ပြင်ပအကူအညီလိုသေးလား
Vol. 12 Ch. 172
ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကတွင် ဟယ်လိက ထူးခြားလှသော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ သူ အနားယူသွားသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်သော်ငြား တရုတ်နှစ်သစ်ကူးတိုင်းမှာ သူ့နေအိမ်ဟာ အလွန်စည်ကားလှသည်။ သူ့ဆီကို လာရောက်လည်ပတ်ကြသူများမှာ သူ့ကျောင်းသားဟောင်းများသာမက ဖျော်ဖြေရေးလောကရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများလည်း ပါသည်။
တစ်နေ့မှာ ရုပ်ရှင်ဧကရာဇ်တစ်ယောက်က အထုပ်ကြီးအထုပ်ငယ်များဆွဲ၍ ဟယ်လိ၏အိမ်သို့ လာရောက်လည်ပတ်သည်ကို မြင်လိုက်ရလျှင် အံ့ဩထိတ်လန့်နေစရာမလိုချေ။ ဤသည်မှာ ပုံမှန်အလေ့အထတစ်ခုသာဖြစ်၏။
ဟယ်လိက ဦးဆောင်လိုက်သဖြင့် ဟွာရှားရုပ်ရှင်ကျောင်းရှိ ဆရာများနှင့် ပါမောက္ခများလည်း ထွက်ပေါ်လာကြသည်။ နာမည်ကြီးသရုပ်ဆောင်များကပင် ထိုပို့စ်ကို ရှဲလာကြတော့သည်။ ရုတ်ခြည်းဆိုသလိုပင် တိုက်ချင်းယင်ကို တောင်းပန်ဖို့ ကျန်းမုန့်လောင်အား ပြောလာသည့်အသံများမှာ ပိုမိုကျယ်လောင်လာသည်။
"ဟမ့် ကျန်းမုန့်လောင် ရှင် ချမ်းသာတယ်ဆိုတော့ရော ဘာဖြစ်လဲ။ အကောင့်တွေကိုဖျက်ပစ်နိုင်တယ်ဆိုတော့ရော ဘာဖြစ်လဲ။ ဒါက အင်တာနက်အရေးကိစ္စတစ်ခု မဟုတ်တော့ဘူး။ ဖျော်ဖြေရေးနဲ့ရုပ်ရှင်လောကတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်သွားပြီ"
သူ(မ)ကိုထောက်ခံထားသည့် မက်ဆေ့ချ်များကိုကြည့်ရင်း တိုက်ချင်းယင်၏အမူအရာမှာ မာန်မာနထောင်လွှားမှုများဖြင့် ပြည့်နှက်နေလေတော့သည်။ ဤသည်မှာ လူထုအမြင်၏ စွမ်းအားဖြစ်ပြီး ဤနည်းလမ်းများက သူ(မ)ကို ဘယ်တုန်းကမှ မရှုံးနိမ့်စေခဲ့ပေ။
"ကျွန်မဘက်က ရပ်တည်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဆရာ။ တရုတ်နှစ်သစ်ကူးလည်း ရောက်တော့မယ်ဆိုတော့ အဲ့ဒီကျမှ ကျွန်မ ဆရာ့ကိုလာတွေ့ပါ့မယ်။ ကျွန်မအကြိုက်ဆုံးဟင်းတွေကို ပြင်ထားပေးနော်"
တိုက်ချင်းယင်က သူ(မ)၏နည်းပြ ဟယ်လိကိုကျေးဇူးတင်ဖို့ မက်ဆေ့်ချ်တစ်စောင်ပို့ရန်လည်း မမေ့ပေ။
"ကောင်မစုတ်လေး..ကိုယ့်ဆရာကို ဘာတွေများ တအားယဉ်ကျေးပြနေတာလဲ။ မင်းဘက်က ဘာအမှားမှမလုပ်သရွေ့ မင်းရဲ့ဆရာက မင်းဘက်ကနေ အမြဲရပ်တည်ပေးနေမှာပါ။ ပြီးတော့ မင်းရဲ့ဆရာကတော်ကို မင်းကြိုက်တဲ့ ဘေကျင်းဆော့စ်နဲ့ဝက်သားနုပ်နုပ်စဉ်းလေး လုပ်ထားခိုင်းလိုက်မယ်"
ဟယ်လိက မက်ဆေ့ချ်ကို စာပြန်လိုက်ပြီး သူ့ဖုန်းကိုပိတ်လိုက်သည်။ တိုက်ချင်းယင်၏နယ်ရုပ်တစ်ရုပ်အဖြစ် သူလုပ်ဆောင်ခဲ့သည့်လုပ်ရပ်က သူ့ဂုဏ်သတင်းကို မည်သို့နှယ်သက်ရောက်စေလိမ့်မလဲဆိုသည်ကိုတော့ သတိမမူမိရှာပေ။
ကျန်းမုန့်လောင်က ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည်ဟူသောသတင်းက ပေါက်ကြားသွားခဲ့သည်။ ဖျော်ဖြေရေးလောကထဲရှိ ဤအတင်းအဖျင်းက တက္ကသိုလ်ပညာရေးအဆင့်သို့ ရုတ်တရက်ကြီးအဆင့်မြင့်သွားချေသည်။
"နင်တို့ကျောင်းကို ဗဟုသုတတွေတင်မကဘဲ ကိုယ်ကျင့်တရားကိုပါ သင်ကြားပေးဖို့ တောင်းဆိုချင်တယ်။ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုနိုင်တဲ့လူတွေကိုပဲ မွေးထုတ်ကြစမ်းပါ။ ချမ်းသာပြီး ကိုယ်ကျင့်တရားကင်းမဲ့ပြီး လူမှုအဖွဲ့အစည်းကို ထိခိုက်စေနိုင်တဲ့လူတွေကို မမွေးထုတ်စမ်းပါနဲ့။ @ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်"
"@ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် မင်းတို့တက္ကသိုလ်က ကျန်းမုန့်လောင်ရဲ့အပြုအမူတွေကို သေချာထောက်ပြပြီး လူအဖွဲ့အစည်းအတွက် သင့်တော်တဲ့ရှင်းပြချက်တစ်ခု ပေးဖို့မျှော်လင့်ပါတယ်"
ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ဝေးပေါ်အကောင့်ကား အကြိမ်ပေါင်းများစွာ မန်းရှင်းအခေါ်ခံနေရပြီး ဟွာရှားရုပ်ရှင်ကျောင်း၏ တရားဝင်ဝေးပေါ်အကောင့်ကပါ သူတို့ကို မန်းရှင်းခေါ်လာသည့်အဆင့်အထိ ရောက်လာသည်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ တရားဝင်ဝေးပေါ်အကောင့်ကို စီမံနေသူများမှာ ကျောင်းသားတစ်ခုမျှသာဖြစ်ပြီး မန်းရှင်းအများကြီးအခေါ်ခံထားရသည့်အတွက် ဤအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုသည်ကို မသိတော့ပေ။
"ဝိုး..ဒါကြီးက ငါတို့ကျောင်းကို တိုက်ရိုက်တိုက်ခိုက်လာတာပဲ"
အစတုန်းကတော့ ဤအခြေအနေကား စိတ်လှုပ်ရှားဖို့ကောင်းသည်ဟု ကျန်းမုန့်လောင် ထင်နေမိခြင်းဖြစ်၏။ သို့သော် ယခုတော့ သူ့တက္ကသိုလ်ကိုပါ ထိခိုက်လာပြီဖြစ်သောကြောင့် သူ သည်အတိုင်းရပ်ကြည့်မနေနိုင်တော့ပေ။
သို့သော် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိလူတိုင်းက ဤမျှစိတ်ဆတ်ကြလိမ့်မည်ဟုတော့ သူ ထင်မထားပေ။ ကျန်းမုန့်လောင်က ဘယ်လိုလူစားမျိုးလဲဆိုသည်ကို အသာထား။ တစ်ဖက်က ဤမျှအနေအထားအထိရောက်အောင် တိုက်ခိုက်လာသည်ဖြစ်ရာ သူတို့ကလည်း သည်းခံနေနိုင်မတဲ့လား။ ခုခံရေးကို ဦးဆောင်လာသူမှာ ကျန်းမုန့်လောင်၏ဆရာများပင် ဖြစ်သည်။
လွန်ခဲ့သည့်လအနည်းငယ်လောက်တုန်းက ကျန်းမုန့်လောင်က ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ သုတေသနအဖွဲ့တိုင်းကို စပွန်ဆာပေးခဲ့ပြီး အနည်းဆုံးရန်ပုံငွေကပင် သန်းဆယ်ဂဏန်းမျှ ရှိသည်။
သိပ်မကြာခင်ကမှ တစ်နိုင်ငံလုံးတွင် အကြီးမားဆုံးသော အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကို ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၌ တပ်ဆင်ထားပြီးဖြစ်၏။ ကျန်းနန်မြို့တော်ကပင် ထိုကိရိယာအတွက် နေရာကို အခမဲ့ပေးထားခဲ့လေရာ အခြားတက္ကသိုလ်များပင် မနာလိုဖြစ်ခဲ့ရသည်။
အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကို တပ်ဆင်ထားပြီးဖြစ်ရာ သုံးလအတွင်း စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားသည်။
ဤလပိုင်းအတွင်းတွင် ကျန်းမုန့်လောင်ထောက်ပံ့ပေးထားသော ရန်ပုံငွေများကြောင့် သုတေသနအဖွဲ့များကလည်း စာတမ်းများရေးသားကာ အံ့အားသင့်ဖို့ကောင်းသောနှုန်းဖြင့် ရလဒ်များကို ရရှိခဲ့ကြသည်။ နှစ်လအတွင်းမှာပင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က သိပ္ပံဂျာနယ်အဆင့်မီ စာတမ်းခုနစ်စောင်ကို ထုတ်ဝေနိုင်ခဲ့သည်။ နိုင်ငံထဲရှိ မည်သည့်တက္ကသိုလ်မဆို မကြုံဖူးသောစွမ်းဆောင်ရည်တစ်ခုဖြစ်၏။
ဤဆရာများမှာ သာမညောင်ညများမဟုတ်ကြပေ။ သို့သော် အရင်းအမြစ်ကန့်သတ်ချက်များကြောင့် အောင်မြင်မှုလည်း ကန့်သတ်ခံထားရသည်။ ဤသည်မှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ သိပ္ပံသုတေသနစွမ်းဆောင်ချက်က အခြားတက္ကသိုလ်များထက် အားနည်းသည်ဟုတော့မဆိုလိုပေ။
အလုပ်သမားတစ်ယောက်က သူ့အလုပ်ကို ကောင်းကောင်းလုပ်ချင်ပါက သူ့ပစ္စည်းကိရိယာများကို အရည်အသွေးမြှင့်တင်ရမည်သာ။ ငွေရေးကြေးရေးစိုးရိမ်စရာမလိုပါဘဲ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူနိုင်စွမ်းရှိပါက ဝက်တစ်ကောင်ပင် နိုင်ငံတကာဂျာနယ်နှစ်စောင်လောက် ထုတ်လုပ်နိုင်သည်။
ဤအောင်မြင်မှုများကြောင့် ကံကောင်းပါက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်အနေနှင့် ယခုနှစ်အတွင်း နောက်ထပ်ပညာရှင်သုံးယောက်လောက် ပေါ်ထွန်းလာနိုင်ပေသည်။ ဤသည်မှာ ကျန်းမုန့်လောင်၏ကျေးဇူးများပင် ဖြစ်၏။
ကျောင်းကိုဝေဖန်လာလျှင် သည်းခံ၍ရနိုင်သော်ငြား ကျန်းမုန့်လောင်ကို လက်ညှိုးထိုးပြီး ဆဲဆိုထားကြသူများကိုတော့ လျစ်လျူရှုမနေနိုင်ချေ။
"ကျုပ်တို့ကျောင်းသားတွေကို မဝေဖန်ခင် ပါမောက္ခရေ..ခင်ဗျားဘယ်သူပဲဖြစ်ဖြစ် အခြေအနေကို အရင်စုံစမ်းကြည့်ဖို့ မျှော်လင့်ပါတယ်။ ကျုပ်တို့ကျောင်းသား ကျန်းမုန့်လောင်က ထူးခြားတဲ့ကျောင်းသားတစ်ယောက်ပဲ။ သူ့ရဲ့ငွေသုံးစွဲမှုက သူ့ရဲ့ကိုယ်ပိုင်အမြင်ပါပဲ။ သူ့ချမ်းသာမှုရဲ့အရင်းအမြစ်က တရားမျှတပြီး တရားဝင်နေသရွေ့ သူ့ကို ဒီလိုဝေဖန်စရာမလိုပါဘူး"
"သောက်ကျိုးနည်း..အဲ့ဒါ ငါတို့ကျောင်းက တော်ဝင်ပညာရှင်ရှုဟ"
ကျန်းမုန့်လောင်မှာ ထိုမက်ဆေ့ချ်ကိုမြင်ပြီး အံ့ဩသွားသည်။ လက်ရှိအချိန်မှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် တော်ဝင်ပညာရှင်တစ်ယောက်သာ ရှိသည်။ ထိုလူမှာ တော်ဝင်ပညာရှင်ရှုပင်။ သူသည် ပေါ်လီမာကုန်ကြမ်းနယ်ပယ်တွင် ထူးချွန်လှသောပညာရှင်တစ်ယောက်ဖြစ်သည်။ ယခုလက်ရှိ ဟွာရှား၏အာကာသစီမံကိန်းများတွင် အသုံးပြုနေသော ကုန်ကြမ်းပစ္စည်းများမှာ သူ့ကြိုးစားအားထုတ်မှုများပင်။
"ဟားဟားဟား..ငါ ဒီမက်ဆေ့ချ်ကိုနားလည်ပြီဟေ့။ "ကိုယ်ပိုင်အမြင်"ဆိုတာက သူတို့ကို ဆင်းရဲတယ်လို့ ဒဲ့ဆော်လိုက်တာပဲ ဟားဟားဟား"
"အမှန်ပဲ။ ကျန်းမုန့်လောင်အတွက်တော့ တစ်ဘီလီယံလောက်သုံးလိုက်ရတာက သူ့အတွက် ဆယ်ယွမ်သုံးရသလောက်ပဲရှိတာ။ မင်းတို့က ဆယ်ယွမ်ပဲသုံးတဲ့လူတစ်ယောက်ကို လာဝေဖန်နေတာလား"
"ပါမောက္ခဟယ်ဆိုတဲ့လူက သူ့မှာ ဂုဏ်ပုဒ်လေးတစ်ခုရှိတာနဲ့ပဲ ဘာတွေကြီးကျယ်ပြနေတာလဲ။ တော်ဝင်ပညာရှင်တွေနဲ့ယှဉ်ရင် သူက ဘာကောင်ကြီးမှမဟုတ်ဘူး။ သူတို့က နိုင်ငံ့စီးပွားရေးကို တိုးတက်အောင်လုပ်ပေးနေရတာ။ သူက ဘာများလုပ်ဖူးလို့လဲ"
"ဟေး.. မင်း အဲ့လိုပြောလို့မရဘူးလေ။ အဲ့ဒီသရုပ်ဆောင်တွေကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့နေစဉ်ဖျော်ဖြေမှုတွေကို ဘယ်ကရမှာလဲ"
"ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ဘရိုပြောတာ ချက်ကောင်းထိတယ်။ ငါ အရမ်းလောလွန်းသွားတယ်။ သရုပ်ဆောင်တွေမှာလည်း သူတို့တန်ဖိုးနဲ့သူတို့ရှိတာပေါ့။ ငါက ပါမောက္ခဟယ်ကို ပစ်မှတ်ထားနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ပညာရေးမှာ အာရုံမစိုက်ဘဲ ဒီသရုပ်ဆောင်လေးတွေ သူများကို သွားပုပ်လေလွင့်ပြောတဲ့နေရာမှာ ကူညီပေးနေတဲ့လူတွေကိုပြောတာပါ"
"အဟွတ် အဟွတ် အဟွတ် ငါ တစ်ခုလောက်ပြောပါရစေဦး။ ကျန်းမုန့်လောင်က ငါတို့ကျောင်းကို အမေရိကန်ဒေါ်လာဘီလီယံဆယ်ဂဏန်းလောက်ရှိတဲ့ ပစ္စည်းကိရိယာတွေကိုလှူထားတာ။ အမှုန်ခွဲခြမ်းစိတ်ဖြာစက်တောင်ပါတယ်။ သူက သိပ္ပံဆိုင်ရာအောင်မြင်မှုတွေကိုတောင် နာမည်ဝင်မယူခဲ့ဘူး။ အဲ့လိုလူစားမျိုးရဲ့စိတ်နှလုံးက ကြီးကျယ်မြင့်မြတ်တယ်။ ငါကတော့ ဒီလိုကျောင်းသားတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ညစ်နွမ်းအောင်လာလုပ်တဲ့ ဘယ်သူ့ကိုမှ ခွင့်ပြုမှာမဟုတ်ဘူး"
"ပါမောက္ခလီလား။ ပါမောက္ခလီရဲ့သုတေသနအဖွဲ့က သိပ္ပံဂျာနယ်မှာ စာတမ်းနှစ်စောင် ဆက်တိုက်ထုတ်ခဲ့တယ်လို့ ငါကြားထားတယ်။ သူက ဒီနှစ် တော်ဝင်ပညာရှင်ရာထူးကို သေချာပေါက်ရတော့မှာ။ သူတောင် ကျန်းမုန့်လောင်ဘက်က ထောက်ခံပြီး ပြောပေးထားတာပဲ"
"ပါမောက္ခတွေမှာလည်း သူ့အဆင့်နဲ့သူရှိတယ်။ ဘက်ထရီနယ်ပယ်မှာ ပါမောက္ခလီရဲ့အောင်မြင်မှုက အသိသာချည်းပဲ။ သူ့လိုပါမောက္ခမျိုးကိုမှ ပါမောက္ခလို့ခေါ်ထိုက်တာ"
"သောက်ကျိုးနည်း.. ငါတို့ကျောင်းမှာရှိတဲ့ ပစ္စည်းကိရိယာတွေ ရုတ်တရက်ကြီးအဆင့်မြင့်သွားတာ မအံ့ဩတော့ပါဘူး။ အကုန်လုံးကို ဘော့စ်ကျန်းလှူပေးထားတာကိုး"
ကျန်းမုန့်လောင်ဘက်က ခုခံပြောဆိုပေးသော လူအရေအတွက်ကလည်း များပြားလာသည်။ ထိုညနေဘက်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ပါမောက္ခအယောက်တစ်ရာလောက်က ကျန်းမုန့်လောင်ဘက်က ကာကွယ်ပြောဆိုပေးထားကြသည်။
"ကျစ် ကျစ် ကျစ်.. ကြည့်ကောင်းလိုက်တဲ့မြင်ကွင်းကွာ"
"အနုပညာမေဂျာကလူတွေက သိပ္ပံသုတေသနကလူတွေကို လာပြိုင်ဖို့ ကြိုးစားနေတာတဲ့။ ဒါ ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ"
"အခုအချိန်မှာတော့ မြင်ကွင်းက ရှယ်လှနေပါပြီ။ ဘော့စ်ကျန်းကတော့ တကယ်အစွမ်းထက်တာပဲ"
"ဘော့စ်ကျန်းရဲ့စရိုက်က ဖောက်ပြားနေတယ်လို့ တခြားဘယ်သူကများ ပြောရဲဦးမလဲဆိုတာ ငါကြည့်ချင်သေးတယ်။ နာမည်ဂုဏ်သတင်းကျော်ကြားဖို့အတွက် ဉာဏ်ဆင်တဲ့လူတွေကမှ စာရိတ္တဖောက်ပြားတဲ့လူတွေ"
…
ကျန်းမုန့်လောင်က အသေအကြေတိုက်ပွဲကြီးကို ကြည့်ရှုခံစားနေချိန်မှာပင် ဟန်ကျင်းယွီက သူ့ကို ဖုန်းခေါ်လာသည်။
"မုန့်လောင်.. ဘယ်လိုလဲ။ ငါတို့ကျောင်းက ဆရာတွေက အရမ်းအထောက်အကူဖြစ်တယ်မလား"
ဟန်ကျင်းယွီ၏အသံထဲတွင် စိတ်လှုပ်ရှားဟန်အရိပ်အယောင်များ ကိန်းအောင်းနေသည်။
"ဒါက..ဆရာဟန် ခင်ဗျားတို့တွေက ဒါကို အစီအစဉ်အကျကြံစည်ထားကြတယ်လို့ ကျွန်တော် ဘာလို့ထင်နေမိတာလဲ"
"ကျစ်.. ငါတို့အဘိုးကြီးတွေက မတုံးပါဘူး။ ဘယ်သူ့ရဲ့စရိုက်က စစ်မှန်တယ် မစစ်မှန်ဘူးဆိုတာ ငါတို့အတပ်ပြောနိုင်တယ်။ မင်း ဘာမှပြောမလာဘူးဆိုရင်တောင် ငါတို့ကတော့ မင်းကိုပဲ ဆက်ထောက်ခံနေမှာ"
"ဟားဟားဟား.. တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စသေးသေးလေးကို ဖြေရှင်းနိုင်တယ်ရယ်"
ဤဆရာများမှာ ဤမျှတက်ကြွကြလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားပေ။
"ဒါက မတူဘူးလေ။ ငါတို့ကျောင်းက ဘယ်လောက်စည်းလုံးလဲဆိုတာ သူတို့ကိုပြဖို့လိုတယ်လေ"
ဟန်ကျင်းယွီက ပြော၏။
"စကားမစပ် မင်း ပြင်ပအကူအညီလိုသေးလား"
"ဟင် ပြင်ပအကူအညီလား"
ကျန်းမုန့်လောင် အံ့အားသင့်သွားရလေသည်။
"ငါ့မှာ ကျန်းနန်တက္ကသိုလ်၊ ချင်းပေ့တက္ကသိုလ်နဲ့ ဟွာရှားလေကြောင်းတက္ကသိုလ်တို့မှာ အသိမိတ်ဆွေတချို့ရှိတယ်။ သူတို့ ငါ့ကို အခုလေးတင်ဖုန်းဆက်တယ်။ မင်းဘက်ကသာ သူတို့ကို အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကို သုံးခွင့်ပြုမယ်ဆိုရင် အသုံးပြုဖို့အတွက် အခကြေးငွေပေးရမယ်ဆိုရင်တောင် မင်းကိုထောက်ခံပေးမယ်လို့ပြောသွားတယ်"
ဟန်ကျင်းယွီက ထပ်ဖြည့်ပြောလာပြန်သည်။
"ဟွာရှားရဲ့တစ်ခုတည်းသော စကေးကြီးတဲ့အမှုန်ခွဲခြိမ်းစိတ်ဖြာစက်ဆိုတော့ သူတို့လည်း သွားရည်တမြားမြားဖြစ်နေတာပေါ့ကွာ။ ဒီပြဿနာလေးတွေကလွဲရင် ဒီလိုစက်မျိုးကို သုံးခွင့်ပေးလိုက်ရင် နိုင်ငံနဲ့လူထုအတွက်လည်း ကြီးမားတဲ့အောင်မြင်မှုတစ်ခု ရလာနိုင်တယ်။ မင်းကို ဘယ်သူက စာရိတ္တဖောက်ပြားနေတဲ့ ဒုတိယမျိုးဆက်သူဌေးသားလို့ ခေါ်ရဲဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"သူတို့ဘက်က လူများလား"
ကျန်းမုန့်လောင်လည်း သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"မင်းဘက်က ပြောလိုက်ရုံပဲ။ တော်ဝင်ပညာရှင်၅၂ယောက်နဲ့ ပါမောက္ခအယောက်နှစ်ထောင်ကျော်က အဲ့ဒီရုပ်ရှင်ကျောင်းကို မိနစ်ပိုင်းလေးအတွင်းမှာတင် ဖောက်ခွဲပစ်လိုက်လိမ့်မယ်"
***********