ရွှေရောင်လေနှင့် ကျောက်စိမ်းနှင်းဆီတို့တွေ့ဆုံခြင်းသည် လောကတွင်ရှိသမျှသောတွေ့ဆုံမှုအားလုံးထက် သာလွန်သည်
Vol. 7 Ch. 90
ကျိယွမ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းသို့ ဦးတည်လိုက်၏။
တစ်နေရာသို့ရောက်သောအခါ သူရှာနေသောအရာကိုမြင်လိုက်သဖြင့် ပျံသန်းခြင်းကို ချက်ချင်းရပ်တန့်သည် ။
အဝေးတစ်နေရာတွင် ဝိညာဉ်စွမ်းအင်များသည် စမ်းချောင်းတစ်ခုကဲ့သို့ စီးဆင်းနေပြီး ကြည်လင်သောခေါင်းတလားတစ်ခုပေါ်သို့ ရေတံခွန်သဖွယ်စီးကျနေသည်။
မည်သည့်နေရာမှထွက်ပေါ်လာမှန်း မသိရသောနွယ်ပင်များက မြွေများလိုလူးလွန့်လှုပ်ရှားနေပြီး ကြည်လင်နေသောခေါင်းတလားကို တဖြည်းဖြည်းချင်း ဆွဲယူနေကြ၏။
ကျိယွမ်သာနောက်ကျလျှင် ခေါင်းတလားက်ု တွေ့ရမည်ပင် မဟုတ်ပေ။
ဘာများပါလို့ သူတို့ကအသည်းအသန်ဆွဲယူနေကြတာလဲ။
ကျိယွမ်ကသူ၏အမြင်အာရုံကိုမြှင့်ကာ ခေါင်းတလားထဲသို့အာရုံစိုက်လိုက်သည်။
"ဟင်..."
ကျိယွမ်၏တစ်ကိုယ်လုံး တုန်ခါသွား၏။
ကြည်လင်သော ခေါင်းတလားအတွင်းတွင် ကျိယွမ် လုံးဝရင်းနှီးနေသည့် ပုံသဏ္ဌာန်တစ်ခု ငြိမ်သက်စွာ လဲလျောင်းနေသည်မဟုတ်ပါလား။
"သတို့သမီးလေးလား..."
ကျိယွမ်က စိတ်လှုပ်ရှားသွားပြီး ခေါင်းတလားဆီသို့ အရူးတစ်ယောက်လိုပြေးတော့သည်။
"သတို့သမီးလေး...ငါလာပြီ"
သို့သော် သူ၏အသံကြောင့် နွယ်ပင်များကသက်ရှိများအလား ခေါင်းထောင်သွား၏။ပြီးသည်နှင့် ခေါင်းတလားကိုပို၍အားထုတ်ကာ ဆွဲယူကြလေသည်။
"မင်းတို့ကများ...ငါ့ရဲ့သတို့သမီးလေးကို လုချင်တယ်ပေါ့..."
ကျိယွမ်၏ အကြည့်များက အေးစက်သွားပြီး မီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်ကာ ဟိန်းဟောက်လိုက်၏။
သူ၏ချီစွမ်းအင်အားလုံးကို ဓားဆီသို့တွန်းထည့်ကာ နွယ်ပင်များကို တအားကုန်လွှဲခုတ်ထည့်လိုက်သည်။
"ဒုန်း.."
ဓားတစ်ချက်က ပြင်းထန်လွန်းသဖြင့် လျှို့ဝှက်နယ်မြေ၏ကောင်းကင်ကြီးပင် ပြိုကျတော့မလို တုန်ခါသွားသည် ။
ထိုဓားချက်က တောက်ပသောဓားထက် အဆများစွာပြင်းထန်သည်မှာ သံသယရှိစရာမလိုပေ။
ဓားချက်က ခေါင်းတလားအားဆွဲယူနေသော နွယ်ပင်များပေါ်သို့ အညှာအတာမရှိကျရောက်သွား၏။
"အား"
ပြင်းထန်သောတွန်းပြန်မှုတစ်ခု ထွက်ပေါ်လာပြီး ကျိယွမ်၏နှုတ်ခမ်းထောင့်မှ သွေးများဆက်တိုက် စီးကျလာခဲ့သည်။
နွယ်ပင်များကတော့ အနည်းငယ်မျှပင် မထိခိုက်ကြပါ။မထိခိုက်သည့်အပြင် ခေါင်းတလားကိုဆွဲယူသည့် အရှိန်မှာပို၍ပင် မြန်လာသည် ။
ခေါင်းတလားကိုပြန်ယူရန်မဆိုနှင့် ထူထပ်သောနွယ်များကြောင့် ခေါင်းတလားအနီးသို့ရောက်ရန်ပင် မလွယ်ကူတော့ချ။
ကျိယွမ်၏ နှလုံးသားက ဆက်ဆက်ခါနာကျင်သွား၏။
ဒီတစ်ခါရော ဝေးကွာကြရဦးမှာလား။
"မဖြစ်ရဘူး...."
ကျိယွမ်၏မျက်လုံးများက သွေးနီရောင်ပြောင်းသွားသည်။သူ၏သတ်ဖြတ်လိုစိတ်က အတွင်းပိုင်းနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။
သူ၏လက်ထဲမှ မီးဖိုချောင်သုံးဓားက တဆတ်တတ်တုန်လာသည်။
သူက ဓားကိုအားကုန်မြှောက်ပြီး ခုန်ချရန်ပြင်လိုက်ပြီးမှ ရုတ်တရက်တစ်ခုကို တွေးမိသွား၏။
ချီယွမ်၏မျက်လုံးများအတွင်းရှိ သတ်ဖြတ်လိုစိတ်များပျောက်ကွယ်သွားပြီး အလွန်အမင်း တည်ငြိမ်အေးချမ်းမှု ဖြင့် အစားထိုးသွားသည် ။
သူ၏ ချစ်စဖွယ်သတို့သမီးလေးကို မြင်လိုက်ရသောကြောင့် သူကအလွန်ဝမ်းသာအားရဖြစ်သွားပြီး ခေတ္တမျှ ရှုပ်ထွေးသွားခဲ့ခြင်းပင်။
သူက ခေါင်းတလားကိုကြည့်ကာတိုးတိုးလေး ရေရွတ်လိုက်သည်။
"တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်း"
သူနှင့်သတို့သမီးလေးတို့သည် နေရာတစ်ခုတည်းတွင်ရှိနေသရွေ့ သူမသည်သူ၏ဘေးတွင် ပေါ်လာလိမ့်မည် ။
ကျိယွမ်၏ စကားဆုံးသည်နှင့် မပြတ်နိုင်ဟုထင်ရအောင် ခိုင်မာသော နွယ်ပင်များသည် ရုတ်တရက် ပြတ်တောက်သွားတော့သည်။
ကြည်လင်သောခေါင်းတလားသည် ပွင့်သွားပြီး၊ တောက်ပသောအနီရောင်မင်္ဂလာဝတ်စုံ ကို ဝတ်ဆင်ထားသည့်ပုံသဏ္ဌာန်တစ်ခုသည် ရေတံခွန်ပမာစီးကျနေသော ဝိညာဉ်စွမ်းအင်များကို တလှမ်းချင်းနင်း၍ လှမ်းထွက်လာသည် ။
နွယ်ပင်အားလုံးက ထိတ်လန့်သွားသလို လှုပ်ရှားကုန်သည်။၄င်းတို့က သတို့သမီးလေးကို အလွတ်မခံနိုင်ကြပုံရှိသည်။ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းအောင်ကြီးထွားလာပြီး ချစ်စဖွယ် သတို့သမီးငယ်ကို တင်းကျပ်စွာရစ်ပတ်ပြီးဆွဲယူခေါ်ဆောင်သွားရန် အရူးအမူးကြိုးစားကြတော့သည် ။
သို့သော်လည်း သူမသည် ချီယွမ်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသည် ။
သူမ၏ ခြေသံများသည် အသံမထွက်သော်လည်း ကျိယွမ်၏နှလုံးသားက သူမခြေတစ်လှမ်းလှမ်းတိုင်း ဒိန်းခနဲ တစ်ချက်ခုန်၏။
နွယ်ပင်များမှာ တစ်ပင်ပြီးတစ်ပင် ပြတ်တောက်ကုန်သော်လည်း ပို၍များလာ၏။
မင်္ဂလာဝတ်စုံသတို့သမီးလေးသည် အနည်းငယ်တုန်ယင်လာလေသည် ။
"ငါ့ရဲ့ဇနီးလေး.. သတို့သမီးလေး"
"မင်းတို့....."
ကျိယွမ်ရပ်ကြည့်မနေနိုင်တော့ပါ။ သူ၏ဓားကိုတင်းကျပ်စွာဆုပ်ကိုင်ပြီး နွယ်ပင်များကို အားရှိသမျှ အစွမ်းကုန်ခုတ်ထစ်ပြီး ရှေ့သို့ရသမျှ တိုးဝင်သည်။
သတို့သမီးလေးမှာ နွယ်ပင်များ၏ အနှောင့်အယှက်ကြောင့် ခလုတ်တိုက်ပြီး ယိမ်းယိုင်သွားသည် ။
သာမန်မြေပြင်တွင်ပင် ရိုးရှင်းသည့် ခြေလှမ်းတစ်ရာသည် သူမအတွက် အလွန်ခက်ခဲကြမ်းတမ်းကြောင်း ကျိယွမ်သိလေသည် ။
ယခုလို ဆိုးရွားသောနွယ်များကြားတွင်လျှောက်သည်မှာတော့ ပြောစရာပင်မရှိတော့ပါ။
ကျိယွမ်က နွယ်ပင်များကို ပို၍ပြင်းထန်စွာ ခုတ်ထစ်နေသလို သတို့သမီးလေးကလည်း သူ့ဆီသို့ တစ်လှမ်းချင်း လှမ်းလာသည် ။
သူ၏ နှုတ်ခမ်းမှ သွေးများပို၍စီးကျလာ၏။သူကအစွမ်းကုန်ခုတ်သော်လည်း နွယ်ပင်များက သိသိသာသာမပျက်ဆီးသွားပါ။
"အားနည်းတယ် ...အားနည်းလွန်းတယ်"
"မင်းရဲ့ခင်ပွန်းက အခုထိ အားနည်းနေတုန်းပဲ"
ကျိယွမ်က နာကျည်းစွာဖြင့် သူကိုယ်သူ လှောင်ရယ်မိသည်။
"ကျိယွမ်...မင်းကအသုံးမကျတဲ့ ယောက်ျားတစ်ယောက်ပဲ"
ကျိယွမ်က နာကျည်းမုန်းတီးစွာဖြင့် နွယ်ပင်များကို အရူးတစ်ယောက်လို ဆက်လက်ခုတ်ထစ်တော့သည်။
သတိူ့သမီးလေးကလည်း ကျိယွမ်၏ကြေကွဲဖွယ်ကောင်းသောအသံကိုကြား၍လားမသိပေ သူမ၏အမြန်နှုန်းကို မြှင့်တင်လေသည်။
နောက်ဆုံးမှာတော့ သူမသည် ထူထပ်သောနွယ်ပင်များကိုဖြတ်ကျော်ပြီး ကျိယွမ်၏ဘေးတွင်ပေါ်လာ၏။
ချက်ချင်းဆိုသလိုပင် သွေးနီရောင် သံချပ်ကာသည် ကျိယွမ်၏ ခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားသည် ။
ကျိယွမ်၏အရပ်က ပေတစ်ရာနီးပါးအထိမြင့်မားသွားပြီး သွေးနီရောင်ဆူးများဖြင့် ဖုံးလွှမ်းထားသောကျိယွမ်မှာ ငရံပြည်မှတတ်လာသော နတ်ဆိုးတစ်ကောင်နှင့် တူနေ၏။
ကျိယွမ်က သူ၏ရင်ဘက်ပေါ်မှ မင်္ဂလာဝတ်စုံပုံတက်တူးကို ညင်သာပွတ်ကြည့်ရင်းမှ သူ၏နီရဲသောမျက်လုံးမှ မျက်ရည်များကျဆင်းလာခဲ့သည်။
"သတို့သမီးလေး..."
သို့သော် ယခုအကြိမ်ပေါင်းစပ်မှုသည် ခဏလေးအတွင်းအဆုံးသတ်သွားသည်။ သတို့သမီးလေးသည် ပါးလွှာသောမင်္ဂလာဝတ်စုံအဖြစ်ပြန်လည် ပြောင်းလဲကာ ကျိယွမ်၏ ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျသွားလေသည်၊
ကျိယွမ်က လျင်မြန်စွာဖြင့် သူမ၏အေးစက်သည့်ခါးကို ဖက်ထားပြီးမြေပြင်သို့မကျအောင် ထိန်းပေးထားလိုက်၏။
သူ၏ သတိမေ့နေသော သတို့သမီးလေးကို ကြည့်လိုက်ရင်းမှ သူ၏နှုတ်ခမ်းများတွင် သိမ့်မွေ့သော အပြုံးတစ်ခု ပေါ်လာသည် ။
"နင့်ကို နောက်တစ်ကြိမ် မြင်ရတော့မှာ မဟုတ်ဘူးလို့ ငါထင်ခဲ့တာ၊ ဒါမှမဟုတ် ငါ မြင်ရတဲ့အချိန်ရောက်ရင်လည်း နှစ်ပေါင်းများစွာကြာသွားပြီး နင့်ဘက်ကအရာအားလုံးပြောင်းလဲသွားမှာပဲလို့ ထင်ခဲ့တာ"
"မြို့ပြရေးရာဌာန ပိတ်သွားပြီ၊ ကွာရှင်းဖို့ စဥ်းစားတဲ့အချိန်ကလည်း ပြည့်သွားပြီ၊ ဒါကြောင့် ဒီအိမ်ထောင်ရေးကကွာရှင်းလို့ မရတော့ဘူး"
"လွယ်လွယ်ရတဲ့ ပျော်ရွှင်မှုကို တန်ဖိုးမထားတတ်ကြဘူးလို့ လူတွေပြောကြပေမယ့်၊ မရနိုင်တော့တဲ့အချိန်မှ ဘယ်လောက်လွမ်းရတယ်ဆိုတာကို သူတို့မသိကြဘူး၊နင့်ကိုဆုံးရှုံးလိုက်ရမှ ငါတို့ရဲ့ခံစားချက်က ဘယ်လောက်စစ်မှန်တယ်ဆိုတာကို တကယ်သိလိုက်ရတယ်"
"ပြီးတော့ ငါ့အတွက်နင့်ကိုမတွေ့ရတာ လအနည်းငယ်ပဲ ရှိသေးပေမဲ့ နင့်အတွက်ကျတော့ ငါ့ကိုနောက်ဆုံးမြင်ခဲ့ရတာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီလဲ ၊နင်သိလား တိကျွဲ့ထဲကတစ်နှစ်ဟာ အပြင်ကဆယ်နှစ်နဲ့ညီမျှတယ်"
ရိကွမ်းတားမြစ်နယ်မြေတွင် သူနိုးလာစဥ်ကသူ့ဘေးတွင် မည်သူမှရှိမနေခဲ့ပေ။
သူ၏သတို့သမီးလေးကို မတွေ့ရသလို တစ်ခုတည်းအဖြစ်ပေါင်းစပ်ခြင်းစွမ်းရည်ကလည်း အသုံးမဝင်ခဲ့ပေ။
ကျိယွမ်က သူ ယင်နတ်ဘုရားအဆင့်ကို ရောက်တဲ့အထိ စောင့်ရလိမ့်မည်ဟု ထင်ခဲ့သည်။ထိုအခါမှသာ ဟင်းလင်းပြင်ကို ခရီးသွားနိုင်ပြီး အမျိုးမျိုးသောနယ်မြေများကို စူးစမ်းနိုင်ကာ သူ၏သတို့သမီးလေးကို နောက်တစ်ကြိမ် မြင်ရလိမ့်မယ်လို့ ထင်ခဲ့သည် ။
သို့သော် မမျှော်လင့်ဘဲ သူက သူမကိုပြန်တွေ့ခဲ့ရသည် ။ပြန်ဆုံခွင့်ရခဲ့သည်။
မည်မျှပျော်ရွှင်စရာ ကောင်းလေသနည်း။
ကျိယွမ်သည် သူ၏သတို့သမီးလေးကို ပွေ့ဖက်ထားပြီး၊ သူမ အိပ်ပျော်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည် ။
【အိပ်ပျော်နေသော သတို့သမီး မင်းသမီး၊ သူမသည် သင် ခမ်းနားသောအခမ်းအနား ဖြင့် လက်ထပ်ခဲ့သောဇနီးဖြစ်သည် ။ သူမသည် မည်သည့်အချိန်မဆို နိုးလာနိုင်သည်၊ သို့မဟုတ် သင့်၏ ခေါ်သံကို စောင့်ဆိုင်းနေလိမ့်မည် ။】
သူ၏ မျက်လုံးများမှ ပေးသော အချက်အလက်များသည် ဤတစ်ကြိမ်တွင် ပို၍ အသေးစိတ် ကျသည် ။
"သူမ နိုးလာလိမ့်မယ်တဲ့လား"
ကျိယွမ်သည် သူ၏သတို့သမီးလေးကို ညင်သာစွာပွေ့ဖက်ထားပြီး အတွေးထဲတွင် နစ်မြောနေသည် ။
အနည်းငယ်ကြာမှ ကျိယွမ်သည် တစ်ကိုယ်တည်းရေရွတ်လိုက်၏။
"ငါတော်တော်ဆိုးနေပြီပဲ၊ လူပျိုကြီးဘဝကြာလို့လားမသိဘူး မင်္ဂလာဝတ်စုံကိုတောင် အရမ်းလှတယ်ထင်နေပြီ ၊ ပြဿနာပဲ"
ထိုနောက်သူသည် သတို့သမီးလေးကို သူ၏ ဝတ်စုံတစ်ထည်ကို ထပ်ဝတ်ပေးလိုက်သည် ။
ထုံရှီးယန်၏စကားအရ လျှို့ဝှက်နယ်မြေ အတွင်းရှိ ခေါင်းတလားထဲမှ ထူးဆန်းသောသတ္တဝါကို တစ်စုံတစ်ဦးက မြင်ဖူးသည်ဟုဆိုထားသည်မဟူတ်ပါလား ။
မလိုလားအပ်သော ပြဿနာများကို သူမဖိတ်ခေါ်ချင်ပါ။
သူက နွယ်ပင်များကြားမှ ကြည်လင်သော ခေါင်းတလားကို တစ်ချက်ကြည့်လိုက်ပြီးနောက် အိပ်ပျော်နေသောသတို့သမီးလေးကို သယ်ဆောင်ကာ ဝိညာဥ်ပျောက်ဆုံးမြစ်ဆီသို့ ဦးတည်သွားတော့သည် ။
...............
"နစ်မြုပ်ခေါင်းတလားနယ်မြေတဲ့လား"
ကန်းဖူလူနှင့်အကြီးအကဲလီရှောက်တို့သည် ဝိညာဉ်ပျောက်ဆုံးမြစ်ဘေးတွင် ရပ်နေကြပြီး အကူအညီမဲ့နေကြသည် ။
"ဝိညာဥ်ပျောက်ဆုံးမြစ်ကို ဒီအတိုင်းဖြတ်ကူးရင် ငါတို့ဝိညာဥ်တွေ ဆွဲယူခံရမှာပဲ၊ဘယ်လ်ုလုပ်ကြမလဲ"
လီရှောက်သည် မြစ်တစ်ဘက်ကမ်းကိုကြည့်ကာ အလွန်အမင်းစိုးရိမ်ပူပန်နေသည် ။
သူသည် ကျိယွမ်ကိုရှာဖွေပြီး ပြန်ခေါ်သွားရန်နှင့် ဧကရာဇ်၏အစီအစဥ်အောင်မြင်သွားခဲ့သလားဆိုသည်ကိုသိရှိရန် ကန်းဖူလူနှင့်နေခဲ့ခြင်းပင်။အခွင့်အရေးရပါက ထိုအစီအစဥ်ကို သူကဟန့်တားချင်ခဲ့သည်။
ဧကရာဇ်၏အကြံအစဥ်သာအောင်မြင်သွားပါက ရှန်ကွမ်းဂိုဏ်းသည်ကြီးမားသော အန္တရာယ်နှင့်ရင်ဆိုင်ရမည်မှာ သေချာ၏။
ယခုတော့ နှစ်ဦးသားသည် မြစ်ဘေးတွင် ရပ်နေကြပြီး စိုးရိမ်ပူပန်နေသော်လည်း အကူအညီမဲ့နေသည် ။
"ဒီမြစ်ရှိတယ်ဆိုတော့ ကျိယွမ်လည်း ဟိုဘက်ကိုမကူးနိုင်လောက်ပါဘူး၊ ဒီဘက်ခြမ်းတင်ဆိုရင်တော့ သူလုံခြုံမယ်ထင်တယ်"
"ဒါပေမဲ့ သူ့ကိုမတွေ့ဘူး၊သူဘယ်မှာလဲ"
သူတို့သည် မြစ်ကမ်းဘေးတွင် ရပ်နေကြပြီး ကူးဖြတ်ရန် နည်းလမ်းများကို စဥ်းစားနေကြသည်။
ထိုအတောအတွင်း ကျိယွမ်ကိုရှာဖွေရန် ကြိုးကြာငှက်ရုပ်အများအပြားကို စေလွှတ်သော်လည်း သဲလွန်စမရကြသေးပေ။
"တော်တော်ခက်နေပြီ "
သူတို့အကြံအိုက်နေစဥ်မှာ ကောင်းကင်တွင် အလင်းတန်း တစ်ခု ပေါ်လာသည် ။
အကြီးအကဲလီရှောက်၏မျက်နှာက လေးနက်သွားလေ၏။
"တစ်ယောက်ယောက်လာနေတယ်"
"ဆရာဦးလေး..ကျိယွမ်ထင်တယ်.."
ကန်းဖူလူသည် ထိုအလင်းတန်းအားကြည့်ရင်းမှ ဆံပင်ဖြူတွင်အမည်းရောင်ဆံပင် အသစ်နှစ်ချောင်း ပေါ်လာသည် ။
"နေဦး..သူက အတွင်းထဲကနေ ထွက်လာတာလား..ဒါ..ဒါက"
လီရှောက်မှာ အံ့အားသင့်နေပြီး ဘာဆက်ပြောရမှန်းမသိဖြစ်နေရသည်။
ထိုအခိုက်မှာပင်ကျိယွမ်သည် သူတို့ထိတ်လန့်နေသော ဝိညာဥ်ပျောက်ဆုံးမြစ်ကို သက်သက်သာသာဖြတ်ကျော်လာပြီး သူတို့ဘေးတွင် ဆင်းသက်လိုက်လေသည်။
အံအားသင့်နေသော လီရှောက်သည် ထိတ်လန့်မှုကိုပါ ခံစားလိုက်ရ၏။
ကျိယွမ်သည် ဝိညာဥ်ပျောက်ဆုံးမြစ်ကို မည်သို့ဖြတ်ကျော်လိုက်လေသနည်း။
သို့သော် သူကပိုအရေးကြီးသည့်အရာကို မေးလိုက်သည်။
"ကျိယွမ် ၊ မင်းလျှို့ဝှက်နယ်မြေအတွင်းထဲထိရောက်ခဲ့တာလား၊အန္တရာယ်တွေကနေ ဘယ်လိုများလွတ်လာတာလဲ ၊သာ့ရှန်းဧကရာဇ်နဲ့ ရော ဆုံသေးလား"
သူ၏မေးခွန်းများက များလွန်း၍ ကျိယွမ်ပင် ဘယ်ကစဖြေရမှန်းမသိဖြစ်သွားရသည်။
ကန်းဖူလူက စကားမဆိုပါ။သူ၏အကြည့်က ကျိယွမ်၏လက်ထဲမှ ထူးဆန်းသောသတ္တဝါပေါ်သို့ ကျရောက်နေသည်။
ထူးဆန်းသောသတ္တဝါသည် အဝတ်အစား များထဲတွင်ပုန်းကွယ်နေပြီး ပုံမှန်မဟုတ်ဟုသူခံစားရ၏။
ကျိယွမ်က ညင်သာစွာပြုံးလျှက် လီရှောက်ကို ဂါရဝပြုလိုက်၏။
"ကျွန်တော့်ကိုစိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲ၊အတွင်းထဲမှာ အရမ်းလုံခြုံပါတယ်၊ဘာအန္တရာယ်မှ မရှိပါဘူး၊ကျွန်တော့်ဇနီးကိုတောင် ရှာတွေ့ခဲ့တယ်"
"ဟေ"
"ဇနီး...လား"
နောက်ဆုံးစကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ အကြီးအကဲလီရှောက်နှင့်ကန်းဖူလူတို့ ကြောင်သွားသည် ။
ကျိစယ်တောင်ထိပ်၏ တပည့်သည် အမှန်ပင်ထူးဆန်းလှ၏။ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေထဲတွင် သူ၏ဇနီးကမည်သို့
ရှိမည်နည်း။
မဟုတ်ဘူးလေ ၊သူ့မှာအစတည်းက မိန်းမမှမရှိတာ။
ကန်းဖူလူမှာ အယောင်ယောင်အမှားမှားဖြင့် ခေါင်းယမ်းမိ၏။
သူလုပ်တာနဲ့ငါပါရောကုန်ပြီ။ဥပါဒါန်သွေးမျိုးဆက်တွေက တော်တော်မလွယ်တာပဲ။
"အခုလိုကြားရတာ ကောင်းပါတယ်"
အကြီးအကဲလီရှောက်က စိတ်သက်သာရာရသလိုသက်ပြင်းချလိုက်မိသည်။မည်သို့ဆိုပါစေ ကျိယွမ်ကဧကရာဇ်နဲ့မတွေ့ဘဲ ဘေးကင်းကင်းပြန်လာနိင်သည်ကပင် ဝမ်းသာစရာကောင်းနေလေပြီ။
ဧကရာဇ်မဆိုးထားနှင့် နတ်ဆိုးမျိုးစေ့ဖြင့်ဖန်တီးထားသော အသေခံစစ်သည်များဖြင့်တွေ့လျှင်ပင် ကျိယွမ်၏အဆငိ့ကလေးဖြင့် သေရုံသာရှိလေ၏။
လီရှောက်က ကျိယွမ်အားကြည့်မိ၏။
ဒီကောင်က ခေါင်းမကောင်းပေမဲ့၊ကံတော့ကောင်းသား၊မသေတဲ့အပြင် မိန်းမတွေဘာတွေတောင် ရလာ...အဲ။
အကြီးအကဲလီရှောက်လည်း ခေါင်းယမ်းမိသွားပြန်သည်။
"ကျိယွမ်၊ အပြင်မှာဖြစ်သွားတာတွေကို မင်းမသိသေးဘူး၊သာ့ရှန်းရဲ့ဧကရာဇ်က သေဟန်ဆောင်ပြီး ပထမလျှို့ဝှက်နယ်မြေကနေ ဒုတိယလျှို့ဝှက်နယ်မြေထဲကို ကူးလာခဲ့တာပဲ"
ထို့နောက်သူက အသေးစိတ်ရှင်းပြလိုက်၏။ကျိယွမ်က ဘာမှနားမလည်သလို မျက်လုံးပြူးလိုက် လန့်အော်လိုက်လုပ်နေသည်။
"သူသာလျှို့ဝှက်နယ်မြေကို ထိန်းချုပ်နိုင်ရင် ငါတို့ရှန်ကွမ်းဂိုဏ်းက အရင်ဆုံးကပ်ဘေးဆိုးကြီးနဲ့ရင်ဆိုင်ရမှာ သေချာတယ်"
"ဟုတ်ကဲ့.."
ထိုစကားကိုတော့ ကျိယွယ်အပြည့်အဝထောက်ခံပါသည်။
ဂိုဏ်းချုပ်ကြီးက သူ့မိဖုရားကို ကြာကူလီရိုက်နေမှတော့ ဧကရာဇ်ပ မသတ်ချင်ဘဲဘယ်နေမလဲ။
လီရှောက်က ကန်းဖူလူနှင့်ကျိယွမ်အား အမိန့်ပေးလိုက်၏။
"ကျိယွမ်၊ မင်းနဲ့ကန်းဖူလူတို့ အရင်ထွက်သွားကြပါ။ ငါဒီမှာနေပြီး ဧကရာဇ်အကြံအစည်ကို ဟန့်တားနိုင်မလားကြည့်ရမယ်"
"ဒါပေမဲ့အရင်ဆုံး ဝိညာဥ်ပျောက်ဆုံးမြစ်ကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ ငါ့ကိုပြောပြပါ"
လီရှောက်သည် အသက်ပေးရမည်ဆိုလျှင်တောင် ဂိုဏ်းအတွက်ပေးဆပ်သွားမည်ဟု စိတ်ပိုင်းဖြတ်ထား၏။
ကန်းဖူလူကလည်း ကျိယွမ်အားစိတ်အားထက်သန်စွာကြည့်နေသည်။မြစ်ကိုမည်သို့ဖြတ်ကျော်ခဲ့သည်ကို သူလည်းသိချင်နေသည်။
ချီယွမ်သည် လီရှောက်၏စကားကိုနားထောင်ပြီးနောက် ခေါင်းကိုညင်သာစွာယမ်းကာ တိုးတိုးလေးပြောလိုက်သည်။
"အကြီးအကဲ လီရှောက်၊ အတွင်းထဲကို အသက်စွနိ့ပြီးသွားစရာ မလိုပါဘူး ။ ဧကရာဇ်က သေဆုံးသွားပါပြီ"
"ဟမ်"
အကြီးအကဲလီရှောက် ကျိယွမ်ကို မယုံသလိုကြည့်၏။
ကန်းဖူလူသည်လည်း ရှုပ်ထွေးနေပြီး ကျိယွမ်၏ဆိုလိုရင်းကို နားမလည်ပါ ။
ခုနကပြောတော့ ဧကရာဇ်နဲ့မတွေ့ခဲ့ဘူးဆိုပြီး၊အခုတော့ သေပြီတဲ့လား၊ဒီ ဥပါဒါန်တစ်ကောင်နဲ့တော့ ကြာရင်ငါတို့ပါရူးကုန်မလားမသိဘူး။
ကျိယွမ်က တည်ငြိမ်စွာဖြင့် သူ၏လက်ဖဝါး ကို ဖွင့်ပြလိုက်သည် ။
သွေးစွန်းနေသော ဝိညာဉ်အတွေးပန်း တစ်ရာကျော်သည် သူ၏လက်ထဲတွင် ပျံဝဲနေပြီး ပင်မဝိညာဉ်အတွေးပန်း တစ်ပွင့်လည်း ပါဝင်သည် ။
ကျိယွမ်က ပေါ့ပေါ့ပါးပါးရှင်းပြလိုက်သည်။
"ကျွန်တော်က ဝိညာဉ်အတွေးပန်းတွေ လိုအပ်လို့ သွားရှာတာကို သူတို့ကကျွန်တော့်ကို သတ်ချင်ကြတယ်လေ၊ ဒါကြောင့် ကျွန်တော် သူတို့အားလုံးကို သတ်ပစ်လိုက်တယ်"
သူကထို့သို့ပြောပြီးနောက် အခြားလက်ထဲမှ ထူးဆန်းသောဝတ်စုံကိုငုံ့ကြည့်ကာ နှုတ်ဆက်လိုက်သည်။
"ကျွန်တော်သွားမှရတော့မယ်၊ကျွန်တော့်မိန်းမအိပ်နေရတာ သက်သောင့်သက်သာမရှိဘူး၊သူကို အိပ်ယာထဲပို့မှရတော့မှာ၊ နှုတ်ဆက်ပါတယ် အကြီးအကဲနဲ့အစ်ကိုကြီး"
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည် ။
အကြီးအကဲလီရှောက်နှင့် ကန်းဖူလူတို့သည် နေရာတွင် တို့လိုတန်းလန်းကြီး ရပ်ကျန်နေခဲ့ကြပြီး ဘာဆက်လုပ်ရမည်မသိဖြစ်နေခဲ့သည်။
အတန်ကြာမှ လီရှောက်က မြစ်တစ်ဖက်ကမ်းကို မျှော်ကြည့်ပြီး တီးတိုးရေရွတ်၏။
"ငါ နားကြားမှား သွားတာလား"
"မဟုတ်ဘူး"
ကန်းဖူလူက မယုံကြည်သော်လည်း မတတ်သာသည့်ပုံဖြင့် ရှင်းပြလိုက်သည်။
"သွေးစွန်းနေတဲ့ ဝိညာဥ်အတွေးပန်းတွေက သက်သေပဲလို့ ကျွန်တော်ထင်တယ်"
အကြီးအကဲလီရှောက် ငြိမ်သက်သွားသည်။သူက မြစ်တစ်ဘက်ကမ်းတွင် ဖြစ်ပျက်ခဲ့သော ကြောက်မက်ဖွယ်တိုက်ပွဲကို စိတ်ကူးဖြင့် မြင်ယောင်မိသည် ။
ဂိုဏ်းချုပ်ကြီးနှင့် ရူးသွပ်ဓားသခင်တို့၏စကားအရဆိုလျှင် နစ်မြုပ်ခေါင်းတလားနယ်မြေ၌ နတ်ဆိုးမျိုးစေ့ဖြင့်ဖန်တီးထားသော ရွှေအမြုတေအဆင့် တစ်ရာကျော်ရှိသည်။ထို့အပြင် စိတ်ဝိညာဥ်အဆင့်ရှိသော ဧကရာဇ်လည်းရှိသေးသည်။
အကြီးအကဲလီရှောက် ထိတ်လန့်သလို ရေရွတ်လိုက်မိ၏။
"ကျိယွမ် ဘယ်လိုများလုပ်ခဲ့တာလဲ"
......
ကျိစယ်တောင်ထိပ်တွင်ရှိသော သူ၏သစ်သားအိမ်လေးရှေ့၌ ကျိယွမ်ဆင်းသက်လိုက်သည်။သူ၏လက်ထဲမှာတော့ သတို့သမီးလေးကို ညင်သာစွာပွေ့ထား၏။
မလှမ်းမကမ်းတွင်ရောက်နေသည့်ကျန်းလင်းစုသည် ချီယွမ်နှင့်သူ၏လက်ထဲမှ အဝတ်အစားကိုမြင်လိုက်ရသောအခါ အံ့သြသွားသည်။
"အစ်ကိုကြီး၊ နဂါးလုပွဲမှာ ပါဝင်နေတာ မဟုတ်ဘူးလား ။ ဘာလို့ ပြန်ရောက်လာတာလဲ"
"နဂါးဖမ်းပွဲက ပြီးသွားပြီ ။ ထုံရှီးယန်ကဧကရာဇ် ဖြစ်လာဖို့များပါတယ်"
သူသည် ဖျက်ဆီးဝံပုလွေထံတွင် ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေမှ အဖိုးတန်ရတနာအများအပြားသိမ်းယူထားသည်ကို ရှာတွေ့ခဲ့သည် ။
သူက ထိုရတနာများအားလုံးကို ထုံရှီးယန်အားပေးခဲ့လေ၏။သူက ငမွဲတစ်ယောက်ဖြစ်သော်လည်း ကတိမဖျက်ချင်ပါ။
ထို့ကြောင့် ပုံမှန်အခြေအနေအတိုင်းဆိုလျှင် ထုံရှီးယနိက သာ့ရှန်း၏ ဧကရာဇ်အသစ်ဖြစ်လာလိမ့်မည်။
ဘာပဲပြောပြော ထိုကိစ္စက ကျိယွမ်အတွက် ပျော်ရွှင်စရာပင်။
"ဘေးဥပဒ်ကြယ်ဟု သံသယရှိသူ" သို့မဟုတ် "ဇာတ်လိုက် ကံကြမ္မာ" ရှိသော ထုံရှီးယန်ကို ဝေးဝေးသို့နှင်ထုတ်လိုက်ခြင်းသည် သူ၏ဘဝကို ပို၍ဘေးကင်းစေသည်ဟု တွေးမိ၏။
"ဒီလောက် မြန်မြန်ပြီးသွားတာလား"
ကျန်းလင်းစု အံ့အားသင့်သွားပြီး မယုံနိုင်သလိုရေရွတ်သည်။ပြီးမှတစ်ခုခုကို စဥ်းစားမိသလို မေးလိုက်သည်၊
"အစ်ကိုကြီး၊ ဖျက်ဆီးဝံပုလွေ နဲ့ တွေ့ခဲ့လား"
ကျိယွမ် မထွက်ခွာမီကပင် သူမကဖျက်ဆီးဝံပုလွေကို တတ်နိုင်သမျှ ရှောင်ရှားဖို့ သတိပေးခဲ့သည် ။
သူမ၏အစ်ကိုကြီးသည် ထူးချွန်သောသူတစ်ယောက်၏ အလားအလာရှိကြောင်း သူမသိသည် ။
သို့သော် ဖျက်ဆီးဝံပုလွေသည် အမြုတေအဆင့်များကိုပင် သတ်နိုင်၏။ထို့ကြောင့် သူမက သေသေချာချာမှာခဲ့ခြင်းပင်။
"တွေ့ခဲ့တယ်လေ၊ သတ်ပစ်ပြီ"
ကျိယွမ်က အရေးမကြီးသလိုပြောလိုက်ပြီးမှ စကားဆက်၏။
"နင်နဲ့နောက်မှပြောတော့မယ်၊ငါ့မိန်းမအိပ်ပျော်နေတယ် ၊သူ့ကို အိပ်ယာမှာနွေးနွေးထွေးထွေး ထားမှ"
"ရှင်.."
ကျန်းလင်းစု ပြာပြာသလဲဖြင့် ပတ်ဝန်းကျင်ကို ရှာမိသည်။
အစ်ကိုကြီးပြန်လာတာ တစ်ယောက်တည်းပါ၊ ဘယ်သူမှပါလာတာလည်း မမြင်မိပါဘူး။
ကျန်းလင်းစုက မနေနိုင်စွာ မေးလိုက်သည်။
"သူက ဘယ်မှာလဲ"
"ဒီမှာလေ.."
ကျိယွမ်က လက်တစ်ဖက်ကိုမြှောက်ပြပြီး အိမ်ထဲသို့ ဝင်ရောက်သွားလေသည်။
ကျန်းလင်းစုမှာ ခံတွင်းမဲ့လျှက် ရပ်ကျန်ခဲ့လေသည်။
ငါ နားကြားများမှားခဲ့တာလား။
အစ်ကိုကြီးက ဖျက်ဆီးဝံပုလွေကိုသတ်ပစ်တယ်တဲ့။
ပြီးတော့မိန်းမတစ်ယောက်ကို အိမ်ခေါ်လာတယ်တဲ့။
ကိစ္စနှစ်ခုစလုံးသည် ယုံကြည်စရာမရှိပါ ။
ကျန်းလင်းစုမှာ ကျိယွမ်၏အိမ်အား လှည့်ကြည့်လှညိ့ကြည့်နှင့် ပြန်သွားရှာသည်။
သစ်သားအိမ်ထဲမှာတော့ ကျိယွမ်သည်
စိတ်သက်သာရာရသလို ရေရွတ်လိုက်သည်။
"တော်သေးတာပေါ့ ကောက်ရိုးအိမ်ကို သစ်သားအိမ်ပြန်ဆောက်ထားမိလို့ ၊ မဟုတ်ရင့် ငါ့မိန်းမက ငါ့ကို အစွမ်းအစမရှိတဲ့သူဆိုပြီးအထင်သေးသွားလိမ့်မယ်"
သူသည် သတို့သမီးလေးကို အိပ်ရာပေါ်သို့ချပေးလိုက်ကာ အဝတ်အစားများကို သေသပ်အောင်ပြုပြင်ပေးလိုက်သည်။
သူမက လုံးဝသတိပြန်မရလာသေးပါ။
ကျိယွမ်က ထမသွားသေးပဲ သူမ၏လက်မောင်းစတဖက်ကို ကိုင်ကာဘေးတွင် အဖော်လုပ်ပေးနေလိုက်သည်။
ဤသို့ဖြင့် ညရောက်လာသောအခါ ကျိယွမ်သည် သတို့သမီးလေးကိုစောင့်ကြည့်ရင်းမှ ကျင့်ကြံနေ၏။
အနည်းငယ်ကြာသောအခါ ကျင့်ကြံခြင်းမှအနားယူလိုက်သည်။သတို့သမီးလေးကတော့ အိပ်ယာပေါ်တွင် ငြိမ်သက်နေဆဲပင်။
ကျိယွမ်က သူမကို အနည်းငယ်ပွတ်ပေးပြီး
နောက် ရှင်ဟွာကျောက်စိမ်းပြားကို ဖွင့်လိုက်သည်။
ထို့နောက် သူက ဧကရာဇ်လေးပါးစကားပြောအဖွဲ့ထဲသို့ ချက်ချင်းဝင်ရောက်ခဲ့သည်။
"အားလုံး ၊ ကျွန်တော် မကြာသခင်ကပဲ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ်။
"ဘာလျှို့ဝှက်ချက်လဲ"
ဆိုးသွမ်းအင်မော်တယ်က ချက်ချင်းတုန့်ပြန်လာသည်။သူက တစ်နေကုန်အွန်လိုင်းဖြစ်နေပုံရ၏။
"တိုက်ပွဲထဲမှာ စိတ်အားတတ်ကြွလာအောင်တေးဂီတကျောက်စိမ်းပြားနဲ့ သီချင်းဖွင့်တာက ကိုယ့်ရဲ့ခွန်အားကို သိသိသာသာမြှင့်တင်ပေးနိုင်ပြီး တိုက်ပွဲတွေကို ပိုပြီးတက်တက်ကြွကြွတိုက်နိုင်တယ်"
ကျိယွမ်က သူ၏တိုက်ပွဲအတွေ့အကြုံကို မျှဝေလိုက်သည်။
"တကယ်ကြီးလား"
ဆိုးသွမ်းအင်မော်တယ်က နားမလည်သလိုဖြစ်နေ၏။
သီချင်းဖွင့်တာနဲ့ စွမ်းအားကဘယ်လိုတတ်လာနိုင်မှာလဲ၊ဆိုင်တော့မဆိုင်သလိုပဲ။
ထိုအချိန်တွင် ပုံမှန်အားဖြင််တိတ်ဆိတ်နေလေ့ရှိသော ရေခဲတောင်သခင်မက တုန့်ပြန်လာသည်။
"ဝိုး၊ မူလနတ်ဘုရား၊ နင်က ဉာဏ်ကြီးရှင်ပဲ၊တိုက်ပွဲထဲမှာသီချင်းဖွင့်ဖို့ အရင်က ငါဘာလို့များ မတွေးမိရတာလဲ၊အရမ်းအဆင့်အတန်းရှိမှာ သေချာတယ်"
မဟာနေမင်းမီးလျှံဧကရာဇ်ကလည်း လိုင်းတက်လာ၏။
"ပြောလိုက်ရင် လန့်သွားမယ်ကို ဖန်တီးကတည်းက ငါကမင်းကိုလေးစားပြီးသား၊အခု...တိုက်ပွဲမှာ သီချင်းဖွင့်ပြီးတက်ကြွစွာတိုက်ခိုက်တာတဲ့လား၊ဒီလောက်ထိ အရည်အချင်းရှိမယ်လို့ မထင်ထားဘူး၊ တကယ့်ပါရမီရှင်စိတ်ကူးပဲ"
ဆိုးသွမ်းအင်မော်တယ်ကတော့ ယခုထိနားမလည်ဖြစ်နေဆဲပင်။
တိုက်ပွဲထဲမှာ ဂီတဖွင့်တာက တကယ် အဆင့်အတန်း ရှိရဲ့လား ။
ဒါက နည်းနည်းကို့ရိုကားယားကြီး မဟုတ်ဘူးလား။
သို့သော်လည်း သူကလွဲ၍ ကျန်သောသူများကအမှန်အကန်ကြီး ထောက်ခံနေ၏။
"မူလနတ်ဘုရား ၊ဒါ တကယ်ရောထိရောက် ရဲ့လား"
"ထိရောက်ပါတယ်ဆို ။ ဘယ်လောက်စွမ်းလဲဆိုရင်..ကျွန်တော့်လို ကျေးရွာအဆင့်ကျင့်ကြံသူတစ်ယောက်က အလင်းနန်းတော်က ဖျက်ဆီးဝံပုလွေကို သတ်နိုင်တာပဲကြည့်"
"ခဏလေး၊ မင်း ဘာပြောလိုက်တာလဲ ၊ဖျက်ဆီးဝံပုလွေကို သတ်လိုက်တယ်ဟုတ်လား"
ဖျက်ဆီးဝံပုလွေသည်အရှေ့ပိုင်းဒေသ၏ ပါရမီရှင်စာရင်းကြီးမှာပင် အဆင့် ၇၀၀ အတွင်းပါဝင်သည်။
ရန်သူဖြစ်သော်လည်း ဆိုးသွမ်းအင်မော်တယ်က သူ၏ပါရမီကို လေးစားသည် ။
ထိုသို့သော ပါရမီရှင်ကိုမူလနတ်ဘုရားက
သီချင်းလေးဖွင့်ပြီးချရုံနှင့် သတ်နိုင်သွားသည်တဲ့လား။
ဘယ်သူကယုံမှာလဲ၊ဟာသ လား။
ထိုအချိန်တွင် မီးလျှံဧကရာဇ်က အံ့သြစွာဝင်ပြောလေ၏။
"မူလနတ်ဘုရားက တောက်ပသောဓါးရဲ့ အဆင့်မြင့်ဗားရှင်းကို အဖွဲ့ထဲကိုထင်လိုက်တာလား၊ဒါဆိုရင် ဖျက်ဆီးဝံပုလွေကိုသတ်ခဲ့တာ အမှန်ပေါ့"
ဆိုးသွမ်းအင်မော်တယ်က ကျိယွမ်တင်ပေးသော နည်းစနစ်ကို လျင်မြန်စွာစစ်ဆေးကြည့်ပြီး ယုံကြည်လိုက်ရတော့သည်။
သေငယ်သောနေရာလေးမှဖြစ်ဟန်ရှိသည့် မူလနတ်ဘုရားသည် ဖျက်ဆီးဝံပုလွေကို သတ်နိုင်ခဲ့သည်။
"မူလနတ်ဘုရား လေးစားပါတယ်"
"မူလနတ်ဘုရား လေးစားပါတယ်"
"မူလနတ်ဘုရား လေးစားပါတယ်"
အုပ်စုလိုက်ကြီးချီးကျူးသည်ကို မြင်လိုက်ရသောအခါ ကျိယွမ်သည် စိတ်အားထက်သန် သွားသည်။သူက အနည်းငယ်ထပ်ကြွားလိုက်၏။
"ဖျက်ဆီးဝံပုလွေတစ်ယောက်တည်းက ဘာဟုတ်သေးလို့လဲ"
"အဲဒီတုန်းက ကျွန်တော်အမြုတေအဆင့်နှစ်ရာနဲ့ အခြေတည်အထွတ်အထိပ်တစ်ရာ စုစုပေါင်းသုံးရာကို ရင်ဆိုင်ခဲ့ရတာ"
"သီချင်းငါးပုဒ်လည်းဆုံးရော အားလုံးမြေကြီးထဲရောက်ကုန်တာပဲ ၊ ဒဏ်ရာတောင်မရလိုက်ဘူး"
ဆိုးသွမ်းအင်မော်တယ်မှာ ဘာဆက်ပြောရမလဲမသိဖြစ်သွားလေသည်။
ဒါ တကယ်လား ။
ငါတစ်ယောက်တည်းကများ အုပ်စုထဲမှာ အယောင်ဆောင်ဆရာ ဖြစ်နေတာလား ။
"နောက်ဆုံးလည်းရောက်ရော စိတ်ဝိညာဥ်အဆင့်ဆရာကြီးနဲ့ရင်ဆိုင်ရတာပဲ ၊ကျွန်တော် လည်း ဓားမတိုကိုအားရပါးရကိုင်ပြီး တစ်ချက်တည်းနဲ့ခုတ်သတ်ပစ်လိုက်တယ်၊သေရော.."
"ငင့်..."
ဆိုးသွမ်းအင်မော်တယ် ငိုချင်သွားတော့သည်။
ဒါကြီးက လူမှမဟုတ်တော့တာ။
မီးလျှံ ဧကရာဇ်သည်လည်း ကြောင်ငေးသွားလေ၏။
ကျိယွမ်က အရှိန်ရကာ စွတ်တင်နေ၏။
"တကယ်တော့၊ ပြင်ပနတ်ဆိုးသုံးထောင်ကိုသတ်တာနဲ့ နှိုင်းယှဥ်ရင် ဘာမှမဟုတ်ပါဘူး ။ အဲဒီစိတ်ဝိညာဥ်အဆင့်က အမှိုက်ပဲ"
"ကံမကောင်းတာက ၊ဂြိုလ်သားနတ်ဆိုး သုံးထောင်ကိုသတ်တုန်းက သီချင်းဖွင့်ရမှန်းမသိသေးဘူးလေ၊မဟုတ်ရင် ဒီလို အဆုံးသတ်မှာ မဟုတ်ဘူး"
"သြော်..."
ဆိုးသွမ်းအင်မော်တယ်မှာ ထိုတစ်လုံးသာရေးနိုင်တော့သည်။
သူကစကားပြောချင်စိတ်များ ပျောက်ဆုံးနေသလိုပင် ခံစားရ၏။
မဟူတ်ဘူး လူဖြစ်ချင်စိတ်ပါပျောက်နေတာ။
"ဒါနဲ့ ဘယ်သူ့မှာဝိညာဥ်ခွဲဆေးလုံးဖော်စပ်ပုံလေးများရှိလဲ၊ကျွန်တော် အရမ်း အရေးတကြီး လိုအပ်နေလို့ပါ"
"ငါ့မှာရှိတယ်၊ ခဏလေး..."
ရေခဲတောင်ဘုရင်မက ဆက်ပြောသည်။
"မူလနတ်ဘုရား၊ နောက်တစ်ခါ ပြင်ပနတ်ဆိုးတွေသတ်ဖို့သွားရင် ငါ့ကိုခေါ်ပါ ။ ငါလည်းနင့်လို သီချင်းဖွင့်ပြီးအဆင့်အတန်း ရှိရှိ သတ်ချင်တယ်။
"ပြဿနာ မရှိပါဘူး၊ ကျေးဇူးတင်ပါတယ် အစ်မကြီး"
ကျိယွမ်က အမှန်တကယ်ကျေးဇူးတင်နေခြင်းဖြစ်သည်။ပေါ့ပေါ့ပါးပါး မေးခွန်းတစ်ခုက သူလိုချင်သောအရာကို ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။
မကြာမီ ဝိညာဉ်ခွဲဆေးလုံးဖော်စပ်နည်းက ကျိယွမ်၏ရှေ့တွင် ပေါ်လာသည် ။
"အစ်မကြီး ကျွန်တော်ဆေးလုံးမသနိ့စင်တတ်ဘူး ။ဆေးလုံးသန့်စင်တဲ့သူကို အကူအညီတောင်းရမှာ၊ အစ်မကြီးအနေနဲ့ အဆင်ပြေပါ့မလား"
ဆေးညွှန်းသည် သူမ၏အပိုင်ဖြစ်သည်။သူက အခြားသူအားပြလိုက်လျှင် နည်းလမ်းကိုမျှဝေပစ်သလိုဖြစ်သွားနိုင်၏။
"ဝိညာဉ်ခွဲဆေးလုံးက အဖိုးမတန်ပါဘူး၊ အဓိကဆေးဖက်ဝင်ပစ္စည်းကသာ အရေးကြီးတာ။ ဒီဆေးညွှနိးမျိုးက အင်အားကြီးတဲ့ဂိုဏ်းတွေမှာ ပေါပါတယ်၊လွတ်လွတ်လပ်လပ်ပြလို့ရတယ်"
"ကျေးဇူးပါ"
"ကျွန်တော်က နည်းစနစ်တွေကို ပြုပြင်ပြောင်းလဲတာမျိုး နည်းနည်းပါးပါးကျွမ်းကျင်တယ် ။ ဆေးညွှန်းကို ပြုပြင်ပြီးရင် ပိုကောင်းတဲ့အညွှန်းကို အုပ်စုထဲမှာ တင်ပေးလိုက်ပါ့မယ်"
သူမ၏ကျေးဇူးကို အခြားနည်းဖြင့်မဆပ်နိုင်သောကြောင့်၊ ဆေးစာကို ပိုကောင်းအောင်ပြုပြင်ပြောင်းလဲပေးရန် ကမ်းလှမ်းသည် ။
"ကျေးဇူးတင်ပါတယ် မူလနတ်ဘုရား"
ရေခဲတောင်ဘုရင်မက ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။
ယခုလေးတင် မူလနတ်ဘုရားက ဆေးလုံးအကြောင်းမသိပါဟုပြောခဲ့၏။တဖန် ဆေးညွှန်းကို ပြန်ပြင်ပေးနိုင်သည်ဟု ပြောနေပြန်သည်။သူမက မယုံကြည်သော်လည်း ထုတ်မပြောခဲ့ပါ။
ထို့နောက် ကျိယွမ်သည် လိုင်းပေါ်မှဆင်းကာ ဆေးညွှန်းကိုစစ်ဆေးလိုက်သည်။
နာရီအနည်းငယ်လေ့လာပြီးနောက်ဆေးညွှန်းအသစ်တစ်ခုရရှိလာပြီး အဖွဲ့ထဲသို့ ပြန်တင်ပေးလိုက်၏။
ဆေးညွှန်းတင်ပေးပြီးနောက်မှာတော့ ကျိယွမ်တော်တော်လေးပင်ပန်းနေပြီမို့ ရေမိုးချိုးကာ အနားယူလိုက်တော့သည်။
ငါ့မိန်းမနဲ့အခုလိုပြန်ဖက်အိပ်ရလိမ့်မယ်လို့ မထင်ထားဘူး။
သူကသတို့သမီးလေးကိုဖက်ထားပြီး စိတ်အေးလက်အေးအိပ်ရန်ကြံလိုက်စဥ် နားထဲသို့အသံတစ်ခုဝင်လာ၏။
"ယောက်ျား ၊ရှင့်ရဲ့ချစ်စရာကောင်းတဲ့မိန်းမလေးက အခုအစွမ်းထက်ဆုံးဖြစ်နေပြီ၊ကျွန်မတို့ဘယ်တော့တွေ့ကြမလဲ"
လျူဖုန်းနယ်မြေတွင် နင်းထောင်သည် အင်းကြီးမားသောအဖွဲ့အစည်းကိုပင် ပိုင်ဆိုင်ခဲ့လေပြီ။သူမ၏အောက်တွင် အဆင့်မြင့်ကျင့်ကြံသူများ အမြောက်အများရှိ၏။
အင်အားကြီးလာသည်နှင့်အမျှ သူမသတ္တိလည်းကောင်းလာခဲ့သည်။
ငယ်စဥ်ကတည်းက ယောက်ျားဟုတဖွဖွခေါ်ခဲ့သောသူကို သူမတွေ့မြင်ချင်နေသည်။
ထို့ကြောင့်နှစ်ပေါင်းများစွာရှာဖွေခဲ့၏။သို့သော်လည်း သဲလွန်စလေးတစ်ခုပင် မရခဲ့ပါ။
"မတွေ့ချင်ဘူး"
ထိုအခိုက်မှာပင် ကျိယွမ်၏အသံက ကောင်းကင်ယံမှလွင့်ပျံလာ၏။
ကျိယွမ်က ဘလိုင်းဒိတ်လုပ်ခြင်းကို ကြောက်ရွံနေလေပြီ။ပထမအကြိမ် တွေ့ဆုံမှုမှာတင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာကို ခံစားခဲ့ရသည်မဟုတ်ပါလား။
သူကနောက်ထပ် ဘလိုင်းဒိတ်များ မပြုလုပ်လိုတော့ပါ။
ကျိယွမ်၏အသံကိုကြားသောအခါ ပလ္လင်ပေါ်တွင် ခြေတံရှည်များကိုဆန့်ထားကာ အေးအေးလူလူလှဲလျောင်းနေသော နင်းထောင်က ကြည်နူးစွာပြုံးလိုက်၏။
"ယောက်ျား ၊ ရှင် ကျွန်မကိုကြောက်နေတာလား၊ဒါကြောင့် မတွေ့ရဲတာလား"
သူမက ကြည်လင်သောအသံလေးဖြင့် မေးလိုက်ပြီး ပြန်ဖြေသံကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည် ။
သို့သော်လည်း ယခင်ကလိုပင် တုံ့ပြန်မှုမရှိတော့ပါ ။
ငါ့ယောက်ျားကလည်း စကားနည်းတယ်ထင်တယ်။ဒါမှမဟုတ် ငါ့ကိုတကယ်ပဲ မတွေ့ချင်တာများလား။
နင်းထောင်သည် ကောင်ကင်ပေါ်သို့ ငေးကြည့်ရင်းမှ စိတ်ခံစားမှုများရှုပ်ထွေးနေသည်။
ထိုအချိန်တွင် ကျိယွမ်ကတော့ သတို့သမီးလေးကိုဖက်လျက် သူ၏အခန်းထဲ၌ အေးချမ်းစွာအိပ်ပျော်နေလေပြီ။
အေးမြသောသောလရောင်သည် သစ်သားအိမ်လေး၏ ကျိုးတိုကျဲတဲအပေါက်များမှတဆင့် သူတို့နှစ်ဦးအပေါ်သို့ ကျဆင်းနေခဲ့သည်။
--------------------