သတင်းကောင်းနှင့် သတင်းဆိုး
Vol. 7 Ch. 94
နင်းထောင်၏အသံကို ကြားလိုက်ရပြီးနောက် ကျိယွမ်သည် ဂိမ်းအိုင်ကွန်မှခုခံမှု အနည်းငယ် လျော့ကျသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ထို့အပြင် သူ၏ဝိညာဥ်ကိုလက်တစ်စုံက ဂိမ်းထဲသို့ညင်သာစွာဆွဲယူနေသကဲ့သို့ လည်းခံစားမိလေ၏။
ကျိယွမ်၏မျက်လုံးများ အရောင်တောက်သွားသည်။
သူကအခွင့်အရေးကိုလက်လွတ်မခံပါ။
"လာပြီကွ"
မမျှော်လင့်ဘဲ အခြေအနေက သူ့အတွက်ကောင်းဖို့ ဖန်လာခဲ့သည်။ဖြစ်ချင်ရာဖြစ်သူက ဂိမ်းထဲသို့ရောက်ဖို့က အဓိကသာ မဟုတ်ပါလား။
သူ၏ဝိညာဥ်က တွင်းနက်တစ်ခုထဲသို့ ကျသွားသလိုသိမ့်ခနဲ ခံစားလိုက်ရတော့သည်။
...........
လျူဖုန်းနယ်မြေတွင်ရှိသော
ထျန်းရှင်နန်းတော်တွင် ဖြစ်သည်။
နင်းထောင်သည် လျှောကျနေသော ပခုံးသိုင်းကြိုးကိုဆွဲတင်လိုက်ပြီး ယခင်က တစ်ဝက်တစ်ပျက်ပွင့်နေသော သူမ၏ အနက်ရောင်ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်သည်။
သူမ၏စကားများက ရဲတင်းသော်လည်း ထိုအသံပိုင်ရှင်အား သူမ၏ကိုယ်ကိုအပ်ရန် အမှန်တကယ်ရည်ရွယ်ခြင်း မရှိပါ။
ငယ်ရွယ်စဉ်နှင့်အားနည်းစဉ်က ထိုသို့သော အတွေးမျိုး ရှိခဲ့ကောင်း ရှိနိုင်သည်။
သို့သော် ယခုအချိန်၌ သူမသည်အထွတ်အထိပ်အဓိပတိတစ်ဦးဖြစ်နေပြီ ဖြစ်သည်။သူမက ဆွဲဆောင်ရန်အတွက် လိုရမယ်ရ အသုံးချလိုက်ခြင်းသာဖြစ်မျှသာဖြစ်၏။
သူမက လေထဲတွင်ပျံဝဲနေသော ဝိညာဉ်ချုပ်နှောင်ကျောက်စိမ်းအား စစ်ဆေးလိုက်သည်။
ကျောက်စိမ်း၏အရောင်မှာ သိသာစွာနီရဲနေ၏။ ၎င်း၏စွမ်းအားသည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီး မနိုင်ဝန်ကိုထမ်းနေသောရသော လျှပ်စစ်ပစ္စည်းတစ်ခုကဲသို့ အပူရှိန်မြင့်တတ်နေပုံရသည် ။
ဝိညာဉ်ချုပ်နှောင်ကျောက်စိမ်းသည် ကောင်းကင်ပေါ်မှ တစ်စုံတစ်ခုကို အစွမ်းကုန်ဆွဲငင်နေခဲ့သည်။
နင်းထောင်က အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းကာ သူမ၏အစွမ်းအားလုံးကို ဝိညာဉ်ချုပ်နှောင်ကျောက်စိမ်းထဲသို့ လောင်းထည့်လိုက်သည်။
ရုတ်တရက် ခရမ်းရောင် လျှပ်စီးကြောင်းတစ်ခု ကောင်းကင်မှ ထိုးဆင်းလာသည်။
"ဒုန်း"
ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားသည်။
"ခလွမ်း"
လောက၏ ကြီးမြတ်သောရတနာသုံးပါးထဲမှ တစ်ခုဖြစ်သော ဝိညာဉ်ချုပ်နှောင်ကျောက်စိမ်းသည် ရုတ်တရက်ကွဲကြေသွားတော့သည်။
နင်းထောင်၏မျက်လုံးများတွင် အံ့အားသင့်မှုများ လင်းလက်သွားသည်။
သူမ၏အကြည့်က ဘေးနားတွင်ရှိသောနတ်ဆိုးဥပေါ်သို့ ရောက်သွားသည်။
အနက်ရောင်သံကြိုး ၁၈ ချောင်းဖြင့် ချည်နှောင်ထားသော နတ်ဆိုးဥက တိတ်ဆိတ်စွာ တည်ရှိနေသည်။
အနက်ရောင်စကတ်အောက်ရှိ ခြေတံရှည်ရှည်များပေါ်၌ အနက်ရောင်ခြေအိတ်ရှည် များကိုဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသော နင်းထောင်သည် နတ်ဆိုးဥဆီသို့ လှပစွာလျှောက်သွားလေသည်။
သူမက ဆွဲဆောင်မှုရှိသော အသံဖြင့်စတင်လိုက်သည်။
"ယောက်ျား၊ ရှင်နောက်ဆုံးတော့ ကျွန်မကိုလာတွေ့ပြီပေါ့နော်"
နတ်ဆိုးဥအတွင်း၌ရောက်နေသော ကျိယွမ်သည် အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။
"ဒါက ဘယ်နေရာလဲ"
သူက ရှေ့မှမိန်းမပျိုကို ကြည့်ကာမေးလိုက်သည်။
မိန်းမပျို၏ မျက်နှာတစ်ဝက်ကို အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထား၏။
သို့သော် အများသူငါမြင်နေရသော မျက်နှာတစ်ဝက်ကပင် ကောင်းကင်ဘုံ၏ သူမအပေါ် မျက်နှာသာပေးမှုကို ချီယွမ် ခံစားမိစေသည်။
သူမ၏ဆံပင်သည် တိမ်တိုက်များကဲ့သို့ထူထဲလှပကာ မျက်လုံးများက နေရောင်အောက်မှ ဆီးနှင်းကဲ့သို့တောက်ပသည်။ သူမ၏ချစ်စဖွယ်အပြုံးကြားမှပင် ကျိယွမ်သည် သူမ၏ခွန်အားရှိမှုကို ခံစားနိုင်သည်။
နင်းထောင်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင်ငှက်ရုပ်အမျိုးမျိုးကိုပန်းထိုးထားသော အနက်ရောင်ပိုးဖဲကြိုးကို အချိုးကျစွာပတ်ထားသဖြင့် သူမ၏ခန္ဓာကိုယ်ကလည်း အလွန် လှပနေသည်။
ဖော်ထုတ်ထားသော သူမ၏အသားအရေသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေး၏။
အနက်ရောင် ဝတ်စုံအောက်တွင် သူမ၏ ဖြောင့်စင်းပြီးအချိုးကျသော ခြေတံလှလှများကို အနက်ရောင်ခြေအိတ်ရှည်များဖြင့် ဖုံးအုပ်ထားသည်။အနက်ရောင်ပိုးသားဖြင့် ဖုံးအုပ်ထားသော သူမ၏ ခြေထောက်များသည် မြေပြင်မှ ဆယ်စင်တီမီတာခန့် အကွာတွင် ပျံဝဲနေသည်။
ချီယွမ်သည် ခဏတာမျှ မူးမိုက်သွားသည်။
သူသည် နင်းထောင်၏ လှပသော ခြေတံရှည်များကို လှမ်းကြည့်လိုက်မိသည်။
ဒီလောကမှာ စတော်ကင်တွေ ၊ အထူးသဖြင့် အနက်ရောင်တွေ ဘာလို့ရှိနေရတာလဲဟု တွေးမိသည်။
စကတ်နဲ့ဂါဝန်မျိုးစုံတောင်ရှိနေတာပဲ စတော်ကင်တွေရှိတာ သိပ်တော့မဆန်းပါဘူး။
နင်းတောင်သည် သွေးနီရောင်တောက်နေသော နတ်ဆိုးဥကိုတစ်ချက်သတိထားမိပြီး သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုတော့ ဖြတ်ပြေးသွားသည်။
သို့သော် သူမကတည်ငြိမ်စွာဖြေလိုက်သည်။
"ယောက်ျား ၊ ဒါက ထျန်းရှင်နန်းတော်၊ ရှင့်ရဲ့ အိမ်အသစ်ပေါ့"
နင်းထောင်၏အဖြေကိုကြားသောအခါ ကျိယွမ် အံ့ဩသွားသည်။
သူက အနည်းငယ်စဥ်းသားပြီးနောက် လက်ရှိအခြေအနေကို အနည်းငယ် နားလည်လာပြီ ဖြစ်သည်။
သတင်းကောင်းနှင့်သတင်းဆိုး နှစ်မျိုးရှိလေသည်။
သတင်းကောင်းမှာ သူကဂိမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သတင်းဆိုးမှာ သူကပုံမှန်နည်းအတိုင်း ဝင်ရောက်ခြင်း မဟုတ်သောကြောင့် ပလေယာဇာတ်ကောင်နေရာကို မရရှိဘဲ ထူးဆန်းသော NPC တစ်ဦး ဖြစ်သွားခြင်းပင်။
ပြဿနာတော့တတ်ပြီ၊ မသမာတဲ့နည်းနဲ့ဝင်မိတာ မှားတာပဲ။
သူသည် ဂိမ်းမှပြန်ထွက်ပြီး သူ၏ဝိညာဉ်စွမ်းအားကို အခြေတည်အထွတ်အထိပ်ထိမြှင့်တင်ပြီးမှ ဂိမ်းထဲသ်ု့ပြန်ဝင်လျှင် ကောင်းမလားဟု တွေးမိသည်။
ထားတော့၊ဂိမ်းထဲရောက်လက်စနဲ့ ဒီဂိမ်းရဲ့နောက်ခံစတိုရီနဲ့ပလော့လေးဘာလေးတွေ နားလည်အောင် လုပ်လိုက်မယ်။
ထိုအချိန်မှာပင် နင်းထောင်၏ဆွဲဆောင်မှုရှိသောအသံထွက်ပေါ်လာ၏။
"ယောက်ျားက ကျွန်မဒီလိုဝတ်ထားတာကို ပိုကြိုက်တာလား၊ခုနက ခြေထောက်တွေကို ခိုးကြည့်နေတာကို မြင်လိုက်တယ်။
နင်းထောင်သည် သူမ၏ စကတ်ကို အနည်းငယ် မ'တင်ရင်း ပြောသည်။
သို့သော် အလွန်ဣန္ဒြေရှိနေဆဲဖြစ်ပြီး ဒူးခေါင်းအထိပင် မရောက်ပါ။
ကျိယွမ်က မငြင်းပါ။
အနက်ရောင် စတော်ကင်လား။
အဖြူရောင် စတော်ကင်လား။
အသားရောင် စတော်ကင်လား။
ဒီလိုလှပတဲ့ခြေတံလေးတွေပေါ်က စတော်ကင်ကို ဘယ်လိုကောင်ဆိုးလေးက မဆွဲဖြဲချင်ဘဲ နေမလဲ။
ကျိယွမ်သည် ထိုအရာကိုဖြေမည့်အစား သူ့အား ယခုလက်ရှိဖမ်းချုပ်ထားသောအရာကို အကဲခတ်လိုက်၏။ကြီးမားသော အနက်ရောင်သံကြိုးဆယ့်ရှစ်ချောင်းကို သူသတိထားမိသည်။သေချာပေါက် မလွယ်သောအနေအထားပင်။
"ငါ့ကို လွှတ်ပေးလို့ မရဘူးလား"
"ယောက်ျား၊ကျွန်မဘယ်လိုလုပ် လွှတ်ရဲမှာလဲ။ တော်ကြာ ထွက်ပြေးသွားရင် ကျွန်မဘယ်လိုလုပ်မလဲ၊မခံစားနိုင်ပါဘူးနော်"
နင်းထောင်၏လှပသောမျက်နှာတွင် သနားစရာကောင်းသောအမူအရာ ပေါ်လာပြီး အမှန်တကယ် အရူးအမူးချစ်မိနေသော မိန်းပျိုလေးနှင့်ပင်တူသည်။
"စိတ်မပူပါနဲ့၊ ငါ မပြေးပါဘူး"
ကျိယွမ်က လေပြေထိုးလိုက်၏။
"ဟင့်အင်း၊ ကျွန်မ မယုံဘူး"
နင်းထောင်သည် နတ်ဆိုးဥအနီးသို့ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။
"လွန်ခဲ့တဲ့ အကြိမ်တုန်းက ကျွန်မကို ကြိုးနဲ့ဆွဲပြီးရိုက်မယ်လို့ ယောက်ျား ပြောခဲ့တာပဲ"
ကျိယွမ်က သူမကို ကြည့်ကာ တိတ်ဆိတ်နေလိုက်သည်။လောလောဆယ်တော့ ဘာပြောပြောရမည်ပုံမရှိပေ။
နင်းထောင်သည် ရုတ်တရက်သူ့အပေါ်သို့ ပျံဝဲလိုက်ပြီး ကျိယွမ်၏ခန္ဓာကိုယ်ကို နင်းရန်အလို့ငှာ သူမ၏နူးညံ့သောခြေထောက်ကို မြှောက်လိုက်သည်။
"ဒါကြောင့် ကျွန်မကပဲအရဲစွန့်ပြီး ယောက်ျားကို ကြိုးနဲ့ချိတ်ဆွဲလိုက်ရတာပေါ့"
"ယောက်ျား မိန်းမကို နင်းစေချင်လား"
သူမ၏ အနက်ရောင်ပိုးသားဖြင့်ဖုံးအုပ်ထားသော ခြေထောက်သည် ကျိယွမ်၏အနီးအနားတွင် ရှိနေပြီး သူမ၏ ခြေချောင်းများမှာ သေသပ်စွာထွင်းထုထားသော အနုပညာလက်ရာများကဲ့သို့ လှပကာဖြူဖွေးနူးညံ့နေသည်။
၂၁ ရာစုကမ္ဘာပေါ်တွင်ဆိုလျှင်တော့ ကျိယွမ်သည် ခြေအိတ်များထံမှ အနံ့ဆိုးတစ်ခုခုကို ရနိုင်၏။
သို့သော် ကျင့်ကြံခြင်းလောကတွင်မူ သူသည် သင်းပျံ့သောရနံ့တစ်ခုကို ရလိုက်သည်။
သို့သော် တစ်စုံတစ်ခုကို သတိရသွားသလိုဖြင့် နင်းထောင်သည် သူမ၏ခြေထောက်ကို ပြန်ရုပ်လိုက်သည်။
"ကျွန်မက ယောက်ျားကို ဒီလိုအရှက်မခွဲနိုင်ဘူး"
"ပြီးတော့ ဒီလောက်လေးနဲ့ဆို ရှင့်အတွက် အရမ်းလွယ်ကူသွားမှာပေါ့၊ ဟုတ်တယ်မှတ်လား"
ကျိယွမ်မှာ ကူကယ်ရာမဲ့သလို ခံစားရ၏။သူက မည်သို့သောအရူးNPC ၏လက်အောက်သို့ ကျရောက်ခဲ့လေသနည်း။
ယခုအချိန်မှာတော့ သူသည်ငါးဖြစ်ပြီး သူမသည် ဓားဖြစ်နေသည်။
"နင် ဘာလိုချင်တာလဲ"
မတတ်သာသည့်အဆုံး ကျိယွမ်တည့်တည့်ပင် မေးလိုက်ရတော့သည်။
"ယောက်ျား ၊ အဲဒါက ကျွန်မမေးရမှာ မဟုတ်ဘူးလား"
နင်းထောင်၏ဆွဲဆောင်မှုရှိသော မျက်ဝန်းများက အရောင်တောက်လာ၏။
"ကျွန်မ ငယ်ငယ်လေးကတည်းက ယောက်ျားက ကျွန်မဘဝထဲကို ဝင်လာခဲ့တာမဟုတ်ဘူးလား ၊ အဲဒီကတည်းက သိချင်နေခဲ့တာ"
"ပြောပါဦး ဘာလိုချင်လို့ ကျွန်မဘဝထဲကို ဝင်လာခဲ့တာလဲ"
အားကောင်းသော စွမ်းအင်များ လှိုင်းထလာသည်။ထျန်းရှင်နန်းတော်ထဲမှ လေထုသည် ပို၍ထူထပ်လာသည်။
ကျိယွမ်ကိုချည်နှောင်ထားသော သံကြိုး ဆယ့်ရှစ်ချောင်းသည်လည်း တချွင်ချွင် မြည်လာကြ၏။
ကျိယွမ်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
စိတ်ဝိညာဥ်အဆင့်ထက် အဆများစွာအားကောင်းသည်ကို သတိထားမိလေသည်။
မလွယ်ဘူးပဲ ၊ငါ့ရဲ့လက်ရှိအခြေအနေနဲ့ ပုန်ကန်လို့မရသေးဘူး၊ဂိမ်းထဲမှာသေရင် အပြင်မှာလည်း ခံစားရမှာ။
ကျိယွမ်က နတ်ဆိုးဥထဲ၌ တိတ်ဆိတ်စွာနေလိုက်ပြီး နင်းထောင်ကို လွှတ်ထားပေးလိုက်သည်။
နင်းထောင်၏ လှပသောမျက်နှာက အတိတ်ကိုပြန်၍ လွမ်းဆွတ်သောအမူအယာဖြစ်ပေါ်လာသည်။
"အစတုန်းက ဒါကို ကောင်းကင်ဘုံက ပေးတဲ့ ဆုလက်ဆောင်လို့ ထင်ခဲ့တာ"
"ဒါပေမဲ့ နောက်ပိုင်းမှ သိလိုက်ရတယ်၊ လောကမှာ အကြောင်းမဲ့ပေးတဲ့ ဆုလက်ဆောင်ဆိုတာ မရှိဘူး"
"ယောက်ျားမှာ တခြားရည်ရွယ်ချက်တွေ ရှိနေတာ ဒါမှမဟုတ် ကျွန်မတို့နှစ်ယောက် ကြားမှာ ထူးခြားတဲ့ဆက်သွယ်မှုတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်"
"ရှင်က လေညင်းလေးလိုပဲ၊ ကျွန်မမမျှော်လင့်တဲ့အခါဆို ပေါ်လာတတ်တယ်၊ကျွန်မက တကယ်ထင်လို့ ယုံမိပြီဆို ပျောက်ကွယ်သွားတာ"
"နှစ်ပေါင်းရာနဲ့ချီမှ တစ်ခါလောက် ရှင့်အသံကို ကြားရတာမျိုးလည်း ရှိတယ်"
"ကျွန်မကိုကျွန်မ တစ်ခုခုဖြစ်နေလို့များ အသံတွေ ကြားနေရတာလို့ ထင်ခဲ့မိတယ်"။
"ဒါပေမဲ့ မဟုတ်ဘူး"
နင်းထောင်က ကျိယွမ်ကို စိုက်ကြည့်သည်။
"ကျွန်မ နေမကောင်းဖြစ်နေတာမဟုတ်ဘူး၊ ရှင်က တကယ်ရှိနေတာ"
"ရှင်က ကျွန်မဘဝမှာ တကယ်ပဲ ရှိနေခဲ့တာ"
နင်းထောင်၏အကြည့်က ရှုပ်ထွေးနေပြီး ကြောက်ရွံ့မှု၊ သတိထားမှု၊ တောင့်တမှုအပြင် ဂရုစိုက်ခြင်းများပင် ပြည့်နှက်နေသည်။
ကျိယွမ်၏စိတ်ထဲတွင် အနည်းငယ်တော့သဘောပေါက်သလိုရှိလာခဲ့သည်။
သူသည် နင်းထောင်၏ အသံကို လွန်ခဲ့သောသုံးလခန့်ကမှ ပထမဆုံး ကြားခဲ့ခြင်းဖြစ်သည်။
သို့သော် နင်းထောင်၏စကားများအရ ထိုသုံးလက သူမ၏ကမ္ဘာတွင် နှစ်ပေါင်း ရာထောင်ချီကြာမြင့်ခဲ့လေ၏။
ဒီလောက်ကြီး အချိန်ကွာခြားမှုကြီးမားတာက ဖြစ်နိုင်ပါ့မလား။
ကျိယွမ်တွင်အဖြေမရှိပါ။
"ငါမှာ တခြားသူတွေရဲ့အသံကို တစ်ခါတလေ ကြားနိုင်တဲ့ စွမ်းအားတစ်ခု ရှိတယ်"
"နင့်အသံကို ကြားမိတဲ့အခါ တစ်ခါတလေ ပြန်ပြောလိုက်မိတာမျိုးပါ၊အခြားထွေထွေထူးထူးမရှိပါဘူး"
ကျိယွမ်က အလွယ်ရှင်းပြလိုက်သည်။သို့သော် NPC တစ်ဦးကို ရှင်းပြခြင်းက အလုပ်ဖြစ်မည် မဟုတ်ဟုလည်း တွေးမိလေသည်။
"တကယ်လား"
နင်းထောင်က ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"ရှင်က နှစ်ပေါင်းသုံးထောင်နီးပါး ပုန်းကွယ်နေခဲ့ပြီးတော့ ကျွန်မကိုတစ်ခါလေးတောင် လာမတွေ့ဘဲ ၊တစ်ခါတစ်လေမှ အသံပေး
ပြီး ကျီစားနေခဲ့တာ"
"ဒီလို သည်းခံနိုင်မှုမျိုးက လွယ်လွယ်လေးများထင်နေခဲ့တာလား ၊နှစ်ပေါင်း သုံးထောင်နော်.."
နင်းထောင်က တည်ငြိမ်စွာဆက်ပြော၏။
"ဒါပေမဲ့ ကိစ္စမရှိပါဘူး"
"အခုရှင်က ကျွန်မဘေးနားမှာရောက်နေပြီပဲ"
" အရာရာတိုင်းဟာ ကျွန်မထိန်းချုပ်မှုအောက်မှာ ရှိလာပြီပေါ့"
"ကွန်မက ရှင့်ရဲ့မှတ်ဉာဏ်တွေကို ချိတ်ပိတ်ထားလိုက်မယ်၊ ပြီးရင်...
နင်းထောင်က သူမ၏နီရဲသောနှုတ်ခမ်းကို လျှာဖြင့်ဆွဲဆောင်မှုရှိစွာ သပ်လိုက်သည်။
"ဥထဲကနေ ထွက်လာတဲ့အခါ ရှင်ကကျွန်မကို အမေလို့ ခေါ်စေရမယ်"
ကျိယွမ်မှာ ငိုရမလို ရယ်ရမလိုဖြစ်သွားရသည်။ယခုကိစ္စက သားသမီးဝတ္တရားထက်ပင် ပုံမှန်မဟုတ်သော စိတ်ကူးပင်မဟုတ်ပါလား။
အဲဒါဆို ဘာလို့ တယောက်ျားတည်းယောက်ျားနေတာလဲ၊အစကတည်းက ငါ့သားလို့ခေါ်ပါလား။
ကျိယွမ်စိတ်ပေါက်ပေါက်နှင့်တွေးမိ၏။
"နင်တို့ NPC တွေက တကယ် ကောက်ကျစ်တာပဲ၊ရူးလည်း ရူကြတယ်"
နင်းထောင်သည် ကျိယွမ်၏ စကားကို နားမလည်သော်လည်း ဂရုမစိုက်ပါ။
ကျိယွမ် ယခင်က ပြောခဲ့သော စကားတစ်ချို့ကိုလည်း သူမ နားမလည်ခဲ့ချေ။
"ဒီနေ့ကစပြီး ရှင်က ကျွန်မရဲ့ရွှေရောင် ငှက်ကလေးဖြစ်လာလိမ့်မယ်"
"လှောင်အိမ်ထဲက ငှက်ကလေးပေါ့"
သူမသည် အားရကျေနပ်စွာဖြင့် ကျိယွမ်ထံသို့ လျှောက်လာ၏။
ကျိယွမ်သည် နင်းထောင်းအား ပျင်းရိစွာကြည့်ကာ ပြောလိုက်သည်။
"နှုတ်ဆက်ပါတယ်"
သူသည် ချက်ချင်းပင် ဂိမ်းထဲမှ ထွက်လိုက်တော့သည်။
ထျန်းရှင်နန်းတော်ထဲတွင် နင်းထောင်မှာ အံ့ဩစွာကျန်ခဲ့လေသည်။
"သူ ဘယ်ရောက်သွားတာလဲ"
သူမ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ လျင်မြန်စွာ ဖြတ်ပြေးသွားပြီး ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ပြီးမှ ပြန်လည်တည်ငြိမ်သွားသည်။
"သူ အိပ်ပျော်သွားတာလား"
..............
မြောက်ပိုင်း သွေးပင်လယ်တွင်ဖြစ်သည်။
မြောက်ပိုင်းသွေးပင်လယ်က အဆုံးမရှိသလိုကျယ်ပြောလှသော သမုဒ္ဒရာတစ်ခု ဖြစ်လေ၏။
ထို့အပြင် အဆုံးမရှိသော နတ်ဆိုးများကို မွေးထုတ်ပေးရာနေရာလည်းဖြစ်သည်။
ရုတ်တရက် သွေးပင်လယ်သည် ကြီးမားသောလှိုင်းကြီးများဖြစ်ပေါ်လာပြီး ဧရာမ နတ်ဆိုးမိကျောင်းကြီးတစ်ကောင်၏ ဦးခေါင်းကြီး ပေါ်လာခဲ့သည်။
မြောက်ပိုင်းသွေးပင်လယ်တွင် တပ်စွဲထားသော အဓိပတိနတ်ဆိုးများစွာ လျင်မြန်စွာ ထွက်ပေါ်လာကြသည်။
"နတ်ဆိုးမိကျောင်းအဓိပတိကို အရိုအသေပြုပါတယ်"
နတ်ဆိုးမိကျောင်းအဓိပတိသည် ပါးစပ်ကို ဖွင့်လိုက်ရာ များစွာသောပင်လယ်ရေများသည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ထဲသို့ တဝုန်းဝုန်း ဝင်ရောက်သွားသည်။
"သခင်က အမိန့်ပေးလိုက်တယ်၊ ကောင်းကင်က သတိပေးချက်အရ ၊ နတ်ဆိုးတစ်ကောင် လောကထဲဝင်လာပြီတဲ့"
"နတ်ဆိုးကို သတ်ရမယ်၊ ချက်ချင်းလုပ်"
အထွတ်အထိပ်တစ်ဦးက နားမလည်သလို ကြည့်ကာ မေးလိုက်သည်။
"ဒီနတ်ဆိုးရဲ့လက္ခဏာတွေက ဘာတွေလဲဆိုတာလေး"
"သွေးနတ်ဆိုး "
နတ်ဆိုးမိကျောင်းက ထိုမျှသာပြောပြီးနောက် သွေးပင်လယ်ထဲသို့ ပြန်လည် ငုပ်လျှိုးသွားသည်။
အသက်ရှူချိန်ရာပေါင်းများစွာ ကြာပြီးနောက် လှိုင်းထန်နေသောသွေးပင်လယ်သည် ငြိမ်သက်သွားလေ၏။
သို့သော် ကျန်နေခဲ့သောနတ်ဆိုးများမှတော့ မငြိမ်သက်နိုင်သေးပါ။အားလုံးက စိတ်ရှုပ်ထွေးကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စဥ်းစားနေရသည်။
"သွေးနတ်ဆိုးဆိုတာ ဘာကို ဆိုလိုတာလဲ"
"ဒါက ငါတို့နတ်ဆိုးမျိုးနွယ်တွေနဲ့ ဆက်စပ်နေတာလား"
"မသိဘူးလေ မင်းကငါ့ကိုမေးတော့ ငါကဘယ်သူ့ကိုပြန်မေးရမှာလဲ၊ဟိုကောင် မင်းရောသိလား"
"မသိဘူးလေ "
အထွတ်အထိပ်နတ်ဆိုးများက ထင်ကြေးအမျိုးမျိုးပေးကာ သုံးသပ်နေကြသည်။
သို့သော် သူတို့သည် နတ်ဆိုးမိကျောင်း အဓိပတိကို မေးရန်မရဲကြသလို သွေးပင်လယ်၏အနက်ရှိုင်းဆုံးနေရာမှရှိသော သခင်ကိုလည်း နှောင့်ယှက်ရန် မဝံ့ရဲကြပါ။
သခင်သည် အတိုင်းအဆမရှိသောသူ ဖြစ်သည်။
သူတို့သည် သူ၏စွမ်းအားကို အလွန်ကြောက်ရွံ့ကြရလေ၏။
..................
နောက်ရက်များတွင်လည်း ကျိယွမ်သည် ဂိမ်းထဲသို့ တစ်ခါတရံ ဝင်ရောက်ခဲ့သည်။
ကံမကောင်းစွာဖြင့် အကြိမ်တိုင်း၌ သူသည် နတ်ဆိုးဥထဲတွင် ပိတ်မိနေသည်။
သူက ဂိမ်းထဲသို့ဝင်နိုင်သော်လည်း ကစားနိုင်ခြင်းမရှိပါ။
ထို့အရာကို သူ့ကိုအလွန်စိတ်ပျက်စေသည်။
ပို၍ဆိုးသည်မှာ သူလိုပရိုပလေးယာတစ်ယောက်က ဂိမ်းထဲဝင်ပြီး NPC တစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရခြင်းက အင်မတန်ရှက်စရာ ဖြစ်သည်။
သို့သော် သူသည်အရေးကြီးသော အချက်အလက်များကိုတော့ စုဆောင်းရရှိခဲ့
သည်.
ဂိမ်းလောကနှင့်ကျိယွမ်နေထိုင်သော ကန်းလန်ကုန်းမြေတို့သည် အချိန်စီးဆင်းမှု အလွန်ကွာခြားသည်။
ကန်းလန်ကုန်းမြေမှတစ်ရက်သည် ဂိမ်းကမ္ဘာတွင် ဆယ်နှစ်နီးပါး ရှိလေ၏။
ထို့အပြင် နင်းထောင်ထံမှ ဂိမ်း၏နောက်ခံဇာတ်လမ်းကိုလည်း သိရှိခဲ့ရသည်။
ဂိမ်းကမ္ဘာကို လျူဖုန်းကုန်းမြေ (စီးဆင်းလေကုန်းမြေ) ဟု ခေါ်သည်။
ပို၍အရေးကြီးသော အချက်အလက်တစ်ခုရှိသေးသည်။
လျူဖုန်းကုန်းမြေတိုက်ကြီးတွင် ကျင့်ကြံသူများ သဘာဝအတိုင်းသေဆုံးသောအခါ... နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထိုအရာက ကျိယွမ် တိကျွဲ့နယ်မြေတွင် ကြုံတွေ့ခဲ့ရသော ပြင်ပနတ်ဆိုးများနှင့် အလွန်ဆင်တူသည်။
ထိုနတ်ဆိုးများသည် လျူဖုန်းကုန်းမြေကြီးမှ ဆင်းသက်လာခြင်းပင်ဖြစ်နိုင်မလားဟု သူ တွေးမိခဲ့လေ၏။
ထိုကိစ္စသာ မှန်နေပါက ကျိယွမ်အလွန်ဝမ်းသာမိမှာသေချာသည်။
အဘယ့်ကြောင့်ဆိုသော် ပြင်ပနတ်ဆိုးများအသုံးပြုခဲ့သောလမ်းကြောင်းကို ရှာဖွေကာ လျူဖုန်းကုန်းမြေမှတစ်ဆင့် ဝမ်ယုကုန်းမြေသိူ့ သူသွားနိုင်မည် မဟုတ်ပါလား။
လက်ရှိတွင် လျူဖုန်းကုန်းမြေတိုက်ကြီးကို မြောက်နှင့် တောင်ဟူ၍ ပိုင်းခြားထားသည်။
တောင်ပိုင်းမှ ကျင့်ကြံသူများကို နတ်ဆိုးသတ်သမားများဟု ခေါ်သည်။
တောင်ပိုင်း၏ ဥပဒေအရ ကျင့်ကြံသူများသည် နတ်ဆိုးများမပေါ်ပေါက်စေရန်အတွက် ၎င်းတို့၏သက်တမ်းမကုန်မီ သေဆုံးရမည် ဖြစ်သည်။
အကယ်၍နတ်ဆိုးများ ပေါ်လာပါက တောင်ပိုင်းကျင့်ကြံသူများသည် ၎င်းတို့ကို လိုက်လံ ဖမ်းဆီးကြရသည်။
မြောက်ဘက်တွင်တော့ ထိုသို့သော ကန့်သတ်ချက်များ မရှိပါ။ ကျင့်ကြံသူများသည် သဘာဝအတိုင်း သေဆုံးနိုင်ပြီး နတ်ဆိုးများ ပေါ်ပေါက်လာနိုင်သည်။
ဤကွဲပြားသောဥပဒေများကြောင့် မြောက်နှင့် တောင်တို့သည် အကြီးအကျယ် ကွဲပြားခြားနားသွားကြသည်။
တောင်ပိုင်းတွင် သာမန်လူများသည် ကောင်းမွန်စွာ နေထိုင်ရသော်လည်း ကျင့်ကြံသူများက အချိန်မတိုင်ခင် သေပေးရသည်။ထို့ကြောင့် သက်တမ်းစေ့နေချင်သော ကျင့်ကြံသူအများအပြားသည် မြောက်ပိုင်းသို့ ထွက်ပြေးကြလေသည်။
မြောက်ပိုင်းတွင်မူ နတ်ဆိုးများလွှမ်းမိုးနေပြီး သာမန်လူများအတွက် နေရာလွတ် မရှိသလောက်ပင် ဖြစ်သည်။ ရှိသောအနည်းငယ်တို့မှာလည်း အသက်ရှင်ရပ်တည်ရန်အတွက် ကျင့်ကြံသူများကို အလုပ်အကျွေး ပြုရသည်။
ဤသို့ဖြင့် မြောက်နှင့်တောင်တို့သည် ရန်ဘက်များဖြစ်နေကြပြီး အချင်းချင်းတွေ့ရာသခ်ျိုင်း ဓားမဆိုင်းသတ်ဖြတ်ကြ၏။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာနီးပါးက မြောက်နှင့်တောင်သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
စာချူပ်အရ တောင်နှင့် မြောက်တို့သည် သေရေးရှင်ရေးအဆုံးအဖြတ်တိုက်ပွဲတွင် ပါဝင်ကြရမည် ဖြစ်သည်။
ဗဟိုလွင်ပြင်တွင် မြို့ပေါင်း ၁၀၈,၀၀၀ ကို တည်ဆောက်ထားပြီး မြို့များကို တောင်ပိုင်း မှဂိုဏ်းများနှင့်တိုင်းပြည်များက ထောက်ပံ့ထားသည်။ ထိုမြို့များကို ကာကွယ်ရန် ကျင့်ကြံသူများကိုလည်း စေလွှတ်သည်။
ထိုမြို့ပေါင်း ၁၀၈,၀၀၀ သည် မြောက်ပိုင်း၏ ဘုရင် ၁၇ ပါး ဦးဆောင်သော နတ်ဆိုးစစ်တပ်နှင့် တိုက်ပွဲဆင်နွှဲရမည် ။
မြို့များကျဆုံးပါက တောင်ပိုင်းသည် ၎င်း၏နယ်မြေကို ဆုံးရှုံးရမည် ဖြစ်သလိုမြောက်ဘက်လက်အောက်သို့ ဝင်ရောက်ရမည်။
နတ်ဆိုးစစ်တပ်ရှုံးနိမ့်ပါက မြောက်ဘက်သည် တောင်ဘက်သို့ ပြန်လာပြီး နတ်ဆိုးဘေးအန္တရာယ်ကို ပူးပေါင်း ရင်ဆိုင်ကြရမည်ဖြစ်သည်။
ယခုဆိုလျှင် မြောက်နှင့်တောင်စာချုပ်အရ တိုက်ခိုက်နေသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့လေပြီ။
တောင်ဘက်၏အခြေအနေမှာ နေ့စဥ်ဆိုးရွားနေ၏။
"သာမန်လူတွေက အသုံးချခံပစ္စည်းတွေ ဖြစ်နေတဲ့ကမ္ဘာမှာ မြောက်ဘက်က တောင်ဘက်ကို အနိုင်ယူဖို့အကြောင်းဖန်လာပြီ"
ကျိယွမ် သက်ပြင်းချမိသည်။
၎င်းသည် လူ့သဘာဝပင် ဖြစ်လေသည်။
ပြင်ပနတ်ဆိုးက "ငါ့မိသားစုအတွက် ငါ့သွေးတွေ ချောင်းစီးအောင် စီးဆင်းတဲ့အထိ တိုက်ခိုက်ပေးခဲ့တာကို၊ အသက်ကြီးမှ အေးအေးဆေးဆေး အနားယူခွင့်လေး မရှိသင့်ဘူးလား" ဟု ပြောခဲ့သလိုပင်ဖြစ်သည်။
နင်းထောင်ကတော့ သူမ၏အစီအစဥ်အတိုင်းကျိယွမ်၏မှတ်ဉာဏ်များကို ချိတ်ပိတ်ရန်ကြိုးစားသည်။သို့သော်အကျိုးသက်ရောက်မှု မရှိချေ။
ကျိယွမ်ကတော့ အကျဥ်းသားဘဝနှင့်သာရှိနေဆဲဖြစ်ပြီး ဂိမ်းကိုယခုအချိန်ထိ မကစားနိုင်သေးပါ။
သို့သော် သူသည် နင်းထောင်ကို မမုန်းခဲ့ပေ။
သူမကြောင့်သာ ဂိမ်းထဲသို့ စောစောစီးစီးဝင်ရောက်နိုင်ခဲ့ပြီး ဂိမ်း၏နောက်ခံအခြေအနေကို ကြိုတင် နားလည်ခဲ့ခြင်းပင်။
ဝမ်ယုကုန်းမြေဂိမ်းအား ကစားစဥ်ကလို ဘုမသိဘမသိဖြင့် မှန်းဆနေရသောအဖြစ်မျိုး သူမကြုံချင်တော့ပါ။
ထို့အပြင် သူမသည် ဂိမ်း၏နောကိခံအရ ထညိ့သွင်းထားသော NPC တစ်ဦးမျှသာ ဖြစ်လေသည်။
........
"စီနီယာအစ်ကိုကြီးကျိယွမ်ကို ဂိုဏ်းချုပ်က ခေါ်နေပါတယ်"
အဖြူရောင် ကြိုးကြာငှက်တစ်ကောင် သစ်သားအိမ်အပြင်ဘက်သို့ ဆင်းသက်လာပြီး သတင်းစကားကို ပို့လာ၏။
"ဂိုဏ်းချုပ်လား"
ကျိယွမ် မျက်မှောင်ကျုံ့သွားသည်။
ကောင်းကင်နဂါးလျို့ဝှက်နယ်မြေမှပြန်လာကတည်းက မကြာခဏဆိုသလို သူ့အားအနီးကပ်စိုက်ကြည့်ခံနေရသလို ကျိယွမ်ခံစားနေရသည်။
ထိုအရာက ဂိုဏ်းချုပ်နှင့် ဆက်စပ်နေပုံရလေ၏။
"လာပြီ"
ကျိယွမ်သည် သူ့၏နောက်မှ သတို့သမီးလေးကိုပါ ခေါ်လိုက်သည်။
"သတို့သမီးလေး သွားကြစို့"
သူမသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ချီယွမ်၏ရင်ဘတ်ထဲသို့ ပေါင်းစည်းသွားသည်။
အဖြူရောင်ကြိုးကြာငှက် နောက်သို့ လိုက်ခဲ့ရာ ဂိုဏ်းအတွင်းရှိ ရေကန်ဘေးတွင် ဂိုဏ်းချုပ်ကြီးကုမူကျန့်ကျွမ်း ကို တွေ့သည်။
ကုမူကျန့်ကျွမ်းသည် ကျိယွမ်ကို တည်ငြိမ်စွာကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလေသည်။
"ငါ့မှာ မင်းအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရှိတယ်၊ ဒါပေမဲ့ မင်းက ငါ့ရဲ့ စမ်းသပ်မှုကို အရင်ကျော်ဖြတ်ရမယ်"
ယခင်ကဆိုလျှင်တော့ ကျိယွမ်သည် စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ ငြင်းပယ်ခဲ့ပေမည်။
သို့သော် ယခုအခါ တိုင်းပြည်တစ်ရာ သွေးစစ်ပွဲနှင့်အလင်းနန်းတော်၏ ခြိမ်းခြောက်မှုက သူ့ခေါင်းပေါ်တွင် ဇောက်ထိုးချည်ထားသော ဓားကြီးများသဖွယ်ရှိနေသည်။
သူ၏ခွန်အားကို မြှင့်တင်ရန် အခွင့်အရေးများ လိုအပ်သည်။
အလင်းနန်းတော်ကို ရင်ဆိုင်ရန် အမြုတေအား ဖွဲ့စည်းမှကိုရတော့မည်။
အကယ်၍ အမြုတေအဆင့်နှင့်ပင် မလုံလောက်ပါကစိတ်ဝိညာဥ်အဆင့်ကိုပင် ကြိုးပမ်းရမည်ဖြစ်လေသည်။
"ဟုတ်ကဲ့ ၊ကျွန်တော် သဘောတူပါတယ်"
ကျိယွမ် ချက်ချင်းသဘောတူလိုက်သည်။
"ငါနဲ့ လိုက်ခဲ့"
ကုမူကျန့်ကျွမ်းက ကျိယွမ်ကို မြှောက်လိုက်ပြီး စိတ်ဝိညာဉ်လေဖြင့်ဆွဲယူကာ ပျံသန်းလိုက်၏။
ပျံသန်းနေစဉ်တွင် ကုမူကျန့်ကျွမ်းသည် ချီယွမ်အား မျက်နှာဖုံးတစ်ခု ပေးလိုက်သည်။
"ဒါကို ဝတ်ထား၊ မင်းရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖော်ထုတ်မပြနဲ့"
ကျိယွမ်သည် စကားကိုလိုက်နာပြီး မျက်နှာဖုံးကို ဝတ်ဆင်လိုက်ရာ မျက်နှာဖုံးသည် သူ၏မျက်နှာကိုသာမက သူ၏ ပုံပန်းသဏ္ဍာန်ကိုပါ ဖုံးကွယ်ပေးထားသည်။
သူတို့ ခဏတာပျံသန်းပြီးနောက် အလင်းတန်းတစ်ခု ထပ်မံ ပေါ်လာပြီး မျက်နှာဖုံးစွပ်အမျိုးသမီးတစ်ဦးရောက်ရှိလာသည်။
ထိုအမျိုးသမီးသည် ကျိယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ကုမူကျန့်ကျွမ်းအား ရင်းနှီးစွာမှီလိုက်ပြီး"အချစ်" ဟု တိုးတိုးလေး ခေါ်သည်။
ကုမူကျန့်ကျွမ်းကလည်း အမျိုးသမီးကို ပွင့်ပွင့်လင်းလင်း ပွေ့ဖက်လိုက်ပြီး ချီယွမ်ကိုပင် တစ်ချက်ကြည့်သည်။
ကျိယွမ်မှာ ပြောစရာစကားများပင် ပျောက်ဆုံးသွားလေ၏။
ထိုအမျိုးသမီးသည် သာ့ရှန်းဧကရီဖြစ်ပြီး စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်သည်ကို သူက သိနေသည်မဟုတ်ပါလား။
သို့သော်လည်း ကျိယွမ်က မသိလိုက်ဘာသာဖြင့် ရှေ့မျက်နှာ နောက်ထားကာ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။
သုံးနာရီခန့်ကြာပြီးနောက် သူတို့သည် ချိုင့်ဝှမ်းတစ်ခုသို့ရောက်လာပြီး ဆင်းသက်လိုက်ကြသည်။
ကျိယွမ်သည် အားကောင်းသော စွမ်းအင်ကိုးခုကို အာရုံခံမိသည်။အားလုံးမှာ စိတ်ဝိညာဥ်အဆင့်များ ဖြစ်ကြသည်မှာ သံသယရှိစရာမလိုပေ။
သူတို့ရောက်ရှိသွားလျှင် အဘိုးအိုတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။
"စိတ်ဝိညာဥ်အဆင့်ကိုးယောက်လုံး ရောက်လာကြပြီလား"
စကားပြောသူမှာ တုတ်ကောက်ကို ကိုင်ဆောင်ထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။
သိသိသာသာခါးကုန်းနေသော အဘွားအိုတစ်ဦးက ထက်မြက်သောအသံဖြင့် ဝေဖန်လိုက်သည်။
"စိတ်ဝင်စားစရာပဲ၊ ဖိနပ်မပါတဲ့ ဘုန်းကြီးကနှစ်ပါးဖြစ်နေပါလား၊စိတ်ဝိညာဥ်အဆင့် ကိုးယောက်ထင်ထားတာ ၊ ဆယ်ယောက်ဖြစ်နေတယ်"
ချက်ချင်းဆိုသလို ဖိနပ်မစီးထားသော ဘုန်းကြီးနှစ်ပါးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြသည်။
"ငါကမှ ခြေဗလာဘုန်းကြီးအစစ်ပဲ"
"မင်းက ဘယ်သူလဲ၊ ငါ့ကို ဟန်ဆောင်နေတာလား"
ကျိယွမ်သည် သူတို့နှစ်ဦးအား တစ်ချက်ကြည့်လိုက်၏။ထို့နောက် စိတ်ဝိညာဥ်အဆင့်ကိုးယောက်လုံးကို အစဥ်အတိုင်းကြည့်လိုက်ကာ နောက်ဆုံးတွင် ခါးကုန်းနေသောအဘွားအိုကို ကြည့်သည်။
[သာမန် ကျင့်ကြံသူ၊ အမြဲတမ်း ခြေဗလာ၊ မကြာခဏ ဟန်ဆောင်ခံရ၊ တစ်ခါတစ်ရံ သူ့ကိုယ်သူ ဟန်ဆောင်သည်]
"ငမ်"
ကျိယွမ်မှာ ဒုတိယမ္ပိ စကားမဲ့သွားရသည်။
ဒါဆိုဟိုဘုန်းကြီးနှစ်ယောက်လုံးက အတုတွေပေါ့၊ဒါကိုသိရဲ့သားနဲ့ အဘွားကြီးကလည်း ဘာမှမပြောဘူး၊ဒီအဖွဲ့ကလည်း မကြီးမငယ်တွေနဲ့ ခပ်ရှုပ်ရှုပ်ထင်တယ်။
ထိုအခိုက်နောက်ထပ်လူများရောက်ရှိလာပြီး အမြုတေအဆင့်များလည်း ပါဝင်လာသည်။
တာဝန်ခံအဘိုးအိုက ကျိယွမ်ကို စူးစိုက်ကြည့်လိုက်သည်။
"သူ့ကိုပါဝင်ခိုင်းဖို့ တကယ်သေချာရဲ့လား"
ကုမူကျန့်ကျွမ်က ခေါင်းညိတ်သည်။
"သေချာတယ်"
ခေါင်းဆောင်အဘိုးအိုက ဘာမှ ထပ်မပြောတော့ပါ။
အခြားသူများ အထူးသဖြင့် အမြုတေအဆင့်ကျင့်ကြံသူများက အံ့အားသင့်သွားကြပြီး ကျိယွမ်အား မည်သူမည်ဝါဖြစ်နိုင်ကြောင်း စူးစမ်းလာကြ၏။
ယနေ့ ကြုံတွေ့ရမည်အခြေအနေက အမြုတေအဆင့်များအတွက်ပင် အန္တရာယ်ရှိနေသည်ဖြစ်ရာ အခြေတည်အဆင့်လေးက ဤနေရာတွင် ဘာလာလုပ်နေသနည်းဟု တွေးမိနေကြသည်။
ခေါင်းဆောင်အဘိုးအိုက ဆက်လက်ပြောကြားလာသည်။
"ဒီကနေ မိုင်တစ်ရာအကွာမှာ နတ်ဆိုးတစ်သောင်းတောင်တန်း ရှိတယ်"
"ငါ မဟူရာကြက်မိစ္ဆာအဘိုးကြီးနတ်ဆိုးရဲ့ လှိုဏ်ဂူကို ရှာတွေ့ပြီ"
"ဗျာ"
ကျိယွမ်မှာ တတိယအကြိမ်မြောက် မျက်လုံးပြူးသွားရလေတော့သည်။
----------