ရှေ့မှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုရှိတယ်
Vol. 12 Ch. 177
ဟဲ့လျန်၏ မောင်းနှင်မှုစွမ်းရည်က စင်စစ်ထူးခြားလှသည်။ လေယာဉ်ပျံတက်ချိန်အတောအတွင်းမှာ အနည်းငယ်မြင့်တက်သွားသလို ခံစားရသည်ကလွဲလျှင် ပြန့်ပြူးသောမြေပြင်ပေါ်တွင် မောင်းနှင်နေသည့်အလား တည်ငြိမ်နေချေသည်။ လုရီယောင်က စိတ်လှုပ်ရှားလွန်းပြီး မနေ့ညက အိပ်မပျော်ခဲ့သောကြောင့် သီချင်းနားထောင်နေရင်းဖြင့် အိပ်မောကျသွားခဲ့သည်။
ကျန်းမုန့်လောင်ကလည်း သူ(မ)ကို သူ(မ)၏အခန်းထဲသို့ လိုက်ပို့လိုက်ပြီး သူ(မ)ကို စောင့်ရှောက်ဖို့အတွက် လေယာဉ်မယ်တစ်ယောက်ကို စီစဉ်ပေးခဲ့လိုက်ပြီးနောက် ဝမ်လင်နှင့် လေလံပွဲအကြောင်း ဆွေးနွေးနေလိုက်သည်။
တကယ်တမ်းတွင် လေလံပွဲနေ့ရောက်ဖို့ သုံးရက်လိုသေးသည်ဖြစ်သောကြောင့် ဤမျှအစောကြီးထွက်လာခဲ့ရန် မလိုအပ်ပေ။ သို့သော် ကျန်းမုန့်လောင်က လုရီယောင်ကို ဥရောပရှိ Frankfurtတိုင်းပြည်၏ ဆန်းပြားလှသောဆွဲဆောင်မှုများကို ပြသပေးလိုသောကြောင့် စောစောထွက်လာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
"စကားမစပ်.. ဒီလေလံပွဲနဲ့ပတ်သက်ပြီး မင်းမှာ သတင်းအချက်အလက်တွေရှိလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
" မရှိဘူး"
ဝမ်လင်က ခေါင်းခါပြလိုက်သည်။ လေလံပွဲစီစဉ်သူများက လေလံပွဲတွင်ပါဝင်သော အကြောင်းအရာများကို ဘယ်တုန်းကမှ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို ထိုလျှို့ဝှက်ဆန်းကြယ်မှုကြောင့်လည်း ဤလေလံပွဲက နာမည်ကြီးနေခြင်းဖြစ်သည်။ သို့သော် အထူးအံ့အားသင့်ဖွယ်ပစ္စည်းများကို အမြဲပြသနိုင်ခဲ့သည်သာ။
"မစ္စတာကျန်း..ကျွန်တော်တို့မှာ လေလံပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေအားလုံးရှိပါတယ်။ လိုအပ်မယ်ဆိုရင် ကျွန်တော် လူကြီးမင်းအတွက် ချက်ချင်းပြင်ဆင်ပေးနိုင်ပါတယ်"
ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲ အချိန်ကိုက်ပေါ်ထွက်လာသည်။
"မလိုဘူး။ ငါ အံ့အားသင့်ချင်တယ်။ ငါ့ကိုပြောမပြနဲ့"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"မင်းကတော့ ယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါသာဆန္ဒရှိရင် လေလံပွဲကျင်းပသူက မိန်းကလေးလား ယောကျ်ားလေးလားဆိုတာကို ငါသိနိုင်တယ်။ ပြီးတော့ သူတို့ရဲ့အတွင်းခံအရောင်ကိုတောင် သိနိုင်သေးတယ်"
ကျန်းမုန့်လောင်က ဝမ်လင်ကိုကြွားလိုက်သည်။
"ငါကိုယ်တိုင်မြင်မှ ယုံမှာကွ။ ကျက်သတုံးရဲ့ မင်းက တော်တော်ပါးနပ်တာပဲ။ အဲ့ဒီလေလံပွဲကျင်းပသူတွေက အခုအချိန်အထိ လေလံပွဲပေါင်းတစ်ရာကျော်လောက် ကျင်းပခဲ့ပြီးပြီ။ ဘယ်တုန်းကမှ ဘာသတင်းမှ မပေါက်ကြားဖူးဘူး။ လေလံပစ်သူတိုင်းကိုလည်း အနားနီးမှချိန်းဆိုထားတာ။ ကြည့်ရတာ သူတို့ အဲ့ဒီလူကိုတောင် ရွေးရသေးပုံမပေါ်ဘူး။ မင်းက အနာဂတ်ကိုကြိုမြင်နိုင်တယ်လို့ ပြောချင်နေတာလား"
ဝမ်လင်က သူ့ကို မယုံကြည်သည်မှာ သိသာလှသည်။
"ငါမင်းကိုပြောမယ်"
ဝမ်လင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလာလေသည်။
"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အဲဒီလေလံပွဲရဲ့ ပထမဆုံးပစ္စည်းက ဘာလဲသိလား"
"ဘာလဲ"
"ထိုက်အာဓားပဲ"
"သောက်ကျိုးနည်း.. အဲ့လိုပစ္စည်းမျိုးက တကယ်ရှိလို့လား။ မင်း စိတ်ကူးယဉ်ပုံပြင်တွေ လာပြောနေတာလား"
"ပေါက်ကရတွေ..ဟွာရှားမှာ နာမည်ကြီးဓားဆယ်လက်က တကယ်ရှိတယ်ကွ။ ဟုတ်ပြီလား။ ထိုက်အာဓားက ဧကရာဇ်ချင်းရှီဟွမ်ရဲ့ဓားလေ။ အဲ့ဖန်နန်းတော်ကို ရှန်းယွီမီးရှို့ပစ်လိုက်ပြီးတဲ့နောက်မှာ အဲ့ဒီဓားကလည်း အစအနတောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တာ။ အဲ့ဒီလေလံပွဲကျမှ ပြန်ပေါ်လာခဲ့တယ်လေ။ မင်း ယုံနိုင်ရဲ့လား"
"အဲ့ဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်သော အရာများကို အမြဲစိတ်ဝင်တစားရှိလှသည်။ ထိုအာဓားသွားမှာ ဆွဲဆောင်မှုရှိသော သမိုင်းကြောင်းတစ်ခုလည်း ရှိနေလိမ့်မည်သာ။
"ဒါပေမဲ့ အဆုံးကျတော့ အဲ့ဒီဓားကို မင်းရဲ့အဖေက ဝယ်သွားခဲ့တယ်လေ"
ဝမ်လင်က မျက်ဆန်လည်ပြလိုက်သည်။ ထိုဓားကိုဝယ်သွားသူမှာ ထိုလေယာဉ်များနှင့်တင့်ကားများကို ဝယ်သွားခဲ့သူနှင့် အတူတူပင်ဖြစ်ဟန်တူသည်။
"အိုး..ငါက အဲ့ဒါကို ဘယ်လိုလုပ်မမြင်ဖူးရတာလဲ"
ကျန်းမုန့်လောင်က မှတ်ဉာဏ်ကို ပြန်ဖော်ကြည့်ဖို့ ကြိုးစားလိုက်သော်ငြား ထိုဓားကို သူမမြင်ဖူးသည်မှာ သေချာလှသည်။
"နေဦး.. မနေ့တုန်းက ဗီဒီယိုကို ငါ့ကိုပြစမ်းပါ"
ဝမ်လင်က ရုတ်တရက်ကြီး ထပြောလိုက်သည်။
"အဲ့ဒီပစ္စည်းတွေအကုန်လုံးက တစ်သုတ်တည်းဝယ်သွားခဲ့တာလေ။ ကြည့်ရတာတော့ မင်းရဲ့ကိုယ်ပိုင်လယ်ကွင်းထဲမှာပဲထင်တယ်"
ဝမ်လင်၏အမူအရာမှာ ရုတ်ခြည်းဖြူရော်သွားပြီး သူ့စိတ်ထဲတွင်လည်း ပေါက်ကရဆန်လှသော အတွေးတစ်ခု ပေါ်ပေါက်လာသည်။ တိုက်ဂျက်လေယာဉ်ကို ပိုးသတ်ဆေးဖြန်းဖို့အတွက်သုံးပြီး တင့်ကားကို လယ်ထွန်ဖို့အတွက် သုံးကာ ဖျက်သင်္ဘောကို ငါးဖမ်းဖို့အတွက် သုံးထားသည်ဖြစ်ရာ ဤနိုင်ငံ့ရတနာဖြစ်သည့် ထိုက်အာဓားကိုမူ သူ့အဖေက ထင်းခုတ်ဖို့အတွက်များ သုံးထားလေသလား။
ထိုအကြောင်းကို စဉ်းစားကြည့်လေလေ မဖြစ်နိုင်တာလည်းမဟုတ်ဟု ထင်မိလေလေပင်။
"ရပ်လိုက်"
ကျန်းမုန့်လောင်က ဗီဒီယီုထဲတွင် အဖြူရောင်အလင်းတန်းတစ်ခုက နေရောင်ကြောင့် အလင်းပြန်ကာ လက်ခနဲဖြစ်နေသည်ကို မြင်လိုက်ရသည်။
"အနှေးပြကွက်နဲ့ကြည့်လိုက်"
ကျန်းမုန့်လောင်၏ညွှန်ကြားချက်အတိုင်း ဝမ်လင်ကလည်း ဗီဒီယိုကိုပြန်ဖွင့်ကြည့်လိုက်ရာ အဆုံးမှာတော့ ထောင့်တစ်နေရာတွင် အလင်းလာရာအရင်းအမြစ်လေးကို တွေ့လိုက်ရသည်။ ဝဖိုင့်ဖိုင့်သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ပြေးလွှားနေသောဝက်များကို လိုက်ဖမ်းနေပြီး သူ့လက်ထဲတွင်ကိုင်ထားသည့်အရာမှာ သာမန်ဝက်အမဲဖြတ်သည့် ဓားတစ်လက်မဟုတ်ပေ။
ထိုဓားသည် အလျား၉၀စင်တီမီတာခန့် ရှည်လျားပြီး ကြေးဝါရောင်အဆင်းရှိကာ ရှေးဟောင်းစာပေများထဲတွင် ဖော်ပြထားသော ထိုက်အာဓားနှင့် အတိအကျသွားတူနေပေသည်။
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ အကြည့်ချင်းဖလှယ်မိကြသည်။ နှစ်ယောက်စလုံး၏မျက်လုံးထဲတွင် အံ့ဩမှုများသာမက ကူကယ်ရာမဲ့မှု၏ အရိပ်အယောင်များကိုပါ မြင်နေကြရသည်။
ကျန်းမုန့်လောင်၏အဖေက ဤဓားကို ထင်းခုတ်ရန်အတွက် သုံးခြင်းမဟုတ်သော်ငြား သူက ထိုဓားကို သားသတ်သမားကိုပေး၍ လယ်ကွင်းထဲတွင် ဝက်သတ်ခိုင်းထားလေသည်။
ကျန်းမုန့်လောင်တွင်လည်း ဆင်ခြေများ အဆင်သင့်ရှိနေလေသည်။ ဤမျှထက်ရှသည့်ဓားကို သည်အတိုင်းထားပြီး ဘာလို့အလကားအဖြစ်ခံမလဲ။ ဝက်နံရိုးခုတ်ဖို့အတွက် သုံးတာက ပိုမကောင်းပေဘူးလား။
"အုန်း"
ထိုအချိန်မှာပင် ပြင်းထန်လှသောပေါက်ကွဲသံကြီးတစ်သံက လေယာဉ်ရှေ့မှ ထွက်ပေါ်လာပြီး မီးတောက်မီးလျှံများကလည်း လေယာဉ်ရှေ့နားဆီမှ ထွက်ပေါ်နေလေသည်။ ထို့ပြင် အကျိုးအပဲ့အများအပြားကလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"သေစမ်း..ဘာဖြစ်တာလဲဟ။ တစ်ယောက်ယောက်က လေယာဉ်ကိုတိုက်ခိုက်နေတာလား"
ဝမ်လင်က လုံခြုံရေးထိုင်ခုံတွင် ခပ်မြန်မြန်ဝင်ထိုင်လိုက်ပြီး ယခုလိုအခြေအနေအတွက် လေ့ကျင့်ထားသည့်အလား သူ့ခါးပတ်ကို အလင်းအလျင်ဖြင့် ပတ်ထားလိုက်သည်။
"ကပ္ပတိန်ဟဲ့ ဘာဖြစ်တာလဲ"
ကျန်းမုန့်လောင်က လေယာဉ်အတွင်း ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ချက်ချင်းမေးမြန်းလိုက်သည်။ ယခုလိုကံခေမှုမျိုးကိုလည်း ဟဲ့လျန်က သူ့အရည်အချင်းဖြင့် ရှောင်တိမ်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
"မစ္စတာကျန်း..ရှေ့မှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်နေတယ်.. ကြည့်ရတာတော့ ဒုံးကျည်နဲ့တူတယ်"
အရှိန်ကား အလွန်မြန်လွန်းလှသဖြင့် ဟဲ့လျန်ပင်လျှင် သူ၏သိမ်းငှက်မျက်လုံးများဖြင့် ၎င်း၏လမ်းကြောင်းကို မြင်သည်ဆိုရုံလေးသာ မြင်လိုက်ရသည်။
"ဘာ..ဒုံးကျည်လား။ သူတို့က လေယာဉ်ကို တကယ်ကြီးတိုက်ခိုက်နေတာလား"
ဝမ်လင်က စတင်အော်ဟစ်နေပါတော့သည်။
"မဟုတ်ဘူး။ ငါ လတ်တလောမှာ ဘာအပြစ်မှလုပ်မထားသလို ဘယ်ရန်သူကိုမှလည်း ရန်မစထားဘူး။ ကျန်းမုန့်လောင်..မင်း ဒီလောက်အထိကြွားဝါနေမှတော့ အဲ့ဒါ မင်းကိုပစ်မှတ်ထားတာပဲဖြစ်ရမယ်။ ဟုတ်တယ်မလား"
"တော်လိုက်တော့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကပ္ပတိန်ဟဲ့ သေချာရဲ့လား"
"တော်တော်ဖြစ်နိုင်ခြေရှိပါတယ်။ ပေါက်ကွဲမှုနဲ့ မီးတောက်က ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ထူးဆန်းတာက လေယာဉ်ကို လုံးဝမထိသွားဘူး။ ပုံမှန်ဆိုရင် ကျွန်တော်တို့ကို ချိန်ရွယ်ပြီးပစ်တာမဟုတ်ရင်တောင် ပေါက်ကွဲမှုလှိုင်းကြောင့် လေယာဉ်က နည်းနည်းတော့ယမ်းခါသွားသင့်တာ"
"ယဲ့ရင် မင်းလား"
၎င်းမှာ အမှန်စင်စစ်ဒုံးကျည်ဖြစ်နေပါက ရှင်းပြချက်တစ်ခုသာ ရှိနိုင်ပေသည်။ ယဲ့ရင်က ထိုဒုံးကျည်ကို ကြားဖြတ်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
"ဟုတ်ပါတယ် မစ္စတာကျန်း.. ကြည့်ရတာတော့ မူရီကိုက ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ လေကြောင်းပစ်ဒုံးကျည်တစ်ခုပါပဲ။ သူ့စွမ်းအားက ကျွန်တော်တို့ဟွာရှားမှာရှိတဲ့ လေကြောင်းပစ်ဒုံးကျည်အဟောင်းတွေနဲ့ တူညီပါတယ်။ ဒါပေမဲ့ အပစ်ခံလိုက်ရရင်တော့ လေယာဉ်က သေချာပေါက်ကြေမွသွားမှာပါ"
ယဲ့ရင်က ရှင်းပြသည်။
"မင်းက အရမ်းမိုက်တာပဲ"
ကျန်းမုန့်လောင်က ယဲ့ရင်ကို တိတ်တိတ်လေးချီးကျူးလိုက်သည်။ သူက လက်ဗလာနဲ့ ဒုံးကျည်ကို ဖမ်းလိုက်တာလား။ လူတွေက အဲ့လိုလည်းလုပ်နိုင်တာပဲလား။ အဲ့ဒါကြီးက အရမ်းပရမ်းပတာနိုင်လွန်းတယ်မလား။
"ကပ္ပတိန်ဟဲ့..ဘာတွေဖြစ်နေလဲဆိုတာကို သိရအောင်လို့ အနားတစ်ဝိုက်မှာ ခဏလောက်ပတ်မောင်းကြည့်ရအောင်"
"ကောင်းပါပြီ မစ္စတာကျန်း"
အရှေ့တွင် ဘာဖြစ်နေသလဲဆိုသည်ကို မသိသေးသည့်အပြင် လေကြောင်းလမ်းကြောင်းကိုလည်း တင်းကျပ်စွာလိုက်နာရမည်ဖြစ်လေရာ သူတို့အနေနှင့် ယခုလောလောဆယ်တော့ အနီးအနားတွင် ပတ်မောင်းနေရန်သာ ရွေးချယ်လိုက်ရသည်။
"ယဲ့ရင်.. ဘာတွေဖြစ်နေလဲဆိုတာ သွားစစ်ဆေးကြည့်လိုက်"
ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။
"မြန်မြန်လုပ်.. ငါတို့လမ်းကြောင်းကို တခြားဒုံးကျည်တွေ ထပ်မလာစေနဲ့။ နောက်တစ်ခါ ငါမခံနိုင်ဘူး"
"စိတ်မပူပါနဲ့ မစ္စတာကျန်း..ဘာမှဖြစ်မှာမဟုတ်ပါဘူး"
ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲမှ တစ်ဖန်မှေးမှိန်သွားသော်ငြား မည်သူကမှ သူ့တည်ရှိမှုကို သတိမပြုမိကြချေ။
"ဘာဖြစ်တာလဲ။ ခုနက အသံက ဘာကြီးလဲ"
ထိုအချိန်မှာပင် ပေါက်ကွဲမှုကြောင့် အိပ်ရာနိုးလာသော လုရီယောင်က မျက်လုံးများကို ပွတ်သပ်၍ အခန်းထဲမှ ထွက်လာလေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ယဲ့ရင်က သတင်းတစ်ခုကို ပြန်သယ်လာခဲ့ပြီး ဖြစ်ပျက်သမျှအကြောင်းအရာတိုင်းကို ကျန်းမုန့်လောင်အား ပြောပြလာသည်။
"အိုး..ဘာမှအရေးကြီးတာမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က သာမန်အသေးအဖွဲကိစ္စလေးတစ်ခုအလား ပြောလိုက်သည်။
"ဥရောပတိုက်ထဲက နိုင်ငံနှစ်နိုင်ငံက ရေနံဆီအရင်းအမြစ်အတွက် တိုက်ခိုက်နေကြတာပါ။ အရှေ့နားမှာ တိုက်ဂျက်လေယာဉ်တပ်ရင်းနှစ်ခု တိုက်ခိုက်နေကြတယ်လေ"
***********