ဒေါသကြီးသော အကြီးအကဲဆွေချုန်း
Vol. 7 Ch. 91
ယာယီနန်းတော်ခန်းမထဲတွင် ဖြစ်သည်။
ရှန်ကွမ်းဂိုဏ်းချုပ်ကြီးကုမူကျန်းကျွမ်းက ထိပ်ဆုံးတွင်ရှိသောခုံပေါ်၌ ထိုင်နေ၏။နံ့သာအမွှေးတိုင်မှ ထွက်ပေါ်လာသော မီးခိုးငွေ့များကြောင့် သူ၏မျက်နှာကိုတော့ ရှင်းလင်းစွာမမြင်နိုင်ပေ။
ကျူမျောလွင့်တောင်ဂိုဏ်းချုပ်ကြီး ရူးသွပ်ဓားသခင်၏အသံကခန်းမထဲတွင် ထွက်ပေါ်လာသည်။
"ဧကရာဇ်သေသွားပြီး ဝိညာဥ်အတွေးပန်းတွေကို ကျိယွမ်ကယူသွားတယ် ဟုတ်လား"
အောက်ဘက်တွင်ရှိနေသော အကြီးအကဲလီရှောက်က ခေါင်းညိတ်ပြလိုက်၏။
ကန်းဖူလူက ခေါင်းညိတိပြရုံသာမက ထပ်မံဖြည့်စွတ်ပေးသည်။
"ဝိညာဥ်အတွေးပန်း ၃၀၀ လောက်ကို ကျိယွမ်ယူသွားတာပါ၊ ဖြစ်နိုင်တာကတော့ သူကအကုန်လုံးကိုသတ်ပစ်လိုက်တဲ့ပုံရပါတယ်"
လျှို့ဝှက်နယ်မြေမှ ပြန်လာပြီးနောက် လီရှောက်နှင့်ကန်းဖူလူတို့သည် ဂိုဏ်းချုပ်နှင့် တွေ့ဆုံရန်အလျင်အမြန်သွားကာ လျှို့ဝှက်နယ်မြေအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အစီရင်ခံနေကြခြင်းဖြစ်သည်။
"နတ်ဆိုးမျိုးစေ့နဲ့ဖန်တီးထားတဲ့ အသေခံစစ်သည် ၃၀၀ ၊သူတိူ့ထဲက အနည်းဆုံး ၁၀၀ လောက်က အမြုတေအဆင့်တွေ၊အဲဒါကို...."
ကျူမျောလွင့်တောင်ဂိုဏ်းချုပ်ကြီး၏စကားက တစ်ဝက်တစ်ပျက်နှင့်ရပ်တန့်သွား၏။
ထိုကိစ္စကတွေးကြည့်လျှင် အလွန်တုန်လှုပ်ဖွယ်ရာကောင်းလွန်းနေသည်။အမြုတေအထွတ်အထိပ်တစ်ဦးပင်လျှင် ထိုအရာမျိုးကို မအောင်မြင်နိုင်ပါ။
သို့သော် ကျိယွမ်က အခြေတည်အဆင့်သို့ရောက်ကာစလေးနှင့်အောင်မြင်ခဲ့၏။
"အသေခံစစ်သည်တွေရဲ့ ခန္ဓာကိုယ်ထဲမှာနတ်ဆိုးမျိုးစေ့တွေမထည့်ထားရသေးလို့များလား"
ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံကိုဝတ်ဆင်ထားသည့်သာ့ရှန်းဧကရီက ထောက်ပြလေသည်။
"အဲဒီလိုဆိုရင်တော့ ဖြစ်နိုင်တယ်၊ဒါပေမဲ့ နတ်ဆိုးမျိုးစေ့မပါဘဲနဲ့ ဧကရာဇ်ကြီးရဲ့ အစီအစဥ်က ဘယ်လိုစတင်နိုင်မှာလဲ၊သူကသေချာပေါက် ကြိုတင်ပြင်ဆင်ထားပြီးပဲ"
ရူးသွပ်ဓားသခင်ကတော့ နတ်ဆိုးမျိုးစေ့များ သေချာပေါက်ပြင်ဆင်ပြီးသားဖြစ်မည်ဟု ယုံကြည်လေသည်။
ထိုအချိန်ထိ ငြိမ်သက်နေသော ကုမူကျန့်ကျွမ်းက တည်ငြိမ်စွာမေးလိုက်၏။
" နှစ်မြုပ်ခေါင်းတလားနယ်မြေကို ဝင်ရောက်နိုင်တဲ့နည်းလမ်းကို ရှာတွေ့ပြီလား။ တွေ့ပြီဆိုရင်တော့ အရာအားလုံး ရှင်းလင်းသွားမှာပါ"
အကြီးအကဲလီရှောက်က ခေါင်းခါပြသည်။
"ဓားနီဂိုဏ်းနဲ့ဧကရာဇ်ပဲ သိနိုင်ပါတယ်"
ဓားနီဂိုဏ်းဆိုသောအသံကိုကြားလိုက်သောအခါ အားလုံး၏စိတ်နှလုံးများလေးလံသွားကြသည်။
ဓားနီဂိုဏ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများရှိသော အင်အားစုကြီးတစ်ခု ဖြစ်၏။
ခရမ်းရောင်နန်းတော်အဆင့်များနှင့်စိတ်ဝိညာဥ်အဆင့်များမှာ ကမ္ဘာနှစ်ခုပမာကွာခြားလေသည်။ခရမ်းရောင်နန်းတော်အဆင့်များသည် ဝိညာဥ်စွမ်းအင်၏အနှစ်သာရကိုစတင်နားလည်နိုင်ပြီး မူလစွမ်းအားကို အသုံးပြုနိူင်ကြ၏။
မူလစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် စိတ်ဝိညာဥ်အဆင့်များပင် မရှောင်တိမ်းနိုင်ဘဲ ခုခံရုံသာတတ်နိုင်သည်။
ရှန်ကွမ်းဂိုဏ်းမှ စိတ်ဝိညာဥ်အဆင့်များအားလုံးပေါင်းလျှင်တောင် ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်ကို မခုခံနိုင်ပါ။
တစ်ဂိုဏ်းလုံးချေမှုန်းခံရရန်သာရှိသည်။
"ဓားနီဂိုဏ်းက သာ့ရှန်းနဲ့တော်တော်လေးဝေးကွာသလို သူတို့မှာလည်းရန်သူတွေရှိနေတယ်၊ဒါကြောင့် ခရမ်းရောင်နန်းတော်အဆင့်တွေက ဂိုဏ်းကနေအဝေးကိုထွက်ဖို့က သိပ်မလွယ်ပါဘူး၊အရမ်းကြီး မစိုးရိမ်ကြပါနဲ့"
ကုမူကျန့်ကျွမ်း၏သုံးသပ်ချက်ကြောင့် ကျန်သောသူများမှာ အနည်းငယ်စိတ်သက်သာရာရသွားကြသည်။
ထိုအချိန်တွင်ကန်းဖူလူက ကုမူကျန့်ကျွမ်းကိုတင်ပြ၏။
"အလင်းနန်းတော်က ဖျက်ဆီးဝံပုလွေလည်း လျှို့ဝှက်နယ်မြေထဲမှာအသတ်ခံလိုက်ရတယ်၊ဒါပေမဲ့ ဘယ်သူသတ်လိုက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး၊ပြီးတော့...."
ကန်းဖူလူက တစ်ဝက်တစ်ပျက်နှင့်ရပ်သွားသောကြောင့် ကုမူကျန့်ကျွမ်းက သူ၏သမက်ကို ထောက်ပေးလိုကိသည်။
"မင်းပြောစရာရှိတာကို ပြောပါ"
ထိုအခါမှ ကန်းဖူလူက စကားဆက်လေ၏။
"နတ်ဆိုးရမက်ဂိုဏ်းက တပည့်နှစ်ယောက်လုံးကို ဖျက်ဆီးဝံပုလွေက သက်ခဲ့ပါတယ်၊ဧကရာဇ်နဲ့အသေခံစစ်သည်တွေကိုတော့ ညီလေးကျိယွမ်ကသတ်ပစ်တယ်၊ဖျက်ဆီးဝံပုလွေကို သတ်တဲ့သူကိုမသိရသေးပေမဲ့"
"လွန်ခဲ့တဲ့လအနည်းငယ်က အလင်းနန်းတော်ကကျူးလျန်ဟွာဟာ ကျိစယ်တောင်ထိပ်ကို ဖိတ်စာတစ်ဆောင်ပို့ခဲ့ပေမဲ့ အငြင်းခံလိုက်ရတယ်၊ပြီးတော့ သိပ်မကြာခင်မှာပဲ ရှန်ကွမ်းဂိုဏ်းရဲ့ခြေရင်းမှာ ကျူးလျန်ဟွာအသတ်ခံ
လိုက်ရတာဆိုတော့...ဖျက်ဆီးဝံပုလွေသေတာလည်း ညီလေးကျိယွမ်နဲ့ဆက်စပ်နေနိုင်ပါတယ်"
ကျူမျောလွင့်တောင်ဂိုဏ်းချုပ်ကြီးက ခေါင်းတဆတ်ဆတ်ညိတ်ကာ တီးတိုးရေရွတ်၏။
"အခြေတည်အဆင့်လေးနဲ့...ဒီလောက်အထိကြမ်းတမ်းနေတာလား..စိတ်ဝင်စားစရာပဲ"
"ကျိစယ်တောင်ထွတ်သခင်မက တကယ်တမ်းမှာ ပုန်းအောင်းနေတဲ့ ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်များဖြစ်နေမလား"
သာ့ရှန်းတိုင်းပြည်တစ်ခုလုံးက ရွမ်ယူချမ်းသည် စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်
တစ်ယောက်ဖြစ်သည်ဟုထင်ထားကြသော်လည်း ရူးသွပ်ဓားသခင်နှင့် ကုမူကျန့်ကျွမ်းတို့ကတော့ သူမသည်ဒဏ်ရာရထားသော ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်ဖြစ်လိမ့်မည်ဟု သံသယရှိနေကြသည်။
အကယ်၍ သူမသည်ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပါက ကျိယွမ်အား မူလစွမ်းအားအချို့ကို ပေးအပ်နိုင်သည်။
ထိုသို့ဖြစ်ခဲ့လျှင် ကျိယွမ်၏လက်ရှိခွန်အားနှင့်ပတ်သတ်၍ သံသယများရှင်းသွားမည်ဖြစ်သည်။မူလစွမ်းအားသည် ပြောမပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်ပါလား။
"အားလုံးပြီးသွားပြီဆိုတော့ ဒီကိစ္စကို ထပ်ဆွေးနွေးဖို့မလိုတော့ဘူး"
ကုမူကျန့်ကျွမ်း၏စကားကို အားလုံးက လက်ခံလိုက်ကြသည်။
ထို့နောက် အားလုံးကနှုတ်ဆက်ကာ ထွက်ခွာသွားကြလေ၏။
ကျယ်ဝန်းသောခန်းမထဲ၌ ကုမူကျန့်ကျွမ်းနှင့် လှပသောသာ့ရှန်းဧကရီတို့သာကျန်ခဲ့လေတော့သည်။
ကုမူကျန့်ကျွမ်းက ဧကရီ၏အနီးသို့လျှောက်သွားကာ ညင်သာစွာပွေ့ဖက်လိုက်၏။
သူမ၏ နွေးထွေးပြည့်ဖြိုးသောခန္ဓာကိုယ်ကို ခံစားရင်း ကုမူကျန့်ကျွမ်းက ညင်သာစွာ ပြောလိုက်သည်။
"မူယွီ ၊ နင်လည်း ပင်ပန်းခဲ့ရပြီ"
ဧကရီသည် သူမ၏ဆွဲဆောင်မှုရှိသော ဖီးနစ်မျက်လုံးများဖြင့် ကူမူကျန့်ကျွမ်းအား ပြန်ဖြေသည်။
"ရှင်သာမရှိရင်ကျွန်မက သေဆုံးခဲ့တာကြာပြီ၊ဒီလောက်လေးနဲ့ ညည်းညူစရာ မရှိပါဘူး"
ကုမူကျန့်ကျွမ်းက ဧကရီအားပို၍တင်းကျပ်စွာဖက်ထားလိုက်သည်။
"ကျိယွမ်က ဖျက်ဆီးဝံပုလွေနဲ့အသေခံစစ်သည်တွေကို သတ်နိုင်တာဟာ ရွမ်ယူချမ်းပေးထားတဲ့ ရတနာတစ်ခုခုကြောင့်
လား ဒါမှမဟုတ် သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့လား၊ဘယ်လိုထင်လဲ"
ဧကရီ၏ကျတ်သရေရှိသောမျက်လုံးများတွင် နာကျင်ရိပ်များပေါ်လာပြီး အတိတ်ကိုပြန်လည်တမ်းတနေမိဟန်တူသည်။
"ရှင်က ခုချိန်ထိ အရှုံးမပေးသေးဘူးလား"
ကုမူကျန့်ကျွမ်း၏ မျက်လုံးများမှပြင်းထန်သောစိတ်ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ငါ့ရဲ့မိသားစု ငါ့ရဲ့ဆွေမျိုးသားချင်းတွေအားလုံး သူတို့လက်ချက်နဲ့ အသတ်ခံခဲ့ရတာ။ ငါတို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့အရာတွေကို ပြန်ယူနိုင်ဖို့အတွက် အနည်းဆုံးတော့အရှေ့ပိုင်းဒေသက ပါရမီရှင်စာရင်းကြီးရဲ့ထိပ်ဆုံး ၁၀၀ အတွင်းဝင်တဲ့ ပါရမီရှင်တစ်ယောက်ကိုမွေးထုတ်ပေးရမယ်၊ကန်းဖူလူက အရမ်းကြိုးစားပေမဲ့ သူ့ရဲ့ပါရမီက အကနိ့အသတ်ရှိတယ်။သူအနေနဲ့ ပါရမီရှင်စာရင်းငယ်ထဲကိုတောင် ရောက်ဖို့မလွယ်ဘူး၊စာရင်းကြီးရဲ့ ထိပ်သီး ၁၀၀ ထဲဆို ဝေးရောပေါ့"
ဧကရီက ကုမူကျန့်ကျွမ်း၏ခံစားချက်ကို နားလည်းနေသူမို့ ထပ်မံ၍မတားမြစ်တော့ပါ။
"ဒီကိစ္စကိုသတိထားပြီးချဉ်းကပ်ရမှာ ၊လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ မရဘူး"
"ဒါကြောင့် နှစ်မြုပ်ခေါင်းတလားနယ်မြေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ စုံစမ်းဖို့အတွက် တစ်ယောက်ယောက်ကို လျှို့ဝှက်နယ်မြေထဲကို စေလွှတ်ဖို့လိုတာပေါ့။ အကယ်၍ ချီယွမ်က တကယ်လုပ်ခဲ့တာဆိုရင် သူဟာငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ခံယူထိုက်ပါတယ်"
ဂိုဏ်းချုပ်ကြီးကုမူကျန့်ကျွမ်း၏ မျက်နှာသည် မျှော်လင့်ချက်များဖြင့် ပြည့်ဝနေ၏။
ဧကရီကတော့ သူ့၏ခံစားချက်များအား ဖြေသိမ့်ပေးသည့်အနေဖြင့် ကုမူကျန့်ကျွမ်း၏ ရင်ခွင်တွင်ခေါင်းမှီကာ ငြိမ်သက်နေသည်။
သို့သော်လည်း သာ့ရှန်ကဲ့သို့သော တိုင်းပြည်ငယ်လေးထဲတွင် ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦးကို တွေ့ဆုံရန်မှာ အလွန်ခက်ခဲလှသည်ဟုလည်း တွေးမိနေသည်။
.................
သစ်သာပြားတစ်ခုသည် ကြမ်းပြင်ပေါ်သို့ ကျရောက်သွား၏။
သစ်သားပြားနှင့်ကြမ်းပြင်ထိရိုက်မိသောအသံသည် ကျောက်တုံးပေါ် ရိုက်ခတ်သော စမ်းရေကဲ့သို့ ကြည်လင်စွာထွက်ပေါ်လာခဲ့သည်။
ကျိယွမ် လန့်နိုးလာသည်။
"သတို့သမီးလေးလား"
သတိမေ့နေခဲ့သော သူ၏သတို့သမီးလေးတွင် သတိအချို့ပြန်ရလာဟန်ရှိသည်ကို တွေ့လိုက်ရသဖြင့် ကျိယွမ်ဝမ်းသာသွားသည်။
သို့သော် သူမသည်ငြိမ်ငြိမ်လေးသာလှဲလျောင်းနေပြီး ကျိယွမ်၏လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားကာ ရှက်ရွံ့နေပုံရ၏။
ကျိယွမ်က သတို့သမီးလေးကို နူးညံ့စွာပြုံးပြလိုက်သည်။
"နိုးလာပြီလား"
သူ၏မျက်လုံးများက သူ၏သတို့သမီးလေးသည် အချိန်မရွေးအပြည့်အဝနိုးထလာနိုင်သည်ဟု ဖော်ပြထားသည်။
သို့သော်လည်း ဤမျှမြန်ဆန်စွာနိုးလာလိမ့်မည်ဟုတော့ သူမထင်ထားခဲ့မိပါ။
အပြောင်းအလဲတစ်ခုခုများ ရှိခဲ့သလားဟုတွေးမိ၏။
သို့မဟုတ် သူနှင့်အတူရှိနေခြင်းက သူမကို ဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်စေရန် အကူအညီ ဖြစ်စေခဲ့သည်များလား။
သို့မဟုတ် သူမသိသောအခြားအကြောင်းရင်းတစ်ခု ရှိနေလား။
ကျိယွမ်၏ မျက်လုံးများက သတို့သမီးလေးအပေါ်ကျရောက်သွားသည်။
【သတို့သမီးလေး၊ သတို့သမီးမင်းသမီး၊ သင်၏ဇနီးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သူမက တစ်ဝက်တစ်ပျက် နိုးထနေတဲ့ အခြေအနေမှာရှိပြီး ခြောက်ရက်အတွင်း အပြည့်အဝ နိုးထလာနိုင်ပါတယ်။】
ကျိယွမ်သိပ်မကျေနပ်သော်လည်း စိတ်လှုပ်ရှားသွားသလို ခံစားရသည်။
မည်သည့်အကြောင်းရင်းကြောင့် လျှင်မြန်စွာနိုးလာသည်ကို မသိသော်လည်း သူ၏ သတို့သမီးလေး နိုးထလာခြင်းသည် ကောင်းသောအရာပင်မဟုတ်ပါလား။
ကျိယွမ်သည် သူ၏သတို့သမီးလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။
သို့သော် သတို့သမီးလေးသည် သစ်သားပြားကိုပစ်ချရန် သူမ၏စွမ်းအားများကို သုံးလိုက်ရဟန်တူ၏။သူမကချက်ချင်းပြန်လည် အိပ်မောကျသွားပြန်သည်။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် သတို့သမီးလေးသည် အိပ်ရာပေါ်မှ ပျောက်ကွယ်သွားပြီး ကျိယွမ်၏ရင်ဘတ်ပေါ်တွင် မင်္ဂလာဝတ်စုံပုံသဏ္ဌာန် အမှတ်အသားတစ်ခုဖြစ်ပေါ်လာသည်။
ထို့နောက်ကျိယွမ်သည် သစ်သားအိမ်လေးထဲမှ ထွက်လာခဲ့သည်။ သူ၏ဦးတည်ရာက ကောင်းကင်ဘုံဆေးဝါးတောင်ထိပ်ဖြစ်လေ၏။
ဝိညာဥ်ခွဲဆေးလုံးသန့်စင်ရန် အဓိကပါဝင်ပစ္စည်းဖြစ်သော ဝိညာဥ်အတွေးပန်းများရရှိထားပြီဖြစ်သောကြောင့် ဆေးလုံးသန့်စင်ရန်
အကူအညီလိုလေသည်။
သာ့ရှန်းတိုင်းပြည်၏ကျင့်ကြံခြင်းလောကတွင် အချမ်းသာဆုံးကျင့်ကြံသူများကိုပြပါဆိုလျှင် ဆေးကုသခြင်းနှငိ့ဆေးသန့်စင်ခြင်းကို ကျွမ်းကျင်သူများပင်ဖြစ်၏။
ထို့ကြောင့် ကောင်းကင်ဘုံဆေးဝါးတောင်ထိပ်သည်
ရှန်ကွမ်းဂိုဏ်း၌ အချမ်းသာဆုံးတောင်ထိပ်ဟု ဆိုနိုင်သည်။
ထို့အပြင်အခြားတောင်ထိပ်များထက်လည်း တပည့်များပို၍ များပြားလေသည်။
ကျိယွမ်ရောက်ရှိလာသောအခါ လှပသောအခြေတည်အဆင့်မိန်းကလေးတပည့်တစ်ဦးက ကျိယွမ်အားခရီးဦးကြိုပြု၏။
"အစ်ကိုကြီးကျိယွမ်၊ဆေးဝါးတောင်ထိပ်ကို ဘာကိစ္စများရှိလို့လဲ၊ဒဏ်ရာတွေဘာတွေများ ရလာလို့လား"
သူမကကျိယွမ်အား အကဲခတ်လိုက်ပြီး ဆက်ပြောသည်။
"ကျွန်မက ဆေးပညာအမျိုးမျိုးမှာ ကျွမ်းကျင်ပါတယ်၊အစ်ကိုကြီးကို အခမဲ့ကုသပေးပါရစေ"
သူမကဲ့သို့ ချောမောသော အမျိုးသမီးတပည့်များကို ပေါ့ပါးသောအလုပ်များ ပေးထားပြီး ဧည့်ခံခြင်းနှင့် ရံဖန်ရံခါ အပိုငွေအချို့ ရရှိရန် တာဝန်ယူရသည်။
"ကျေးဇူးတင်ပါတယ် ညီမလေး။ ဆေးပြားအချို့သန့်စင်ဖို့အတွက် အကြီးအကဲတစ်ဦးကို ရှာချင်ပါတယ်။ ဘယ်အကြီးအကဲက အားနေလဲဆိုတာ ညီမလေးသိလား"
လှပသောအမျိုးသမီးတပည့်သည် စိတ်ပျက်သွားပုံရသော်လည်း လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
"အခုချိန်မှာ အားနေတဲ့အကြီးအကဲလေးဦးရှိပါတယ်၊ အကြီးအကဲ ကြိုးကြာဖြူ၊ အကြီးအကဲ ဆွေချုန်း၊ပြီးတော့ ..."
သူမသည် အကြီးအကဲလေးဦးအကြောင်းကို အသေးစိတ် ရှင်းပြပေးလေသည်။
ကျိယွမ်က လျှင်မြန်စွာဆုံးဖြတ်လိုက်သည်။
"အကြီးအကဲ ဆွေချုန်း"
"ညီမလေး၊ကျေးဇူးပြုပြီး အစ်ကိုကြီးကိုလမ်းပြပေးပါဦး"
ကျိယွမ်သည် ဂိုဏ်းထဲတွင်မည်သူ့ကိုမဆို အမြဲတမ်းယဉ်ကျေးစွာဆက်ဆံတတ်သောကြောင့် အများ၏လေးစားခြင်းကိုခံရသည်။
လှပသောအမျိုးသမီးတပည့်က ကျိယွမ်ကို လမ်းပြပေးရင်းမှ အကြီးအကဲဆွေချုန်း၏ နောက်ခံအကြောင်းကို ရှင်းပြသည်။
"အကြီးအကဲဆွေချုန်းဟာ မူလကသာ့ရှန်းဇာတိမဟုတ်ပါဘူး။ သူက ဂိုဏ်းချုပ်ခေါ်လာတဲ့ အပြင်လူတစ်ယောက်ဖြစ်ပြီး ဆေးဝါးတောင်ထိပ်မှာ ဒုတိယအတော်ဆုံး ကုသသူပါ။ ဒါပေမဲ့ ဒီအကြီးအကဲက..."
သူမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျိယွမ်၏အနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
"သူက အရမ်းဒေါသဒေါသကြီးတယ်။ တစ်ခါက စစ်မှန်တပည့်တစ်ဦးက သူ့ကို ဆေးရည်တစ်မျိုးကြိုခိုင်းခဲ့ပြီး အဲဒီတပည့်က ဆေးရည်နံ့ကမကောင်းဘူးလို့ မတော်တဆ ပြောလိုက်တဲ့အတွက် အကြီးအကဲက သူ့ရဲ့ ခြေထောက်ကို ရိုက်ချိုးလိုက်တယ်လို့ ကြားဖူးတယ်"
"အင်း..ကျေးဇူးပဲညီမလေး"
ကျိယွမ်က ထိုကိစ္စကိုသိပ်အလေးအနက်မထားပါ။ပါရမီရှင်များသည် အများအားဖြင့်
ထူးဆန်းသောအလေ့အထများရှိတတ်သည်မှာ သာမန်ပင်။
မကြာမီပင် သူတို့နှစ်ယောက်သည် အကြီးအကဲဆွေချုန်း၏ ဂူအိမ်အပြင်ဘက်သို့ရောက်သွားပြီး တိတ်ဆိတ်စွာစောင့်နေလိုက်ကြသည်။
ကျိယွမ်လည်း အနည်းငယ်ပျင်းလာသောကြောင့် လှပသောတပည့်မလေးကို ပြုံးပြကာ ခပ်တိုးတိုးပြောလိုက်သည်။
"ညီမလေးက ရေဂုဏ်သတ္တိဝိညာဉ်အမြစ် ရှိတယ်မဟုတ်လား။အခုတလောမီးဓာတ်သလင်းကျောက်တွေအနီးမှာ အကြာကြီးနေခဲ့ရတဲ့အတွက် ညီမလေးရဲ့ဝိညာဉ်စွမ်းအင်က မတည်မငြိမ် ဖြစ်နေတယ်။ အေးမြစေမယ့် အစားအစာအချို့ စားတာက အကူအညီ ဖြစ်စေနိုင်လိမ့်မယ်"
ကျိယွမ်သည် စိတ်ရင်းမှန်ဖြင့် အသိပေးလိုက်ခြင်းဖြစ်သည်။
ဒီနေရာအထိ တကူးတကလိုက်ပို့ပေးခဲ့တာ၊ဒီလောက်လေးအကြံဉာဏ်ပေးရတာ အပန်းမကြီးပါဘူး။
လှပသောအမျိုးသမီးတပည့်သည် ပထမတွင် ကျိယွမ်အား နားမလည်သလိုပြန်ကြည့်နေ၏။ပြီးမှ ဝမ်းသာအားရဖြင့် ကျိယွမ်အား ကျေးဇူးတသ်စကားပြောလေသည်။
"အစ်ကိုကြီးကျိယွမ်၊ ကျေးဇူးတင်ပါတယ်"
သူမသည် မကြာသေးမီက သူမ၏ကျင့်ကြံမှုတွင် တစ်ခုခုမှားယွင်းနေကြောင်း ခံစားနေရသော်လည်း အဘယ်ကြောင့်ဆိုသည်ကိုတော့ မသိခဲ့ပေ။
သူမကထပ်မေးရန်ပြင်လိုက်စဥ်မှာပင် ဂူအိမ်အတွင်းမှ ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာသည်။
"ဒါကို မင်းဘယ်လိုလုပ်ပြီး မြင်တာလဲ"
ဂူအတွင်းမှအသံသာထွက်လာပြီး အကြီးအကဲဆွေချုန်းက ပေါ်မလာပါ။
"မင်း ဝင်ခဲ့လိုက်"
ဆွေချုန်း၏အသံကိုကြားသည်နှင့် တပည့်မလေးက ဂါရပြုပြီး ချက်ချင်းလှည့်ပြန်သွားတော့သည်။သူမက ဆွေချုန်းကို တော်တော်လေးကြောက်နေမှန်း သိသာလှ၏။
ကျိယွမ်ဂူထဲသို့ဝင်ရောက်လိုက်သည်နှင့် ပြင်းထန်သော သစ်သားဓာတ်အနှစ်သာရကို ခံစားမိလိုက်သည်။
အကြီးအကဲဆွေချုန်း၏ မျက်နှာတစ်ခုလုံးတွင် မီးခိုးမှုန်များဖုံးလွှမ်းနေပြီး ကွဲနေသော ဆေးဖိုတစ်ခုရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဆေးလုံးသန့်စင်ရာ၌ မအောင်မြင်ဘဲ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပုံရသည် ဖြစ်သည်။
ကျိယွမ်က မေးခွန်းအားအမှတ်ရပြီး ဖြေပေးလိုက်သည်။
"ဒီအတိုင်းပဲ ခန့်မှန်းလိုက်တာပါ"
ဓာတ်စင်ငါးပါးကိုကျွမ်းကျင်သောကြောင့် ကျိယွမ်သည် ထိုဓာတ်များအပေါ်၌ သာမန်လူများထက်များစွာ အာရုံခံနိုင်၏။
"အင်း.."
ဆွေချုန်းက ထိုမျှသာပြောကာ ကျိယွမ်ကို ကြည့်လိုက်သည်၊ သူ၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် အရောင်လက်သွားသည်။
"မင်းက ဖျက်ဆီးဝံပုလွေကို ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေမှာ သတ်ခဲ့တယ်လို့ ကြားတယ်"
"ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်ကအလင်းနန်းတော်ကို ဘယ်လိုလုပ်ပြီး စော်ကားရဲပါ့မလဲ"
ကျိယွမ်က ပြာပြာသလဲငြင်းလေသည်။
ဆွေချုန်းက ကျိယွမ်အားမျက်မှောင်ကျုံ့ကာကြည့်လိုက်၏။
"ဧကရာဇ်ကြီးနဲ့သူရဲ့အသေခံစစ်သည်တွေကိုရော မင်းသတ်ခဲ့တာလား"
ကျိယွမ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်"
ဤကိစ္စကိုတော့ ကျိယွမ်က မဖုံးကွယ်ပါ။
ဧကရာဇ်ကိုသတ်တာက ပြဿနာမှမရှိတာ၊နောက်မှာလက်စားချေပေးမဲ့သူလည်းမရှိဘူး။အဲဒီတော့ ဘာလို့ငြင်းနေမလဲ။
ထို့အပြင် သူ့ထံ၌ဝိညာဥ်အတွေးပန်းများလည်းရှိနေသဖြင့် ထိုကိစ္စကဖုံးကွယ်နေ၍လည်း မရတော့ပါ။
"မင်း သူတို့ကို ဘယ်လိုသတ်ခဲ့လဲဆိုတာ ပြောပြနိုင်မလား"
အကြီးအကဲဆွေချုန်းက ထိုအရာကို အမှန်တကယ်သိချင်နေသည်။
ကျိယွမ်က အမှန်အတိုင်းဖြေပေးလိုက်သည်။
"ဒီလိုပဲ တစ်ချက်စီခုတ်လိုက်တာ၊ သေကုန်ရော"
အကြီးအကဲဆွေချုန်းသည် ကျိယွမ်ကို စိုက်ကြည့်နေ၏။ပြီးမှ သူကရုတ်တရက် ရယ်မောလိုက်သည်။
"ဟားဟားဟားဟား ...ထားပါတော့၊ မင်းကို ငါ ယုံပါတယ်"
"ဒါနဲ့ မင်းက ဘယ်ဆေးကိုသန့်စင်ချင်တာလဲ"
"ဝိညာဉ်ခွဲဆေးလုံးပါ"
ကျိယွမ်က ဝိညာဥ်အတွေးပန်းများနှင့် ဆေးညွှန်းကိုထုတ်ပေးလိုက်သည်။
အကြီးအကဲဆွေချုန်းက ဆေးညွှန်းကို မလိုသလို ငြင်းရန်ပြင်ပြီးမှ မကောင်းတတ်သဖြင့်လက်ခံလိုက်သည်။
ဝိညာဥ်ခွဲဆေးပြားလောက်ကို ငါကဆေးညွှန်းတွေမှ မလိုတာ။
သူက ကျိယွမ်၏ဆေးညွှန်းကို အလွယ်ဖတ်ကြည့်လိုက်သည်။
"ဟင်.."
အကြီးအကဲဆွေချုန်း အလွန်အံ့သြသွား၏။
"ဒါက ငါ မြင်ဖူးတဲ့နည်းတွေနဲ့ မတူဘူး"
"ကျွန်တော် ပြုပြင်ထားတာပါ။ ဒီတစ်ခုကို သုံးပြီး ဆေးလုံးတွေသန့်စင်ပေးပါ"
ကျိယွမ်က အကြီးအကဲဆွေချုန်းသည် သူ၏ဆေးညွှန်းကိုအသိအမှတ်ပြုသည်ကို မြင်သောအခါ အနည်းငယ်အံ့အားသင့်သွားသည် ။
ကြည့်ရတာ သူကလည်း နောက်ခံကမရိုးဘူးထင်တယ်။ဒါပေမဲ့ မထူးဆန်းပါဘူး။ရှန်ကွမ်းဂိုဏ်းတစ်ခုလုံးက အကြံနဲ့လူတွေချည်းပဲကို။
ထိုအခိုက်အကြီးအကဲဆွေချုန်း၏ အသံထွက်လာသည်။
"ငါတို့ဆီမှာ ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးရှိပေမဲ့ ရွှမ်ကြက်မွှေးတော့မရှိဘူး၊မင်းစျေးက ဝယ်လာမှရမယ်"
ကျိယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်အကြီးအကဲ...ပါဝင်ပစ္စည်းတွေနဲ့ အလုပ်သမားခ ဘယ်လောက်များကျမလဲ"
"မလိုပါဘူး။အကုန်လုံးအခမဲ့ပဲ"
သူက ကျိယွမ်အားပြုံးပြရင်းပြောလိုက်ခြင်းပင်။
သို့သော်သူ၏အပြုံးက အနည်းငယ်မဲ့တဲ့တဲ့ကြီးဖြစ်နေသလားဟု ကျိယွမ်ထင်မိသည်။
သူ့ဟာက ငိုချင်လျှက်နဲ့ရယ်ပြနေရသလိုကြီးပါလား။
"ဘာဖြစ်လို့လဲအကြီးအကဲ ၊အားနာစရာမလိုပါဘူး"
ကျိယွမ်ကလက်ရှိတွင် ငမွဲမဟုတ်ပါ။ထို့ကြောင့် မေးလိုက်၏။
"ဘာလို့လဲဆိုတော့ မင်းဟာ ဂိုဏ်းချုပ်ရဲ့ အဓိကတပည့်ဖြစ်နေလို့ပဲ"
ဆွေချုန်းက ကြိုးစားပြီးပြုံးပြပြန်သည်။
ကျိယွမ်က နားမလည်သလိုကြည့်နေ၏။
သူကကျိစယ်တောင်၏တပည့်ဖြစ်သည်။အဘယ့်ကြောင့် ဂိုဏ်းချုပ်၏အဓိကတပည့်ဖြစ်သွားလေသနည်း။
သူစဥ်းစားမရပါ။
အကြီးအကဲဆွေချုန်းသည် သူ၏သိုလှောင်အိတ်ထဲမှ ဘူးတစ်ခုကို ထုတ်ယူလိုက်သည်။
"ငါ့မှာ ဝိညာဉ်ခွဲဆေးပြားနည်းနည်းရှိတယ်။ မင်း လိုအပ်နေတာဆိုတော့ ယူလိုက်ပါ"
ဘူးထဲတွင် ဝိညာဥ်ခွဲဆေးလုံးများအမှန်တကယ်ပါနေသည်ကို ကျိယွမ်သိလိုက်ရသည်။
သူသည် ချောမောသောအမျိုးသမီးတပည့် ပြောခဲ့သည့်အရာကို သတိရလိုက်၏။
အကြီးအကဲဆွေချုန်းက ဒေါသကြီးတယ်လို့ ဘယ်သူက ပြောပါလိမ့်။
ဒီလောက်သဘောကောင်းတဲ့သူကို။
"အကြီးအကဲ ဆွေချုန်း၊ ဆေးပြားတွေကို ကျွန်တော် ယူလိုက်ပါ့မယ်။ အဲဒီအတွက်အကြီးအကဲအိုမင်းလာတဲ့အရွယ်ရောက်ရင် ကျွန်တော်တတ်နိုင်သမျှ ဂရုစိုက်ပေးပါ့မယ်"
ကျိယွမ်သည် ဝိညာဉ်ခွဲဆေးပြားများကို အလွန်အမင်း လိုအပ်နေသည်။ထို့ကြောင့်
အကြီးအကဲဆွေချုန်းတွင် အခြားရည်ရွယ်ချက်များ ရှိနေလျှင်ပင် အရေးမကြီးတော့ပါ။
"မင်းရဲ့စကားပြောပုံက စိတ်ဝင်စားစရာပဲ"
အသက်ကြီးလာလျှင် ဂရုစိုက်ပေးမည်ဆိုသော စကားကိုတော့သူကစိတ်ထဲမထားပါ။
"ရွှမ်းကြက်မွေးတွေကိုသာ ရအောင်ယူခဲ့၊ ငါဆေးလုံးတွေ သန့်စင်ပေးမယ်"
"ကောင်းပါပြီ"
ကျိယွမ်သည် ထိုမျှနှင့်နှုတ်ဆက်ပြီးနောက် ဂူထဲမှထွက်ခွာသွားပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာလျင်မြန်စွာ ပျောက်ကွယ်သွားသည် ဖြစ်သည်။
ဂူထဲတွင်တော့ အကြီးအကဲဆွေချုန်းသည် ဝိညာဥ်အတွေးပန်းများကို ကြည့်နေပြီး သူ၏ မျက်နှာထားကလည်း ပြောင်းလဲသွားလေ၏။
ထိုအခိုက် ဂူထဲရှိလေဟာနယ်ကအနည်းငယ်တုန်ခါသွားပြီး ကုမူကျန့်ကျွမ်း ထွက်ပေါ်လာသည်။
------------