← Chapters

ငါ့ရန်သူရဲ့ရန်သူက ငါ့မိတ်ဆွေပဲ

Vol. 12 Ch. 173

ငါ့ရန်သူရဲ့ရန်သူက ငါ့မိတ်ဆွေပဲ

Vol. 12 Ch. 173

"သောက်ကျိုးနည်း"

အမှုန်ခွဲခြမ်းစိတ်ဖြာစက်မှာ ဤမျှအထိ ဆွဲဆောင်အားကောင်းလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားချေ။ တော်ဝင်ပညာရှင်အယောက်ငါးဆယ်နှင့် ပါမောက္ခထောင်ဂဏန်းတဲ့လား။ ဤသည်မှာ ပညာရေးကဏ္ဍအတွင်းရှိ အင်အားစုသက်သက်မျှသာ မဟုတ်ပါဘဲ နိုင်ငံတော်အဆင့် မယိမ်းယိုင်နိုင်သော စွမ်းအားတစ်ရပ်အဖြစ်ပင် ကိုယ်စားပြုနေလေသည်။

ဤတော်ဝင်ပညာရှင်များမျာ နိုင်ငံ့ရတနာများဖြစ်ပြီး နိုင်ငံတစ်နိုင်ငံလုံးနှင့် လူသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးနေကြသူများပင်။ သူတို့နှုတ်မှထွက်လိုက်သော စကားများက ထိုပါမောက္ခဟယ်လိပြောသည့်စကားများထက် အဆတစ်ရာလောက် ပိုလွှမ်းမိုးမှုရှိသည်။

ကြီးကြီးကျယ်ကျယ်ဆိုရပါလျှင် ၎င်းမှာ အဆင့်အတန်းမြင့်တိုက်ခိုက်မှုတစ်ရပ်ပင်တည်း။

ကျန်းမုန့်လောင်ကိုယ်တိုင်ပင် သူထောက်ပံ့ထားသော ထိုအမှုန်ခွဲခြမ်းစိတ်ဖြာစက်က သူ့ကို နိုင်ငံနှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပေးထားသည့် သူရဲကောင်းကြီးတစ်ဦးအဆင့်သို့ ရောက်ရှိသွားစေလိမ့်မည်ဟု မျှော်လင့်မထားပေ။ ဤမျှအထိ အံ့ဖွယ်ကောင်းလောက်သည့်ကိစ္စမျိုး ပေါ်ပေါက်လာစေရန် သူ ရည်ရွယ်မထားချေ။

"ဘယ်လိုလဲ မုန့်လောင်.. ငါတို့တွေ မင်းပြောမဲ့စကားကို စောင့်နေကြတာ"

"ဟားဟားဟား ပါမောက္ခဟန်.. ဒီစက်ပစ္စည်းကို ငှားရမ်းသုံးစွဲခွင့်ပေးလိုက်ရင် ကျွန်တော်တို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ သိပ္ပံသုတေသနအဆင့်အတန်းတွေ တိုးတက်မှုနောက်ကျသွားမှာမကြောက်ဘူးလား"

ကျန်းမုန့်လောင်က ဟာသလုပ်လိုက်သည်။

"ကောင်စုတ်လေး.. ငါ့ကို တအားတစ်ကိုယ်ကောင်းဆန်ပြီး ရှေးရိုးဆန်တယ်လို့တွေးမနေနဲ့။ ဟုတ်ပြီလား။ ငါက ပညာရေးလောကထဲကပါ။ စီးပွားရေးလောကထဲကမဟုတ်ဘူး။ အရင်းအမြစ်တွေမျှဝေတာက နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တက္ကသိုလ်တွေအတွက် အကျိုးရှိတယ်လေ။ ငါတို့ ကိုယ့်နယ်ပယ်ကျဉ်းကျဉ်းလေးထဲမှာပဲ ယှဉ်ပြိုင်နေလို့မဖြစ်ဘူး။ ငါတို့ရဲ့နိုင်ငံတကာလွှမ်းမိုးမှုအတွက်လည်း လမ်းဖောက်ရမယ်"

ဟန်ကျင်းယွီက ဆိုလာလေသည်။

ကမ္ဘာလုံးဆိုင်ရာနှင့် ကြည့်ပါက အမှုန်ခွဲခြမ်းစိတ်ဖြတ်စက်ရှိသော ကျောင်းအရေအတွက်မှာ လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်နိုင်သည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ထိုအထဲမှ တစ်ခုအပါအဝင်ဖြစ်၏။ ထိုအဖြစ်မှာ ဟွာရှား၏ပညာရေးနှင့် သိပ္ပံသုတေသန၏ အရေးပါမှုကို ဖော်ညွှန်းနေချေသည်။

"ဒါပေမဲ့ သေချာတာကတော့ ငါတို့သုံးပြီးမှပဲ သူတို့ကိုသုံးခွင့်ပေးမှာ။ ပြီးတော့ ငှားရမ်းခနဲ့ပတ်သက်ပြီးတော့ ငါတို့ကျောင်းဘက်က လေးလေးနက်နက်ဆွေးနွေးတိုင်ပင်ဖို့လိုတယ်။ ငါတို့ သူတို့ကို အခမဲ့ပေးသုံးလို့မဖြစ်ဘူး"

ဟန်ကျင်းယွီလို အကျင့်သိက္ခာမြင့်မားသူတစ်ယောက်က "အခမဲ့"ဟူသော စကားလုံးမျိုးကို သုံးလာလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားချေ။ သူဟာ စီးပွားရေးလောကထဲက မဟုတ်ပါဘဲ ပညာရေးလောကထဲကပါဟုပြောခဲ့သူမှာ မည်သူလေလဲ။ ဤသည်မှာ အခြားတက္ကသိုလ်များထံမှ ငွေကြေးအမြတ်ထုတ်မှုကို ဘယ်လိုလုပ်ရမလဲဟူသည့် ဆွေးနွေးပွဲသာဖြစ်ရမည်။ ခေါင်းပုံဖြတ်အမြတ်ကြီးစားဖို့ပင် ဖြစ်နိုင်လောက်သည်။

"ဒါဆိုလည်း ဆရာ့နည်းဆရာ့ဟန်နဲ့ပဲ လုပ်ကြတာပေါ့"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။ ဤမျှအင်အားကြီးမားလှသောအကွက်ကို တိုက်ချင်းယင်တစ်ယောက် ဘယ်လိုတုံ့ပြန်မလဲဆိုသည်ကို သူ စိတ်ဝင်စားမိသည်။

"ဟားဟားဟားဟား ကောင်းတယ်ဟေ့။ ငါ သူတို့ကို ချက်ချင်းသွားပြောလိုက်မယ်"

ဟန်ကျင်းယွီက အဆောတလျင်ပြောလာလေသည်။

"အမှုန်ခွဲခြမ်းစိတ်ဖြာစက်အတွက် သူတို့ပေးမဲ့ ငှားရမ်းခက ငါတို့သုတေသနအဖွဲ့ရဲ့ရန်ပုံငွေကို ထောက်ပံ့ပေးနိုင်တော့မှာပဲ ဟားဟားဟား"

ကျန်းမုန့်လောင်သည် အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကို ဟန်ကျင်းယွီ၏သုတေသနအဖွဲ့အတွက် ထောက်ပံ့ပေးထားခြင်းပင်။ ကျောင်းဘက်ကလည်း ဝင်ငွေထဲက တစ်စိတ်တစ်ပိုင်းကို ယူထားလိမ့်မည်ဖြစ်သော်ငြား ကျန်ငွေက ဟန်ကျင်းယွီတစ်ယောက် ကုမ္ပဏီများထံမှ လိုက်တောင်းခဲ့ရသည့်ရန်ပုံငွေထက် များစွာပိုလိမ့်ဦးမည်ဖြစ်၏။

မကြာခင်၌ အင်တာနက်ပေါ်တွင် ကျန်းမုန့်လောင်ကို ထောက်ခံထားသော မက်ဆေ့ချ်ပေါင်းများစွာကို မြင်လိုက်ကြရသည်။ ကြောက်ဖို့ကောင်းသည့်အချက်မှာ ထိုလူများ၏ ဘွဲ့နာမည်များက အလွန်တရာအထင်ကြီးဖို့ကောင်းနေခြင်းပင်။ "ယန့်ဇီမြစ်စကော်လာ"၊"အရည်အချင်းပြပရိုဂရမ်ရာဂဏန်း"နှင့် တော်ဝင်ပညာရှင်တစ်သိုက်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

သိပ္ပံသုတေသနတွင် ကိုယ့်ကိုယ်ကိုယ်မြှုပ်နှံထားသည့် ပါမောက္ခအိုကြီးများနှင့် တော်ဝင်ပညာရှင်များပင် ညီညီညွတ်ညွတ်လှုပ်ရှားလာကြသည်ကို လူတချို့က သတိပြုမိလိုက်သည်။ သူတို့တွေအားလုံးက ဆိုရှယ်မီဒီယာပေါ်တွင် တစ်ပြိုင်တည်း ပို့စ်တင်လာကြသည်။

ပိုတုန်လှုပ်ဖွယ်ကောင်းသည်မှာ တချို့လူများက ထိုနေ့ကျမှသာ အကောင့်ဖွင့်ထားခြင်းဖြစ်ပြီး သူတို့၏ပထမဆုံးပို့စ်ကလည်း ကျန်းမုန့်လောင်ဘက်က ကာကွယ်ပြောဆိုပေးထားခြင်းဖြစ်သည်။

သူတို့၏လေသံကလည်း ချောက်ချားဖို့ကောင်းလောက်အောင် ညီညွတ်နေကြပြီး ကျန်းမုန့်လောင်ကို ဟွာရှားရှိတက္ကသိုလ်အခြေစိုက် သိပ္ပံသုတေသနဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်ထက်မြက်စွာ အထောက်အကူပြုပေးနေပုံကို ချီးကျူးနေကြသည်။ သူသည် ချမ်းသာပါသော်ငြား လူမှုတာဝန်များကိုလည်း ထမ်းဆောင်ပေးနေသူဖြစ်လေရာ ထိုကဲ့သို့သောလူတစ်ယောက်ကို ယခုလိုအသရေမဖျက်သင့်ကြောင်း ပြောဆိုထားကြသည်။

ဤမက်ဆေ့ချ်များကြောင့် ကျန်းမုန့်လောင်၏ထောက်ခံသူများကလည်း ကြက်သွေးထိုးထားသည့်အလား တက်ကြွလာကြတော့သည်။ ယခုလိုဦးစီးခေါင်းဆောင်များက ရှေ့က တက်နေမှတော့ သူတို့က ဘာများကြောက်နေစရာရှိသလဲ။

"သေစမ်း.. တော်ဝင်ပညာရှင်လျိုကောင်းနျန်လည်း ဝင်ပြောပေးထားတာကွ။ မင်းတို့တွေအကုန်လုံးကို ငါ ပြောပြမယ်။ ဒီလူက ဟွာရှားရဲ့နျူကလီးယားစွမ်းအင်အတွက် အခြေခံအုတ်မြစ်ချပေးခဲ့တဲ့လူပဲ။ ငါတို့ရဲ့ပထမဆုံးသော နျူကလီးယားဗုံးက သူ့ရဲ့လုပ်ဆောင်မှုကြောင့်ပဲ"

"ပြီးတော့ တော်ဝင်ပညာရှင်ကောင်းယွီယင်ရောပဲ။ သူက မဒမ်ကူရီရဲ့ကျောင်းသားနော်"

"သောက်ကျိုးနည်း.. အသက်တစ်ရာ့ရှစ်ဆယ်ရှိနေပြီဖြစ်တဲ့ ဒီပါမောက္ခကြီးတွေက ဆိုရှယ်မီဒီယာကို ဘယ်လိုလုပ်ပြီးသုံးတတ်တာလဲဆိုတာ တစ်ယောက်ယောက် ငါ့ကိုရှင်းပြစမ်းပါဦး။ ဒါက ဟာသလုပ်နေတာများလား"

"ငတုံး သူတို့ရဲ့တရားဝင်အတည်ပြုချက်တွေကို မင်းမမြင်ဘူးလား။ အဲ့လိုလုပ်ဖို့ဆိုရင် သက်သေအထောက်အထားတွေလိုအပ်တယ်လေ"

"အခု ကျန်းမုန့်လောင်က ဆိုရှယ်မီဒီယာရဲ့ဘော့စ်ဖြစ်နေပြီလေ။ အတည်ပြုချက်ကို သူပဲ ဆုံးဖြတ်ပေးတာမဟုတ်ဘူးလား"

"မင်းတို့က အွန်လိုင်းပေါ်မှာ အဲ့ဒီတော်ဝင်ပညာရှင်တွေအဖြစ် အယောင်ဆောင်ရဲလောက်အောင် သတ္တိရှိတယ်ပေါ့လေ။ မင်းတို့တော့ ဂျေးအောင်းချင်နေပြီထင်တယ်"

...

အမှန်စင်စစ်ပင် ထောက်ခံအားပေးမှုများမှာ အံ့ဩထိတ်လန့်ဖွယ်ကောင်းလှသော်လည်း ဝေးပေါ်က ကျန်းမုန့်လောင်၏အပိုင်ဖြစ်သောကြောင့် ဤသည်ကို ကျန်းမုန့်လောင်ကပင် ကြိုးကိုင်နေခြင်းဖြစ်လိမ့်မည်ဟု ထင်ကြသူများလည်း ရှိနေဆဲပင်။

သို့သော် ဟွာရှားDaily၏ တရားဝင်ဝက်ဆိုက်တွင် ထွက်ပေါ်လာသော သတင်းတစ်ပုဒ်ကတော့ ဤကိစ္စ၏ ယုံကြည်စိတ်ချရမှုကို အတည်ပြုပေးလိုက်သည်။

"တော်ဝင်ပညာရှင်ပေါင်းများစွာဆီက တုံ့ပြန်ချက်အရ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရဲ့ကျောင်းသား ကျန်းမုန့်လောင်အပေါ်ပေးတဲ့ လူထုရဲ့မှတ်ချက်တွေမှာ မမှန်ကန်မှုများပါဝင်နေကြောင်း သိရှိရပါတယ်။ ဟွာရှားရုပ်ရှင်တက္ကသိုလ်အနေနဲ့ အပြုအမူအပြောအဆိုကို ချင့်ချိန်ပေးစေချင်ပါတယ်"

ဤထုတ်ပြန်ချက်၏ အရင်းအမြစ်ကား ဟွာရှားပညာရေးဝန်ကြီးဌာနပင်။

ဟွာရှားDailyထံမှ သတင်းကြောင့် ဤကိစ္စကို မည်သူကမှ သံသယမဖြစ်ရဲတော့ပေ။

"ဟားဟားဟား ပြီးသွားပြီ။ ဟွာရှားရုပ်ရှင်တက္ကသိုလ်က အဲ့ဒီပါမောက္ခတွေ အခုပြေးလို့ရပြီ"

"ငါတို့ရဲ့ဘော့စ်ကျန်းကို အသရေဖျက်ချင်တယ်ပေါ့လေ။ တော်ဝင်ပညာရှင်တွေအများကြီးက ဘော့စ်ကျန်းကို ထောက်ခံပေးနေကြပြီ။ မင်းတို့ ဆက်ပြောရဲသေးလား"

"ထွက်လာခဲ့ကြစမ်း ဦးနှောက်မရှိတဲ့ပရိသတ်တွေ.. မင်းတို့ ဘာလို့ဆက်မအော်ကြတော့တာလဲ။ ဘော့စ်ကျန်းရဲ့ဝေးပေါ်ကို ထပ်ပြီးဗုံးကြဲချင်သေးလား။ အွန်လိုင်းအကြမ်းဖက်မှုလုပ်ချင်သေးလား။ ဟုတ်လား။ ကိုယ့်လူတို့.. တိုက်ချင်းယင်ရဲ့ဝေးပေါ်ကို ချီတက်ကြစို့"

"သောက်ကျိုးနည်း..တစ်ယောက်ယောက်က အသံသွင်းမှတ်တမ်းတစ်ခု တင်လိုက်ပြီ။ "Three-Body"ရိုက်ကွင်းကနော်"

"သောက်ကျိုးနည်း.. ငါ ဘာကြားလိုက်ရတာလဲ။ သူက သန်းရှစ်ဆယ်ယူထားပြီးတာတောင် နောက်ထပ်လုပ်အားခတိုးတောင်းနေတယ်တဲ့လား"

"နို့ရည်နဲ့ရေချိုးမယ်ပေါ့လေ။ မင်းအမေကိုပဲ ငါ နို့ရည်နဲ့ချိုးပေးလိုက်မယ်။ မင်းကများ ဘော့စ်ကျန်းက ရေဆိုးရေညစ်နဲ့ လှမ်းပက်ချင်သေးတယ်ပေါ့။ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

"အမှိုက်သရိုက်တွေ.. အခုမှပဲနားလည်တော့တယ်"

"@ဟွာရှားရုပ်ရှင်တက္ကသိုလ် ကျေးဇူးပြုပြီး သင်တို့ရဲ့ဆရာတွေနဲ့ကျောင်းသားတွေကို ကောင်းကောင်းအုပ်ချုပ်ပါ။ ကိုယ့်ဘာသာထွက်လာပြီး အရှက်မကွဲစေနဲ့"

"ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် : ခုနတုန်းက ငါ့ကို @မန်းရှင်းခေါ်တာ ဘယ်သူလဲ။ ထပ်ပြောစမ်းပါဦး။ ငါ အိမ်သာသွားတက်နေလို့ မက်ဆေ့ချ်ကို မမြင်လိုက်ဘူး"

"ဟားဟားဟား တော်ချက်"

လူအုပ်ကြီး၏ ပြန်လည်တုံ့ပြန်မှုကြောင့် တိုက်ချင်းယင်၏ပရိသတ်များမှာ အသံမထွက်နိုင်တော့ပေ။ ဟွာရှားရုပ်ရှင်တက္ကသိုလ်ကပင် ကြေညာချက်ထုတ်ပြန်နေခြင်းကို ရပ်တန့်လိုက်ပြီး သူတို့ဘက်က ဤကိစ္စကို အသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး လူထုကို ဖြေရှင်းချက်တစ်ခု ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာလာခဲ့သည်။

ဤတစ်ခေါက်တွင်မူ တိုက်ချင်းယင်လည်း လုံးဝပြိုလဲသွားရပြီး နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသော သူ(မ)၏ပုံရိပ်လည်း ညတွင်းချင်းပျက်စီးသွားခဲ့ရသည်။ ဤမကောင်းသတင်း၏ ကျော်ကြားမှုကြောင့် နောက်နောင်တွင် ဘယ်ရုပ်ရှင်လုပ်ငန်းကမှ သူ(မ)ကို အလုပ်ကမ်းလှမ်းလာတော့မည်မဟုတ်ချေ။

"ဖြေရှင်းချက်တဲ့လား။ ဘွဲ့ရပြီးသားကျောင်းသူတစ်ယောက်အတွက် ဘယ်လိုဖြေရှင်းချက်မျိုးထုတ်လို့ရမှာလဲ။ သူ့ကို ကျောင်းထုတ်လို့ရော ရမှာမို့လို့လား"

ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်နေမိသည်။

"ဒါပေမဲ့ ကိုယ်လုပ်ခဲ့တဲ့ကိစ္စအတွက် ကိုယ်ပြန်ပေးဆပ်ရမှာ ထုံးစံပဲ"

တိုက်ချင်းယင်သည် အမျိုးသားသရုပ်ဆောင်တစ်ယောက်ကို စိတ်ဓာတ်ကျသွားသည်အထိ အနိုင်ကျင့်ခဲ့ဖူးကြောင်း ကျန်းမုန့်လောင်သိထားပြီးဖြစ်၏။ သူက သူရဲကောင်းတစ်ယောက်မဟုတ်သလို ထိုကဲ့သို့ပြုမူရန်လည်း တာဝန်မရှိပေ။ သို့သော် သူ(မ)၏ကျရှုံးမှုက သိပ်မဆိုးဝါးလှသေးဟု သူ ခံစားမိသည်။ ဤလူများ၏ထောက်ခံမှုကြောင့်သာ မဟုတ်ပါက ဤပြဿနာမှာ အနည်းငယ်ကိုင်တွယ်ရခက်ခဲနိုင်လောက်သည်။ ထို့ပြင် သူ့အနားရှိလူများကိုပါ ထိခိုက်စေနိုင်သည်။

တိုက်ချင်းယင်လို လူစားမျိုးက လုံးဝပြိုလဲပြီး သိက္ခာကျသွားမှသာ အကောင်းဆုံးဖြစ်၏။

"ဟုန်းရီ. မင်းမှာ ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားတက္ကသိုလ်ရဲ့ ဥက္ကဋ္ဌကို ဆက်သွယ်ရမဲ့ဖုန်းနံပါတ်ရှိလား"

"ရှိပါတယ်။ သူတို့ဥက္ကဋ္ဌကို ဘာအတွက်ဆက်သွယ်ချင်ရတာလဲ"

"ငါကြားထားတာတော့ ဟွာရှားရုပ်ရှင်တက္ကသိုလ်နဲ့ ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားတက္ကသိုလ်တို့က အမြဲတမ်း ပြိုင်ဘက်တွေလို့သိထားတယ်။ ငါ့ရန်သူရဲ့ရန်သူက ငါ့မိတ်ဆွေပဲ မဟုတ်လား။ ဟွာရှားရဲ့ရုပ်ရှင်လောကက ဒီလောက်အထိ ပရမ်းပတာဖြစ်နေတာ။ ဒါက ပညာရေးပိုင်းမှာ ပြဿနာဖြစ်နေတယ်ဆိုတာကို ပြနေတာပဲလေ။ ငါ သူတို့ကို ပိုက်ဆံလှူဖို့စဉ်းစားနေတာ။ ပြီးရင် ထူးချွန်ထက်မြက်တဲ့သရုပ်ဆောင်တွေကို မွေးထုတ်မယ်။ ပြဿနာရှာဖို့လောက်ပဲသိတဲ့ သရုပ်ဆောင်မျိုးတွေကိုတော့ မလိုချင်ဘူး"

************

All Chapters