← Chapters

ငါ ဘော်ဒီဂတ်တချို့ရှာလိုက်မယ်

Vol. 12 Ch. 178

ငါ ဘော်ဒီဂတ်တချို့ရှာလိုက်မယ်

Vol. 12 Ch. 178

"ပြဿနာမရှိဘူးတဲ့လား။ တိုက်ဂျက်လေယာဉ်နှစ်ဖွဲ့က တိုက်ခိုက်နေတာလေ။ အဲ့ဒါကို မင်းက ဘာပြဿနာမှမရှိဘူးလို့ လာပြောနေတာလား"

ဝမ်လင်က ဒေါသတကြီး မတ်တတ်ထရပ်လိုက်သည်။

"ဘရို.. ဒါက ဟာသမဟုတ်ဘူးနော်။ ကစားစရာလည်းမဟုတ်ဘူး။ ငါတို့သာ ပစ်ချခံရရင် သေမှာကွ"

"မကြောက်ပါနဲ့"

ကျန်းမုန့်လောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ အကြောင်းမှာ ယဲ့ရင်ရှိနေသေးသရွေ့ သူတို့ ကျည်ဆန်မိုးထဲ ဖြတ်သန်းသွားရမည်ဆိုလျှင်ပင် ဘာပြဿနာမှမရှိနိုင်ကြောင်း သူသိထားသောကြောင့်ပင်။

"ငါက ဘယ်လိုလုပ်ပြီး မလန့်ဘဲနေနိုင်မှာလဲ။ ဒီလေယာဉ်သာ ပျက်ကျသွားရင် ငါတို့တွေအကုန်လုံး သေရမှာလေ"

ဝမ်လင်က စိတ်ကယောင်ချောက်ချားဖြစ်နေလေသည်။

"ငါတို့ရဲ့လေယာဉ်လမ်းကြောင်းကို ပြောင်းလိုက်ကြစို့"

"ငါတို့သာ လေယာဉ်လမ်းကြောင်းပြောင်းလိုက်ရင် ပျံသန်းရေးလမ်းကြောင်းအသစ်ကို တင်ပြရမယ်။ ခရီးလမ်းကြောင်းလည်း ပိုရှည်သွားမယ်။ ပြီးတော့ အချိန်လည်းတော်တော်ကြာသွားမှာ။ ငါ အီဖယ်မျှော်စင်နားက စိန့်အဲယားဟိုတယ်မှာ ဖယောင်းတိုင်ညစာစားပွဲလုပ်ဖို့ ကြိုဘိုကင်တင်ထားပြီးပြီ။ အဲ့ဒီနေရာက ဘိုကင်ရဖို့မလွယ်ဘူး။ ငါတို့ နာရီဝက်လောက်နောက်ကျသွားရင် သူတို့က ချက်ချင်းပယ်ဖျက်ပစ်လိုက်မှာ"

"အခုအချိန်က အဲ့ဒါကိုစိတ်ပူနေရမဲ့အချိန်လား။ ငါတို့အသက်ထက် ညစာစားဖို့က ပိုအရေးကြီးနေတာလား။ ဖယောင်းတိုင်ညစာစားပွဲက နောက်နေ့ကို ရွှေ့လိုက်လို့မရဘူးလား။ ဒီညဖြစ်မှရမှာလား။ ပြီးတော့ မင်းသာ စိတ်ရှိရင် ကြယ်ခြောက်ပွင့်ဟိုတယ်တွေကိုတောင် အသာလေးဝယ်လိုက်လို့ရတယ်လေ။ မစ္စတာကျန်းရဲ့ ဘာလို့စွန့်စားချင်နေရတာလဲ"

ဝမ်လင်ခမျာ ရူးတော့မတတ်ပင်။ တစ်ခါတစ်ရံတွင် ကျန်းမုန့်လောင်က ဦးနှောက်ပြဿနာရှိနေပြီး အခြေအနေ၏လေးနက်မှုကို မစဉ်းစားမဆင်ခြင်ဘဲ လုပ်တတ်သည်ဟု သူထင်မိသည်။

"ဒါပေမဲ့ ယဲ့ရင်ကို ငါတို့သွားမဲ့လမ်းကြောင်းတစ်လျှောက်လုံး ကာကွယ်ပေးခိုင်းတာက သိပ်မသင့်တော်ဘူးထင်တယ်"

ကျန်းမုန့်လောင်က ဝမ်လင်၏စကားများကို အလိုအလျောက်ဖယ်ထုတ်ထားလိုက်သည်။ ယဲ့ရင်၏ကာကွယ်မှုအောက်တွင် လုံခြုံသည်ဆိုသော်ငြား ကိုယ်ပိုင်လေယာဉ်တစ်စင်းက လေကြောင်းတိုက်ပွဲတစ်ခုမှ ထိခိုက်မှုမရှိဘဲ ထွက်လာနိုင်သည်ဆိုပါက ယုတ္တိရှိမှုဆိုင်ရာအရရော စိတ်ခံစားချက်ပိုင်းဆိုင်ရာအရပါ သံသယဖြစ်ဖွယ်ကောင်းလှသည်။

အကယ်၍ ဒုံးကျည်တစ်လုံးထိမှန်ပြီး အမည်းစက်လေးတစ်စက်ပင် မကျန်ရစ်ခဲ့ဘူးဆိုပါက အလွန်ဆန်းကြယ်နေလိမ့်မည်သာ။ ထိုကဲ့သိုသောအဖြစ်မျိုးက သိပ္ပံပညာထက် ကျော်လွန်နေသော သူ့စွမ်းအားထိန်းချုပ်မှုများကို ပေါ်သွားစေနိုင်သည်။ ထိုကဲ့သိုသောအဖြစ်မျိုးကို ကျန်းမုန့်လောင် မလိုလားပေ။

"ဒီလိုဆိုတော့လည်း တခြားနည်းလမ်းကိုပဲ စဉ်းစားကြရအောင်"

ကျန်းမုန့်လောင်လည်း ဟုန်းရီ သူ့ကိုပေးလိုက်သော ဖုန်းနံပါတ်တစ်ခုကို ရုတ်တရက်အမှတ်ရလိုက်သည်။ ဘာကိစ္စပဲဖြစ်ဖြစ် ဤဖုန်းနံပါတ်ကိုသာ ခေါ်လိုက်ပါက မဖြေရှင်းနိုင်သောကိစ္စဟူ၍ မရှိနိုင်ကြောင်း သူ(မ)က ပြောလိုက်သည်။ ကြည့်ရသည်မှာ ထိုစကားကို စမ်းသပ်ကြည့်ဖို့ အခွင့်အရေးကောင်းတစ်ခု ပေါ်လာလေပြီ။

"ကပ္ပတိန်ဟဲ့.. ခဏလောက်ထပ်ပတ်နေလိုက်ပါဦး။ ကျွန်တော် ဖုန်းခေါ်လိုက်ဦးမယ်"

ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။

"ဘာကိုဖုန်းခေါ်မှာလဲ။ ဒါက အုပ်စုဖွဲ့ပြီးတိုက်ခိုက်တာလို့များ မင်းထင်နေတာလား။ ဒါက စစ်ဖြစ်နေတာကွ။ စစ်မြေပြင်ကြီး။ ငါတို့ အခုချက်ချင်းဖြတ်သွားသင့်တယ်။ ဒါမှမဟုတ် ပြန်လှည့်တာပဲဖြစ်ဖြစ်ပေါ့။ ဒီနေရာက အရမ်းအန္တရာယ်များလွန်းတယ်။ ခုနတုန်းက ဒုံးကျည်ကို မင်းမမြင်လိုက်ဘူးလား။ တစ်ချက်တည်းနဲ့ ငါတို့ရှေ့မှာ ပေါက်ကွဲသွားတာနော်"

"ကောင်းပါပြီ။ အသက်သုံးဆယ်အရွယ်လူကြီးတစ်ယောက်အနေနဲ့မင်း နည်းနည်းလောက်တည်တည်ငြိမ်ငြိမ်နေပေးလို့မရဘူးလား။ မင်းရဲ့ကောင်မလေးကို ကြည့်လိုက်။ ဘယ်လောက်တောင်အေးဆေးတည်ငြိမ်လိုက်သလဲ"

ကျန်းမုန့်လောင်က Influencerမျက်နှာပေါက်မျိုးရှိသော မိန်းကလေးကို လှည့်ကြည့်လိုက်သည့်အခါ သူ(မ)ထံမှ ထူးဆန်းလှသော အနံ့တစ်ခုထွက်နေကြောင်း သိလိုက်ရသည်။

"သောက်ကျိုးနည်း..သူ သေးပေါက်ချလိုက်တာလား"

ကျန်းမုန့်လောင်မှာ သူ့နဖူးသူကိုင်ထားလိုက်မိသည်။ လူတိုင်းက ဘာလို့ဒီလောက်လွယ်လွယ်လေးကြောက်လန့်နေရတာလဲ။ ဒီလိုအသေးအဖွဲလေးကိစ္စလေးက ဒီလောက်အထိကြောက်နေစရာလိုလို့လား။

"မင်းတို့တွေ..သူ့ကို သန့်ရှင်းရေးလုပ်ပေးပြီး ဒီနေရာကို သန့်ရှင်းထားလိုက်"

ကျန်းမုန့်လောင်က လေယာဉ်မယ်များကို ပြောလိုက်သည်။ ထို့နောက် သူဆက်ရန်ကြံရွယ်ထားသော ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ ဖုန်းတစ်ဖက်တွင် မည်သူများ ဖြစ်နေလေမလဲဟု သိချင်သွားရသည်။

"တူ..တူ.."

ဖုန်းက နှစ်ကြိမ်မျှမြည်သွားပြီးနောက် ခပ်မြန်မြန်ပင် ကိုင်လိုက်လေသည်.

"ကျွန်တော်က ကျန်းမုန့်လောင်ပါ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"သခင်လေးလား။ သခင်လေး.. တကယ် သခင်လေးလား။ အံ့ဩဖို့ကောင်းလိုက်တာ။ နောက်ဆုံးတော့ မင်း ကျွန်တော်တို့ကို ဆက်သွယ်လာပြီပေါ့"

စိတ်လှုပ်ရှားနေသော အသံတစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။ ကျန်းမုန့်လောင်မှာ မျက်ရည်နှင့် နှာရည်များကို သုတ်နေလေသော အဘိုးကြီးတစ်ယောက်ကိုပင် စိတ်ကူးထဲ မြင်ယောင်လိုက်မိသည်။

"ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"

ကျန်းမုန့်လောင်က သူ့နားနားမှ ဖုန်းကိုခွာလိုက်သည်။ အကြောင်းမှာ ထိုအသံက သူ့နားစည်ကို ပေါက်ကွဲသွားစေတော့မတတ် ဖြစ်နေသောကြောင့်ပင်။

"ပြီးတော့ သခင်လေးဆိုတာကရော ဘာလဲ။ ငါ အချိန်ခရီးသွားနေတာလား။ ဘာလား"

ဟုန်းမိသားစုဝင်များမှာလည်း ပုံမှန်ဆိုလျှင် သူ့ကို သခင်လေးဟု ခေါ်ကြသော်ငြား ကျန်းမုန့်လောင်ကမူ ကျေးကျွန်စနစ်ဆန်သော ထိုအခေါ်အဝေါ်ကို မနှစ်သက်သောကြောင့် မစ္စတာကျန်းဟုသာ ပြောင်းခေါ်ခိုင်းခဲ့သည်။

သို့သော် ဤပုဂ္ဂိုလ်၏ခေါ်ဝေါ်ပုံအရဆိုလျှင် သူက သူတို့မိသားစု၏ကျေးကျွန်တစ်ယောက် ဖြစ်နေဟန်တူသည်။ သို့သော် ကျေးကျွန်စနစ်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီမဟုတ်လား။ ဘယ်လိုလုပ်ပြီးတော့များ "သခင်"ဆိုသည့်အသုံးအနှုန်းကို သုံးနေသေးသူများ ရှိနေရသေးသလဲ။

ထို့ပြင် ထိုလူများမှာ ဟွာရှာဘာသားစကား ပြောကြလေသည်။ အသံကလည်း ခပ်ဝဲဝဲပင်။ ထို့ကြောင့် ဤလူမှာ ဥရောပသားစစ်စစ်တစ်ယောက်ဖြစ်ကြောင်း သိသာလှ၏။ သူ့အဘိုး သို့မဟုတ် သူ့ဘိုးဘေးတစ်ယောက်ယောက်က ဥရောပကို ရောက်ခဲ့စဉ်က ကျေးကျွန်များ ဝယ်ယူခဲ့ခြင်းမျိုးလေလား။

အဆုံးမှာ ဖုန်းတစ်ဖက်ရှိ လူက အနည်းငယ်စိတ်ငြိမ်သွားသဖြင့် ကျန်းမုန့်လောင်လည်း ကြားဖြတ်ပြောဖို့ အခွင့်အရေးရသွားခဲ့သည်။

"ဟေး ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျား အရင်မိတ်ဆက်ပေးလို့ရမလား"

"တကယ်တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်"

တစ်စုံတစ်ယောက်၏နှာညှစ်သံကို ကျန်းမုန့်လောင် ကြားနေရသည်။ ကြည့်ရသည်မှာ တစ်ဖက်လူ၏စိတ်လှုပ်ရှားမှုမှာ အတုအယောင်ဖြစ်ဟန်မတူပေ။

"ကျွန်တော့်နာမည်က ဟေဂန်ဒိုရယ်လာပါ။ ကျွန်တော်က မင်းတို့ရဲ့သစ္စာအရှိဆုံးဒိုရယ်လာမိသားစုရဲ့ မိသားစုအကြီးအကဲပါ"

"အိုး တစ်ခါမှမကြားဖူးဘူး"

ကျန်းမုန့်လောင်က ပထမဆုံးအကြိမ်အဖြစ် ဤနာမည်ကိုကြားလိုက်ရခြင်းဖြစ်သောကြောင့် ထိုသို့ပြောလိုက်သည်။ ဤမိသားစုမှာ ဟုန်းရီတို့၏ ဟုန်းမိသားစုလို သူ့ကို ခစားနေသော မိသားစုတစ်ခုပင်ဖြစ်ရမည်။

"သခင်လေး.. သခင်လေးက မကြာသေးခင်ကမှ မိသားစုစည်းစိမ်ကို ဆက်ခံထားရတာဆိုတော့ ကျွန်တော်တို့ကိုမသိတာ မဆန်းပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ဒိုရယ်လာမိသားစုက ဥရောပမှာ မင်းရဲ့ပြောရေးဆိုခွင့်ရှိသူတွေပါပဲ"

ဤစကားကိုပြောနေသည့်အချိန်တွင် ဟေဂန်၏အသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုနှင့် လေးစားမှုတို့ ကိန်းအောင်းနေချေသည်။

"အေဒီ၂၃ခုနစ်မှာ ဥရောပတိုက်ကြီးတစ်ခုလုံးက ရောမအင်ပါယာရဲ့လက်အောက်ခံဖြစ်ခဲ့တဲ့အချိန်တုန်းက မင်းရဲ့ဘိုးဘေးတွေက ကျွန်တော်တို့ဘိုးဘေးတွေကို ကျွန်စခန်းကနေ ကယ်တင်ပေးခဲ့တာပါ။ မင်းရဲ့ဘိုးဘေးတွေကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ဒိုရယ်လာမိသားစုလည်း လွန်ခဲ့တဲ့နှစ်နှစ်ထောင်လောက်တုန်းက ရှင်သန်နိုင်ခဲ့မှာမဟုတ်ပါဘူး"

"နှစ်နှစ်ထောင်တဲ့လား။ ခင်ဗျားတို့မိသားစုက ကျွန်တော့်မိသားစုနဲ့အတူရှိလာခဲ့တာ နှစ်နှစ်ထောင်ရှိသွားပြီလို့ ဆိုလိုချင်တာလား"

ကျန်းမုန့်လောင်က အံ့ဩတကြီးရေရွတ်လိုက်သည်။ ဤအချက်မှာ ဧကရာဇ်ချင်းရှီဟွမ်၏ခေတ်ကာလကိုပင် မီပေသည်။ ကျန်းမုန့်လောင်မှတ်မိတာသာ မှန်မည်ဆိုပါက ဟုန်းရီတို့မိသားစုက ကျန်းမိသားစုကို ခစားလာခဲ့သည်မှာလည်း ထိုခေတ်ကာလလောက်တုန်းကပင်။

သူ့ရှေးဟောင်းဘိုးဘေးများက သူရဲကောင်းလုပ်ရခြင်းကို မြတ်နိုးတတ်သည့်အကျင့်တစ်ခုများ ရှိနေလေသလား။

"ဒိုရယ်လာမိသားစု တည်နေသရွေ့ ကျွန်တော်တို့တွေက မင်းတို့မိသားစုကို ထောင်စုနှစ်ပေါင်းများစွာအထိ ခစားနေဦးမှာပါ"

ဤသည်မှာ ကြီးကျယ်လှသောကတိသစ္စာတစ်ခု ဖြစ်သော်ငြား ကျန်းမုန့်လောင်ကတော့ ဟေဂန်၏စကားများက စစ်မှန်လှကြောင်း ခံစားမိလိုက်သည်။ ဒိုရယ်လာမိသားစုထံမှ ဤမျှသစ္စာခံနေရလောက်အောင်အထိ သူ့မိသားစုက ဘာများလုပ်ခဲ့လေသလဲဆိုသည်ကို သူသိချင်မိသည်။

"ကျွန်တော်တို့ ရှေးဟောင်းနှောင်းဖြစ်တွေကို နောက်မှပြောလို့ရပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီနေ့ ကျွန်တော် ဥရောပကိုလာမဲ့အကြောင်း ခင်ဗျားကို ဟုန်းရီပြောပြထားပြီးလောက်ရောပေါ့"

"ဟုတ်ကဲ့။ သခင်လေးရောက်အလာကို ကြိုဆိုဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ"

ဟေဂန်က ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် ပြဿနာတက်နေလို့"

ကျန်းမုန့်လောင်က ဆို၏။

"ကျွန်တော်က အခု HD-88လေကြောင်းလိုင်းအနားမှာ ရောက်နေတယ်။ ဒီနားမှာ တိုက်လေယာဉ်တပ်နှစ်ခု တိုက်ခိုက်နေကြတယ်လေ။ ပါဝင်ပတ်သက်နေတဲ့နိုင်ငံတစ်နိုင်ငံကတော့ မိုရီကိုပဲ။ သူတို့ကြောင့် ကျွန်တော့်ရဲ့ခရီးစဉ်ကို မနှောင့်နှေးစေချင်ဘူး။ ခင်ဗျားနားလည်လား"

"ခဏလေးကိုင်ထားပေးပါဦး"

ဖုန်းတစ်ဖက်မှ နိုင်ငံခြားဘာသာစကားတစ်မျိုးဖြင့်‌ ပြောဆိုနေသံတစ်သံကို ကျန်းမုန့်လောင်ကြားနေရသည်။ ထို့နောက် ခဏအကြာတွင် ဟေဂန်က တိကျသောသတင်းအချက်အလက်များကို ရရှိလိုက်ဟန်တူသည်။

"သခင်လေး.. အဲ့ဒါက မိုရီကိုနဲ့လေဒင်ဘတ်တို့ရဲ့စစ်ပွဲပါ။ သူတို့နယ်စပ်နားမှာ မိုင်းတွင်းတစ်ခု ရှာဖွေတွေ့ရှိထားတော့ ဘယ်ဘက်ကမှ အလျှော့မပေးချင်ကြဘူးဖြစ်နေတာလေ။ အဲ့ဒီမိုင်းတွင်းက အရမ်းတန်ဖိုးကြီးလွန်းလို့ ဆယ်စုနှစ်တွေနဲ့ချီပြီး ထုတ်ယူနိုင်တယ်လေ။ ကြည့်ရတာ ဒီနေ့ စစ်ရေးပဋိပက္ခ ပိုကြီးထွားသွားပုံရတယ်။ တောင်းပန်ပါတယ်။ ကျွန်တော် သတိမမူမိလိုက်တာပါ။ ကျွန်တော် မစ္စဟုန်းကို ကြိုအသိပေးလိုက်သင့်တာ"

"ရပါတယ်။ ဒါပေမဲ့ ကျွန်တော် အဖြေတစ်ခုတော့ကြားချင်တယ်။ ကျွန်တော် လမ်းလွှဲပြီးတော့လည်း မသွားနိုင်ဘူး။ သူတို့ပြီးသွားမှ ဆက်သွားဖို့လည်း စောင့်မနေချင်ဘူး"

ကျန်းမုန့်လောင်၏လေသံက ဆွေးနွေးညှိနှိုင်းလိုဟန် မရှိချေ။

"စိတ်မပူပါနဲ့။ ကျွန်တော့်ကို ဆယ်မိနစ်ပဲ အချိန်ပေးပါ။ ကျွန်တော် အကုန်ဖြေရှင်းပေးပါ့မယ်"

ဟေဂန်က ကတိပေးလာလေသည်။

"ဒါဆို ခင်ဗျားရဲ့လုပ်ဆောင်ချက်ကို စောင့်ကြည့်နေမယ်"

ကျန်းမုန့်လောင်က ဖုန်းချလိုက်ပြီးနောက် ထိတ်လန့်နေဆဲဖြစ်သော ဝမ်လင့်ကို ကြည့်လိုက်သည်။

"ကောင်းပြီ။ ဟန်ဆောင်မနေနဲ့တော့။ ငါ အကူအညီတောင်းပြီးသွားပြီ"

"ဘယ်သူလဲ။ နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့တွေလား။ သူတို့ ဘယ်အချိန်ရောက်မှာလဲ"

"မဟုတ်ဘူး။ သူတို့တော့မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ဘော်ဒီဂတ်တွေဖြစ်လိမ့်မယ်ထင်တယ်။ ငါတို့ ဆယ်မိနစ်အတွင်း ထွက်ခွာလို့ရတော့မှာပါ"

*********

All Chapters