ငါက ပိုက်ဆံကို ဂရုစိုက်နေလို့လား
Vol. 12 Ch. 169
"ဘယ်သူလဲ"
နားနေခန်းထဲရှိ လူတိုင်း၏အကြည့်က ဝင်ပေါက်ဆီသို့ ကျရောက်သွားသည်။
တိုက်ချင်းယင်က မာနကြီးကြောင်း လူတိုင်းသိထားကြသည်။ အများစုက ထိုအကြောင်းကို သတိထားမိသော်လည်း သူ(မ)၏နောက်ကွယ်မှာသာ အတင်းပြောရဲကြသည်။
၂၇နှစ်အရွယ် တိုက်ချင်းယင် ဟွာရှားရှိ လူငယ်မျိုးဆက်ထဲတွင် ဩဇာညောင်းသော မင်းသမီးတစ်လက်ဟု ယူဆနိုင်သည်။ သရုပ်ဆောင်နယ်ပယ်မှာသာမက သူ(မ)သည် ဂီတလောကတွင်လည်း အရည်အချင်းရှိသည်။ သူ(မ)၏ကျွမ်းကျင်မှုကား မေးခွန်းထုတ်စရာမလိုပေ။ တာ့ဟယ်အင်တာတိန်းမန့်၏နောက်ခံကိုပါ ပေါင်းလိုက်လျှင် သူ(မ)သည် အခွင့်ထူးခံပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ခြင်းပင်။
သူ(မ)နှင့်အတူ အလုပ်တွဲလုပ်ဖူးသည့် သရုပ်ဆောင်များက သူ(မ)အပေါ် မကျေနပ်ချက်များ ရှိကြသည်။ ထိုအထဲတွင် ဒါရိုက်တာများလည်း ပါဝင်လေသည်။ သို့သော် သူ(မ)၏နောက်ခံကြောင့် မည်သူကမှ သူ(မ)ကို တိုက်ရိုက်ရင်မဆိုင်ရဲကြပေ။ ရုပ်ရှင်ရုံဝင်ကြေးနှင့် တီဗီဇာတ်လမ်းတွဲ၏အဆင့်သတ်မှတ်ချက်များကို မြင်ပြီးသွားလျှင် သူတို့၏မသက်သာမှုများက ပျောက်ကွယ်သွားလိမ့်မည်သာ။ ဖျော်ဖြေရေးလောကထဲတွင် အကျိုးအမြတ်ကသာ ပဓာနဖြစ်၏။
တိုက်ချင်းယင်၏၏ပရိသတ်များကလည်း အင်အားကြီးမားသည်။ အင်တာနက်တွင် သူ(မ)၏ပရိသတ်အင်အားက ဆယ်သန်းမျှရှိပြီး "တိုက်မိသားစုစစ်တပ်"ဟု ခေါ်တွင်ကြ၏။ သူတို့ ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် ဝေဟင်မှာပင် တိုက်ခိုက်နိုင်စွမ်းရှိသည်။ တိုက်ချင်းယင်ကို အနည်းငယ်ဆန့်ကျင်လိုက်မိလျှင်ပင် သူတို့က အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ကြပေလိမ့်မည်။
တစ်ခါတုန်းက တိုက်ချင်းယင်နှင့် အလုပ်အတူတွဲလုပ်ခဲ့ဖူးသော အမျိုးသားသရုပ်ဆောင်တစ်ယောက်က သူ(မ)၏စိတ်ကြီးဝင်သောအပြုအမူနှင့်ပတ်သက်ပြီး မကောင်းသောမှတ်ချက်တစ်ခု ပေးခဲ့ဖူးသည်။ နောက်ဆက်တွဲကား မရှုမလှဖြစ်ခဲ့ရသည်။ သူ့ခမျာ နေ့စဉ်နှင့်အမျှ သူ(မ)၏အရူးအမူးပရိသတ်များထံမှ ပွင့်လင်းမြင်သာရှိလှသော ဓာတ်ပုံများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သူ့ကိုယ်ရေးကိုယ်တာဘဝလည်း လုံးဝဖရိုဖရဲဖြစ်သွားရကာ အဆုံးမှာတော့ စိတ်ဓာတ်ကျပြီး လူထုရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ဤသည်မှာ သူ(မ)၏အရည်အချင်းကို မြင်သာထင်သာရှိစေသည်။ ဟွာရှားတွင် ပရိသတ်များကို ဤမျှအထိ စည်းလုံးအောင်လုပ်နိုင်သည့် သရုပ်ဆောင်များက အနည်းစုသာရှိသည်။
ထို့ကြောင့် ဒါရိုက်တာများပင် တိုက်ချင်းယင်ကို မဆန့်ကျင်ရဲကြပေ။ သူတို့၏ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်သည့် ဝမ်လင်ကတော့ တိုက်ချင်းယင်ကို မကြောက်သော်ငြား သူ့အဖေ၏အမြင်ကို ထည့်သွင်းစဉ်းစားရသေးသဖြင့် အခြေအနေမှာ အနည်းငယ်နူးညံ့နေချေသည်။
ဤသည်မှာ ရိုက်ကူးရေးစတင်ပါပြီဆိုကတည်းက တိုက်ချင်းယင်ကို ဗြောင်ကျကျစိန်ခေါ်ရဲပြီး သူ(မ)ကို ထွက်သွားဖို့ ပြောရဲသည်မှာ ပထမဆုံးပင်။
"ကလစ်"
ကျန်းမုန့်လောင်က တံခါးဖွင့်၍ အထဲကိုဝင်လာလိုက်သည်။
"ငါသာ ဒီနေရာကို ကိုယ်တိုင်မလာခဲ့မိရင် ငါတို့ရဲ့ရိုက်ကူးရေးအဖွဲ့မှာ ဒီလိုလူစားမျိုးတွေရှိနေမှန်း သိမှာမဟုတ်ဘူး။ တောအုပ်ကကြီးတော့ ငှက်အမျိုးအစားပေါင်းစုံကို ဆွဲဆောင်နိုင်တာပဲ"
"မစ္စတာကျန်း"
ကျန်းမုန့်လောင်ကို မြင်လိုက်ရသောအခါ ဒါရိုက်တာလည်း စိတ်သက်သာရာရသွားလေသည်။ ဤအချိန်အတောအတွင်းမှာ သူ့အနေနှင့် တိုက်ချင်းယင်ထံမှ ဖိအားများကို သည်းခံပြီး ရိုက်ကူးရေးတိုးတက်မှုအခြေအနေကို ထိန်းချုပ်ထားရသည်ဖြစ်ရာ ခေါင်းမွေးများပင် ပြောင်တော့မည်။
သူ့အနေနှင့် လစာတိုးပေးဖို့ ကျန်းမုန့်လောင်ကို ပြောရဲသည့်သတ္တိမရှိခဲ့ပေ။ ယခုမူ ကျန်းမုန့်လောင်ကိုယ်တိုင် ရိုက်ကွင်းကိုရောက်ချလာပြီး သူ့နားနှင့် ဤအကြောင်းကို ဆက်ဆက်ကြားသွားပြီဖြစ်ရာ ထိုဖိအားက သူနှင့် မသက်ဆိုင်တော့ပေ။ အကြောင်းမှာ ဤရိုက်ကူးရေးအဖွဲ့တွင် ကျန်းမုန့်လောင်ကစသာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူဖြစ်၏။
"မိန်းကလေးတိုက်..မင်း သွားလို့ရပါပြီ။ မင်းရဲ့လစာက ၈၀မီလီယံနော်။ ဒီတော့ စာချုပ်ချိုးဖောက်မှုအတွက် လျော်ကြေးငွေက သန်းနှစ်ဆယ်ပါ။ ကျန်တဲ့သန်းခြောက်ဆယ်ကိုသာ လွှဲပေးလိုက်ပါ။ ငါတို့ ကိစ္စဖြတ်လိုက်ကြတာပေါ့"
ကျန်းမုန့်လောင်က အေးတိအေးစက်ပြောလိုက်သည်။
"မစ္စတာကျန်း.. တကယ်ပြောနေတာလား"
ကျန်းမုန့်လောင်၏လေသံမှတစ်ဆင့် နောက်ပြန်ဆုတ်ဖို့ အခွင့်အရေးမရှိတော့ကြောင်း တိုက်ချင်းယင်သိလိုက်သည်။ သူ့လေသံမှာ ညှိနှိုင်းလိုစိတ်ပင်မရှိကြောင်း သိသာလှသည်။
သူ(မ)၏လက်ထဲသို့ သန်းရှစ်ဆယ်ရောက်လာချိန်တုန်းက တိုက်ချင်းယင်သည် ကျန်းမုန့်လောင်ကို "အရူး"ဟုပင် တိတ်တဆိတ်ကျိန်ဆဲခဲ့သေးသည်။ အိပ်မက်တို့ စိတ်ကူးတို့က အလကားပင်။ ငွေရှာဖို့ကသာ အဓိကဖြစ်၏။
ရိုက်ကူးရေးမစခင်ကတည်းက မည်သူကများ ငွေအရင်ချေလို့လဲ။ ဦးနှောက်ထက် ပိုက်ဆံပိုရှိတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်။
ထိုသန်းရှစ်ဆယ်ကို တိုက်ချင်ယင် သုံးပစ်လိုက်ပြီဖြစ်၏။ သန်းခြောက်ဆယ်မဆိုထားနှင့်။ သန်းသုံးဆယ်ပင် သူ(မ) ပြန်မထုတ်နိုင်ပေ။
သို့သော် သူ(မ)၏သရုပ်ဆောင်ကျွမ်းကျင်မှုနှင့် ရိုက်ကူးရေးအဖွဲ့အတွင်းရှိ အဆင့်အတန်းတို့ဖြင့် ကျန်းမုန့်လောင်ကို ဆွဲဆောင်သိမ်းသွင်းနိုင်မည်ဟု သူ(မ) မုချယုံကြည်ထားသည်။
"မစ္စတာကျန်း… ကျွန်မ အခုပြောလိုက်တဲ့စကားက နောက်နေတာပါ။ ဒီနေရာမှာ ရာသီဥတုအခြေအနေက ဆိုးဝါးမှန်း ရှင်လည်းသိတာပဲ။ ကျွန်မက ရိုက်ကူးရေးအဖွဲ့ထဲက လုပ်ဖော်ကိုင်ဖက်တွေအတွက် ပြောပေးတာပါ"
တိုက်ချင်းယင်က ပြောလိုက်သည်။
"တကယ်လား။ ငါကြားတာတော့ တစ်စုံတစ်ယောက်က ညတိုင်း နွားနို့နဲ့ရေပူချိုးဖို့ တောင်းဆိုတယ်တဲ့။ တစ်ရာကီလိုမီတာအဝေးမှာမှ ရနိုင်တဲ့အစားအသောက်တွေကို တောင်းဆိုတယ်တဲ့။ ပြီးတော့ ရိုက်ကူးရေးမလုပ်တော့ဘူးဆိုပြီး ဒါရိုက်တာကို ထပ်ခါထပ်ခါခြိမ်းခြောက်တယ်တဲ့"
"မစ္စတာကျန်း.. ရှင်ကြားထားတာတွေက ကောလာဟလတွေပါ။ ရှင် ကျွန်မကိုမယုံဘူးဆိုရင် သူတို့ကိုမေးကြည့်လိုက်ပါ။ ကျွန်မ အဲ့လိုကိစ္စမျိုးတွေ မလုပ်ခဲ့ဖူးပါဘူး"
တိုက်ချင်းယင်က အကြည့်ဖြင့် အခြားသရုပ်ဆောင်များကို ချက်ချင်းခြိမ်းခြောက်လိုက်သည်။
"ဟုတ်ပါတယ် မစ္စတာကျန်း.. အစ်မတိုက်ပြောတာတွေအကုန် အမှန်ပါပဲ"
"ငါ့ကို နားကန်းနေတယ်များ ထင်နေတာလား"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"ဒီတော့ ငါ အပြင်ဘက်မှာတုန်းက ကြားခဲ့ရတဲ့စကားတွေကို သရဲတွေက ပြောသွားတာလား"
ယခုလို မျက်နှာပြောင်တိုက်ပြီး လိမ်ညာတာမျိုး ကျန်းမုန့်လောင် ပထမဆုံးကြုံဖူးခြင်းဖြစ်၏။
"မင်းရယ် မင်းရယ် ပြီးတော့ မင်း.. မင်းတို့တွေလည်း သွားလို့ရပြီ"
ကျန်းမုန့်လောင်က ညှာတာမှုမရှိဘဲ ပြောလိုက်သည်။
"ဒီရုပ်ရှင်မှာ သရုပ်ဆောင်ဖို့အတွက် ငါ မင်းတို့ကို ပိုက်ဆံအများကြီးပေးထားတာက အရှင်သခင်တွေလို ပျော်မွေ့နေဖို့မဟုတ်သလို အုပ်စုဖွဲ့ပြီး အချင်းချင်းနွေထွေးမှုပေးဖို့အတွက်လည်း မဟုတ်ဘူး။ အခွန်ဆောင်ပြီးသား တစ်နှစ်စာလစာ တစ်ရာမီလီယံနီးနီးပေးထားရတာ။ ပိုက်ဆံယူထားပြီးပြီဆိုရင် ကိုယ့်အလုပ်ကိုယ် ကျေပွန်အောင်လုပ်ပေါ့။ မလုပ်နိုင်ဘူးဆိုရင်လည်း ထွက်သွားလိုက်"
"မစ္စတာကျန်း ရှင် တော်တော်ကြမ်းတမ်းနေတယ်လို့ မထင်ဘူးလား"
တိုက်ချင်းယင်၏မျက်နှာကား ချက်ချင်းဆိုသလို ပျက်ယွင်းသွားလေသည်။ ကျန်းမုန့်လောင်တွင် လုပ်နိုင်စွမ်းရှိမှန်း သူ(မ) သိသည်။ ထို့ကြောင့်လည်း သူ့ရှေ့တွင် သူ(မ) မဆင်မခြင်မပြုမူရဲပေ။
"မစ္စတာကျန်း.. ကျွန်မတို့ရိုက်ကူးရေးအခြေအနေက အခုဆိုရင် တော်တော်လေးခရီးရောက်နေပါပြီ။ ရှင့်အနေနဲ့ သရုပ်ဆောင်တွေလဲချင်ရင်တောင် ကုန်ထားတဲ့အချိန်နဲ့ တခြားအခြေခံကုန်ကျစရိတ်တွေကို ထည့်စဉ်းစားသင့်တယ်နော်"
"ယဲ့ဝမ်ကျဲက ပထမပိုင်းမှာ အရမ်းအရေးကြီးတဲ့ဇာတ်ကောင်နော်။ ရှင် ကျွန်မကို လူစားထိုးမယ်ဆိုရင် အရင်ရိုက်ထားတာတွေက အလကားဖြစ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ"
"ဟားဟားဟား ကုန်ကျစရိတ်တဲ့လား"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"မင်းကိုကြည့်ရတာ တစ်ခုခုအထင်လွဲနေတဲ့ပုံပဲ။ ငါက ပိုက်ဆံရဖို့ ရုပ်ရှင်ရိုက်နေတာမို့လို့လား"
တိုက်ချင်းယင်၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် အရိပ်အယောင်တစ်ခုက အထင်းသားပင်။ ပိုက်ဆံရှာဖို့အတွက် မဟုတ်ပါက ပျင်းလို့ အပျော်တမ်းရိုက်လေသလား။
"ဒါပေမဲ့ မစ္စတာကျန်း.. အခုနေ သရုပ်ဆောင်တွေ လဲလိုက်မယ်ဆိုရင် ကျုပ်တို့ရဲ့ရိုက်ကူးရေးအစီအစဉ်တွေလည်း မူလအစီအစဉ်ကနေ တစ်လလောက်နှောင့်နှေးသွားမှာနော်။ သရုပ်ဆောင်တွေရဲ့ နောက်ဆက်တွဲရိုက်ကွင်းတွေမှာလည်း သွားထိခိုက်လိမ့်မယ်"
ဒါရိုက်တာက ခဲရာခဲဆစ်ဆိုလာလေသည်။
"ရိုက်ကူးရေးအဖွဲ့ထဲက လူတိုင်း.. ဇာတ်ပို့တွေနဲ့ တခြားဝန်ထမ်းတွေရောအပါအဝင် အားလုံးကို မူလလစာထက် ၂၀ရာခိုင်နှုန်းတိုးပေးပါ့မယ်။ ရိုက်ကူးရေးနှောင့်နှေးသွားရတဲ့အတွက် လျော်ကြေးပေါ့"
ဤသတင်းကိုကြားသောအခါ ဝန်ထမ်းများနှင့် သရုပ်ဆောင်များ၏မျက်ဝန်းတို့ဟာ တောက်ပသွားလေတော့သည်။ နှစ်ဆယ်ရာခိုင်နှုန်းဆိုသော ပမာဏမှာ နည်းနည်းနောနောမဟုတ်ပေ။ အထူးသဖြင့် လစာကို သန်းဆယ်ဂဏန်းနှင့်ချီ၍ရထားသော သရုပ်ဆောင်များပင်။ ယခုမျှဖြင့်ပင် လစာက သန်းပေါင်းများစွာ သို့မဟုတ် သန်းဆယ်ဂဏန်းပင် ဖြစ်သွားနိုင်သည်။ ရိုက်ကူးရေးနှောင့်နှေးမှုကြောင့် ဆုံးရှုံးမှုတစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် သူတို့အနေနှင့် အလွယ်တကူပြန်ဖန်တီးနိုင်သည်။
"မစ္စတာကျန်း.. ရှင်ချမ်းသာမှန်းတော့ ကျွန်မသိပါတယ်။ ဒီပိုက်ဆံက ရှင့်အတွက် ဘာမှမဟုတ်မှန်းလည်း သိပါတယ်။ ဒါပေမဲ့ တစ်လလောက်နှောင့်နှေးသွားခဲ့ရင် ဈေးကွက်ထဲမှာရော ထိခိုက်မှုရှိနိုင်တယ်လို့ ရှင်မတွေးမိဘူးလား"
တိုက်ချင်းယင်က လက်မလျှော့သေးပေ။
"မိန်းကလေးတိုက်.. ငါက ဒီရုပ်ရှင်ကို ဈေးကွက်ထဲဖြန့်ချီဖို့အတွက်ပါလို့ ဘယ်တုန်းက ပြောဖူးလို့လဲ"
ကျန်းမုန့်လောင်၏ တုံ့ပြန်စကားကြောင့် တိုက်ချင်းယင်ခမျာ ကြက်သေသေသွားရသည်။
"ငါက ပိုက်ဆံရဖို့အတွက်နဲ့ ဘယ်တော့မှ ရုပ်ရှင်မရိုက်ဘူး။ တကယ်တော့ ဒီရုပ်ရှင်ကိုရိုက်ပြီးသွားရင် ငါကဒါကို ရုပ်ရှင်ရုံတွေမှာ လွှင့်ချင်မှတောင်လွှင့်မှာ။ ငါ့ဘာသာ သီးသန့်ရုပ်ရှင်ရုံလေးတစ်ခုလုပ်ပြီး ငါ့သူငယ်ချင်းတချို့နဲ့ပဲ အတူကြည့်မှာဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ငါက ပိုက်ဆံကိုတောင် လုံးဝဂရုမစိုက်ဘူး။ အဲ့ဒီလိုအရာမျိုးတွေကို ဂရုစိုက်လိမ့်မယ်များထင်နေလား"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။
"သရုပ်ဆောင်အသစ်တစ်ယောက်နဲ့ ပြန်ရိုက်တယ်။ ရိုက်ကူးရေးလုပ်ငန်းတွေအကုန်လုံးကို ပြန်စတင်တယ်ဆိုတော့ရော ဘာဖြစ်လဲ။ ငါ ပိုက်ဆံနည်းနည်းလောက် ထပ်သုံးလိုက်ရလည်းဖြစ်တယ်။ ငါ့အတွက်ကတော့ ပျော်စရာပဲလေ"
"ဘဏ္ဍာရေးအဖွဲ့.. ကျန်တာကတော့ မင်းတို့အပိုင်းပဲ။ သူတို့ဘက်က စာချုပ်ပါအချက်အလက်တွေကို မလိုက်နာခဲ့ရင် ငါ့ဆီကိုသာ လာခဲ့လိုက်။ ငါ့လက်အောက်မှာ ဥပဒေအဖွဲ့တွေအများကြီးရှိတယ်။ တရားရင်ဆိုင်ဖို့အတွက်လည်း အချိန်မရွေး အဆင်သင့်ပဲ။ သူတို့က ကုမ္ပဏီထဲမှာ အလကားထိုင်နေရတာ ကြာလှပြီ။ သူတို့လည်း အလုပ်တစ်ခုခုလုပ်ဖို့ အချိန်ကျပြီလေ"
ကျန်းမုန့်လောင်၏လေသံကား အလွန်တည်ငြိမ်လှသည်။ သို့သော် သူ့စကားထဲရှိ စိတ်ပိုင်းဖြတ်ထားမှုများကတော့ ဖုံးကွယ်ထားခြင်းမရှိ။ ဤကိစ္စနှင့်ပတ်သက်ပြီး သူသည် တစ်စက္ကန့်လေးမျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိခဲ့ပေ။ ဤနေရာသို့ သူ ရောက်လာခြင်းမှာ တိုက်ချင်းယင်နှင့် သူ(မ)၏အပေါင်းအပါများကို စာချုပ်ဖျက်သိမ်းရန်အတွက် ရောက်လာခြင်းဖြစ်၏။
"ပြီးတော့ နောက်တစ်ခုရှိသေးတယ်"
ကျန်းမုန့်လောင် ထပ်ဖြည့်ပြောလိုက်သည်။
"အခုကစပြီး ဒီလိုလူစားမျိုး ထပ်ပေါ်လာလို့ကတော့ အဲ့ဒီနေရာမှာတင် ချက်ချင်းအလုပ်ဖြုတ်ပစ်မယ်။ ငါမရှိရင်လည်း ဝမ်လင်ကိုသွားရှာကြ။ ဒီအကြောင်းကို တင်ပြပေးတဲ့လူကို တစ်ခါတင်ပြပေးရုံနဲ့ ဆုငွေတစ်သိန်းချီးမြှင့်မယ်"
"မိုက်တယ်ကွာ"
ဝမ်လင်က ကျန်းမုန့်လောင်၏ပခုံးကို ပုတ်လိုက်သည်။
"ဒီကမ္ဘာကြီးမှာ ဒီလိုပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်ရဲတဲ့လူဆိုလို့ မင်းတစ်ယောက်တည်းပဲရှိလောက်မှာ"
************