← Chapters

တပည့်ကိုရှင်းပြီးသွားတော့ ဆရာက ရောက်ချလာတယ်

Vol. 12 Ch. 171

တပည့်ကိုရှင်းပြီးသွားတော့ ဆရာက ရောက်ချလာတယ်

Vol. 12 Ch. 171

"ကောင်းပြီ။ မင်းရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားပြီးသွားရင် ငါ ကူစူးကိုလာပြီး မင်းကိုလာတွေ့မယ်။ ဒီနှစ်သစ်ကူးကိုတော့ မင်း ငါ့အိမ်ကိုလာရမယ်နော်"

အိမ်ပြန်ရောက်သည်နှင့် ကျန်းမုန့်လောင်ကလည်း ထုံးစံအတိုင်း လုရီယောင်နှင့် ဗီဒီယိုကောပြောပါတော့သည်။

"စိတ်မပူပါနဲ့။ ငါ့မှာ တခြားဘာရည်ရွယ်ချက်မှမရှိဘူး။ မင်း တစ်ယောက်တည်းအထီးကျန်ပြီး ရှည်ကြာတဲ့ညတွေကို အေးစက်စက်နဲ့ ဖြတ်သန်းနေရမှာ စိုးလို့ပါ"

"ချီးကိုအေးပါ့လား"

လုရီယောင်လည်း ဖြစ်လာနိုင်ခြေရှိသော တစ်စုံတစ်ရာကို ရုတ်ခြည်းသဘောပေါက်လိုက်ဟန်တူသည်။ သူ(မ)၏မျက်နှာထက်တွင် နှင်းဆီရောင်သမ်းသွားချေသည်။

"နှစ်သစ်ကူးကို နင်နဲ့အတူ ဖြတ်သန်းမယ်လို့ ဘယ်သူကပြောလို့လဲ။ နင့်မိဘတွေနဲ့တွေ့တဲ့အခါ သူတို့ ငါ့ကိုသဘောမကျမှာ..စိုး..စိုးရိမ်တယ်"

"ဒီကိုမလာဘူးဆိုရင် မင်းက ဘယ်သွားမလို့လဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"မင်းအဖေနဲ့အတူ လောင်းကစားဘုရင်ဂိမ်းကစားဖို့ သူ့ဆေးရုံကို သွားမလို့လား"

ထိုဆေးရုံသည် လုရီယောင့်အဖေ၏ကိုယ်ပိုင်ဆေးရုံတစ်ခု ဖြစ်နေပြီဖြစ်၏။ ကြည့်ရသည်မှာ သူ တကယ်ရူးသွားပုံပင်။ ကျွမ်းကျင်ဆရာဝန်များ၏ ကုသမှုကပင် သူ့ကျန်းမာရေးအခြေအနေကို တိုးတက်လာအောင် လုပ်မပေးနိုင်ချေ။ သူက လောင်းကစားဘုရင်ဝတ်စုံကိုပင် နေ့တိုင်းဝတ်ဆင်ထားပြီး စိတ်မမှန်သလို ပြုမူနေချေသည်။

လုရီယောင်အဖေ၏ စိတ်ကျန်းမာရေးကို ကုသနိုင်မည့် နည်းလမ်းတစ်ခု စင်စစ်ရှိလေကြောင်း ယဲ့ရင်က ကျန်းမုန့်လောင်ကို ပြောပြခဲ့ဖူးသည်။ သို့သော် ကျန်းမုန့်လောင်ကတော့ ထိုသို့လုပ်ရန် မလိုအပ်ဟု ခံစားမိသည်။ အကြောင်းမှာ သူ၏အိမ်တွင်းအကြမ်းဖက်မှုနှင့် စိတ်ကျန်းမာရေးမှာ ဆက်စပ်မှုမရှိသောကြောင့်ပင်။ သူ့ကို ကြီးကျယ်ခမ်းနားလှသော သူ့စိတ်ကူးထဲမှာ ဆက်နေထိုင်ခွင့်ပေးလိုက်တာ ပိုကောင်းလိမ့်မည်။

ဤအကြောင်းကို ကြားသောအခါ လုရီယောင်၏အမူအရာက အနည်းငယ်ပျက်ယွင်းသွားသည်။ ဟုတ်ပေသည်။ သူ့အဖေက ယခုလိုဖြစ်နေပြီး သူ့အမေကလည်း ဘဝသစ်ထူထောင်နေပြီဖြစ်ရာ သူ(မ)က ဘယ်ကိုများသွားနိုင်မည်တဲ့လဲ။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ သူ(မ) ကျောင်းမှာ တစ်ယောက်တည်းနေခဲ့ရသည်။ သူ(မ)၏ တစ်ခုတည်းသောအဖော်မှာ နှစ်သစ်ကူးမီးပန်းများနှင့် ဗလာကျင်းနေသော ကျောင်းဆောင်ကြီးသာဖြစ်၏။

"ပြီးတော့ ငါ့မိဘတွေနဲ့ပတ်သက်ပြီး မင်း ဘာမှစိုးရိမ်စရာမလိုဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။ သူ့မိဘများ ဘယ်ရောက်နေသလဲဆိုသည်ကို သူကိုယ်တိုင်ပင် မသိပေ။ သို့သော် ကျန်းမုန့်လောင်အနေနှင့် ဇာတ်လမ်းဆင်ရန် လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက လုရီယောင်က သူ့ကို မိဘမဲ့ဟု ထင်ကောင်းထင်သွားနိုင်သည်။

"ငါ့မိဘတွေက ငါ့ကို မိသားစုပိုင်အမွေတွေ လွှဲပြောင်းပေးသွားပြီး ကမ္ဘာပတ်ဖို့ ခရီးထွက်သွားကြတယ်။ ပြန်မလာခင် သူတို့ အားရပါးရပျော်ပါးဖို့အတွက် သုံးနှစ်ကနေ ငါးနှစ်လောက်အထိ အချိန်ကြာနိုင်တယ်တဲ့။ အဲ့ဒါကြောင့် မင်း စိတ်ပူဖို့မလိုပါဘူး"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"အဲ့ဒီအချိန်လောက်ကျရင်လည်း ငါတို့ ကျန်းမုန့်လောင်ပေါက်စလေးတောင် ရနေလောက်ပြီ"

"ဘာကိုကျန်းမုန့်လောင်ပေါက်စလေးလဲ"

လုရီယောင်၏ပါးပြင်များမှာ ချက်ချင်းဆိုသလို နီမြန်းသွားချေသည်။

"ဆုတောင်းနေလိုက်လေ"

"ကောင်းပြီ။ ဒါဆို ဒီလိုပဲထားလိုက်တော့မယ်နော်"

ကျန်းမုန့်လောင်က အတင်းအကျပ်ပြောလိုက်သည်။

"ဒီနှစ် မင်း ငါ့ဘေးမှာပဲနေရမယ်။ တခြားဘယ်ကိုမှလည်း သွားခွင့်မပြုသလို ပုန်းနေလို့လည်းမရဘူး။ နားလည်လား"

"ကောင်းပြီ။ ကောင်းပြီ။ နားလည်တယ်"

"ဟုတ်ပြီလေ။ ငါ ရေသွားချိုးတော့မယ်"

"ငါလည်းရေချိုးတော့မယ်"

ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်ရယ်လိုက်သည်။

"ဒါဆို အတူချိုးရအောင်လေ"

"လစ်စမ်းပါ"

...

ကျန်းမုန့်လောင်က ဆံပင်ရေစိုဖြင့် ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။ အကျင့်ဖြစ်နေသည့်အတိုင်း သူ့ဖုန်းကိုဖွင့်ကြည့်လိုက်လေရာ မဖတ်ရသေးသော မက်ဆေ့ချ်အများအပြားကို မြင်လိုက်ရသည်။ ထိုမက်ဆေ့ချ်များမှာ ဝမ်လင်ဆီကတင်မကဘဲ လုရီယောင်နှင့် သူ့အခန်းဖော်များဆီကပါ ဝင်နေခြင်းပင်။

"ဘာဖြစ်နေတာလဲ"

ကျန်းမုန့်လောင်က လုရီယောင်၏အသံမက်ဆေ့ချ်ကို အရင်ဖွင့်ကြည့်လိုက်သည်။

"ကျန်းကျီ မြန်မြန်..ဝေးပေါ်ကို မြန်မြန်ဖွင့်ကြည့်လိုက်။ တစ်ခုခုဖြစ်နေပြီ"

"ဝေးပေါ်လား"

ထို့နောက် ကျန်းမုန့်လောင်က သူ့အခန်းဖော်များ၏ အုပ်စုလိုက်စကားပြောခန်းကို ဖွင့်လိုက်လေရာ ဝေးပေါ်မှ စခရင်ရှော့များစွာ ရိုက်ယူထားသည်ကို မြင်လိုက်ရသည်။

"ဒုတိယမျိုးဆက်သူဌေးသားကျန်းမုန့်လောင်က ဘဝကိုဇိမ်ခံပျော်ပါးပြီး ရိုက်ကူးရေးအဖွဲ့ထဲမှာ မောက်မောက်မာမာဆက်ဆံပြီး ရင်းနှီးမြှုပ်နှံသူဆိုတဲ့ သူ့အာဏာကိုအသုံးချပြီး သရုပ်ဆောင်တွေကို စိတ်တိုင်းကျဖယ်ရှားနေ"

"ကျန်းမုန့်လောင်က အနုပညာလောကကို ဖျက်ဆီးနေတယ်လို့ သံသယဖြစ်မိပါတယ်။ ဇာတ်လမ်းတစ်ခုအတွက်နဲ့ ကြီးမားလှတဲ့အဆောက်အအုံတစ်ခုကို တည်ဆောက်နေပြီး ရိုက်ကွင်းတည်နေရာကို အပူပေးစနစ်တပ်ဆင်ဖို့အတွက်နဲ့ ဘီလီယံနဲ့ချီပြီး သုံးစွဲနေ"

"ဒီကိစ္စတွေကို ဆန့်ကျင်ပြောဆိုခဲ့တဲ့ မင်းသမီးတိုက်ချင်းယင်ကိုလည်း နေရာမှာတင် ချက်ချင်းအလုပ်ထုတ်ပစ်"

...

ဤသည်မှာ ဝေးပေါ်ရှိ ပို့စ်များဖြစ်ပြီး တချို့က "Three-Body"ရိုက်ကွင်းရှိ တန်ဖိုးကြီးအစားအသောက်များကို ဓာတ်ပုံရိုက်၍ အင်တာနက်ပေါ် တင်လိုက်လေရာ ချက်ချင်းပင် ပွက်လောရိုက်ကုန်ကြသည်။

ဒါက အလုပ်ကကျွေးတဲ့ အစားအသောက်မှမဟုတ်တာ။ ဒါက ဇိမ်ခံစားသောက်ပွဲကြီးတစ်ခုပဲ။ ပင်လယ်စာတွေ အသားလွှာတွေနဲ့ပြည့်နေတဲ့ ရိုက်ကွင်းနေ့လယ်စာမျိုး ဘယ်သူကများမြင်ဖူးမှာတဲ့လဲ။ ဒါက ရိုက်ကွင်းလား။ ဒါမှမဟုတ် ဇိမ်ခံသင်္ဘောကြီးများလား။

တိုက်ချင်းယင်၏ထွက်ဆိုချက်နှင့်အတူ ကျန်းမုန့်လောင်ကို အသုံးအဖြုန်းကြီးသော ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်ဖြစ်ပြီး ဘာပညာရေးနောက်ခံမှမရှိသည့် လက်ဖွာသူတစ်ယောက်ဟု ပုံဖော်ထားလေသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကျန်းမုန့်လောင်နှင့် သဘောထားကွဲလွဲကာ စာချုပ်ဖျက်သိမ်းခံလိုက်ရသော တိုက်ချင်းယင်က ထိုကဲ့သို့သောအာဏာရှင်ကို ဆန့်ကျင်ရဲသည့်အတွက် ရုတ်တရက်ကြီး သူရဲကောင်းတစ်ယောက်ဖြစ်သွားရပြီး တိုက်ချင်းယင်ကို ထောက်ခံကြဖို့အတွက်လည်း အင်တာနက်ပေါ်မှာ ဆော်ဩထားကြသည်။ ကျန်းမုန့်လောင်ကို ဆဲဆိုနေသည့်အသံများကတော့ ပို၍ကျယ်လောင်လာ၏။

"သောက်ကျိုးနည်း အထင်ကြီးဖို့ကောင်းလိုက်တာ"

ကျန်းမုန့်လောင်ခမျာ တိုက်ချင်းယင်၏လှည့်ကွက်ကို ချီးမကျူးဘဲ မနေနိုင်ချေ။ သေခြင်းကို ရှင်ခြင်းအဖြစ်၊ အမည်းကို အဖြူအဖြစ်ပြောင်းလဲနိုင်စွမ်းမျိုး သူ(မ)မှာ တကယ်ရှိသည်။

သံသယဖြစ်နေစရာပင် မလိုချေ။ ဤသည်မှာ တိုက်ချင်းယင်၏အကြံအစည်များပင်။ ကျန်းမုန့်လောင်က အစတုန်းကတော့ သူ(မ)ကို ပြဿနာရှာဖို့ စိတ်ကူးမရှိပေ။ သိုသော် ထိုအမျိုးသမီး၏ ကိုယ့်သေတွင်းကိုယ်တူးနိုင်စွမ်းကို သူ အထင်သေးခဲ့မိသည်။

ကျန်းမုန့်လောင်က သူ့ဝေးပေါ်ကိုဖွင့်ကြည့်လိုက်သည်။ သူ့သီးသန့်မက်ဆေ့ချ်များနှင့် ကောမန့်များမှာ ပေါက်ကွဲနေပြီသာဖြစ်၏။ အများစုက တိုက်ချင်းယင်၏ပရိသတ်များက ဆဲဆိုထားခြင်းဖြစ်ပြီး ကျန်းမုန့်လောင်ကို ရုပ်ရှင်စာချုပ် ပြန်လည်ချုပ်ဆိုပေးရန်နှင့် လုပ်အားခတိုးပေးဖို့ တောင်းဆိုထားကြပြီး တိုက်ချင်းယင်ကိုပါ ပြန်တောင်းပန်ဖို့ ပြောထားကြသည်။

"ငတုံးပရိသတ်တွေကတော့ ငတုံးပရိသတ်တွေပါပဲ"

ကျန်းမုန့်လောင်က စူပါကွန်ပျူတာပေါ်ရှိ ဆော့ဖ်ဝဲတစ်ခုကို ဖွင့်လိုက်ပြီးနောက် ကလစ်တစ်ချက်နှိပ်ရုံမျှဖြင့် ကွန်ပျူတာတစ်လုံးကို ပေါက်ကွဲသွားစေနိုင်သော မက်ဆေ့ချ်များကို ဖျက်ချပစ်လိုက်သည်။

"ဘယ်လိုပဲ။ ငါပြောသားပဲ။ ဒီမိန်းမက ဒီအတိုင်းပြီးသွားမှာမဟုတ်ဘူး"

ဝမ်လင်ကလည်း ကျန်းမုန့်လောင်ထံသို့ အသံမက်ဆေ့ချ်တစ်စောင် ပေးပို့ထားသည်။

"ကြည့်ရတာ မင်းက သူ့အကြောင်း ကောင်းကောင်းသိထားတဲ့ပုံပဲ"

"ပရိသတ်တွေကိုကြိုးကိုင်ပြီး အွန်လိုင်းပေါ်မှာ အကြမ်းဖက်မှုတွေဖန်တီးတယ်။ သူ အခုလိုမျိုးလုပ်တာ ပထမဆုံးအကြိမ်မှမဟုတ်တော့တာ။ အပေါ်ယံမှာတော့ သူက အပြစ်ကင်းစင်တဲ့ ပန်းလေးတစ်ပွင့်လိုပဲ။ ဒီတစ်ခေါက်တော့ မင်း အင်တာနက်အသုံးပြုသူသိန်းဂဏန်းလောက်ကို ရင်ဆိုင်ရတော့မယ်"

"ဘာတွေကြောက်နေစရာရှိလဲ။ ဝေးပေါ်တစ်ခုလုံးက ငါ့အပိုင်ပဲဟာကို။ အဆိုးဆုံးဖြစ်လာခဲ့ရင်လည်း ငါ့ရဲ့စီမံခန့်ခွဲသူအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ဝေးပေါ်အကောင့်တွေကို ဘန်းပစ်လိုက်မှာပေါ့"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

ကျန်းမုန့်လောင်က သူ့စကားကို လက်တွေ့အကောင်အထည်ဖော်လိုက်သည်။ ဝေးပေါ်၏ တာဝန်ခံကို ဖုန်းဆက်လိုက်လေရာ ကျန်းမုန့်လောင်အကြောင်း စော်ကားမော်ကားပြောထားသော မက်ဆေ့ချ်များပါဝင်နေသည့် ပို့စ်များမှာ ချက်ချင်းဖျက်ချခံလိုက်ရသည်။ ဗီအိုင်ပီအကောင့်များအပါအဝင် အကောင့်ပေါင်းတစ်သိန်းကျော် ဘန်းခံလိုက်ရလေသည်။

"လူတွေရေ.. ငါ့အရှင်ကျန်းက စကားနည်းနည်းပဲပြောတယ်။ အလုပ်များများလုပ်ပြတာ။ ဆက်ဆဲနေလိုက်ကြ မင်းတို့တွေ.. အရှင်ကျန်းက "အခွင့်ထူးခံခွေး"တစ်ကောင်နော်။ အဲ့ဒါတောင်မှ ခွေးအိုကြီးကွ။ မင်းတို့တွေက နောက်ဆက်တွဲတွေကို မစဉ်းစားဘဲ ဝေးပေါ်မှာ သူ့ကိုစော်ကားရဲတယ်ပေါ့လေ"

"ဟုတ်ပါ့။ သူ့ပိုက်ဆံသူသုံးတာ။ ခိုးထားတာ လုထားတာလည်းမဟုတ်ဘူး။ သူ့ဘာသာ ဘယ်လိုသုံးသုံး အဲ့ဒါ သူ့ကိစ္စလေ။ မင်းတို့တွေက မနာလိုဖြစ်နေကြတာလား"

"အရှင်ကျန်းအကြောင်း သိထားသလောက်ဆိုရင် ဒီကိစ္စရဲ့နောက်ကွယ်မှာ ဇာတ်လမ်းတွေရှိဦးမှာပဲ"

"ပြီးခဲ့တဲ့နှစ်တုန်းက ချောင်းချန်ကို မေ့သွားကြပြီလား။ စိတ်ဓာတ်ကျမှုကြောင့် သူ အနားမယူခင်တုန်းက သူ ဘယ်သူ့ကို ရန်စခဲ့မိသလဲ။ ငါထပ်ပြောနေစရာတောင် လိုတော့မယ်မထင်ဘူး"

"အွန်လိုင်းအကြမ်းဖက်မှုလား။ ဟမ်.. တကယ့်ကိုရွံဖို့ကောင်းတဲ့နည်းလမ်းပဲ"

"အွန်လိုင်းအကြမ်းဖက်မှုအကြောင်း လာပြောချင်နေတယ်ပေါ့။ ရက်စက်တယ်ဆိုတဲ့အဓိပ္ပာယ်က ဘာမှန်း အရှင်ကျန်းရဲ့ပရိသတ်တွေက မင်းတို့ကို ပြပေးလိမ့်မယ်

"အခုကစပြီး ဒီနေရာက ကျန်းမုန့်လောင်ရင်ပြင်ဖြစ်လာတော့မှာ။ မြေအောက်လောကကောင်းချီးတိုက်ခိုက်မှုနဲ့ စလိုက်ကြတာပေါ့"

"မင်း အိမ်အပြင်ကထွက်ရင် ကားတိုက်ခံရပါစေလို့ ငါဆုတောင်းပေးလိုက်တယ်။ ပြီးတော့ လူနာတင်ကားတစ်စီးကလည်း ချက်ချင်း အနားကဖြတ်သွားပါစေ"

"မင်း အရှင်လတ်လတ်မီးသင်္ဂြိုလ်ခံရပါစေလို့ ဆုတောင်းပေးလိုက်တယ်။ တစ်ခါတောင်မဟုတ်ဘူး။ နှစ်ခါဖြစ်ပါစေ"

"မင်း ကင်ဆာဖြစ်ရင် အစောပိုင်းအဆင့်ဖြစ်နေပါစေလို့ ငါဆုတောင်းတယ်"

"မင်းရဲ့အုတ်ဂူက ပထဝီဝင်အနေအထားကောင်းတဲ့နေရာမှာဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်"

"မင်း အာမခံဝယ်ရင် သေချာပေါက်အစွမ်းပြဖို့ ဆုတောင်းပေးလိုက်တယ်"

"မင်း ရောဂါအပြင်းအထန်တစ်ခုရရင် အရေးကြီးဖျားနာမှုအာမခံကို ဝယ်ရပါစေလို့ဆုတောင်းပေးလိုက်တယ်"

...

တိုက်ချင်းယင်ပရိသတ်များ၏အကောင့်များ အဘန်းခံရ၊ အပိတ်ခံရဖြစ်သွားပြီနောက်တွင် ကျန်းမုန့်လောင်၏ပရိသတ်များက အသံထွက်လာလေတော့သည်။ သူတို့အမြင်တွင်မူ ကျန်းမုန့်လောင်က ချမ်းသာချင်ချမ်းသာလိမ့်မည်။ သို့သော် သူသည် မှန်ကန်သင့်တော်သော စည်းမျဉ်းစည်းကမ်းရှိသူတစ်ယောက်ဖြစ်၏။ လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ချင်းချိုးနိုင်ငံမှာ သူလုပ်ခဲ့သည့်ကိစ္စကလည်း အလွန်စိတ်ကျေနပ်ဖို့ကောင်းလှသည်ဖြစ်ရာ ပရိသတ်အမြောက်အများ ရလိုက်လေသည်။

"ဟားဟားဟား ဒီလိုအရည်အချင်းမျိုး..ငါတော့ ရယ်သေပြီ"

ကျန်းမုန့်လောင်က သူ့ပရိသတ်များ၏ လှောင်ပြောင်ထေ့ငေါ့လေဟန်"ဆုတောင်း"များကို ဖတ်လိုက်မိသည်။ သူ့ပရိသတ်များ ပီသပါပေသည်။

သို့သော် ထို့နောက် ဟယ်လီဟုခေါ်သော ပါမောက္ခတစ်ယောက်တင်လိုက်သည့် ဝေးပေါ်ပို့စ်တစ်ခုက ရေပန်းစားသည့် ထိပ်ဆုံးစာရင်းထဲသို့ တက်လာချေသည်။

"ဟွာရှားရုပ်ရှင်လောကမှာ ဒီလိုကိစ္စမျိုးတွေဖြစ်နေတာကို မြင်ရတာ တကယ်စိတ်မကောင်းဖြစ်စရာပဲ။ သရုပ်ဆောင်တွေရဲ့ဘဝက ဒီလောက်အထိအသုံးအဖြုန်းမကြီးသင့်သလို ဘာတန်ဖိုးမှနားမလည်တဲ့ ဒုတိယလူချမ်းသာမျိုးဆက်တစ်ယောက်က ရုပ်ရှင်လောကကို ဦးဆောင်နေတာမျိုးလည်း မဖြစ်သင့်ဘူး။ တိုက်ချင်းယင်လို သရုပ်ဆောင်တွေက လေးစားမှုနဲ့ထိုက်တန်တယ်လို့ ငါထင်တယ်"

ဤပို့စ်တွင် ကျန်းမုန့်လောင်၏နာမည်ကို ထည့်မပြောထားသော်ငြား ဤသည်မှာ သူ့ကိုဝေဖန်ထားခြင်းဖြစ်ကြောင်း ရှင်းနေလေသည်။

ဤပို့စ်အောက်တွင် လိုက်ခ်သန်းပေါင်းများစွာနှင့် ကောမန့်ထောင်ဂဏန်းလောက် ပေါ်ထွက်လာပြီး အကုန်လုံးကလည်း ထောက်ခံထားသော မှတ်ချက်များသာဖြစ်၏။

"ဟယ်လိဆိုတာ ဘယ်သူလဲ"

ကျန်းမုန့်လောင်က ယခုလေးတင်မှ သူ့အတွက် ညလယ်စာယူလာပေးသည့် ဟုန်းရီကို မေးလိုက်သည်။

"အိုး.. ပါမောက္ခဟယ်လိက ဟွာရှားရုပ်ရှင်ကျောင်းမှာ အရမ်းနာမည်ကြီးတဲ့လူတစ်ယောက်လေ။ ပြီးတော့ ရုပ်ရှင်ဧကရာဇ်နဲ့ဧကရီတော်တော်များများကိုလည်း သူပဲသင်ကြားပေးခဲ့တာလေ။ သူက ဒီအသိုင်းအဝိုင်းထဲမှာ တော်တော်လေးဩဇာရှိတယ်။ တိုက်ချင်းယင်က သူ အနားမယူခင် သင်ပေးခဲ့တဲ့ နောက်ဆုံးကျောင်းသူလေ"

"အိုး ငါနားလည်ပြီ"

ကျန်းမုန့်လောင်က အနည်းငယ်ခေါင်းညိတ်လိုက်သည်။

"တပည့်ကိုရှင်းပြီးသွားတော့ ဆရာကရောက်လာပြီပေါ့"

***********

All Chapters