← Chapters

ပိုက်ဆံသုံးလို့မကုန်မှာပဲ စိုးတာ

Vol. 12 Ch. 170

ပိုက်ဆံသုံးလို့မကုန်မှာပဲ စိုးတာ

Vol. 12 Ch. 170

"မိန်းကလေးတိုက်က ဒီမှာဘာလုပ်နေသေးတာလဲ။ ငါတို့နဲ့ နေ့လယ်စာအတူစားမလို့လား"

ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့လေဟန်လေသံဖြင့် ပြောလိုက်လေသည်။

"ပြီးတော့ ကျန်တဲ့နှစ်ယောက်.. မင်းတို့ကို ခဏနေရင် တစ်ယောက်ယောက်က လေဆိပ်ကို လိုက်ပို့ပေးလိမ့်မယ်။ မင်းတို့ပစ္စည်းတွေ ထုပ်ပိုးပေးထားပါ"

"အိုး.. ပြီးတော့ မင်းပြောတဲ့ နို့ရည်နဲ့ရေချိုးဖို့ကတော့ မင်းပြန်ရောက်ရင် စိတ်ကြိုက်ချိုးလို့ရပြီ။ ငါ့ကို ကျေးဇူးတင်ဖို့မလိုဘူး။ စကားမစပ် အဲ့ဒီသန်းခြောက်ဆယ်ကိုလည်း သဘောတူစာချုပ်ထဲကအတိုင်း တစ်ပတ်အတွင်း ရိုက်ကူးရေးအဖွဲ့ရဲ့အကောင့်ထဲ ပြန်လွှဲပေးပါ"

"ဥက္ကဋ္ဌကျန်း ရှင် ဒါကိုနောင်တရလိမ့်မယ်"

တိုက်ချင်းယင်က နှုတ်ခမ်းကိုကိုက်ထားရင်း ရဲရဲဝံ့ဝံ့ပြောလိုက်သည်။ သူ(မ)၏အဆက်အသွယ်များနှင့် ကွန်ယက်များ ရှိနေလေရာ ဤမျှပိုက်ဆံလေးကို နည်းနည်းလောက်ချေးလိုက်ရခြင်းမှာ ပြဿနာမရှိပေ။

သို့သော် သရုပ်ဆောင်တစ်ယောက်အနေနှင့် စာချုပ်ဖျက်သိမ်းခံရခြင်းမှာ သူ(မ)၏ဂုဏ်သိက္ခာအတွက် ကြီးမားလှစွာသော ထိုးနှက်ချက်ကြီးတစ်ခုဖြစ်သည်။ အထူးသဖြင့် အာရုံစိုက်မှုအမြောက်အများကို ဆွဲဆောင်နိုင်သော ကျန်းမုန့်လောင်၏ရိုက်ကူးရေးအဖွဲ့မှာပင်။ သူ(မ) ထုတ်ပယ်ခံလိုက်ရသည့် သတင်းမှာ သုံးရက်ထက်ပိုပြီး ဖုံးကွယ်ထားနိုင်မည်မဟုတ်။ အချိန်တန်လျှင် အသေးစိတ်အချက်အလက်များလည်း ဖော်ထုတ်ခံရမည်ဖြစ်လေရာ သူ(မ)၏လူထုအမြင်လည်း လုံးဝပြိုလဲသွားနိုင်သည်။

ဤတစ်ခေါက်တွင် သူ(မ)ဘက်က အရင်ဦးစွာတိုက်ခိုက်ရပေလိမ့်မည်။

"ကြည့်ရတာ မိန်းကလေးတိုက်က သိပ်မကျေနပ်တဲ့ပုံပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းတို့ Great River Cultureအေဂျင်စီက ငါ့ကိုရင်ဆိုင်နိုင်မယ်ထင်ရင်လည်း စမ်းကြည့်လိုက်ပေါ့။ ကြည့်ရတာတော့ ငါ့ရဲ့အနှိပ်ခန်းက ရုံးခွဲဖွင့်ဖို့လိုနေပြီထင်တယ်"

ဤအကြောင်းကို ပြောလိုက်သည့်အချိန်မှာပင် အနှိပ်ခန်းကို တရားဝင်ဖွင့်လှစ်ပြီးနောက် လုပ်ငန်းက ရုတ်တရက်ကြီး ပေါက်သွားလိမ့်မည်ဟု ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ထင်မထားပေ။ အထူးသဖြင့် ကျန်းမုန့်လောင်က နိုင်ငံခြားမှ အနှိပ်ကျွမ်းကျင်သူများနှင့် ခြေထောက်ကုထုံးပညာရှင်များကို အလုပ်ခန့်ခဲ့သည့်အတွက် ဖောက်သည်များကလည်း နေ့တိုင်း အဆက်မပြတ်ဝင်ထွက်နေကြတော့သည်။

အစတုန်းကတော့ "Sound Forest"မှ ဝန်ထမ်းများသာ ဖြစ်သော်လည်း အမှတ်တံဆိပ်က ပိုမိုနာမည်ကြီးလာသည်နှင့်အမျှ ဆိုရှယ်မီဒီယာတွင်လည်း အကြိတ်အနယ်ပြောဆိုဆွေးနွေးပြီး အခြားပြည်နယ်များနှင့် မြို့များမှ လူများကိုပင် ခြေထောက်လာအနှိပ်ခံချင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

ပိုဆိုးသည်မှာ နေ့တိုင်း မနက်တစ်နာရီနှစ်နာရီကြီးမှာပင် လူများ တန်းစီနေကြခြင်းဖြစ်၏။

စီးပွားရေးအနံ့ကို ရသွားသော ဟိုက်တိလောင်ကလည်း အနီးအနားရှိ ဆိုင်ခန်းတစ်ခုကို ညတွင်းချင်းငှားရမ်းလိုက်သည်။

ဖောက်သည်များ တန်းစီနေပါသော အင်နာဂျီခြေထောက်အနှိပ်ခန်းကလည်း လက်ရှိနေရာတွင် ဝန်ဆောင်မှုပေးရန် မလုံလောက်သောကြောင့် ဆိုင်ခွဲများတိုးချဲ့ရန် စဉ်းစားနေရသည်။

"ဒါရိုက်တာကျန်း.. Great River Cultureက တစ်ဦးတည်းမူပိုင်ကုမ္ပဏီတစ်ခုပဲ။ ရှင့်ဗျူဟာတွေက ကျွန်မတို့အပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူး"

တိုက်ချင်းယင်က ပြောလိုက်သည်။

"အဲ့လိုလား"

ကျန်းမုန့်လောင်‌က ပြုံးလျက် ပြောလိုက်လေသည်.

"မင်းက ဒီလိုထင်တယ်ဆိုရင်လည်း ငါလည်း ဘာမှမတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အိပ်မက်တွေတော့ သိပ်မမက်နဲ့လို့ အကြံပေးလိုက်မယ်။ ငါ့ဘက်က စလှုပ်ရှားပြီဆိုရင် အဲ့လောက်ရိုးရှင်းမှာမဟုတ်တော့ဘူး"

"ဟမ့်"

တိုက်ချင်းယင်က ကျန်းမုန့်လောင်၏စကားများကို နားမဝင်ပါဘဲ ပတ်ပတ်လည်ရှိလူများကို စိုက်ကြည့်ပြီးနောက် သူ(မ)၏နောက်လိုက်များနှင့်အတူ နားနေခန်းထဲမှ ထွက်ခွာသွားလေ‌တော့သည်။

"ဒါရိုက်တာကြီးနဲ့ ဇာတ်ညွှန်းရေးဆရာတို့.. သရုပ်ဆောင်အသစ်တစ်ယောက်ရှာဖို့ ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရမှာပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲ့ဒီအချိန်အတွင်းမှာ လစာတွေကို ပုံမှန်အတိုင်းပဲ ဆက်ပေးမှာပါ"

"ပြဿနာမရှိပါဘူး။ ပြဿနာမရှိပါဘူး"

ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာနှစ်ယောက်စလုံးက သူတို့လစာ ၂၀ရာခိုင်နှုန်းတိုးသွားကြောင်း သိလိုက်ပြီးကတည်းက ဤကိစ္စကို "အနှောင့်အယှက်"ဟု ထင်မည်တဲ့လား။ ယခုလို"အနှောင့်အယှက်"မျိုးကို သူတို့ ပိုပြီးတော့တောင်လိုလားပါသေးတယ်နော်။ ထို့ပြင် လုပ်ငန်းရပ်နားထားချိန်မှာတောင် သူတို့ လစာရနေသေးသည်ဖြစ်ရာ ယခုလိုအလုပ်ကောင်းတစ်ခုကို သူတို့ ဘယ်နားသွားရှာနိုင်မည်တဲ့လဲ။

"ဒီတစ်လကိုတော့ ဒီနေရာမှာပြုပြင်ပြောင်းလဲရေးတွေလုပ်လိုက်ရအောင်"

ဤနေရာရှိ ရာသီဥတုအခြေအနေက အနည်းငယ်ကြမ်းတမ်းလှကြောင်း ကျန်းမုန့်လောင်လည်း ဝန်ခံပါသည်။ ထိုမင်းသမီး၏ စိတ်ကြီးဝင်နေသော စိတ်နေစိတ်ထားကြောင့် မဟုတ်လျှင်လည်း သရုပ်ဆောင်များ၏ကျန်းမာရေးအတွက် ထည့်သွင်းစဉ်းစားသည့်အနေနှင့် ဤကိစ္စကို အဖြေတစ်ခုရှာရန် လိုအပ်သည်ဟု ကျန်းမုန့်လောင် ထင်မိသည်။

"ဒါရိုက်တာ..အခု အပူပေးစနစ်ကို ဘယ်လိုဖြေရှင်းထားလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကျုပ်တို့မှာ လျှပ်စစ်ဓာတ်အားပေးစက်အသေးလေးတွေရှိပါတယ်။ လျှပ်စစ်ပန်ကာနဲ့ လျှပ်စစ်မီးဖိုကိုသုံးပြီး အပူပေးထားတာပါ"

ဒါရိုက်တာက ပြောလိုက်သည်။

"အစားအသောက်ကရော"

"အနီးဆုံးမြို့မှာရှိတဲ့ အကောင်းဆုံးစံနှုန်းနဲ့လုပ်ထားတဲ့ ထမင်းဘူးတွေကို မှာပေးပါတယ်"

"ဟင့်အင်း။ အဲ့ဒါနဲ့ မလုံလောက်ဘူး"

ကျန်းမုန့်လောင်က ဟိတ်ဟန်တကြီးဖြင့် လက်ဟန်ပြလိုက်သည်။

"ဟုန်းရီ.. တစ်လအတွင်း အပူပေးစနစ်တစ်ခု တပ်ဆင်ဖို့ ဖြစ်နိုင်ရဲ့လား"

"ဖြစ်နိုင်ပါတယ်"

ဟုန်းရီက ပြောလိုက်သည်။

"အနီးဆုံးမှာရှိတဲ့ အပူပေးပိုက်လိုင်းက ၁၂၀ကီလိုမီတာအကွာမှာ ရှိပါတယ်။ စက်ပစ္စည်းနဲ့ လူအင်အားအများကြီးသုံးမယ်ဆိုရင် တစ်လအတွင်း ပြီးစီးနိုင်ပါတယ်။ လုပ်အားခနဲ့ ကုန်ကြမ်းပစ္စည်းစရိတ်က ယွမ်၁.၂ဘီလီယံဝန်းကျင်လောက်ဖြစ်မယ်လို့ ခန်းမှန်းထားပါတယ်"

"မနက်ဖြန် စပြီးစီစဉ်လိုက်တော့"

"ကောင်းပါပြီ"

ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာတို့မှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ စကားနှစ်ခွန်းလောက်မျှဖြင့် ပိုက်ဆံ၁.၂ဘီလီယံကို ယခုလိုမျိုး သုံးပစ်လိုက်သတဲ့လား။ သူ့အနေနှင့် သည့်ထက်ပိုပြီး အဆင်အခြင်မဲ့နိုင်သေးသလား။ ၁.၂ဘီလီယံဖြင့်ဆိုလျှင် ဤထုတ်လုပ်ရေးရှိ သရုပ်ဆောင်များအားလုံး၏ လုပ်အားခကိုပင် ပေးဆောင်နိုင်သည်။

ပိုဆိုးသည်မှာ ဤနေရာသည် မြို့ပြမဟုတ်ချေ။ အပူပေးစနစ် တပ်ဆင်ပြီးသည့်တိုင် တစ်ခါသုံးမျှသာဖြစ်ပေလိမ့်မည်။ နောက်နောင်မှာ ဤနေရာသို့ မည်သူမှမလာကြလောက်တော့ပေ။ ပိုက်ဆံ၁.၂ဘီလီယံကို တစ်ခါသုံးအတွက် အကုန်ခံလိုက်တော့မလို့လား။

သို့သော် သူတို့ အံ့အားသင့်လို့မှ မဆုံးသေး။

"ရိုက်ကူးရေးအဖွဲ့ထဲမှာ လူဘယ်နှယောက်ရှိလဲ"

ကျန်းမုန့်လောင်က ထပ်မံမေးမြန်းလိုက်သည်။

"ဇာတ်ရံတွေအပါအဝင်ဆိုရင် ရိုက်ကွင်းမှာ လူအယောက်ရာနဲ့ချီပြီးရှိပါတယ်"

ဒါရိုက်တာက ပြန်ဖြေလိုက်သည်။

"အဲ့လိုဆိုရင် နေ့တိုင်း ရိုက်ကူးရေးလုပ်ပြီးရင် လူတိုင်းစားချင်တဲ့ အစားအသောက်စာရင်းကို စာရင်းလုပ်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးထားလိုက်ပါ။ ကျွန်တော်တို့အနေနဲ့ သရုပ်ဆောင်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ လိုအပ်ချက်တွေအကုန်လုံးကို ဖြည့်ဆည်းပေးဖို့ ကြိုးစားပါ့မယ်"

"မစ္စတာကျန်း..အဲ့ဒါ မဖြစ်နိုင်ပါဘူး"

ဒါရိုက်တာက ခွန်းတုံ့ပြန်လိုက်၏။

"အရေးကြီးတာမကြီးတာကို အသာထား။ တစ်ယောက်ယောက်ကသာ ဩစတြေးလျကျောက်ပုစွန်တို့ ကျွန်းနိုင်ငံကအမဲသားတို့ကို စားချင်တယ်ဆိုရင် ကျုပ်တို့က အဲ့ဒါကို လေယာဉ်နဲ့ပို့ရမှာလား။ တစ်ညတည်းနဲ့ ဒီလောက်အမျိုးအမည်စုံတဲ့ ပါဝင်ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီးပြင်ဆင်ပေးနိုင်မှာလဲ"

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဖြစ်နိုင်စရာမရှိပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဩစတြေးလျကျောက်ပုစွန်ဆိုလည်း ဘာပြဿနာမှမရှိဘူး။ ကမ္ဘာအနှံ့မှာ ကျွန်တော့်ကိုယ်ပိုင်လေယာဉ်တွေ ရှိပါတယ်။ စားချင်တာကိုသာ ပြောလိုက်ပါ။ ကမ္ဘာပေါ်က ဘယ်နေရာကပဲဖြစ်ဖြစ် ရအောင်ဝယ်ပြီး နောက်တစ်ရက်မှာ ချင်ဂန်တောင်တန်းရဲ့လေဆိပ်ကို လာပို့ပေးမှာပါ။ ပြီးရင်တော့ ဒီနေရာကို ဟယ်လီကော်ပတာနဲ့ လာပို့ပေးမယ်လေ"

"သောက်ကျိုးနည်း"

ဝမ်လင့်ခမျာ မဆဲဘဲ မနေနိုင်တော့ပေ။ ကျန်းမုန့်လောင်၏ နေ့စဉ်အစားအသောက်များကို ဤနည်းဖြင့် သယ်ပို့နေမှန်း သူသိသော်ငြား ကျန်းမုန့်လောင်က ဤမျှရက်ရောလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။ နေ့စဉ်စားသောက်စရိတ်အပြင် သယ်ယူပို့ဆောင်ခများကိုပါ တွက်လိုက်ပါက ပိုက်ဆံကို မီးရှို့ပစ်နေသည်ဟု ပြောလျှင်ပင် ချဲ့ကားနေခြင်းမဟုတ်ပေ။

"မစ္စတာကျန်း ဒါက…"

ဖျော်ဖြေရေးလောကထဲတွင် အချိန်အကြာကြီးကျင်လည်ခဲ့ပြီးဖြစ်သော ဒါရိုက်တာကြီးကလည်း ယခုလိုကိစ္စမျိုးကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ သူတို့အတွက်မူ ရိုက်ကွင်းတွင် အစားကောင်းအသောက်ကောင်းအနည်းငယ်မျှ စားရလျှင်ပင် ကောင်းချီးပေးခံရသည့်အလား ဖြစ်နေလေပြီ။ သို့သော် ကျန်းမုန့်လောင်လို သူဌေးတစ်ယောက်က ရိုက်ကူးရေးအဖွဲ့အတွက် တကယ်ထောက်ပံ့ပေးမလို့တဲ့လား။

"အဆင်ပြေပါတယ်။ ကျွန်တော်ပြောတဲ့အတိုင်းသာ လုပ်လိုက်ပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ပြီးတော့ ရိုက်ကူးရေးအဖွဲ့အတွက် လိုအပ်တဲ့နေရာတွေမှာ ပိုက်ဆံသုံးရမှာကို တွန့်ဆုတ်မနေပါနဲ့။ ရိုက်ကွင်းအထောက်အကူပစ္စည်းပဲဖြစ်ဖြစ် လိုအပ်တဲ့ ဘယ်ကုန်ကြမ်းပစ္စည်းမဆို မြန်နိုင်သမျှမြန်မြန်သုံးနိုင်သရွေ့ ကျွန်တော် ခင်ဗျားတို့ကို ရိုက်ကွင်းသိမ်းတဲ့နေ့မှာ ဘောနပ်စ်ပေးမယ်"

"ဟုတ်ကဲ့။ ကျုပ်တို့ ခင်ဗျားကို စိတ်မပျက်စေရပါဘူး မစ္စတာကျန်း"

ပထမဆုံးအနေနှင့် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် သရုပ်ဆောင်တို့မှာ စူပါ့စူပါချမ်းသောသော သူဌေးတစ်ယောက်ကို ရလိုက်ခြင်းမှာ မည်မျှအထိ ကောင်းသလဲဆိုသည်ကို သဘောပေါက်သွားကြလေတော့သည်။

...

ထို့နေ့မွန်းလွဲပိုင်းတွင် တိုက်ချင်းယင်နှင့် ကျန်လူများက ချင်ဂန်တောင်တန်းနယ်မြေမှ ထွက်လာခဲ့လိုက်ကြသည်။ အပြန်လမ်းတွင် တိုက်ချင်းယင်၏ရင်အစုံက အပြင်းအထန်တုန်ယင်နေချေသည်။ သူ(မ) ပွဲဦးထွက်စဉ်အချိန်ကတည်းက သူ(မ)ကို ဘယ်သူကများ ယခုလိုဆက်ဆံဖူးသလဲ။ ထိုသူဌေးများကပင် သူ(မ)ကို ဤမျှပြောင်ပြောင်တင်းတင်း မဆန့်ကျင်ရဲကြပေ။

သူ(မ) ယခုလိုယုံကြည်မှုပြည့်ဝနေရခြင်းမှာ သူ(မ)၏ အရည်အချင်းကြောင့်သက်သက်မဟုတ်။ သူ(မ)တက်ခဲ့သည့် ကျောင်းနှင့်လည်း ဆိုင်သည်။ ၎င်းမှာ ဟွာရှားရုပ်ရှင်နှင့် ရုပ်မြင်သံကြားကျောင်းတော်၏ စတားအတန်းဖြစ်သည်။ ထိုအတန်းတွင် တက်ရောက်ခွင့်ရသည်နှင့် မိုးထိတိုင် ကျော်ကြားလာနိုင်ပြီး သူ(မ)၏ဆရာကလည်း ရုပ်ရှင်လောကတွင် ဧကရာဇ်တစ်ပါးဖြစ်သည်။

ရုပ်ရှင်လောကထဲရှိ ဝါရင့်ပါမောက္ခကြီးများမှာ စီးပွားရေးလုပ်ငန်းရှင်များ မဟုတ်သော်ငြား သူတို့သင်ကြားပေးခဲ့သော ရုပ်ရှင်ဧကရာဇ်များနှင့် ဧကရီတို့၏ လွှမ်းမိုးမှုကား ဖျော်ဖြေရေးကုမ္ပဏီများ၏စီအီးအိုများထက်ပင် ပိုဩဇာညောင်းလှပေသည်။

တိုက်ချင်းယင်ကလည်း ထိုကဲ့သို့သော ပါမောက္ခတစ်ယောက်၏ အချစ်ဆုံးတပည့်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် တာ့ဟယ်အေဂျင်စီ၏ ခေါင်းဆောင်ကပင် သူ(မ)ကို သာမန်ဝန်ထမ်းတစ်ယောက်လို မဆက်ဆံရဲချေ။

"ဘာ? ကျန်းမုန့်လောင်က ရိုက်ကူးရေးအဖွဲ့သားတွေကို အဲ့လိုအကျိုးခံစားခွင့်မျိုး ပေးတယ်ပေါ့"

အပူပေးစနစ်နှင့် ရိုက်ကွင်း၏အစားအသောက်ထောက်ပံ့မှုသတင်းများကို ကြားလိုက်ရသောအခါ တိုက်ချင်းယင်ခမျာ မတရားခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ(မ)သာ အလျင်စလိုမပြုမူခဲ့မိပါက သူ(မ)လည်း ထိုအကျိုးခံစားခွင့်များကို ခံစားနိုင်ပေသည်။ သို့သော် သူ(မ)ကတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပေ။ ထိုအစား သူ(မ)၏မကျေနပ်မှုများက ကျန်းမုန့်လောင်ထံသို့ ပုံကျသွားသည်။ သူလုပ်သမျှက သူ(မ)ကို ပစ်မှတ်ထားနေသည်ဟု ခံစားနေရသောကြောင့်ပင်။

ထိုအတွေးကြောင့် သူ(မ) မတရားဆက်ဆံခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ(မ)က သူ(မ)၏ပရိသတ်အုပ်စုစကားပြောခန်းကို ဖွင့်ကာ ကျန်းမုန့်လောင်၏လုပ်ရပ်များအကြောင်း သူ(မ)၏သစ္စာရှိပရိသတ်များထံ အထွန့်တက်ပါတော့သည်။

နောက်တွင်မူ သူ(မ)၏ဆရာကို ဖုန်းဆက်လိုက်သည်။

"ဟေး..ချင်းယင်မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဒီနေ့ကျမှ ဒီအဘိုးကြီးကို သတိရနေတာလဲ"

ဖုန်းတစ်ဖက်မှ အဘိုးကြီးတစ်ယောက်၏ အံ့အားသင့်နေဟန်အသံတစ်သံ ထွက်ပေါ်လာသည်။

"ဆရာ..ဆရာ့တပည့် အနိုင်ကျင့်ခံနေရတယ်။ အဲ့ဒါကြောင့် ကျွန်မဘက်က ရပ်တည်ပေးမဲ့လူကို လိုက်ရှာနေတာ.."

**********

All Chapters