← Chapters

တကယ်တော့ ကျွန်တော် ခင်ဗျားတို့ကို ပိုက်ဆံလှူချင်လို့ပါ

Vol. 12 Ch. 174

တကယ်တော့ ကျွန်တော် ခင်ဗျားတို့ကို ပိုက်ဆံလှူချင်လို့ပါ

Vol. 12 Ch. 174

ယန်ကျင်းရုပ်ရှင်နှင့်ရုပ်မြင်သံကြားတက္ကသိုလ်၏ ဥက္ကဋ္ဌကျူးဖေကောင်းသည် သူ့အိမ်တွင် အနားယူရန် ပြင်ဆင်နေချေသည်။ ညဘက်ကြီးကျမှ ဤကဲ့သို့သော အခြေအနေတစ်ရပ်‌ ပေါ်ပေါက်လာလိမ့်မည်ဟု သူတို့ ထင်မထားချေ။ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားပညာရေးလောကထဲမှ လူတစ်ယောက်ဖြစ်သည့်အတွက် ဤကိစ္စအပေါ် သူလည်း အာရုံမစိုက်ဘဲ မနေနိုင်ချေ။

"အဘိုးကြီး..တိုက်ချင်းယင်ရဲ့ကိစ္စက ပြင်းထန်သထက်ပြင်းထန်လာတာပဲ။ အခုဆိုရင် ကျွန်မတို့နိုင်ငံက သိပ္ပံသုတေသနနယ်ပယ်ထဲက တော်ဝင်ပညာရှင်တွေပါ လှုပ်ရှားလာကြပြီ။ ကျန်းမုန့်လောင်လို့ခေါ်တဲ့ ဒီလူငယ်လေးက တကယ်အစွမ်းအစရှိတာပဲ"

ကျူးဖေကောင်း၏မိန်းမက သူ(မ)၏မျက်မှန်ကို ပင့်တင်လိုက်သည်။

"တိုက်ချင်းယင်က ဘွဲ့ရပြီးသားဆိုပေမဲ့ သူက ဟွာရှားရုပ်ရှင်တက္ကသိုလ်က ဖြစ်နေတုန်းပဲလေ။ ဒါကြီးက သူတို့ကျောင်းအပေါ် တော်တော်သက်ရောက်မှုကြီးသွားတာပဲ"

"အဲ့ဒါ အမှန်ပဲမဟုတ်ဘူးလား။ အဲဒီဟယ်လိက သူ့တပည့်ကိုကာကွယ်ဖို့ အတင်းကြိုးစားခဲ့တာ အခုတော့ ကိုယ့်ဒုက္ခကိုယ်ရှာမိသွားပြီ"

ဥက္ကဋ္ဌကျူးက သက်ပြင်းချလိုက်သည်။

"ငါတို့ကျောင်းနှစ်ကျောင်းက နှစ်ပေါင်းများစွာပြိုင်ဆိုင်လာခဲ့ကြတာ။ ဒါက ငါတို့ကျောင်းအတွက် တကယ့်ကိုကောင်းတဲ့ကိစ္စတစ်ခုပဲ"

ဤသည်မှာ ကျူးဖေကောင်းက တစ်ကိုယ်ကောင်းဆန်သောကြောင့် မဟုတ်ပေ။ နှစ်တိုင်းတွင် ပညာရေးအရင်းအမြစ်များက ပေါများလှသည်။ တရားဝင်ကိစ္စက တရားဝင်ကိစ္စဖြစ်ပြီး အတွင်းရေးကိစ္စက အတွင်းရေးကိစ္စပင်။ ကျောင်းဘက်ကလည်း ထူးချွန်ထက်မြက်သောကျောင်းသားများကို ခန့်အပ်ပြီး အရင်းအမြစ်အများအပြားအတွက် ပြိုင်ဆိုင်ရန် အမြဲမျှော်လင့်သည်သာ။ ကျောင်း၏အင်အားနှင့် လူမှုအဖွဲ့အစည်းအပေါ် လွှမ်းမိုးမှုမှာ အရေးကြီးဆုံးအချက်များထဲက တစ်ခုအပါအဝင်ဖြစ်၏။

"ငါတို့ရဲ့ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားတက္ကသိုလ်က နှစ်ပေါင်းများစွာ သူတို့ဆီက အနိုင်ပိုင်းခံခဲ့ရတယ်။ ဒီတစ်ခေါက်တော့ ငါတို့အခွင့်အရေးပဲ။ ငါတို့ ဒါကို ကောင်းကောင်းအသုံးချရမယ်"

ကျူးဖေကောင်းက ပြောလိုက်သည်။

"နောက်နောင် ငါတို့ကျောင်းက အတွေးအခေါ်ပိုင်းဆိုင်ရာပညာရေးကိုလည်း အာရုံစိုက်ထားမှဖြစ်မယ်။ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့သင်ခန်းစာတွေမှာ ထူးချွန်ထက်မြက်နေဖို့ လိုသလို အတွေးအခေါ်ပိုင်းဆိုင်ရာမှာလည်း လမ်းမှားမသွားဖို့ လိုတယ်။ ငါတို့ရဲ့သင်ကြားရေးဝန်ထမ်းတွေကို ကောင်းကောင်းပြုပြင်ပြောင်းလဲဖို့လိုပြီ"

"အဘိုးကြီး ဖုန်းလာနေတယ်"

ကျူးဖေကောင်း၏မိန်းမက သူ့ကို ဖုန်းကမ်းပေးလိုက်သည်။

"ဘယ်သူလဲ"

"မသိဘူး။ နံပါတ်စိမ်းကြီးပဲ"

"အိုး"

ကျူးဖေကောင်းက ဖုန်းပြန်ဖြေလိုက်သည်။

"ဟယ်လို…ကျူးဖေကောင်းပြောနေတာပါ။ ဘယ်သူလဲမသိဘူး"

"ဟယ်လို ဥက္ကဋ္ဌကျူး..ကျန်းမုန့်လောင်ပြောနေတာပါ"

"ကျန်းမုန့်လောင်လား"

ကျူးဖေကောင်းလည်း ထိတ်လန့်သွားရသဖြင့် ခပ်မတ်မတ်ထိုင်မိသွားသည်။ သူ့ကျောင်းက တစ်စုံတစ်ယောက်ကများ ကျန်းမုန့်လောင်ကို ရန်စမိသွားလေသလား။ ယခု ထိုကောင်လေးက သူ့ကို ပြစ်ဒဏ်ပေးဖို့ ရောက်လာတော့လေမလား။

"မင်း..ဘာလိုချင်လို့လဲ"

ကျူးဖေကောင်းက မေးလိုက်၏။

"ဥက္ကဋ္ဌကျူး.. စိတ်လှုပ်ရှားဖို့မလိုပါဘူး။ ကျွန်တော်က ခင်ဗျားကိုပြဿနာရှာဖို့ လာခဲ့တာမဟုတ်ပါဘူး"

ဤစကားကိုကြားလိုက်ရမှသာ ကျူးဖေကောင်းလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

"ဒါဆို မင်း…"

"ဒီလိုပါ။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်က ပညာရေးလောကကို အလှူအတန်းတော်တော်များများ လုပ်ထားတယ်လေ။ ဒါပေမဲ့ တော်တော်များများက သိပ္ပံသုတေသနကို အဓိကထားတဲ့ တက္ကသိုလ်တွေကိုပဲ ပေးခဲ့ဖူးတာဆိုတော့ ခင်ဗျားတို့လို အနုပညာသင်တန်းကျောင်းတွေကိုတော့ တစ်ခါမှ စပွန်ဆာမပေးခဲ့ဖူးဘူး။ အထူးသဖြင့် တိုက်ချင်းယင်လို ကိုယ်ကျင့်တရားပျက်ယွင်းသူတစ်ယောက် ပေါ်လာပြီးတဲ့နောက်မှာ အနုပညာအဖွဲ့အစည်းတွေရဲ့ပညာရေးကို နည်းနည်းအားဖြည့်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တွေးမိလိုက်တယ်ဗျ"

"ဘာကိုဆိုလိုချင်တာလဲ"

"ပညာရေးလို့ပြောလိုက်ရင် ပိုက်ဆံကတော့ အမြဲလိုအပ်တာပဲလေ။ ကျွန်တော်က ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားတက္ကသိုလ်ကို ပိုက်ဆံအနည်းအကျဉ်းလှူဒါန်းဖို့ စီစဉ်ထားတယ်။ ခင်ဗျားတို့ကျောင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖို့အတွက်ပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အနုပညာလိုက်စားခြင်းက ခက်ခဲတဲ့လမ်းကြောင်းတစ်ခုဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဲ့ဒါက တော်တော်လေးလည်း အကုန်အကျများတယ်လေ။ အရည်အချင်းရှိတဲ့ ကျောင်းသားတော်တော်များများက သူတို့မိသားစုရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် ကျရှုံးကုန်ကြရတယ်။ အဲ့ဒီကျောင်းသားအများစုက တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပြီ။ သူတို့ အကူအညီလိုအပ်တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒါက ဟွာရှားရုပ်ရှင်နဲ့ရုပ်မြင်သံကြားလောကအတွက် အရည်အချင်းရှိတဲ့လူသစ်လေးတွေကို မြေတောင်မြှောက်ရာလည်း ကျတယ်လေ"

ဤစကားကို ကြားလိုက်ရသောအခါ ကျူဖေကောင်းလည်း အလွန်အမင်းစိတ်လှုပ်ရှားတက်ကြွသွားရသည်။ တကယ်တမ်းတွင် သူတို့ကျောင်းမှာ အောင်မြင်နေပြီဖြစ်သော ကျောင်းသားဟောင်းများ၏ အလှူငွေများဖြင့် တည်ထောင်ထားသော ဖောင်ဒေးရှင်းတစ်ခု မူလတုန်းက စင်စစ်ရှိခဲ့သည်။ ဤပိုက်ဆံများဖြင့် အကျင့်စရိုက်ကောင်းမွန်ပြီး ကျွမ်းကျင်မှုရှိကာ မိသားစုနောက်ခံမရှိသူများကို ထောက်ပံ့ပေးခဲ့သည်။

သို့သော် မကြာသေးခင်နှစ်များအတွင်းမှာပင် ဖောင်ဒေးရှင်း၏ရန်ပုံငွေက ကုန်ခမ်းသွားခဲ့ပြီး ကျူးဖေကောင်းကလည်း ဤပြဿနာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေခဲ့ရသည်။

"ကျန်း.. အခုလိုခေါ်လို့ စိတ်မရှိဘူးမလား"

"ဘယ်လိုမှမဖြစ်ပါဘူးဗျာ။ ဥက္ကဋ္ဌကျူးက အကြီးပဲဟာကို"

"ဒီလိုလေ။ အလှူငွေပမာဏကို ငါ သိချင်တယ်။ အဲ့ဒါမှလည်း ရန်ပုံငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး ငါတို့ ကောင်းကောင်းမွန်မွန်စီစဉ်နိုင်မှာမို့လို့ပါ"

"ဟွာရှားငွေတစ်ဘီလီယံနဲ့ စလိုက်ကြတာပေါ့"

"တစ်ဘီလီယံလား။ မင်းနောက်နေတာလား"

ကျူးဖေကောင်းခမျာ ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူတို့၏ဖောင်ဒေးရှင်း စတင်တည်ထောင်ခါစတုန်းက ရန်ပုံငွေသန်းနှစ်ဆယ်သာ ရှိခဲ့သည်။

"မလောက်ဘူးလား။ မလောက်ဘူးဆိုရင် ကျွန်တော် ထပ်ဖြည့်ပေးလို့ရပါတယ်"

"လောက်ပါတယ်။ လောက်ပါတယ်"

သန်းငါးဆယ်ဆိုလျှင်ပင် ကျူးဖေကောင်းအဖို့ အရေးအကြောင်းများပေါ်လာသည်အထိ ရယ်မောနေနိုင်ပြီဖြစ်၏။

"ဒါပေမဲ့ ဒီဖောင်ဒေးရှင်းကို မနက်ဖြန်လောက်ပဲဖြစ်ဖြစ် မြန်မြန်လေးတည်ထောင်စေချင်တယ်။နာမည်ကတော့ ခင်ဗျားစိတ်ကြိုက်ပဲထားလိုက်ပါ။ လွန်ခဲ့တဲ့ဆယ်မိနစ်တုန်းကပဲ ကျွန်တော် ကျောင်းရဲ့အကောင့်ထဲကို ပိုက်ဆံလွှဲပြီးသွားပြီ။ မနက်ဖြန်ကျရင်စစ်ကြည့်လိုက်ပါဦး"

"အဲ့ဒီလောက်တောင် မြန်လား"

ကျူးဖေကောင်းမှာ ကျန်းမုန့်လောင်၏လုပ်ပုံကိုင်ပုံကြောင့် မှင်တက်သွားရလေသည်။

"နောက်တစ်ခုရှိသေးတယ် ဥက္ကဋ္ဌ"

"ပြောပါ"

"ဟွာရှားရုပ်ရှင်တက္ကသိုလ်ရဲ့ဥက္ကဋ္ဌက ဒီပိုက်ဆံနဲ့ပတ်သက်ပြီး ခင်ဗျားကိုမေးလာခဲ့ရင် ကျွန်တော်လှူထားတာလို့သာ ပြောလိုက်ပါ။ သူတို့ကို ဘာလို့မပေးရသလဲလို့ မေးလာခဲ့ရင် သူတို့နဲ့မတန်လို့လို့သာ ပြောလိုက်ပါ"

ဤစကားကိုကြားသော် ကျူးဖေကောင်း ရုတ်တရက်ကြီး နားလည်သွားသည်။ ကျန်းမုန့်လောင်က အလှူအတန်းလုပ်ဖို့ ရောက်လာခြင်းမဟုတ်။ စိတ်ပိုင်းဆိုင်ရာဂိမ်းကစားဖို့ ရောက်လာခဲ့ခြင်းသာ။

သူတို့ကျောင်းကသာ အလှူငွေအများကြီး ရသွာခဲ့ပါလျှင် ဟွာရှားရုပ်ရှင်တက္ကသိုလ်ကလည်း ဤသတင်းကို ရသွားသည်နှင့် အသာငြိမ်နေနိုင်မည်မဟုတ်တော့ပေ။ သူတို့ သေချာပေါက်လာမေးလိမ့်မည်သာ။ ကျန်းမုန့်လောင်၏တုံ့ပြန်မှုက နှလုံးတည့်တည့်ကို ဓားနဲ့ထိုးလိုက်သည့်အလားပင်။

"ကောင်းပါပြီ။ ငါနားလည်ပြီ။ ငါ သတင်းပါးလိုက်ပါ့မယ်"

"အခြားသူများအတွက် ကပ်ဘေးများကိုတားဆီးကာကွယ်ဖို့ ပိုက်ဆံကိုလက်ခံလိုက်ပါ"ဟူသော ဆိုရိုးစကားအတိုင်း ကျူးဖေကောင်းက တမန်တော်တစ်ယောက်မျှသာ ဖြစ်၏။ သူ့အနေနှင့်လည်း မပြောနိုင်စရာ မရှိပေ။ ဟွာရှားရုပ်ရှင်တက္ကသိုလ်ကသာ ကျဉ်းထဲကျပ်ထဲရောက်ရမည့်သူဖြစ်၏။ ကျန်းမုန့်လောင်က ဤနည်းလမ်းကိုသုံး၍ သူတို့ကို ဖိအားပေးနေခြင်းသာ။

တိုက်ချင်းယင်၏ကိစ္စကို ဖြေရှင်းပေးမလား။မပေးဘူးလား။ ဖြေရှင်းမပေးပါက သူကလည်း ယန်ကျင်းရုပ်ရှင်နှင့်ရုပ်မြင်သံကြားတက္ကသိုလ်ကို အရူးအမူးထောက်ပံ့ပေးပြီး ပိုက်ဆံအပုံလိုက်ချပေးလိမ့်မည်သာ။

အဆုံးမှာတော့ ထူးချွန်ထက်မြက်သော ကျောင်းသားအားလုံးကလည်း ယန်ကျင်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားတက္ကသိုလ်ကို ရောက်သွားကြပေလိမ့်မည်။ ထိုသို့ဆိုပါက ဟွာရှားရုပ်ရှင်တက္ကသိုလ်က ပြိုလဲသွားပြီး အဆုံးတွင် ဒုတိယအဆင့်အနုပညာကျောင်းတစ်ကျောင်း ဖြစ်သွားပေလိမ့်မည်။

...

နောက်တစ်နေ့တွင် ကျန်းမုန့်လောင်‌ပြောထားသည့်အတိုင်း ယန်ကျင်းရုပ်ရှင်နှင့်ရုပ်မြင်သံကြားတက္ကသိုလ်က ဖောင်ဒေးရှင်းအသစ်တစ်ခု တည်ထောင်လိုက်ကြောင်း တရားဝင်ဝက်ဆိုက်တွင် ပို့စ်တင်လိုက်သည်။ ဖောင်ဒေးရှင်း၏နာမည်ကား မုန့်လောင်ဖောင်ဒေးရှင်းဖြစ်ပြီး အလှူရှင်မှာ ကျန်းမုန့်လောင်ဖြစ်ကြောင်းနှင့် အလှူငွေပမာဏမှာ တစ်ဆယ်ဘီလီယံဖြစ်ကြောင်းကိုပါ ထည့်သွင်းထားသည်။

ဟွာရှားတစ်နိုင်ငံလုံးတွင် ကျောင်းများကို အလှူငွေထည့်ဝင်ပေးနေသူ အမြောက်အများရှိသည်။ သို့သော် ထိုကဲ့သို့သော ပမာဏကတော့ ရှားပါးလွန်းလှသည်။ သိပ်မကြာခင်မှာပင် မရေမတွက်နိုင်သောလူပေါင်းများစွာက ဤသတင်းကို သိသွားကြသည်။

"ဥက္ကဋ္ဌကျန်းက ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားကို လှူဒါန်းခဲ့တယ်တဲ့။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲဆိုတာ သိတယ်မလား (ခွေးခေါင်းအီမိုဂျီ)"

"ဥက္ကဋ္ဌကျန်းရဲ့နည်းဗျူဟာတွေက ဝမ်ယိဂီတကိုဝယ်တုန်းကနဲ့ အခုလက်ရှိနဲ့ တူနေတယ်လို့ ငါ ဘာလို့ခံစားမိနေတာလဲ။ ပြိုင်ဘက်ကို ငွေနဲ့ဖိအား‌ပေးနေတာဟ။ ဒါက တစ်ထေရာတည်းပဲ"

"အဲ့ဒီလောက်ပိုက်ဆံအများကြီးနဲ့ဆိုရင် ဟွာရှားရုပ်ရှင်တက္ကသိုလ်က ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားကို ဘယ်လိုယှဉ်ပြိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

...

ထင်ထားသည့်အတိုင်းပင် ဤသတင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဥက္ကဋ္ဌနှင့် ဟွာရှားရုပ်ရှင်တက္ကသိုယ်အကြီးအကဲများမှာ အသာငြိမ်မနေနိုင်တော့ချေ။ ဤသည်မှာ ကျန်းမုန့်လောင်၏လှည့်ကွက်များထဲက တစ်ခုဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်းသိထားကြသည်။ သို့သော် သူတို့ ဘာမှမတတ်နိုင်ပေ။ သူက ထိုအလှူငွေအတွက် သူ့ပိုက်ဆံကို သူသုံးနေခြင်းဖြစ်လေရာ သူတို့မှာ ၎င်းကို မကျေမနပ်ပြောဆိုခွင့်မျိုး ဘယ်မှာရှိမည်တဲ့လဲ။

"ဒီလိုလုပ်လို့မဖြစ်ဘူး"

ခေါင်းဆောင်တစ်ယောက်က ပြောလာလေသည်။

"တကယ်လို့ ကျန်းမုန့်လောင်ကသာ ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားတက္ကသိုလ်ကို အပြည့်အဝထောက်ပံ့ပေးလိုက်ပြီဆိုရင် ကျုပ်တို့ကျောင်းက အများဆုံးငါးနှစ်စာလောက် နောက်ကျကျန်နေခဲ့မှာ။ အဲဒီကျရင် ကျုပ်တို့ရဲ့အဆောက်အအုံတွေ ဌာနတွေနဲ့ ကျောင်းသားအရည်အသွေးတွေကလည်း နောက်ကောက်ကျကျန်နေခဲ့တော့မှာ"

"ဟုတ်တယ်။ နောက်ပိုင်းကျရင် လူတွေက ဟွာရှားမှာရှိတဲ့ အဓိကသရုပ်ဆောင်မေဂျာတွေအကြောင်း ပြောကြရင် ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားတက္ကသိုလ်ကိုပဲ သိကြတော့မှာ။ ဘယ်သူကမှ ဟွာရှားရုပ်ရှင်တက္ကသိုလ်ကို အမှတ်ရကြတော့မှာမဟုတ်ဘူး။ ဥက္ကဋ္ဌ..ခင်ဗျား ဒီကိစ္စကို ဒီအတိုင်းထိုင်ကြည့်နေလို့မရဘူးနော်"

အစည်းအဝေးခန်းကား တစပြင်အလား တိတ်ဆိတ်သွားသည်။

"ငါ ကျန်းမုန့်လောင်ကို ဖုန်းဆက်လိုက်မယ်"

များစွာချင့်ချိန်စဉ်းစားပြီးနောက် ဟွာရှားရုပ်ရှင်တက္ကသိုလ်၏ ဥက္ကဋ္ဌလော့ဟွေ့က အလှူငွေရနိုင်ခြေရှိမရှိကို စနည်းနာရန်အတွက် ကျန်းမုန့်လောင်နှင့် ဆက်သွယ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

...

"အိုး ဖုန်းဝင်လာပါပြီ"

ကျန်းမုန့်လောင်က အပြုံးလေးဖြင့် ဆိုကာ နွားနို့ကို တစ်ငုံမော့သောက်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။

"ဟယ်လို ဘယ်သူလဲ"

"ကျောင်းသားကျန်းမုန့်လောင်လား။ ကျုပ်က လော့ဟွေ့ပါ။ ဟွာရှားရုပ်ရှင်တက္ကသိုလ်ရဲ့ဥက္ကဋ္ဌပါ"

"အိုး.ဥက္ကဋ္ဌဟွေ့.. ဘာများကူညီပေးရမလဲ"

ကျန်းမုန့်လောင်က မေးလိုက်၏။

"ဒီလိုပါ။ အရင်ဆုံး ကျုပ်တို့ကျောင်းက ပါမောက္ခဟယ်လိနဲ့ တိုက်ချင်းယင်တို့ရဲ့လုပ်ရပ်နဲ့စကားတွေကြောင့် မင်းကိုထိခိုက်စေခဲ့ရင် တောင်းပန်ချင်ပါတယ်"

"ဥက္ကဋ္ဌ ခင်ဗျားကတော့ အရမ်းသဘောကောင်းလွန်းနေပါပြီ။ အဲ့ဒါ ခင်ဗျားအပြစ်မှမဟုတ်တာ"

"ကျန်း.. တကယ်တော့ မင်းအနေနဲ့ ယန်ကျင်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားတက္ကသိုလ်ကို အလှူငွေလှူဒါန်းပြပြီး ကျုပ်တို့ကို တုံ့ပြန်မှုတစ်စုံတစ်ရာလုပ်ဖို့ ဖိအားပေးဖို့ကြိုးစားနေတယ်ဆိုတာ ကျုပ်သိပါတယ်။ ကျုပ်.."

"မဟုတ်ဘူးနော်။ မဟုတ်ဘူး။ ဥက္ကဋ္ဌလော့.. ကျွန်တော်က ကျွန်တော်တို့နိုင်ငံရဲ့ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားပညာရေးလောကကို မြှင့်တင်ပေးချင်ရုံသက်သက်ပါ။ တကယ်တော့ ခင်ဗျားတို့ကိုလည်း ဆယ်ဘီလီယံလှူဒါန်းဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ကျွန်တော်က "ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်"အဖြစ် သမုတ်ခံထားရတာဆိုတော့ ကျွန်တော် အခုလိုဆက်လုပ်နေမယ်ဆိုရင် ထပ်ပြီးဝေဖန်ခံနေရဦးမှာမလား"

"စိတ်ချပါ။ ကျုပ်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကျေနပ်လောက်မဲ့ တုံ့ပြန်မှုတစ်ခုကို သေချာပေါက်ပေးမှာပါ"

ကျန်းမုန့်လောင်၏စကားကို ကြားလိုက်ရသောအခါ ကျန်းမုန့်လောင်က ဤနည်းလမ်းကိုသုံး၍ သူတို့၏သဘောထားကို ထုတ်ပြန်လာဖို့ ဖိအားပေးနေခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌလော့ နားလည်သွားလေသည်။

***********

All Chapters