ရန်သူကိုသတ်ဖြတ်ခြင်း
Vol. 17 Ch. 238
အခန်း (၂၃၈) ရန်သူကိုသတ်ဖြတ်ခြင်း
အနက်ရောင်အခိုးအငွေ့များ မြင့်တက်လာသည်။
ထိုအခိုးအငွေ့များက ရေခဲပုဇဉ်းရင်ကွဲတောအုပ်ကို လောကကြီးမှ သီးခြားခွဲထုတ်ရန် ဖိအားပေးနေသည်။ သို့သော် လူတစ်ယောက်၏ စိတ်အာရုံတွင်သာ သီးခြားခွဲထွက်သွားသည်ဟု ခံစားရခြင်းဖြစ်ပြီး အမှန်တကယ် လောကကြီးမှ ခွဲထွက်သွားခြင်းမျိုး မဟုတ်ပေ။
ကျန်းလန်က အကူအညီတောင်းခံသည့် ဓားဝိညာဉ် ထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာကို တစ္ဆေချီစွမ်းအားများက ဖိနှိပ်ထားကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
အနက်ရောင်အခိုးအငွေ့များက အခြားသူများ၏ တန်ခိုးစွမ်းအားများကို စုပ်ယူဆွဲမျိုလျှက် ရှိသည်။
"အဲဒီဘက်က အခြေအနေတွေက မရိုးရှင်းဘူး ၊ သူတို့အကူအညီတောင်းတာ အောင်မြင်နိုင်ပါ့မလား သိချင်လိုက်တာ"
အမှန်တော့ ဓားဝိညာဉ်၏ အကူအညီတောင်းခံမှုက မအောင်မြင်ခဲ့ပေ။
သူကသာ ရေခဲပုဇဉ်းရင်ကွဲတောအုပ်အတွင်းသို့ ရောက်ရှိနေသဖြင့် ဓားဝိညာဉ်ကို သတိပြုလိုက်မိခြင်း ဖြစ်သည်။
"သွားကြည့်လိုက်မယ် ၊ တတ်နိုင်မယ်ဆိုရင်တော့ ဒီအနက်ရောင်အခိုးအငွေ့တွေ ထွက်ပေါ်လာတဲ့ ရင်းမြစ်ကို ဖျက်စီးပစ်ရမယ်"
"ငါ့တစ်ယောက်တည်း မတတ်နိုင်ရင်တော့ တောင်ပေါ်ပြန်ပြီး အကူအညီတောင်းရမယ်"
ဤနေရာမှ အခြေအနေကို ခွန်လွန်တောင်မှလူများသိရှိသွားလျှင် အကူအညီတောင်းရန် ပိုမိုအဆင်ပြေနိုင်သည်။
အခြေအနေစစ်ဆေးကြည့်ရန် ကျန်းလန် ရှေ့ဆက်လျှောက်သွားသည်။ နောက်မှ မီးစင်ကြည့်ကရပေမည်။
သူက အကူအညီတောင်းခံသည့်ဓားဝိညာဉ်ထွက်ပေါ်လာရာနေရာသို့ ခပ်ဖြည်းဖြည်းပင် လမ်းလျှောက်သွားရင်း ကြိုတင်ပြင်ဆင်မှုများကိုလည်း ဖြည်းဖြည်းချင်း လုပ်ဆောင်သွားသည်။
နွားရိုင်းကိုးကောင်စွမ်းအားကို ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ်လှည့်ပတ်နေပြီး အရင်က အသုံးမပြုဘူးသည့် မှော်ဝင်ပစ္စည်းတစ်ခုကိုလည်း အရေးပေါ်အသုံးပြုနိုင်ရန် အသင့်ပြင်ထားသည်။
ထိုသို့ မပြင်ဆင်ထားပါက တန်ခိုးစွမ်းအား အပြည့်အဝကို ထုတ်ဖော်အသုံးပြုနိုင်မည် မဟုတ်ဘဲ ခံစစ်သို့ ကျရောက်သွားမည် ဖြစ်သည်။
ကျန်းလန်က အနက်ရောင်အခိုးအငွေ့များအတွင်းသို့ တဖြည်းဖြည်း တိုးဝင်လာသည်။ အခိုးအငွေ့များ ထူထပ်သည်ထက် ထူထပ်လာ၏။
သူ့အမြင်အာရုံများ ရုတ်တရက် ပြန်လည်ကြည်လင်သွားသည်ကို သတိပြုလိုက်မိသည်။
သူ သွားရောက်လိုသည့်နေရာသို့ ရောက်ရှိရန် သိပ်မလိုတော့ကြောင်း ကျန်းလန် သိလိုက်သည်။
***
လုကျန်းက စီတန်းချီတက်လာသည့် တစ္ဆေကျင့်ကြံသူများရှိရာသို့ ခုန်ဝင်တိုက်ခိုက်လိုက်သည်။
သူ၏ဓားမှ မီးပွားများပင် ပွင့်ထွက်သွားပြီး ဓားဝိညာဉ်က ပျက်စီးလုနီးပါး ဖြစ်သွားသည်။ ဓားက အဆုတ်အတက် ညီညာစွာဖြင့် တိုက်ခိုက်နေပြီး တစ္ဆေကျင့်ကြံသူများကို ခုတ်ပိုင်းပစ်နေသည်။
လုကျန်း၏ ဓားချက်တိုင်းက ပြင်းထန်သည့် ဓားဝိညာဉ်အဖြစ် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားကာ အရာအားလုံးကို သုတ်သင်ဖယ်ရှားပစ်လိုက်သည်။
သို့သော် ချက်ချင်းပင် တောအုပ်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည့် ဓားဝိညာဉ်က ပျောက်ကွယ်သွားသည်။ အမှောင်ထုက ဓားဝိညာဉ်ကို စုပ်ယူပစ်လိုက်ပြီး အနက်ရောင်အခိုးအငွေ့များကြားတွင် ဓားဝိညာဉ် ပျက်စီးသွားသည်။
ကံကောင်းသည်မှာ လုကျန်းရှိနေသည့် ပတ်ဝန်းကျင်တစ်ဝိုက်တွင်တော့ သူ၏ တိုက်ခိုက်မှုက အရာထင်နေသေးခြင်း ဖြစ်သည်။
"ဘုန်း…"
ဓားအလင်းရောင် ဖြာထွက်သွားပြီး လုကျန်းက တစ္ဆေကျင့်ကြံသူများရှိရာသို့ ခုန်ဝင်တိုက်ခိုက်လိုက်သည်။
သူက ဒဏ်ရာရမည်ကို မကြောက်ဘဲ ရှေ့သို့သာ တိုးဝင်လာခဲ့သည်။
"ဂိုဏ်းတူအစ်ကို အနောက်ဘက်ကို သတိထား"
စကားသံနှင့်တူ ကောင်းကင်ထက်မှ ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး ပါးကွသင်္ကေတ တန်ခိုးစွမ်းအားများက အရပ်မျက်နှာအားလုံးကို ဖိနှိပ်ထားလိုက်သည်။
ထိုတန်ခိုးစွမ်းအားများက ချက်ချင်းပင် လုကျန်း၏ အနောက်ဘက်မှ တိုက်ခိုက်မှုကို ခုခံကာကွယ်ထားလိုက်သည်။
ထိုစဉ်မှာပင် လုကျန်းလည်း အနောက်ဘက်မှ ရန်သူကို သတိထားလိုက်မိပြီး လှည့်ကြည့်ကာ မျက်မှောင်တစ်ချက ်ကြုတ်လိုက်သည်။
သူ့အနောက်ဘက်တွင် တစ္ဆေကျင့်ကြံသူ (၄)ယောက် ရှိနေပြီး ပေဖန်းက ထိန်းချုပ်ပေးထားသည်ကို တွေ့လိုက်ရသည်။
ထိုတစ္ဆေကျင့်ကြံသူ (၄)ယောက်မှာ စောစောက သူ သတ်ဖြတ်ခဲ့သူများ ဖြစ်လေရာ အဘယ့်ကြောင့် ပြန်လည် အသက်ဝင်လာရပါသနည်း။
တစ်စုံတစ်ခုကို နားလည်သွားပြီးနောက် လုကျန်း အနောက်ဘက်ကို အာရုံမစိုက်တော့ဘဲ သူ့ရှေ့မှ တစ္ဆေကျင့်ကြံသူများကို အင်အားသုံးကာ ဖိနှိပ်တိုက်ခိုက်လိုက်သည်။
မကြာမီ ဟုန်လွမ်၊ လင်အန်းနှင့် ပေဖန်းတို့အနားသို့ လုကျန်း ပြန်လည်ရောက်ရှိလာသည်။
ဟုန်လွမ်က ချက်ချင်းပင် ဆေးကုသမန္တန် အသုံးပြုပြီး လုကျန်းရရှိထားသည့်ဒဏ်ရာများကို သက်သာစေလိုက်သည်။
သူတို့ (၄)ယောက်ထဲတွင် သူမက မန္တန်ပညာကို အကျွမ်းကျင်ဆုံး ဖြစ်၏။
"ဒီကောင်တွေက သူတို့ရဲ့ အရိုးအသားနဲ့ ခန္ဓာကိုယ်တွေကို ပုံမှန်အတိုင်းပြန်ကောင်းသွားအောင် လုပ်လို့ရတယ်ကွ ၊ ပြီးတော့ တစ္ဆေချီစွမ်းအားတွေကလည်း ကျုပ်တို့ရဲ့ အာရုံ (၅)ပါးကို ပိတ်ဆို့ထားနိုင်စွမ်းရှိတယ်"
လုကျန်းက ချက်ချင်းပင် သူတွေ့ရှိသည်များကို ပြောပြလိုက်သည်။
"သူတို့ရဲ့ ရုပ်ခန္ဓာတွေက သန်မာလွန်းတယ် ၊ ကျုပ် သူတို့ကိုသတ်ဖို့လွယ်ပေမယ့်…"
ဤတစ္ဆေကျင့်ကြံသူများက သူတို့ အရိုးအသားနှင့် ခန္ဓာကိုယ်များကို ချက်ချင်း ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်နိုင်စွမ်းရှိပြီး ဆက်လက်တိုက်ပွဲဝင်နိုင်စွမ်း ရှိသည်။
ထို့ပြင် သူတို့ (၄)ယောက်မှာလည်း အခြားသူများနှင့် ဆက်သွယ်မရနိုင်သည့် အခြေအနေဖြစ်သည်။
"သူတို့ုကို သတ်ဖြတ်ဖို့က ခက်ခဲတယ် ၊ တစ္ဆေချီစွမ်းအားတွေက သူတို့ကို ပိုပြီးသန်မာလာစေတယ် ၊ ဒီတော့ သူတို့ကို စည်းတံဆိပ်ခတ်ထားဖို့လိုတယ်"
အပြည့်အ၀ ပြန်လည်ကောင်းမွန်လာသည့် တစ္ဆေကျင့်ကြံသူများကိုကြည့်ရင်း လင်အန်းက ပြောလိုက်သည်။
သူတို့ကိုသာ တံဆိပ်ခတ်မထားနိုင်လျှင် အဆုံးမရှိသည့် တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
သူတို့ (၄)ယောက်လုံးတွင် တစ္ဆေချီစွမ်းအား လျော့နည်းသွားအောင် ပြုလုပ်နိုင်စွမ်း မရှိကြပေ။
လုကျန်းက ဓားကို တင်းတင်းဆုပ်ထားလိုက်ပြီး…
"ဒီကောင်တွေကို ကျုပ်သတ်မယ်"
လင်အန်းက…
"သေပြီးသားတွေ ပြန်အသက်ရှင်မလာအောင် အဆုံးသတ်တဲ့အထိ တိုက်ခိုက်ရမယ် ၊ ဂိုဏ်းတူအစ်ကိုလုကျန်း ၊ မြန်မြန် မသတ်နဲ့ဗျ ၊ ကျုပ်တို့က စည်းတံဆိပ်ခတ်ဖို့ လိုက်မီမှာ မဟုတ်ဘူး"
ပေဖန်းက လက်ကိုဆန့်တန်းလိုက်ရာ သူ့လက်ထဲတွင် ဓားများထည့်ထားသည့် သားရေဓားအိတ်တစ်ခု ပေါ်လာသည်။
သူက ဓားအိတ်ကို ကျောတွင်လွယ်လိုက်ရင်း…
"ကျုပ်က စည်းတံဆိပ်ခတ်မယ် ၊ ဒါပေမဲ့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ်"
ထို့နောက် သူတို့ (၃)ယောက် ဟုန်လွမ်ကို ကြည့်လိုက်ကြသည်။
ဟုန်လွမ်က မကျေမနပ်ဖြင့်…
"နင်တို့က ငါ့ကိုတော့ သူနာပြုလုပ်စေချင်တာပေါ့လေ"
လုကျန်းက…
"မဟုတ်ပါဘူး ဂိုဏ်းတူညီမလေးရယ်… ၊ ကျုပ်သိသလောက် ဂိုဏ်းတူညီမလေးဟုန်လွမ်ရဲ့ ထိန်းချုပ်မန္တန်က အတော်လေး အစွမ်းထက်တယ် မဟုတ်လား"
လုကျန်းက ပြုံးလိုက်ရင်း ဆက်ပြောသည်။
"ဒီတော့ ဒီပတ်ဝန်းကျင်မှာ တစ္ဆေကျင့်ကြံသူတွေ ရုတ်တရက်ပေါ်လာရင် ဂိုဏ်းတူညီမလေး ထိန်းချုပ်ပေးဖို့အတွက် ချန်ထားပေးမယ်"
ဟုန်လွမ် : "………………"
ဒီလူတွေက နည်းနည်းတော့ များလေပြီ။
ပေဖန်းက…
"ဒီတစ္ဆေစစ်သည်တော်တွေက တစ္ဆေတံခါးက အရင်ဆုံးထွက်လာတဲ့သူတွေ ဖြစ်ရမယ် ၊ အန္တရယ်အငွေ့အသက်ကိုရတာနဲ့ ဒီကောင်တွေ စစ်ကူခေါ်လိမ့်မယ် ၊ ဒီတော့ ကျုပ်တို့ လက်ဦးအောင် လှုပ်ရှားကြတာပေါ့"
ထို့နောက် လင်အန်းက တစ်ချက်ပင် မတုံ့ဆိုင်းဘဲ လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။
မျက်စိပင်ကျိန်းစပ်စေသည်အထိ တောက်ပသော အလင်းတန်းတစ်ခု သူ့လက်မှ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းက လေထဲသို့ ပျံ့နှံ့သွားပြီး မီးပန်းများပမာ ပေါက်ကွဲထွက်သွားသည်။
"အလင်းပေါက်ကွဲ"
"ဘုန်း…"
အလင်းရောင်များ အရပ် (၁၀)မျက်နှာလုံးသို့ တောက်ပသွားပြီး အနက်ရောင်အခိုးအငွေ့များကို ဖယ်ရှားပစ်လိုက်သည်။
အလင်းရောင်များက တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များပမာ တစ္ဆေကျင့်ကြံသူများအပေါ်တွင် လင်းထိန်တောက်ပသွားသည်။
"ဂါး…"
တစ္ဆေကျင့်ကြံသူများထံမှ ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာပြီး သူတို့ (၄)ယောက်ကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
ဟုန်လွမ်က လက်တစ်ဖက်ဆန့်တန်းလိုက်ရာ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းတန်းက တစ္ဆေကျင့်ကြံသူများကို စက်ဝိုင်းပမာ ဝိုင်းပတ်သွားပြီး လှုပ်ရှားမှုကို နှေးကွေးသွားစေသည်။
လုကျန်းက ချက်ချင်းပင် တစ္ဆေကျင့်ကြံသူများရှေ့သို့ ရောက်ရှိသွားပြီး ဓားရောင်များ လင်းလက်သွားကာ တစ္ဆေကျင့်ကြံသူများကို ထက်ပိုင်းပိုင်းပစ်လိုက်သည်။
ထို့နောက်သူက အလောင်းများကို ချက်ချင်းပင် နောက်သို့ ပစ်ပေးလိုက်၏။
ပေဖန်းက ကျောတွင် ဓားအိတ်တစ်အိတ်ကို လွယ်ထားသည်။ ဘယ်အချိန်က ဓားအိတ်ကိုလွယ်လိုက်မှန်း မည်သူမှ မသိလိုက်ကြပေ။
အရိုးအသား ခန္ဓာကိုယ်များ ပြန်လည်အသက်ဝင်ဖြစ်တည်လာတော့မည့် တစ္ဆေစစ်သည်တော်အလောင်းများကိုကြည့်ရင်း သူက ဓားအိတ်အတွင်းမှ ပါးကွသင်္ကေတပုံစံပါသည့် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
ပါးကွသင်္ကေတတန်ခိုးစွမ်းအားက ဓားဖျားထက်မှ သိပ်သည်းစွာထွက်ပေါ်လာပြီး အစီအရင်တစ်ခု ဖြစ်တည်လာသည်။ ဤသည်က တစ္ဆေစစ်သည်တော်များ ပြန်လည်အသက်ဝင်လာခြင်းမရှိစေရန် စည်းတံဆိပ်ခတ်သည့် ပညာဖြစ်၏။
ထို့နောက် ပေဖန်းက ဓားဦးချွန်ဖြင့် တစ္ဆေကျင့်ကြံသူ၏ မျက်ခုံး (၂)ခုကြားကို ထိုးစိုက်ချလိုက်သည်။
ချက်ချင်းပင် တစ္ဆေစစ်သည်တော်၏ အရိုးအား ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်နေခြင်းက ရပ်တန့်သွားသည်။
ပေဖန်းက…
"ကဲ… လာခဲ့ နောက်တစ်ယောက်…"
ဟုန်လွမ်က...
"အဲဒါက လွယ်သားပဲ…"
ပေဖန်းက ခေါင်းညိတ်လိုက်ရင်း...
"အင်း… အခုတော့ လွယ်သေးတယ်"
သူက ဆက်ပြောသည်။
"ဒါက တကယ့်ကို လွယ်ကူရိုးရှင်းတယ် ၊ ဒီဓားတွေကလည်း ကြိုတင်ပြင်ဆင်ထားတဲ့ ဓားတွေလေ ၊ ကံမကောင်းတာက ဒီလိုဓားမျိုးက (၉)လက်ပဲ ရှိတယ် ၊ ဒီဓားတွေအကုန်လုံး အသုံးပြုပြီးသွားရင်တော့ ဒုက္ခရောက်လိမ့်မယ်"
လင်အန်းက ပြုံးလိုက်ရင်း…
"သူတို့တွေဘက်က စစ်ကူရောက်မလာဘူးဆိုရင်တော့ ပြဿနာ မရှိနိုင်ပါဘူးကွာ…"
"ဘုန်း..."
ရုတ်တရက်…
အနက်ရောင်အခိုးအငွေ့များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
"ဒုန်း… ဒုန်း…"
အမှောင်ထုအတွင်းမှ ခြေသံများ ထပ်မံထွက်ပေါ်လာသည်။
"................."
ဟုန်လွမ် ၊ လင်အန်းနှင့် ပေဖန်းတို့ ဆွံ့အသွားကြသည်။
ပြောရင်းဆိုရင်းပင် ရန်သူ့ဘက်မှ စစ်ကူများရောက်လာပြီ မဟုတ်ပါလား။
လုကျန်းက…
"အခုချိန်မှာ ရန်သူက ဘာကောင်ကြီးဆိုတာ မစဉ်းစားဘဲ ရန်သူကို သတ်ဖို့ တတ်နိုင်သမျှလုပ်သင့်တယ်"
ဟု ပြောလိုက်သည်။
ရန်သူကို တိုက်ခိုက်ရခြင်းထက် သူ့နောက် (၃)ယောက်က သူ့ကိုပိုပြီး ဒုက္ခပေးနေသလို ခံစားနေရသည်။
ကျန် (၃)ယောက်က မည်သည့်စကာမှ ပြန်မပြောဘဲ တစ္ဆေစစ်သည်တော်များကို စည်းတံဆိပ်ခတ်သည့်အလုပ်ကို ဆက်လုပ်နေကြလေတော့၏။
***
အချိန်ကြာလာသည်နှင့်အမျှ လုကျန်းတို့ (၄)ယောက်မှာ အားအင်များ ကုန်ခမ်းလာသည်။
လုကျန်းခန္ဓာကိုယ်က ဒဏ်ရာများနှင့် ပြည့်နက်နေပြီး ဓားသွားတွင်လည်း သွေးများစွန်းပေလျှက် ရှိသည်။ လင်အန်းမှာလည်း ဒဏ်ရာများ ရထားလေသည်။
ပေဖန်း၏ကျောထက်တွင် လွယ်ထားသည့် ဓာအိတ်မှာ မည်သည့်နေရာရောက်သွားမှန်းပင် မသိတော့ပေ။ သူ့မျက်နှာကလည်း ပုံမှန်မဟုတ်စွာ ဖြူဖပ်ဖြူလျော်ဖြစ်လျှက်ရှိသည်။
ဟုန်လွမ်မှာ အရိုးများပင်ပေါ်နေသည့် သူမလက်မောင်းမှဒဏ်ရာကို ဆေးကုသမန္တန်အသုံးပြုကာ ကုသနေရသည်။
တစ္ဆေစစ်သည်တော်များ တစ်စထက်တစ်စများပြားလာသည်။
အမှန်တော့ တစ္ဆေစစ်သည်တော်များက စစ်ကူများ ထပ်ခေါ်ခြင်း မဟုတ်ပေ။ ဤနေရာတွင် တစ္ဆေတံခါး ပွင့်နေခြင်းသာ ဖြစ်သည်။
"ဒီနေရာက လွတ်လမ်းရှာကြပါဦးကွ..."
လုကျန်းက ဓားကိုကိုင်ထားရင်း များပြားလှသည့် တစ္ဆေကျင့်ကြံသူအုပ်ကြီးကိုကြည့်ပြီး ပြောလိုက်သည်။
တစ္ဆေစစ်သည်တော်များ အုပ်စုတောင့်လာလေ အရိုးအသား ခန္ဓာကိုယ်များ ပြန်ကောင်းလာသည့်စွမ်းအားက လျှင်မြန်လေ ဖြစ်သည်။
စည်းတံဆိပ်ခတ်သည့်နည်းလမ်းကလည်း ထိန်းထားနိုင်တော့မည် မဟုတ်တော့ပေ။ စည်းတံဆိပ်ခတ်စရာဓားပင်လျှင် ပေဖန်းတွင် မရှိတော့ပေ။
ထို့ပြင် ယခုအချိန်တွင် စည်းတံဆိပ်ခတ်နေခြင်းက လက်တွေ့မကျတော့ပေ။ အစောပိုင်း ရန်သူ့ဘက်မှ အင်အားနည်းစဉ်တွင်သာ စည်းတံဆိပ်ခတ်ခြင်းနည်းလမ်းက အသုံးဝင်လေ၏။
ယခုကဲ့သို့ ရန်သူအင်အားများလာပြီး ခံစစ်အနေအထား တိုက်ခိုက်နေရချိန်တွင် အဆင်မပြေနိုင်တော့ပေ။
"ကျုပ်တို့ မလွတ်နိုင်တော့ဘူးဗျ ၊ ကျုပ် ကြိုးစားကြည့်ပြီးပြီ ၊ ဒီနေရာမှာ တစ္ဆေချီစွမ်းအားတွေကဝင်္ကပါလိုပဲ ဖြစ်နေပြီ ၊ ဘယ်ကိုပဲသွားသွား ဒီနေရာပဲ ပြန်ရောက်လာတယ်"
ပေဖန်းက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
လုကျန်းက…
"ဒါဖြင့်လည်း ဆက်တိုက်ကြတာပေါ့"
လုကျန်းက ဓားတစ်ချက်ဝှေ့ယမ်းလိုက်ပြီး မနီးမဝေးတွင် ရှိနေသည့် တစ္ဆေကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းတူညီလေး လင်အန်း ၊ မင်းရဲ့ မိစ္ဆာနှိမ်နင်းတဲ့နည်းလမ်းကို အသုံးပြုပြီး သူတို့ကို သုတ်သင်ပစ်ပါလား ၊ မင်း အစီအရင်လုပ်နေတုန်း ကျုပ် သူတို့ကို ခဏလောက်ထိန်းထားပေးမယ်"
လင်အန်းက ခေါင်းခါယမ်းလိုက်ရင်း…
"ဂိုဏ်းတူအစ်ကို ၊ အစီအရင်လုပ်လို့သာ မောသွားမယ် အသုံးဝင်မှာ မဟုတ်ဘူး ၊ အဲဒီပညာက ဒီကောင်တွေအပေါ် မသက်ရောက်နိုင်ဘူး"
လုကျန်းက…
"ဂိုဏ်းတူညီလေးပေဖန်းခေါ်ထားတဲ့ စစ်ကူကလည်း ရောက်မလာသေးဘူး ၊ အတော်လေး နှေးလွန်းတယ် ၊ ဒါပေမဲ့ ထိရောက်မှုတော့ ရှိမှာပါ ၊ အချိန်နည်းနည်းဆွဲထားနိုင်ရင် အခွင့်အရေး ရလာမယ်ထင်တယ်"
ဟုန်လွမ်က…
"ခံစစ်ပဲတိုက်မယ်ဆိုရင် မနက်ဖန်အထိ တောင့်ခံနိုင်မလား"
ပေဖန်းက ခေါင်းခါယမ်းလိုက်ရင်း…
"မဖြစ်နိုင်ဘူး"
သူက ဆက်ပြောသည်။
"တစ္ဆေတံခါးပွင့်သွားတာသာဆိုရင် တစ္ဆေစစ်သည်တော်တွေ ဒီကို အများကြီး ထပ်ရောက်လာကြလိမ့်မယ်"
"ဂရား…"
များပြားလှစွာသည့် တစ္ဆေစစ်သည်တော်များသည် အောင်ပွဲခံသည့်အလား ကောင်းကင်ထက်သို့လှမ်းကြည့်ပြီး အော်ဟစ်ကြုံးဝါးသံများ ပြုလုပ်နေကြသည်။
သူတို့က လုကျန်းနှင့် အခြားသူများကို ဆက်လက်တိုက်ခိုက်ချင်ဟန် ရှိသည်။
လုကျန်းက တစ္ဆေကျင့်ကြံသူများကို ကြည့်လိုက်ရင်း…
"သူတို့က ကျုပ်တို့ကို လှောင်နေသလိုပဲ"
ထိုစဉ်…
"လူသားတွေက သိပ်ကို ပျော့ညံ့အားနည်းတယ်"
တိုးလျသည့်အသံတစ်သံက တစ္ဆေကျင့်ကြံသူများကြားမှ ထွက်ပေါ်လာသည်။
"ဒါဖြင့် ခွန်လွန်တောင်က အားနည်းတယ်လို့ ပြောချင်တာလား"
အမှောင်ထုထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
ထိုအသံကိုကြားသည်နှင့် တစ္ဆေကျင့်ကြံသူအုပ်လိုက်ကြီးက မျက်မှောင်ကြုတ်လိုက်ကြ၏။ အမှောင်ထဲမှလူက တစ္ဆေကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။
တစ္ဆေကျင့်ကြံသူများ ချက်ချင်းပင် သတိအနေအထားဖြင့် အတူတကွ စုစည်းလိုက်ကြသည်။
စကားသံ အဆုံးသတ်သွားသည်နှင့် အမှောင်ထုထဲမှ ခြေသံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ရှပ်… ရှပ်"