရဲ့ဘော့စ်နဲ့ ထူးခြားတဲ့ဆက်ဆံရေးတစ်ခုရှိတယ်တဲ့။ အဲ့ဒါကြောင့် ဒီကိစ္စကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လိုက်ရင် ငါ့အဖေနဲ့ သူတို့ရဲ့ဆက်ဆံရေးကို သွားထိခိုက်မှာစိုးလို့"
"သိပြီ။ ဒီတော့ မင်းက ငါ့ကို လူမိုက်ငှားချင်တာပေါ့လေ"
ကျန်းမုန့်လောင်က ဝမ်လင်၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။
"ဟီးဟီးဟီး… ဘော့စ်ကျန်း တောက်ပရမဲ့အချိန် ကျပြီလေ"
"ကောင်းပြီလေ။ ငါနားလည်ပြီ။ ဒီကိစ္စကို ငါ့ဘာသာပဲ ဖြေရှင်းလိုက်မယ်။ မနက်ဖြန်မနက် ငါလာခဲ့မယ်"
...
"ဟစ်.. သောက်ရမ်းအေးနေတာပဲ"
ကျန်းမုန့်လောင်က ထူထဲလှသော ဂျာကင်တစ်ထည်ကိုဝတ်ဆင်ပြီး တာ့ရှင်းအန်းလင်ရိုက်ကွင်းနေရာသို့ ဟယ်လီကော်ပတာနှင့် ရောက်ချလာသည်။ တစ်လအတွင်းမှာပင် ကျန်းမုန့်လောင်၏ များပြားလှသော ရင်းနှီးမြှုပ်နှံမှုကြောင့် အနီရောင်ကမ်းခြေ၏ ပုံစံတူ၏ ၁:၁စကေးခန့်က မြေပြင်ပေါ်တွင် ပုံပေါ်နေပြီဖြစ်၏။
"ကျစ်ကျစ်ကျစ်..ဆောက်လုပ်ရေးမိစ္ဆာကြီးတစ်ကောင်ပဲ"
ကျန်းမုန့်လောင်က ချီးကျူးလိုက်၏။ ဤစခန်းကို ဆောက်လုပ်ပေးရန် တာဝန်ရှိသော ဆောက်လုပ်ရေးကုမ္ပဏီက ကပ်ရောဂါစတင်ချိန်တုန်းက ဟွားရှန်ရှန်ဆေးရုံကို ဆောက်လုပ်ခဲ့သော ကုမ္ပဏီပင်။ သူတို့၏စွမ်းဆောင်ရည်က ကျန်းမုန့်လောင်ကို စိတ်မပျက်စေခဲ့ချေ။
"မုန့်လောင် ဒီမှာ"
မလှမ်းမကမ်းတွင် ဝမ်လင်က ကျန်းမုန့်လောင်ကို လက်ပြနေသည်။ သူဟာ သူ့မျက်လုံးလေးကိုသာဖော်၍ တစ်ကိုယ်လုံး အလုံထုပ်ထားသည်။
"မင်းက ဘယ်လိုလုပ်ပြီး မံမီလိုမျိုး အလုံထုပ်ထားတာလဲ"
"မင်းကများ ငါ့ကိုလာမေးနေတယ်ပေါ့။ မင်းရော ဘာထူးလဲ"
ဝမ်လင်က ပြန်ပက်လိုက်သည်။
"ရိုက်ကွင်းနေရာကို အရင်သွားကြည့်ကြစို့။ သူတို့ အခု ရိုက်ကူးရေးလုပ်နေကြတယ်"
...
"ပြန်မဖြေနဲ့။ ပြန်မဖြေနဲ့။ ပြန်မဖြေနဲ့"
ယဲ့ဝမ်ကျဲက ကြက်သေသေလျက် ရပ်တန့်နေချေသည်။ ဤသည်မှာ လူသားများ စကြဝဋ္ဌာလူမျိုးစုတစ်ခုထံမှ ပထမဆုံးအကြိမ်တုံ့ပြန်မှုတစ်ခု ရရှိလိုက်ခြင်းပင်။
...
"ကတ်"
ဒါရိုက်တာက ရပ်တန့်လိုက်သည်။
"အရမ်းကောင်းတယ်။ ရိုက်ချက်တစ်ချက်တည်းနဲ့ ကွက်တိပဲ။ နောက်ရိုက်ချက်အတွက် အသင့်ပြင်ထား"
ဇာတ်ကောင်ထဲတွင် နစ်မြောနေသော တိုက်ချင်းယင်က အလွန်တရာစိတ်မရှည်ဖြစ်သွားသည်။ သူ(မ)က ဂျာကင်အထူကြီးဖြင့် သူ(မ)ကိုယ်သူ(မ)ပတ်ထားလိုက်ပြီး အပူပေးထားသည့် နားနေခန်းထဲသို့ ဝင်သွားသည်။
"သူက မျက်နှာပြောင်းနည်းတွေဘာတွေများ သင်ထားတာလား"
ကျန်းမုန့်လောင်မှာ ဆွံ့အသွားရလေသည်။ တစ်ခါတစ်ရံတွင် လူတစ်ယောက်၏အမူအရာနှင့် မျက်လုံးမှတစ်ဆင့် သူ့အကြောင်းကို သိနိုင်လေသည်။
"ဒီနေ့အတွက် ကျန်တဲ့ရိုက်ကွက်တွေ…"
ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာတို့က လာမည့်ရိုက်ကွက်အတွက် သရုပ်ဆောင်များနှင့် တိုင်ပင်ဆွေးနွေးနေဆဲပင်။
"ဒါရိုက်တာ"
တိုက်ချင်းယင်က ရုတ်တရက်ကြားဖြတ်ပြောလိုက်သည်။
"ကျွန်မ ဒီနေ့ နေသိပ်မကောင်းလို့။ မနက်ဖြန်မှ ရိုက်ကြရအောင်"
"ချင်းယင်.. အဲ့လိုဆိုရင် မဖြစ်ဘူး။ မင်း မနေ့ကလည်း တစ်ရက်နားပြီးပြီလေ။ မင်းတောင်းဆိုလို့ ငါတို့တွေ ကျွမ်းကျင်ဆရာဝန်တစ်ယောက်လည်း ခေါ်ပေးထားပြီးပြီ။ မင်းရဲ့ကျန်းမာရေးက ဘာမှမဖြစ်ဘူးလို့ ဆရာဝန်ကလည်း ပြောထားတယ်မလား။ ဆက်ရိုက်ကြရအောင်။ ငါတို့ ရိုက်ကူးရေးအစီအစဉ်ကို နှောင့်နှေးအောင်လုပ်လို့မဖြစ်ဘူး"
ဒါရိုက်တာက စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။
"ကျွန်မရဲ့ခန္ဓာကိုယ်အကြောင်း ကျွန်မက အသိဆုံးပဲ"
တိုက်ချင်းယင်၏ပုံစံကား နေမကောင်းသူတစ်ယောက်နှင့် လုံးဝမတူချေ။
"ပြီးတော့ "Three-Body"ရဲ့ပထမပိုင်းမှာ ယဲ့ဝမ်ကျဲကမှ တကယ့်ဇာတ်လိုက်အစစ်လေ။ ကျွန်မက ဝမ်မြောင်ထက် ဘာလို့ လုပ်ခနည်းရတာလဲ။ ပြီးတော့ ဒီနေရာက ရာသီဥတုအခြေအနေဆိုးဝါးတဲ့အတွက် ကျွန်မကို လုပ်အားခတိုးပေးရမယ်လို့ ရှင့်ကို ပြောထားတယ်လေ။ ရှင်တို့ ဒီအကြောင်းကို ရင်းနှီးမြှပ်နှံသူတွေနဲ့ ဆွေးနွေးပြီးပြီလား"
"ရှောင်တိုက်.. ဒါတွေက အစကတည်းက သဘောတူထားပြီးသားလေ။ ငါတို့ စာချုပ်ချုပ်တဲ့အချိန်တုန်းက ဒီသတ်မှတ်ချက်တွေအကုန်လုံးကို မင်းကို အသိပေးထားပြီးသားပဲ။ အဲ့ဒီတုန်းက မင်း ဘာမှမကန့်ကွက်ခဲ့ဘူးလေ။ ဘာလို့ အခုမှ…"
တိုက်ချင်းယင်က အနီးအနားရှိ သရုပ်ဆောင်များကို တစ်ချက်ကြည့်လိုက်လေရာ အမျိုးသားသရုပ်ဆောင်နှစ်ယောက်က နှာခေါင်းတရှုံ့ရှုံ့ဖြင့် ချဉ်းကပ်လာကြသည်။
"ဒါရိုက်တာ… ရှောင်တိုက်က မိန်းကလေးလေ။ ဒီနေရာမှာလည်း အရမ်းအေးတော့ သူ့ဘက်က ထပ်တောင်းဆိုတာကလည်း အကျိုးအကြောင်းသင့်ပါတယ်။ သူ့တောင်းဆိုမှုတွေက မလွန်ဘူးလို့ ကျွန်တော်တို့ကတော့ထင်တာပဲ"
"ဒါရိုက်တာ.. ဒီကိစ္စကို သေချာစဉ်းစားပေးပါ။ ကျွန်မ သွားနားတော့မယ်"
တိုက်ချင်းယင်က သွားတော့မည့်ဟန်ပြု၍ ပြောလိုက်သည်။ သူ(မ)က ဤဇာတ်ကောင်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ကြောင်း သူ(မ) ယုံကြည်သည်။ ရိုက်ကူးရေးပြီးမြောက်မှုကလည်း ဤမျှအနေအထားအထိ ရောက်လာပြီးဖြစ်ရာ သူ(မ)ကို လူစားထိုးရန်လည်း မဖြစ်နိုင်တော့ပေ။ ရိုက်ကူးရေးအဖွဲ့က အဆုံးတွင် သူ(မ)၏တောင်းဆိုချက်ကို လိုက်လျောလာလိမ့်မည်ဟု သူ(မ) ယုံကြည်ထားသည်။
"မင်း ဆက်မရိုက်နိုင်ဘူးဆိုရင်လည်း ထွက်သွားလိုက်လေ။ ဘာအရေးမပါတာတွေ ပြောနေတာလဲ"
ထိုအခိုက်မှာပင် လူငယ်လေးတစ်ယောက်၏အသံက နားနေခန်း၏အပြင်မှ ထွက်ပေါ်လာလေသည်။
*********