ဥက္ကဋ္ဌကျန်း.. လက်ထောက်တစ်ယောက်လောက်များ မလိုဘူးလား
Vol. 12 Ch. 176
"မင်း သွားမှာလား။ မသွားဘူးလား။ မသွားရင် ငါ တခြားတစ်ယောက်ကိုသွားရှာမလို့"
ဝမ်လင်က ကျန်းမုန့်လောင်ကို စကားပြောဖို့ စိတ်ကုန်နေလေပြီ။ ဆက်ပြောနေလျှင် နီညိုရောင်စစ်တပ်ကြီးကိုပင် ကျန်းမုန့်လောင်တို့မိသားစုက ဖန်တီးထားသည်ဟု ကြားနေရမည်စိုးရသည်။
"သွားမှာပေါ့။ ဘာလို့မသွားရမှာလဲ"
ကျန်းမုန့်လောင်က ထိုလက်မှတ်နှစ်စောင်ကို ယူထားလိုက်သည်။
"ပိုက်ဆံသုံးရမဲ့ကိစ္စဆိုရင် ငါ သေချာပေါက်ပါမယ်"
"ဟားဟား ဒါဆို သွားရမဲ့နေ့ကျရင် မင်းရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ သွားလို့ရပြီ"
ဝမ်လင်က စနောက်ကျီစယ်လေဟန်အပြုံးဖြင့် ပြောလိုက်လေသည်။
"ငါ့အတွက် ထိုင်ခုံနေရာနှစ်နေရာ လိုတယ်နော်။ ဒါနဲ့ စကားမစပ် မင်းကို ငါ့ရည်းစားအသစ်လေးနဲ့ မိတ်ဆက်ပေးမယ်"
"မင်းက အလကားသက်သက် သဘောကောင်းနေတာမဟုတ်မှန်း ငါသိသားပဲ"
ကျန်းမုန့်လောင်ကလည်း ကဲ့ရဲ့လိုဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။
"မနက်ဖြန်မနက်ကိုးနာရီကျရင် လေဆိပ်ကိုသာ တိုက်ရိုက်လာခဲ့"
"ကောင်းပြီ"
ဝမ်လင်က ပြုံးဖြီးလျက်ရှိသည်။
"ဒါ မင်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ပထမဆုံးစီးဖူးတာပဲ။ ကျန်းသခင်လေး ကျွန်တော် တကယ်စိတ်လှုပ်ရှားနေပြီ"
"ဒါနဲ့ ဒီတစ်ခေါက် မင်းအဖေက မသွားဘူးလား"
ကျန်းမုန့်လောင်က သိချင်စိတ်ကြောင့် မေးလိုက်မိသည်။
"သူအလုပ်များနေတယ်လေ။ ဒါပေမဲ့ ဒီတစ်ခေါက် ငါ့ကို တစ်ဆယ်ဘီလီယံပေးလိုက်တယ်။ အဘိုးကြီး ရက်ရောတာ ရှားတယ်ကွ။ အဲ့ဒါကြောင့် ဒီတစ်ခေါက်တော့ ငါ ပစ္စည်းကောင်းတစ်ခုခု ပြန်သယ်သွားမှဖြစ်မယ်။ မင်း ခန်းမတစ်ခုလုံးကို အပြောင်သိမ်းရဲသိမ်းကြည့်"
လေလံပွဲက ဘယ်လောက်ကြီးမားမလဲဆိုသည်ကို ဝမ်လင်မသိသော်ငြား ချင်းချိုးနိုင်ငံတွင် ကျန်းမုန့်လောင်ပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းလှသော စည်းစိမ်များကို ပြန်တွေးကြည့်လိုက်လျှင် ခန်းမတစ်ခုလုံးကို ဝယ်ယူပစ်ခြင်ကလည်း မဖြစ်နိုင်တာတော့မဟုတ်ပေ။
"စိတ်မပူပါနဲ့။ ငါ မင်းအတွက် တစ်ဆယ်ဘီလီယံတန်ပစ္စည်းတစ်ခုကို ချန်ထားပေးပါ့မယ်"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"ကျေးဇူးအများကြီးတင်တယ်ကွာ"
ဝမ်လင်က မျက်ဆန်လည်ပြလိုက်သည်။
"ငါသွားပြီ။ မနက်ဖြန်မနက်မှ တွေ့ကြမယ်"
...
ဖြစ်ချင်တော့ လုရီယောင်ကလည်း ဘွဲ့နှင်းသဘင်အခမ်းအနား ပြီးစီးသွားခဲ့ပြီး သူ(မ)ဆရာ၏ စောင့်ရှောက်မှုဖြင့် ပွဲအခမ်းအနားက အခက်အခဲမရှိ ပြီးဆုံးခဲ့သည်။ ယခုမူ ဘွဲ့လက်မှတ်ရဖို့ မစောင့်ခင်အထိ ရှုပ်ထွေးလှသော လုပ်ငန်းစဉ်အချို့သာ လုပ်ဖို့ကျန်တော့သည်။
ပစ္စည်းများထုပ်ပိုးပြီးနောက် ကျန်းမုန့်လောင်ကလည်း လုရီယောင်ကိုသွားကြိုပြီး ကျန်းနန်မြို့ကို ခေါ်လာပေးရန်အတွက် လူတစ်ယောက်ကို လွှတ်လိုက်သည်။ အရှက်မဲ့လှသည့် သူတို့၏ လက်မထပ်ဘဲ အတူနေထိုင်မှုအတွက် ကျန်းမုန့်လောင်ကတော့ မျှော်လင့်နေမိဆဲသာ။ ဤအပေါ်ယံမျှအတူနေထိုင်ခြင်းကို တကယ့်အတူနေထိုင်ခြင်းအစစ်အဖြစ် ပြောင်းလဲရန်အတွက် ကျန်းမုန့်လောင် အထူးကြိုးစားရန် လိုအပ်ပေသည်။
လုရီယောင်က တစ်ခါမှ နိုင်ငံခြားခရီးမထွက်ဖူးပေ။ ကျန်းမုန့်လောင်က သူ(မ)ကို ဥရောပသို့ အလည်ခေါ်သွားပေးမည်ဟု သိလိုက်ရသောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ညလုံးအိပ်မပျော်ခဲ့ပေ။ နောက်တစ်နေ့တွင် သူ(မ)၏မျက်လုံးအောက်၌ အညိုရောင်အကွင်းကြီးနှစ်ခု ရှိနေခဲ့သော်ငြား ကျန်းနန်မြို့မှ Frankfurtသို့ သွားရာလမ်းတွင် အနားယူဖို့ အချိန်အများကြီးရှိသည်။
ဤတစ်ခေါက်တွင် ဟုန်းရီက သူတို့နှင့်အတူ လိုက်မလာခဲ့ချေ။ လုရီယောင်ပါနေသဖြင့် တတိယဘီးတစ်ခုအလား သူ(မ)လိုက်ဖို့ မသင့်တော်ဟု ခံစားမိဟန်တူသည်။ သို့သော် သူ(မ)က ကျန်းမုန့်လောင်ကို ဖုန်းနံပါတ်တစ်ခုပေး၍ ဘာကိစ္စပဲရှိရှိ ဤနံပါတ်ကိုဖုန်းခေါ်လိုက်လျှင် ဥရောပတွင် မဖြေရှင်းနိုင်သောကိစ္စဟူ၍ မရှိကြောင်း ပြောပြခဲ့သည်။
ကျန်းမုန့်လောင်၏လုံခြုံရေးအတွက် ယဲ့ရင်ကတော့ သူ့အနောက်မှ အရိပ်အလား လိုက်ပါနေမည်ဖြစ်၏။
...
"သောက်ကျိုးနည်း.. ငါ ကျန်းနန်မြို့မှာနေတာ ဒီလောက်တောင်ကြာလှနေပြီကို အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့မျက်နှာချင်းဆိုင်မှာ ကိုယ်ပိုင်လေယာဉ်ကွင်းအကျယ်ကြီးတစ်ခုရှိမှန်း လုံးဝမသိခဲ့ဘူး"
ဝမ်လင်က ကျယ်ပြောလှသော လေဆိပ်ကြိးကို အကြောင်သားငေးနေသည်မှာ ကမ္ဘာကြီးကိုမမြင်ဖူးသော တောသားလူနုံလေးတစ်ယောက်အလားပင်။ အကျယ်အဝန်းမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ထက်ဝက်နီးပါး ရှိသည်။
သူသာ အထင်မမှားပါက ဤနေရာတွင် ရပ်ထားသော ကိုယ်ပိုင်လေယာဉ်များမှာ ကျန်းမုန့်လောင်၏ကိုယ်ပိုင်ဂျက်လေယာဉ်များပင်။
သူ့ရည်းစားအသစ်လေးက ပို၍ပင် အံ့ဩသွားရသည်။ ဝမ်လင်ကလည်း ချမ်းသာသည်ဟု ယူဆနိုင်သော်ငြား ကျန်းမုန့်လောင်၏ချမ်းသာမှုက သူ(မ)ထင်ထားသည်ထက် ပို၍သာလွန်နေချေသည်။ လူတစ်ယောက်က ဤမျှအထိချမ်းသာနိုင်လေကြောင်း သူ(မ) တွေးပင်တွေးမကြည့်နိုင်ချေ။
"မစ္စတာကျန်း.. ဒီလေယာဉ်တွေအကုန်လုံးက ရှင့်ဟာလား"
အင်တာနက်တွင် ရေပန်းစားလှသော အလှပဂေးလေးက မေးလာလေသည်။
"ဟုတ်တယ်။ ဒါပေမဲ့ ဒီနေ့က ပုံမှန်ထက် နည်းနေတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီလေယာဉ်တွေက ကမ္ဘာအနှံ့ကနေ ကုန်ပစ္စည်းတင်ပို့ဖို့အတွက် အဓိကသုံးတာလေ။ အခု ငါ ဥရောပမှာ ရက်ပိုင်းလောက်သွားနေမှာမို့ သူတို့ကို အားလပ်ရက်ပေးထားတာ။ အဲ့ဒါကြောင့် ပုံမှန်ထက် သုံးပုံတစ်ပုံလောက်နည်းနေတာလေ"
"ဟစ်"
ဝမ်လင် အသက်ရှူမှားသွားရသည်။ ထိုအဓိပ္ပာယ်မှာ သာမန်အခြေအနေတွင်ဆိုပါက ကျန်းမုန့်လောင်၏လေဆိပ်တွင် အနည်းဆုံး လေယာဉ်အစင်းငါးဆယ်ခြောက်ဆယ်လောက် ရှိနေလိမ့်မည်။
"မင်းမှာ ကိုယ်ပိုင်လေယာဉ်ဘယ်နှစီးလောက်ရှိလဲ"
"ဟား.. ငါက ဘယ်လိုလုပ်သိမှာလဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"Boeingကုမ္ပဏီမှာ ငါ့မိသားစုရဲ့နာမည်နဲ့ ရှယ်ယာ၉၂ရာခိုင်နှုန်းရှိတယ်။ ထပ်လိုအပ်ရင် သူတို့ကို အသစ်ထုတ်ခိုင်းလိုက်ရုံပဲလေ။ ရှင်းရှင်းလေးပဲမဟုတ်ဘူးလား"
"မင်းကတော့ တကယ်ကိုလူမဟုတ်ဘူး"
ဝမ်လင်မှာ နောက်ထပ်မေးခွန်းတစ်ခုကို မမေးဘဲ မနေနိုင်ခဲ့ချေ။
"ဒီလေဆိပ်ကိုဆောက်ဖို့ တော်တော်ကုန်လိုက်မှာပဲ။ ဟုတ်တယ်မလား"
"အမေရိကန်ဒေါ်လာ၂၀ဘီလီယံနီးပါးလောက်ပေါ့"
ကျန်းမုန့်လောင်က ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"ဒါပေမဲ့ အများကြီးတော့မလုပ်ထားပါဘူး။ ကျန်းနန်မြို့မှာ တစ်ခု၊ Magicမြို့တော်မှာ တစ်ခု.. ဟွာရှားမှာ စုစုပေါင်းတစ်ဒါဇင်ပဲဆောက်ထားတာ။ နိုင်ငံခြားမှာတော့ တစ်မြို့မှာ လေဆိပ်တစ်ခုနှစ်ခုလောက်ပဲ အများဆုံးရှိတာ။ တအားများသွားရင်လည်း အလကားဖြစ်မှာစိုးလို့.."
"တော်တော့ တော်တော့ တော်တော့.. ဒီအကြောင်းကို ထပ်မပြောနဲ့တော့။ သွားကြစို့"
ဝမ်လင်က သူ့နားကိုသူကာထားလိုက်သည်။
"နင်..နင်ကတော့ ကြွားရတာကို စွဲလမ်းနေပြီပဲ"
လုရီယောင်က ရယ်မောလျက် ကျိန်ဆဲလိုက်သည်။
"ဒါက ဘယ်လိုလုပ်ပြီး ကြွားတယ်ဖြစ်ရမှာလဲ။ ငါက အမှန်တရားတွေကို ပြောနေတာလေ။ ဒီလောက်ပါပဲ"
ကျန်းမုန့်လောင်က ရယ်၏။
"အိုး..ငါတို့လေယာဉ် အဆင်သင့်ဖြစ်နေပြီပဲ"
ထိုသို့ပြောပြီးနောက် လေယာဉ်တစ်စင်းက သူတို့နှင့် မီတာငါးဆယ်ခန့်အကွာတွင် ဖြည်းဖြည်းချင်းရပ်သွားပြီးနောက် ကြံ့ခိုင်သန်မာသော လေယာဉ်မှူးတစ်ယောက်က လေယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။
ကျန်းမုန့်လောင်၏ နိုင်ငံတကာခရီးစဉ်များကို အထူးလေယာဉ်မှူးများက တာဝန်ယူလေ့ရှိပြီး ဤတစ်ယောက်က ဟွာရှားမှ ဥရောပသို့ သွားရောက်ရမည့် လေကြောင်းခရီးစဉ်များကို တာဝန်ယူထားသော လေယာဉ်မှူးပင်။
"ခင်ဗျား..ခင်ဗျား..ခင်ဗျား…ကျွန်တော် ခင်ဗျားကိုသိတယ် ခင်ဗျားက ဟို..ဟုတ်တယ် ဟဲ့လျန်ပဲ။ ရွှေရောင်ခေါင်းဆောင်းရထားတဲ့ လေယာဉ်မှူးပဲ"
"ရွှေရောင်ခေါင်းဆောင်းရလေယာဉ်မှူးတဲ့လား။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"
ကျန်းမုန့်လောင်ခမျာ ပဟေဠိဖြစ်သွားရသည်။ ဤသည်မှာ ဟဲ့လျန်နှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး သူ့တွင် ပျံသန်းမှုအတွေ့အကြုံများစွာ ရှိထားကြောင်းကိုသာ သူသိထားသည်။
"မင်းက မင်းရဲ့ကိုယ်ပိုင်လေယာဉ်မှူးအကြောင်းကိုတောင် မသိဘူးပေါ့။ ဟဲ့လျန်က အရင်တုန်းက တိုက်လေယာဉ်မှူးတစ်ယောက်လေ။ ငါတို့နိုင်ငံထဲမှာ လေယာဉ်မှူး၃၉ယောက်တည်းကပဲ ရွှေရောင်ခေါင်းဆောင်းဆိုတဲ့ဂုဏ်ပုဒ်မျိုးရထားကြတာ။ သူက တကယ့်အထူးချွန်ဆုံးထဲက အထူးချွန်ဆုံးပဲ။ မင်းက သူ့လိုလူမျိုးကို ရအောင်အလုပ်ခန့်နိုင်ခဲ့တယ်ပေါ့"
"မစ္စတာဝမ် တွေ့ရတာဝမ်းသာပါတယ်"
ဟဲ့လျန်က ဝမ်လင်ကိုပြုံးပြ၍ ပြောလိုက်သည်။
"ကျုပ်အငြိမ်းစားယူပြီးတဲ့နောက်မှာ မစ္စတာကျန်းရှောင်ယွင်ဆီက ကမ်းလှမ်းချက်တစ်ခုရောက်လာတယ်လေ။ ကျုပ်လည်း ကျုပ်မိသားစုကို ထောက်ပံ့ရဦးမှာဆိုတော့ မငြင်းနိုင်ခဲ့ဘူးပေါ့"
ဟဲ့လျန်က အလွန်ရိုးသားသူတစ်ယောက်ဖြစ်ပြီး အသက်လေးဆယ်နားနီးနေပြီဆိုသော်ငြား သူ၏ပျံသန်းမှုစွမ်းရည်မှာ သူ့အသက်ကြောင့် ပျက်စီးစရာအကြောင်းမရှိချေ။
"ကောင်းပြီလေ။ ခင်ဗျားရှိနေမှတော့ လေယာဉ်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့ရပြီပေါ့"
"ဒါဆို အားလုံးပဲ.. လေယာဉ်ပေါ်တက်ကြပါတော့။ ထောက်ပံ့ရေးပစ္စည်းတွေ အဆင်သင့်ဖြစ်တာနဲ့ ကျုပ်တို့ထွက်ခွာလို့ရပါပြီ"
"ရတာပေါ့"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်ပြီး လေယာဉ်ထဲသို့ ပထမဆုံးဝင်သွားလိုက်သည်။
"ဝိုး..ကျန်းမုန့်လောင် မဆိုးဘူးပဲ။ ဒီလေယာဉ်ပေါ်က လေယာဉ်မယ်လေးတွေက အလှလေးတွေချည်းပဲ"
ဝမ်လင်က လှပသွယ်လျသည့် လေယာဉ်မယ်လေးများကို မြင်သောအခါ အားကျစွာဖြင့် ဆိုလာလေသည်။
"ဟားဟားဟား.. ဒီနေရာမှာ လေယာဉ်မယ်ဖြစ်ဖို့ဆိုတာ လူတိုင်းလုပ်နိုင်တာမျိုးမဟုတ်ဘူး"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"သူတို့ကိုရွေးချယ်တဲ့စံနှုန်းသတ်မှတ်ချက်က Miss Worldထက်တောင် ပိုမြင့်သေးတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့တွေထဲကတစ်ယောက်ယောက်သာ Miss Worldသွားပြိုင်ရင် ဆုရနိုင်တယ်"
"မိုက်လိုက်တာ..အံ့ဩစရာပဲ..ကျွန်တော့်ရဲ့သေမျိုးမျက်လုံးတွေနဲ့ မင်းတို့ကိုကြည့်မိတဲ့အတွက် တောင်းပန်ပါတယ်"
"ဒါပေမဲ့ သူတို့က အများဆုံးသုံးနှစ်ပဲ အလုပ်လုပ်ကြတာ။ အသက်၂၅ပြည့်ရင် အငြိမ်းစားယူကြရပြီ။ အဲ့ဒါ ငါ့အဖေချမှတ်ထားတဲ့စည်းမျဉ်းပဲ။ တကယ့်ကိုနှာဘူးအိုကြီးပဲ"
"နှမြောစရာကြီး။ သုံးနှစ်ပဲအလုပ်လုပ်ပြီး အနားယူရတယ်တဲ့လား။ ဒါက တကယ့်ကို ကလေးကစားနေတာပဲ"
ဝမ်လင်က မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းတခါခါလုပ်လိုက်သည်။
"သူတို့က Miss Worldဝင်ပြိုင်ရင် သူတို့အသက်ကြီးလာရင်တောင် အဲ့ဒီဂုဏ်ပုဒ်နဲ့ တစ်သက်လုံး သက်သောင့်သက်သာနေနိုင်မှာ။ သူတို့က ဘာအတွက် ဒီမှာလုပ်နေတာပါလိမ့်"
"မစ္စတာဝမ်..ရှင်က ကျွန်မတို့အတွက် အရမ်းတွေးပူပေးနေတာပဲ"
လေယာဉ်မယ်တစ်ယောက်က ဝိုင်နီတစ်ခွက်နှင့် အသီးပန်းကန်ကို ကမ်းပေးလာသည်။
"မစ္စတာကျန်းကို ဝန်ဆောင်မှုပေးရတာက Miss Worldဖြစ်ရတာထက် ပိုကြီးမြတ်တာပေါ့"
ရွှေအိုရောင်ဆံပင်၊ မျက်လုံးအပြာရောင်နှင့် ဤမိန်းမလှလေးများမှာ ဟွာရှား၏ အနောက်တိုင်းအလှမယ်စံနှုန်းနှင့်ပင် ကိုက်ညီလှသည်။ သို့တိုင် သူတို့က တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်နေလေရာ သူတို့က အလှအပသက်သက်မျှသာ မဟုတ်ဘဲ အရည်အချင်းလည်းရှိကြောင်း သူတို့ကိုပြသနေသည်။
"ဘယ်လိုလုပ်ပြီးတော့လဲ"
"ကျွန်မတို့ရဲ့တစ်နှစ်စာလုပ်အားခကတင် အမေရိကန်ဒေါ်လာသန်းနှစ်ဆယ်ရှိပါတယ်"
အလှလေးက ဆိုလာလေသည်။
"ပြီးတော့ ပျံသန်းမှုတစ်ခုပြီးတိုင်း အပိုအခကြေးငွေလည်းရှိပါတယ်။ တစ်ခေါက်ကို ဘောနပ်စ်အမေရိကန်ဒေါ်လာငါးသန်းနဲ့ နေ့စဉ်မုန့်ဖိုးအမေရိကန်ဒေါ်လာတစ်သန်းရပါတယ်။ မစ္စတာကျန်းသာ ဒီတစ်ခေါက် ဥရောပမှာ တစ်ပတ်လောက်နေမယ်ဆိုရင် ကျွန်မတိုလည်း အပို၁၂သန်းလောက် ရမှာပေါ့"
"မစ္စတာကျန်း"
ဝမ်လင်က ကျန်းမုန့်လောင်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
"ဒီလေယာဉ်ပေါ်မှာ လေယာဉ်မောင်များ လိုသလားလို့ပါ။ ကျွန်တော်က ဟွာရှားစကားရော အင်္ဂလိပ်စကားရော ချင်းချိုးစကားရော ရှန်တုံးစကားရော ကန်တုံဘာသာစကားရေ တောင်ပိုင်မင်ဘာသာစကားရော ဝမ်ကျိုးဘာသာစကားရော ကျိုးရှန်ဘာသာစကားနဲ့ နောက်ထပ်ဘာသာစကား၁၅မျိုးပြောတတ်ပါတယ်"
"လစ်စမ်း"
**********