မင်းက ဒါကို ကြားဝင်ဖျန်ဖြေရေးလို့ ခေါ်တယ်ပေါ့
Vol. 12 Ch. 179
စက္ကန့်နှင့်အမျှ အချိန်ကုန်ဆုံးသွားသည်။ ကျန်းမုန့်လောင်ကတော့ ဘာမှမဖြစ်သည့်အလား ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး ပုံမှန်အတိုင်း စားလိုက်သောက်လိုက်လုပ်နေချိန်မှာ လုရီယောင်က သူ့ကို စိုးရိမ်နေသောအမူအရာဖြင့် ကြည့်နေလေသည်။ ဝမ်လင်၏ကောင်မလေးကလည်း သူ(မ)၏အဝတ်အစားများကိုလဲဖို့ ထွက်သွားပြီဖြစ်၏။ ဝမ်လင်ကိုယ်တိုင်လည်း ပြတင်းပေါက်နားမှာ ခြေပစ်လက်ပစ်လဲလျောင်းရင်း ပါးစပ်မှလည်း တစ်စုံတစ်ခုကို ရွတ်နေချေသည်။
"မင်းဘာလုပ်နေတာလဲ။ တစ်ခုခုစားလေ။ ပြတင်းပေါက်နားမှာ ကပ်နေတော့ရော ဘာမြင်ရမှာလဲ။ ဘုရားသခင်ကို လိုက်ရှာနေတာလား"
ကျန်းမုန့်လောင်က စပျစ်သီးတစ်လုံးကို ကောက်ယူ၍ ဝမ်လင့်၏ခေါင်းကို လှမ်းပစ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ။ ငါတို့ အချိန်မရွေးပစ်ချခံရနိုင်တယ်နော်။ မင်းကတော့ ပျော်လို့ကောင်းနေတုန်းပေါ့။ မင်း ဘာလို့လုံးဝမစိုးရိမ်ရတာလဲ"
ကျန်းမုန့်လောင်က သူတို့အသက်ကို ပေါ့ပေါ့တန်တန်သဘောထားနေသည်ဟု ဝမ်လင်ခံစားလိုက်ရသည်။
"ဘာလို့လဲဆိုတော့ ငါ လုံးဝယုံကြည်မှုအပြည့်ရှိနေလို့လေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါ အရေးနိမ့်တာမျိုး မင်း ဘယ်တုန်းကမြင်ဖူးလို့လဲ။ တိုက်ဂျက်လေယာဉ်လေးနှစ်စီးလောက်ပါပဲကွာ။ ဘာတွေများကြောက်နေစရာရှိလဲ။ ငါမင်းကိုပြောသားပဲ။ မကြာခင်မှာ တစ်ယောက်ယောက်ရောက်လာပြီး ကြားဝင်ဖျန်ဖြေဖို့လုပ်လိမ့်မယ်လို့…"
ကျန်းမုန့်လောင် ထိုသို့ပြောလိုက်ချိန်မှာပင် ကျယ်လောင်လှစွာသော မြည်သံကြီးတစ်ခုက သူတို့အထက်နားဆီမှ ထွက်ပေါ်လာသည်။
ဝမ်လင်၏မျက်နှာအမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။
"သေစမ်း.. သူတို့ စတိုက်နေကြပြီလား"
သိပ်မကြာသေးခင်ကမှ သူတို့ဟာ စစ်မြေပြင်အစွန်နားတွင် ရောက်ရုံမျှရှိသေးသော်ငြား ဒုံးကျည်တစ်လုံးဖြင့် ပစ်ချခံလုနီးပါးဖြစ်ခဲ့သည်။ ယခု သူတို့သာ စစ်မြေပြင်ထဲသို့ ရောက်သွားပါလျှင် သေဖို့ထိုင်စောင့်နေရရုံပင် ရှိတော့လေသလား။
ဟဲ့လျန်က အရည်အချင်းရှိသူတစ်ယောက်ဖြစ်သော်ငြား ထိုစဉ်တုန်းက ဟွာရှား၏အဆင့်အမြင့်ဆုံးတိုက်ဂျက်လေယာဉ်ကို မောင်းခဲ့ခြင်းပင်။ ယခုအချိန်မှာမူ သူက ကိုယ်ပိုင်လေယာဉ်တစ်စီးကို မောင်းနေရသည်။ သူ ဘယ်လောက်အရည်အချင်းရှိရှိ တိုက်ဂျက်လေယာဉ်တစ်စီး၏စွမ်းအားကိုတော့ ထုတ်လွှတ်နိုင်မည်မဟုတ်။
ဝမ်လင်ခမျာ မနေနိုင်တော့ဘဲ သူ့မျက်နှာကို လေယာဉ်ပြတင်းပေါက်နားကို ဖိကပ်လိုက်လေရာ တိုက်ဂျက်လေယာဉ်အတန်းလိုက် သူတို့ပတ်ပတ်လည်တွင် ပျံသန်းနေသည်ကို မြင်လိုက်ရသည်။
တစ် နှစ် သုံး…တစ်ဆယ်..နှစ်ဆယ်..သုံးဆယ်…
"အဲ့ဒါတွေက Frankfurtတိုင်းပြည်ရဲ့ "ရာဖေး"နဲ့ "တိုင်ဖွန်း"တိုက်လေယာဉ်တွေပဲ"
"ဟိုဟာတွေက "The Lions"ပဲ"
"ပြီးတော့ "Tempest"လည်းရှိတယ်။ ဒါတွေက ဥရောပရဲ့အသန်မာဆုံးတိုက်လေယာဉ်တွေကွ"
ဝမ်လင်က စစ်ရေးအကြောင်းအရာများကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်သည့်အတွက် တစ်ချက်ကြည့်ရုံမျှဖြင့် ထိုဂျက်လေယာဉ်များ၏နာမည်များကို ပြောပြနိုင်သည်။ ဥရောပတွင် ထိုဂျက်လေယာဉ်များက ဝေဟင်၏ဘုရင်များပင်။
"ငါတို့တော့သွားပြီ။ ငါတို့တော့ တကယ်သွားပြီ"
ဝမ်လင်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
"သောက်ကျိုးနည်း.. ငါ ဘာလို့ ပိုက်ဆံခြွေတာဖို့ ကြိုးစားခဲ့တာပါလိမ့်။ နိုင်ငံတကာလေကြောင်းလိုင်းတွေမှ အများကြီးပဲကို။ ဒီလေယာဉ်ကိုမှ ရွေးပြီးစီးခဲ့မိတယ်။ ငါက အခုမှ အသက်သုံးဆယ်ပဲရှိသေးတာ။ ကောင်းကောင်းတောင် မပျော်ရသေးဘူး"
ဝမ်လင်၏ကောင်မလေးက သူ့ကိုကြည့်နေပြီး ဘာပြောရမှန်း မသိတော့ချေ။ သူ(မ)သာ ဝမ်လင်ကို ကပ်ထားလျှင် လအနည်းငယ်သာ ကြာလျှင်ပင် ဤအချိန်လေးအတွင်းမှာ သူ(မ)အနေနှင့် အဆက်အသွယ်ပင်ဖြစ်စေ ကျော်ကြားမှုပင်ဖြစ်စေ စုဆောင်းနိုင်ခဲ့ပါက နောင်အနာဂတ်တွင် သူ(မ) ငတ်မသေနိုင်တော့ဘူးဟု တွေးခဲ့မိသည်။ သို့သော် ယခုတော့ ဝမ်လင်နှင့်အတူ ဤနေရာမှာ သေသွားနိုင်လောက်ပေသည်။
"ခွေးကောင်.. ငါတို့ တကယ်မသေပါဘူးနော်။ ဟုတ်တယ်မလား"
လုရီယောင်က ကျန်းမုန့်လောင်၏လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။
"မဟုတ်ဘူး။ အဲ့ဒါက စစ်တိုက်နေတဲ့လေယာဉ်မဟုတ်ဘူး။ ငါတို့ရဲ့တပ်ကူတွေပဲဖြစ်ရမယ်"
ကျန်းမုန့်လောင်က ဟဲ့လျန်ကို ပြောလိုက်သည်။
"မစ္စတာဟဲ့.. ရေဒီယိုချန်နယ်ဖွင့်လိုက်ပါ။ ဒီလူတွေက ကျွန်တော်တို့လူတွေ.. သူတို့က ကြားဝင်ဖျန်ဖြေဖို့အတွက် ရောက်လာကြတာဖြစ်မယ်"
ဟဲ့လျန်၏အမူအရာကလည်း ခက်ထန်နေသည်။ အကယ်၍သာ ယခုနေ သူ တိုက်လေယာဉ်တစ်စီးကို မောင်းနှင်နေခြင်းဖြစ်ပါက ဝေဟင်ထဲမှာ ထိုသကောင့်သားများကို တိုက်ခိုက်ပစ်ရဲသည်။ သို့သော် သူမောင်းနေသည့်လေယာဉ်တွင် စက်သေနတ်တစ်ခုပင် မပါချေ။
တိုက်လေယာဉ်တစ်စီးပြီးတစ်စီး ထွက်ပေါ်လာလေရာ အရေအတွက်ကလည်း ငါးဆယ်ကျော်သွားပြီး သူ၏တိုက်ခိုက်လိုသောဆန္ဒကလည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။
"ကျွန်တော်တို့လူတွေလား"
ဟဲ့လျန်က ကျန်းမုန့်လောင်၏ညွှန်ကြားချက်ကို လိုက်နာပြီး ရေဒီယိုချန်နယ်ကိုဖွင့်လိုက်လေရာ ထိုချန်နယ်မှတစ်ဆင့် လူငယ်လေးတစ်ယောက်၏အသံက ထွက်ပေါ်လာလေသည်။
"ဒါက မစ္စတာကျန်းမုန့်လောင်ရဲ့လေယာဉ်လား"
ထိုလူမှာ ဟွာရှားဘာသာစကားဖြင့် ပြောနေခြင်းပင်။
"ဟုတ်ပါတယ်။ မစ္စတာကျန်းက လေယာဉ်ပေါ်မှာပါ"
ဟဲ့လျန်က ပြောလိုက်သည်။
"မစ္စတာကျန်းမုန့်လောင်ရဲ့လေယာဉ်ကို စောင့်ရှောက်ပေးဖို့အတွက် ကျွန်တော်တို့ကို အမိန့်ပေးထားပါတယ်။ ဒါက တိုက်လေယာဉ်၅၆စီးပါတဲ့ ရှေ့ပြေးတပ်ဖွဲ့ပါ။ ကျန်တပ်ဖွဲ့တွေကတော့ သုံးမိနစ်အတွင်း ရောက်လာပါလိမ့်မယ်။ စုစုပေါင်း တိုက်ဂျက်လေယာဉ်၂၁၃စီးပါ။ အဲလိဇဘက်ဘုရင်မ ၁၊ ဂါဖာ ၁၊ ဂါဖာ ၂၊ ဂျိုအန်ကားလို့စ်နဲ့ ဒါလယ်ဂိုလေယာဉ်တင်သင်္ဘောတွေက အခု အောက်က ပင်လယ်ထဲမှာ စုရုံးရောက်ရှိနေပါပြီ"
"ငါ..ငါ သောက်ကျိုးနည်း…"
ဟဲ့လျန်မှာ ချိုချိုသာသာပြောတတ်သည့်အရွယ်ကို ကျော်လွန်လာပြီဖြစ်သော်ငြား ထိုနာမည်များကို ကြားလိုက်ရသောအခါ သူ မဆဲဘဲမနေနိုင်ပေ။
"တိုက်ဂျက်လေယာဉ်နှစ်ရာကျော်နဲ့ လေယာဉ်တင်သင်္ဘောငါးစီးက ကြားဝင်ဖျန်ဖြေဖို့အတွက် ရောက်လာတာတဲ့လား။ သူတို့က ဥရောပတစ်တိုက်လုံးကို လာသိမ်းတာဖြစ်နိုင်လောက်တယ်"
သို့သော် သူတို့ ကောင်းကောင်းမအံ့ဩရသေးခင်မှာပင် သူတို့၏ဆက်သွယ်ရေးချန်နယ်ထဲသို့ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။
"အခုပြောနေတာ အန်ဆယ်ဒုံးဖျက်သင်္ဘောပါ။ လေကြောင်းကာကွယ်ရေးဒုံးကျည်တွေအားလုံး ပစ်ရန် အသင့်အနေအထားဖြစ်နေပါပြီ။ အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ"
"အခုပြောနေတာ ဇူးစ်ဒုံးကျည်ကာသင်္ဘောပါ။ တိုက်ခိုက်ဖို့အသင့်အနေအထား… ပစ်မှတ်တွေအားလုံးကိုလည်း ရေဒါချိန်ထားပြီးပါပြီ။ စုစုပေါင်းတိုက်ဂျက်လေယာဉ်၄၂စီးပါ။ လေကြောင်းရှင်းလင်းရေးလမ်းညွှန်အတွက် အသင့်ဖြစ်နေပါပြီ"
"အခုပြောနေတာ ကင်းကောင်ဒုံးကျည်ကာသင်္ဘောပါ။ တိုက်ခိုက်ရန်အသင့်အနေအထား"
"ရှီလမ်တိုက်သင်္ဘောပါ။ တိုက်ခိုက်ရန်အသင့်ပါ"
"ဟိုင်ယန်H-37စောင့်ကြည့်တိုက်ခိုက်ရေးလေယာဉ်လည်း တိုက်ခိုက်ရန်အသင့်အနေအထားဖြစ်နေပါပြီ"
...
အစီရင်ခံချက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လေယာဉ်မှူးအခန်းတစ်ခုလုံးတွင် ဖုံးလွှမ်းသွားသည်။ တိုက်ဂျက်လေယာဉ်များသာမက လေယာဉ်တင်သင်္ဘောများ၊ ဒုံးကျည်ကာသင်္ဘောများနှင့် အချို့နိုင်ငံများ၏ ကုန်းမြေနှင့် ကမ်းရိုးတန်းအခြေစိုက်တပ်စခန်းများကပင် လေကြောင်းပစ်ဒုံးကျည်များကို အသင့်ပြင်ထားကြသည်။ တိုက်ခိုက်ရေးခွန်အားကွာခြားမှုမှာ အဆပေါင်းများစွာ များပြားလာသည်။
"ဒါက မင်းခေါ်လိုက်တဲ့ တပ်ကူတွေလား"
ဝမ်လင်က ကြက်သေသေကာ ကျန်းမုန့်လောင်ကို မေးလိုက်သည်။
"တခြားဘာရှိရဦးမှာလဲ"
ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။
"ငါ မင်းကိုပြောသားပဲ။ ကြားဝင်ဖျန်ဖြေဖို့နဲ့ ငါတို့ကိုကာကွယ်ပေးဖို့အတွက် တစ်ယောက်ယောက်ရောက်လာပါလိမ့်မယ်လို့။ မင်း အခုစိတ်သက်သာသွားပြီလား"
"ချီးကို ကြားဝင်ဖျန်ဖြေပြီး ကာကွယ်ပေးရမှာလား။ မင်းက ကမ္ဘာစစ်ကို စတင်ချင်နေတာပဲ"
ဝမ်လင်က ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။
"ပြီးတော့ မင်း ဘယ်လိုလုပ်လိုက်တာလဲ။ ဒီတိုက်ဂျက်လေယာဉ်တွေ၊ လေယာဉ်တင်သင်္ဘောတွေနဲ့ ဒုံးကာသင်္ဘောတွေက ဥရောပနိုင်ငံအသီးသီးကပိုင်ဆိုင်တဲ့ မော်ဒယ်လ်အမျိုးမျိုးတွေလေ။ မင်း သူတို့သမ္မတတွေကို ပြန်ပေးဆွဲထားတာလား"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်သည်။
"ငါ ဘယ်လိုလုပ်လိုက်တာလဲလို့ မင်းမေးလိုက်တာနော်။ အဖြေကို ငါလည်းမသိဘူး။ ဒါပေမဲ့ ငါတို့လိုဘော့စ်တွေက ရလဒ်ကို ဂရုစိုက်တာ။ လုပ်ငန်းစဉ်ကို ဂရုမစိုက်ဘူး"
"အစ်ကိုရေ.. လုပ်လို့ရတယ်ဆိုပေမဲ့ မလိုအပ်ဘူးလေ။ ဒီအကွက်ကြောင့် သူတို့တွေ သေလောက်အောင်ကြောက်ကုန်ကြလိမ့်မယ်"
"သူတို့တိုက်ခိုက်တာကို ငါလုံးဝဂရုမစိုက်ဘူး။ အဲ့ဒါ ငါ့သောက်ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ ငါ့အစီအစဉ်တွေကို လာနှောင့်ယှက်ရဲရင်တော့ သူတို့တွေအကုန်လုံး သေဖို့ထိုက်တန်တယ်"
ကျန်းမုန့်လောင်က အော်ဟစ်လိုက်သည်။
"အရှိန်အပြည့်နဲ့ချီတက်မယ်"
"ဝှစ်ချ် ဝှစ်ချ် ဝှစ်ချ်"
တဝီဝီအသံများနှင့်အတူ တိုက်ဂျက်လေယာဉ်အများအပြားက ရှေ့ဆုံးမှဦးဆောင်ကာ ချီတက်သွားလေသည်။
...
အဝေးတစ်နေရာတွင် မိုရီကိုနှင့် လေဒင်ဘတ်တို့၏ တိုက်လေယာဉ်တပ်ဖွဲ့များက အပြင်းအထန်တိုက်ခိုက်နေကြသည်။ နာရီဝက်အကြာတိုက်ခိုက်ပြီးနောက် နှစ်ဖက်စလုံးတွင် တိုက်ဂျက်လေယာဉ်သုံးစင်း ဆုံးရှုံးထားရပြီး လက်နက်ကိုင်တိုက်ပွဲကလည်း ပိုမိုအရှိန်မြင့်လာခဲ့သည်။
"တီ တီ တီ"
နှစ်ဖက်စလုံးမှာ နောက်တစ်ပွဲဆက်ရန် ပြင်နေကြချိန်တွင် ရုတ်ခြည်းဆိုသလို သူတို့၏ဒတ်ရှ်ဘုတ်မှာ အရေးပေါ်သတိပေးသံများ ဆူညံသွားသည်။
"ဘာဖြစ်နေတာလဲ"
တိုက်လေယာဉ်မှူးတစ်ယောက်က သူ့ရေဒါကိုဖွင့်လိုက်လေရာ အနီရောင်အစက်အပြောက်များဖြင့် ပြည့်နှက်နေသော အနက်ရောင်ဖန်သားပြင်၏အစွန်းကို မြင်လိုက်ရသည်။ အရေအတွက်ကား နှစ်ရာကျော်ပြီး အကုန်လုံးကလည်း သူတို့ဆီသို့ ဦးတည်လာနေခြင်းပင်။
"ဒါက ဘယ်လိုအခြေအနေကြီးလဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နှစ်ဖက်လုံးမှ လေယာဉ်မှူးများ၏ အမူအရာကား လုံးဝပြိုလဲသွားရသည်။ ဘာတွေဖြစ်ကုန်တာလဲ။ ဤပင်လယ်နယ်မြေဘက်တွင် လေကြောင်းလေ့ကျင့်မှုများ လုပ်ဆောင်နေသည်ဟုလည်း သူတို့ မကြားထားပေ။ ထို့ပြင် ထိုအနီရောင်အစက်၂၀၀မှာ သူတို့ရှိရာဆီသို့ ရွေ့လျားနေခြင်းမှာ အသိသာချည်းပင်။
သို့သော် အံ့အားသင့်စရာကား မပြီးဆုံးသေးပေ။ သူတို့အောက်ဘက်တွင်လည်း ပစ်မှတ်များစွာရှိနေကြောင်း သူတို့၏ရေဒါများက ပြသလာသည်။ ကြီးမားလှသော အနီရောင်အစက်အပြောက်များမှာ လေယာဉ်တင်သင်္ဘောများ ဖြစ်နိုင်လောက်သည်။
အဆုံးမှာတော့ ရေဒါ၏ရေတွက်မှုက ၂၇၁တွင် ရပ်တန့်သွားသည်။ ပစ်မှတ်စုစုပေါင်း၂၇၁ခုက သူတို့ရှိရာဘက်သို့ ဦးတည်လာနေခြင်းပင်။
တိုက်ဂျက်လေယာဉ်မှူးများအားလုံးမှာ ရင်သပ်ရှုမောဖွယ်ကောင်းသော ဤကိန်းဂဏန်းကိုကြည့်၍ စကားတစ်ခွန်းကိုသာ တစ်ပြိုင်နက်ဆိုလိုက်မိကြသည်။
"သေစမ်း"
**********