← Chapters

အခြေတည်အဆင့်ဟုခေါ်သည်

Vol. 7 Ch. 95

အခြေတည်အဆင့်ဟုခေါ်သည်

Vol. 7 Ch. 95

မဟူရာကြက်မိစ္ဆာအိုကြီးအကြောင်း ကြားလိုက်ရသောအခါ ကျိယွမ်၏စိတ်ထဲ၌

တင်းကျပ်သွားသည်။

မဟူရာကြက်မိစ္ဆာကြီးသည် ကျိယွမ်၏ခေါင်းပေါ်တွင် ဇောက်ထိုးဆွဲထားသောဓားကြီးတစ်ချောင်းသဖွယ် အမြဲတမ်းရှိနေသည်ဟု ပြောနိုင်၏။

စိတ်ဝိညာဥ်အလယ်အလတ်အဆင့်ရှိပြီး မကြာမီစိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်သို့ တတ်ရောက်နိုင်တော့မည်ဟု ယူဆနေကြသောထိုသူသည် ကျိယွမ်ကို ကြီးမားသောဖိအားများ ပေးနေသည်။

ယခုအချိန်မှာတော့ ဤနေရာ၌ စိတ်ဝိညာဥ်အဆင့်ကိုးယောက်တိတိရှိနေသည်ကို မြင်ရသောအခါ ကျိယွမ်၏စိတ်လှုပ်ရှားမှုက အနည်းငယ်သက်သာသွားသည်။

အဆင့်တူအချင်းချင်း ကိုးယောက်တစ်ယောက်ကိုတော့ ဒီအဘိုးကြီးမနိုင်လောက်ဘူးလို့ ထင်ရတာပဲ။

ထိုအချိန်မှာပင် တုတ်ကောက်ကိုင်ထားသောအဘိုးအို၏ အသံထွက်ပေါ်လာသည်။

"မဟူကြက်မိစ္ဆာအိုကြီးက နတ်ဆိုးကျင့်ကြံသူဖြစ်ပြီး ငါတို့သာ့ရှန်းတိုင်းပြည်ရဲ့ ကျင့်ကြံခြင်းလောကကိုဖျက်ဆီးနေတဲ့သူပဲ၊သူက ကျင့်ကြံသူများစွာနဲ့သာမန်လူတွေကို ထင်သလိုသတ်ဖြတ်ခဲ့တယ်၊နောက်လည်းသတ်နေဦးမှာပဲ"

"သူက အထွတ်အထိပ်အဆင့်ကိုရောက်တော့မယ်လ်ု့လည်း သတင်းတွေရခဲ့တာကြောင့် သူနေတဲ့နေရာကိုရှာဖွေခဲ့ပေမဲ့ အခုမှပဲသိရတယ်၊သူ့ကိုအထွတ်အထိပ်အဆင့်က်ုတတ်ခွင့်ပေးလို့မရဘူး၊ဒါကြောင့် သာ့ရှန်းအတွက် ငါတို့အားလုံးပေါင်းပြီး သူ့ကိုရှင်းလင်းပစ်ရမယ်၊သဘောတူကြလား"

အဘိုးအို၏အသံအဆုံး၌ အခြားသူများက တုန့်ပြန်ကြသည်။

"မဟူရာကြက်မိစ္ဆာအိုကြီးကို သုတ်သင်ပြီး ကျင့်ကြံသူအားလုံးအတွက် တရားမျှတမှုကို ထိန်းသိမ်းရမယ်"

"ငါတို့အားလုံး ကြက်မိစ္ဆာကြီးကို သတ်ရမယ်"

"အားလုံးသဘောတူပါတယ်"

စိတ်ဝိညာဥ်အဆင့်အားလုံးက သဘောတူကြောင်း ဖြေလိုက်ကြ၏။

အမြုတေအဆင့်များမှာလည်း သာ့ရှန်း၏ဂန္ဓဝင်လူဆိုးကြီးတစ်ဦးနှင့် ရင်ဆိုင်ရတော့မည်မို့ စိတ်လှုပ်ရှားနေကြသည်။

ကျိယွမ်လည်း အနည်းငယ်စိတ်လှုပ်ရှားမိလေ၏။သို့သော် စိတ်ဝိညာဥ်အဆင့် ၉ ယောက်အထိရှိနေသောကြောင့် မဟူရာကြက်မိစ္ဆာအိုကြီးအနေဖြင့် သေဖို့သေချာသလောက်ပင်။

ထိုအချိန်မှာပင် သူ၏နားထဲသိူ့ အသံလှိုင်းတစ်ခုရောက်လာသည်။

"မဟူရာကြက်မ်စ္ဆာအ်ုကြီးမှာ အမြုတေအဆင့်နဲ့အခြေတည်အဆင့်ရှိတဲ့ တပည့်တွေနဲ့နောက်လိုက်အများကြီးရှိတယ်၊မင်းဘာသာဘယ်နည်းကိုပဲသုံးသုံး အမြုတေအဆင့်တစ်ယောက်ကိုသတ်နိုင်ရင် ငါ့စမ်းသပ်မှုကို အောင်မြင်တယ်လို့သတ်မှတ်မယ်၊ဒီတိုက်ပွဲအရမ်းအန္တရာယ်များတာကြောင့် မင်းအနေနဲ့အခုနောက်ဆုတ်မယ်ဆိုလည်း ရသေးတယ်"

"မလိုပါဘူး"

ကျိယွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

သူက နောက်ဆုတ်စရာအကြောင်းမရှိပါ။

ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေတွင် သူသည် အမြုတေအဆင့်များကို ရာနှင့်ချီကာ တစ်အုပ်တမကြီးခုတ်သတ်ခဲ့သူဖြစ်သည်။ထိုကြောင့် အမြုတေအဆင့်ဆိုသည်မှာ သူအတွက် ထမင်းစားရေသောက်အဆင့်သာရှိသည်။

မဟူရာကြက်မိစ္ဆာအိုကြီးကို စိတ်ဝိညာဥ်အဆင့် ၉ ဦးကကိုင်တွယ်မည်ဖြစ်သောကြောင့် ကျိယွမ်အတွက်စိတ်ပူစရာ သိပ်မရှိတော့ပါ။

"ကောင်းပြီလေ၊အမြုတေအဆင့်တစ်ဦးကိုသတ်နိုင်သရွေ့ မင်းစမ်းသပ်မှုကို အောင်မြင်ပြီ။ပြီးရင် မင်းနဲ့ ကိစ္စတစ်ခု ဆွေးနွေးပြီးတော့ မင်းသဘောတူရင် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ပေးမယ်၊ မင်း ငြင်းပယ်ရင်လည်း အခြားအခွင့်အရေးတစ်ခု ထပ်ပေးမှာပါ"

ကျိယွမ်က လက်ခံလိုက်သည်။

ထို့နောက်အမွှေးတိုင်တစ်တိုင်စာခန့်အချိန်ယူကာ အစီအစဥ်တချို့ကိုဆွေးနွေးကြ၏။နောက်ဆုံးတွင် အားလုံးသဘောတူကြောင်းကို စိတ်ဝိညာဥ်အဆင့်များက လက်မှတ်ထိုးခဲ့ကြသည်။သို့သော် အမြုတေနှင့်အခြေတည်အဆင့်များကတော့ လက်မှတ်ထိုးရန်မလိုအပ်ခဲ့ချေ။

"သွားကြစို့"

တုတ်ကောက်ကိုင်ထားသော အဘိုအိုက လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ကျင့်ကြံသူနှစ်ဆယ်ကျော်ကို ဖုံးကွယ်ခြင်းမန္တာန်ဖြင့် ဖုံးကွယ်ကာ ခေါ်ဆောင်သွားလေသည်။

သူက နတိဆိုးတစ်သောင်းတောင်တန်း၏အတွင်းပိုင်းအထိ အချိန်ကြာကြာပျံသန်းပြီးနောက် တစ်နေရာတွင် ဆင်းသက်လိုက်၏။

"ဒီနေရာကို နတ်ဆိုးခြောက်ကောင်ဂူလို့ ခေါ်ပြီး ဝင်ပေါက်ခြောက်ခုရှိတယ်။ငါတို့က အလယ်ဂူကိုဝင်ပြီး မဟူရာကြက်မိစ္ဆာကြီးဆီကိုတည့်တည့်သွားရမယ်"

စိတ်ဝိညာဥ်အဆင့်ကိုးဦးလုံး သဘောတူလိုက်ကြပြီး အလယ်ဂူပေါက်ထဲသို့ လျှင်မြန်စွာ ဝင်ရောက်သွားကြလေ၏။

အပြင်တွင် အမြုတေအဆင့်များနှင့် ကျိယွမ်သာကျန်ခဲ့သည်။

အမြုတေအဆင့်တစ်ဦးက အကြံပြုလိုက်သည်။

"ဝင်ပေါက်ငါးခုကျန်သေးတယ်၊ငါတို့က လူ ၁၃ ယောက်ဆိုတော့ အဖွဲ့ ၅ ဖွဲ့ခွဲပြီး ဝင်ကြရအောင်၊မြန်မြန်လေး လုပ်ကြ"

သူတို့ကတစ်ဦးနှင့်တစ်ဦးအကဲခတ်ရင်း အဖွဲ့ငါးဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းကြသည်။

သို့သော် ကျန်သောအဖွဲ့ လေးဖွဲ့တွင် ၃ ယောက်စီပါဝင်ပြီး အဆင်ပြေသော်လည်း နောက်ဆုံးတစ်ဖွဲ့တွင် လူတစ်ဦးတည်းသာရှိလေသည်။

ထိုသူကတော့ ကျိယွမ်ပင်။

အခြေတည်အဆင့်သာရှိသောကြောင့် မည်သူကမှသူနှင့်မပူပေါင်းချင်ကြပေ။ယခုတာဝန်က အလွန်အန္တရာယ်များသောကြောင့် အခြေတည်အဆင့်တစ်ဦးကို ကာကွယ်နေရလျှင် အနှောက်အယှက်ဖြစ်လာနိုင်၏။

ထို့အပြင် ယခုလိုအရေးကြီးတာဝန်များတွင်ပါဝင်ခွင့်ရသော အခြေတည်အဆင့်မှာ သာမန်တပည့်မဟုတ်နိုင်ချေ၊ဂိုဏ်းချုပ်များ၏ အခွင့်ထူးခံများဖြစ်နိုင်သည်၊မိမိတို့အဖွဲ့ထဲတွင် သေဆုံးသွားပါက မကာကွယ်ရကောင်းလားဟု စိတ်ဝိညာဥ်အဆင့်များက ဒေါသထွက်နိုင်သောကြောင့် သူတို့ကမပူးပေါင်းလိုကြခြင်းလည်းဖြစ်သည်။

ကျိယွမ်ကတော့ ထူးထူးခြားခြားခံစားချက်မရှိပါ။မဖြစ်မနေဆိုလျှင် သူကနတ်ဆိုးတစ်သောင်းတောင်တန်းတစ်ခုလုံးကိုပင် တစ်ယောက်တည်းဝင်ချမည့်သူမျိုးဖြစ်သည်။ထို့ကြောင့် ယခုကိစ္စက အရေးမကြီးချေ။

ထိုအချိန်တွင် အိုမင်းသောအသံတစ်ခုထွက်ပေါ်လာသည်။

"ငါ ဒီလူငယ်လေးနဲ့ အဖွဲ့ဖွဲ့ပါမယ်"

အနက်ရောင်ဝတ်စုံနှင့်အဘိုးအိုကြီးတစ်ဦးက ကျိယွမ်ဆီသို့ လျှောက်လာ၏။ ကျန်သောသူများကတော့ အဘိုးအိုအား ဆိုးသည်ကောင်းသည်မှတ်ချက်မပေးဘဲ တိတ်ဆိတ်နေကြသည်။

"ဒါဆို အဆင်ပြေပြီ၊ ဂူထဲကို ဝင်ကြစို့"

အဖွဲ့ငါးဖွဲ့သည် သက်ဆိုင်ရာဂူဝင်ပေါက်များသို့ လျှင်မြန်စွာ ဝင်ရောက်သွားကြလေ သည်။

ကျိယွမ်နှင့် အနက်ရောင်ဝတ်စုံအဘိုးအိုတို့လည်း ဂူပေါက်တစ်ခုထဲသို့ရောက်ရှိလာ၏။

ဂူအတွင်းပိုင်းတွင်အလင်းရောင် မှိန့်ဖျော့နေသော်လည်း ဂူကအချင်းမီတာ၂၀ ခန့်ရှိသောကြောင့် ကျယ်ဝန်းသည်ဟုဆိုနိုင်သည်။ဂူ၏ထူးခြားချက်မှာ မြေမျက်နှာပြင်ရှိကျောက်သားများမှ အလွန်မာကျောနေခြင်းဖြစ်လေ၏။

ထိုအခိုက် အဘိုးအိုက ကျိယွမ်အားကြည့်လျှက် အလွန်ယဥ်ကျေးစွာပြောသည်။

"ဒီအဘိုးကြီးရဲ့နာမည်က လျူပါ၊အမြုတေအလယ်အလတ်အဆင့်၊အန္တရာယ်ကြုံရင် အချင်းချင်းကူညီကြတာပေါ့"

အဘိုးအိုက အလွန်ယဥ်ကျေးစွာပြောဆိုတတ်သူဖြစ်နိုင်၏။

အချင်းချင်းကူညီကြမယ်ဟု ပြောသော်လည်း လက်တွေ့တွင် သူကကျိယွမ်ကို ကာကွယ်ပေးမည်ဟုဆိုလိုခြင်းသာဖြစ်သည်။

အမြုတေအဆင့်ပင်မနိုင်သော အန္တရာယ်ကို အခြေတည်အဆင့်က မည်သို့ဖြေရှင်းပေးနိုင်မည်နည်း။

အဘိုးအိုလျူသည် ကျိယွမ်နှင့် ဆက်ဆံရေး တည်ဆောက်ရန် ဤသို့ပြောခြင်းဖြစ်သည်။

ကျိယွမ်က ခေါင်းညိတ်ပြသည်။

"ကောင်းပါပြီ"

လျူ၏ မျက်နှာပေါ်တွင် လေးစားသောအမူအရာပေါ်လာ၏။

သူသည် အမြုတေအဆင့်သို့ရောက်ရှိရန်နှစ်ပေါင်းများစွာရုန်းကန်ခဲ့ရသော တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်သည်။သာ့ရှန်းတိုင်းပြည်မှာတော့ အမြုတေအလယ်အလတ်အဆင့်တစ်ဦးသည် အားကောင်းသည့်သူများထဲ၌ ပါဝင်၏။

သို့သော် စိတ်ဝိညာဥ်အဆင့်ရှိသောဂိုဏ်းကြီး များ၊ အလယ်အလတ်ဂိုဏ်းများနှင့် နှိုင်းယှဉ်လျှင် သူသည် ဘာမှမဟုတ်ပေ။

ယခုဆိုလျှင် သူကအသက်ကြီးလာပြီဖြစ်သလို ကြည့်ရှုစရာကလေးများစွာလည်း ရှိသည်၊ထို့ကြောင့် နောင်ရေးအတွက် သူသည် အလားအလာပါရမီရှိသောကျင့်ကြံသူများနှင့် ဆက်ဆံရေးတည်ဆောက်ချင်နေခဲ့သည်။

ထို့ကြောင့် သူသည်ကျိယွမ်နှင့်အဖွဲ့ဖွဲ့ရန် အန္တရာယ်ကို စွန့်စားခဲ့ခြင်းပင်။ သူသည် မည်သို့အခြေအနေဖြစ်ပါစေ ကျိယွမ်ကို ကာကွယ်ရန် ဆုံးဖြတ်ထား၏။ပြောရလျှင် သူသည် လောင်းကစားတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်လေသည်။

သူရွေးချယ်လိုက်သောပါရမီရှင်က ကျေးဇူးမသိသူ သို့မဟုတ် မောက်မာရက်စက်သူဖြစ်ပါက လျူ၏လောင်းကစားသည် ရှုံးနိမ့်သွားမည်မှာသေချာ၏။

သူတို့သည်အတွေးကိုယ်စီဖြင့် ဂူအတွင်းပိုင်းသို့ လျှင်မြန်စွာပျံသန်းဝင်ရောက်နေသည်။

"ဘယ်သူလဲ၊မင်းတို့က ဘာကောင်တွေမို့လို့ နတ်ဆိုးခြောက်ပါးဂူထဲ ကျူးကျော်ဝင်ရောက်ရဲတာလဲ"

အေးစက်သောအော်ဟစ်သံတစ်ခုက ရှေ့မှ ထွက်ပေါ်လာသည်။

အခြေတည်အဆင့်သုံးဦးသည် မှော်လက်နက်များကို ကိုင်ဆောင်လျှက် ကျိယွမ်နှင့်လျူတို့အား ပိတ်ဆို့ထားသည်။

ခေါင်းဆောင်၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းပြီး သတ်ဖြတ်လိုစိတ်နှင့်အတူ ပြင်းထန်သောသွေးနီရောင်အော်ရာများ ပြည့်နှက်နေသည်။သေချာပေါက် လူသတ်မှုပေါင်းများစွာကို ကျူးလွန်ထားခဲ့သူဖြစ်သည်။

လျူသည် ချက်ချင်းတိုက်ခိုက်ခြင်းမပြုဘဲ ကျိယွမ်၏ တုံ့ပြန်မှုကို စောင့်ကြည့်ရန်စိတ်ကူးလိုက်၏။

အခြေတည်အဆင့်အစောင့်များသည် ပါရမီရှင်လူငယ်တစ်ယောက်အတွက် ဘာမှအရေးမပါပေ။ထိုသူများကို သတ်ကူခြင်းလောက်က ကျိယွမ်၏ ကျေးဇူးတင်မှုကို မရရှိနိုင်လောက်ဟု သူကတွေးမိသည်။

ထိုအချိန်မှာပင် ခေါင်းဆောင်ဖြစ်သူက အေးစက်စွာမေးလိုက်၏။

"ပြောစမ်း မင်းတို့ဘယ်သူတွေလဲ"

ကျိယွမ်က ရှေ့သို့တိုးသွားပြီး ဖြေလိုက်သည်။

"မင်း အဘိုးတွေလေ"

စကားဆုံးသည်နှင့် သူကလက်သီးတစ်ချက် ထိုးထည့်လိုက်သည်။

"ဗုန်း"

အခြေတည်အဆင့်သုံးယောက်မှာ ဒေါသကြီးစွာတိုက်ခိုက်ရန် လက်မြှောက်ရုံသာရှိသေးသည်။ ဖုန်မှုန့်များဖြစ်ကုန်၏။

သူတို့ရှေ့မှ လူ ၃ ယောက်သည် လုံးဝမရှိခဲ့သလို ပျောက်ကွယ်သွားတော့သည်။

လျူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

အခြေတည့်အဆင့်သုံးယောက်ကို လက်သီးတစ်ချက်တည်းနဲ့ ထိုးချေပစ်တာလား။

အမြုတေအလယ်အလတ်အဆင့်ဖြစ်သော လျူပင် ဤမျှလွယ်ကူစွာ မပြုလုပ်နိုင်ပါ။

မည်သည့်ရတနာ၊မည်သည့်လက်နက်မှ မပါဘဲ၊လက်ချည်းသပ်သပ် ထိုးပစ်တာ။ဒါက ခွန်အားသပ်သပ်နဲ့မရဘူး ၊ပါရမီ..ပါရမီရှင်ပဲ။

သာ့ရှန်းတိုင်းပြည်၏ ထိပ်သီးပါရမီရှင် ၁၀ ဦးပင် ဤမျှမစွမ်းနိုင်ပေ။

လျူ၏ရင်ထဲ၌ တဒိတ်ဒိတ်ခုန်နေသည်။ သူ၏ အလောင်းအစားက မှန်ကန်ခဲ့လေပြီ။

"မင်းရဲ့ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလွန်းလို့ ငါတောင်ရှက်မိတယ်"

လျူက လှိုက်လှိုက်လှဲလှဲ ချီးမွမ်းသည်။

အမှန်တော့ သူကနှိမ့်ချစွာ ပြောလိုုက်ခြင်းဖြစ်သည်။အမြုတေအဆင့်တစ်ဦး၏အပြင်းထန်ဆုံးလက်နက်မှာ သူတို့၏အမြုတေ ဖြစ်သည်။

ထိုအရာကိုအသုံးပြုလိုက်သည်နှင့် အခြေတည်အဆင့်ရန်သူများမှာ အသက်ရှင်ရန်အခွင့်အရေးမရှိတော့ပါ။

"ဒါကဘာမှ မဟုတ်ပါဘူး၊ကျွန်တော့်မိတ်ဆွေအမျိုးသမီးတစ်ယောက်လည်း အခြေတည်အဆငိ့ပဲ၊သူက ကျွန်တော့်ထက်အများကြီး ပိုအားကောင်းတယ်"

ကျိယွမ်ကရေခဲတောင်သခင်မကို ဆိုလိုခြင်းဖြစ်သည်။

နောက်ထပ်ချီးမွမ်းရန်ပြင်နေသော လျူမှာ ဘာဆက်ပြောရမည် မသိဖြစ်သွား၏။

ဒီလောက်ကြီးပြင်းထန်နေတဲ့သူတောင် ဘာမှမဟုတ်သေးပါဘူးဆိုတော့ သာ့ရှန်းရဲ့ပါရမီရှင်ဆယ်ဦးဆိုတာက အမှိုက်တွေပေါ့၊

ငါတို့အားလုံးက အမှိုက်တွေကို ပါရမီရှင်ဆိုပြီး လေးစားနေကြတာလား။

ယခုမြင်နေရသော လူငယ်၏ခွန်အားကိုပင် သူမခန့်မှန်းနိုင်ပါ။

သူက တစ်မျိုးပြောင်းကာချီးမွမ်းလိုက်သည်။

"မင်းရဲ့ သူငယ်ချင်းတွေအားလုံး ထူးခြားတဲ့ပါရမီရှင်တွေဖြစ်ရမယ်၊လေးစားစရာပဲ"

လျူက ထိုသို့ပြောပြီးနောက် လောဆော်လိုက်သည်။

"ဒီကောင်တွေသေသွားတာက အထဲကအစောင့်တွေကိုသတိပေးသလိုဖြစ်သွားပြီ ၊သူတို့မပြင်ဆင်နိုင်အောင် အမြန်သွားကြမယ်"

သူတို့နှစ်ဦးက အလွန်လျင်မြန်သောနှုန်းဖြင့် ဂူထဲသို့ ဆက်တိုက်ပျံသန်းဝင်ရောက်သွားကြသည်။

ဂူ၏အတွင်းပိုင်းသို့ရောက်လေလေ အလင်းရောင်ကအားနည်းလာလေလေပင်။

တစ်နေရာရောက်သောအခါ လျူသည် ရုတ်တရက် ရပ်တန့်သွားသည်။

ထိုနေရာတွင် လှောင်အိမ်တစ်ခုရှိနေ၏။လျူက လှောင်အိမ်ကို ဝမ်းနည်းစွာကြည့်နေပြီး နောင်တရနေဟန်ပေါ်လာသည်။

"ဒီမဟူရာကြက်မိစ္ဆာကြီးက အခါတစ်ရာမက သေသင့်တယ်"

လှောင်အိမ်ထဲတွင် အဝတ်မပါသော လူငယ်အမျိုးသားများနှင့်အမျိုးသမီးငယ် ရာပေါင်းများစွာ ရှိနေသည်။

သူတို့၏မျက်လုံးများသည် မှုန်မှိုင်းနေပြီး အမည်မဖော်ပြတတ်သော အကြောက်တရားများ ထိတ်လန့်မှုများလွှမ်းမိုးနေသည်။

ကျိယွမ်နှင့်လျူကို တွေ့သည့်တိုင် သူတို့သည် မည်သည့်တုံ့ပြန်မှုကိုမှ မပြကြချေ။ အသိစိတ်များ ပျောက်ဆုံးနေကြသည်။

ကျိယွမ်၏ မျက်နှာအမူအရာသည် ရှုပ်ထွေးနေပြီး လေးနက်စွာစဥ်းစားနေ၏။

ထိုအချိန်တွင် လျူသည်တစ်စုံတစ်ခုကို သတိရကာ သူ၏နဖူးကိုသူပြန်ရိုက်လိုက်သည်၊

ထိုအတူ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများလည်း ရုတ်တရက်ပေါ်လာ၏။

"ဒီဂူကို ကျူးရန်ကျန့်က စောင့်နေတာပဲ ၊ဒီလူတွေကိုဖမ်းထားတာ သူပဲဖြစ်မယ်၊သူက အမြုတေအထွတ်အထိပ်အဆင့်ဖြစ်သလို မဟူရာကြက်မိစ္ဆာကြီးရဲ့ အချစ်ဆုံးတပည့် ၊နက်နဲတဲ့တာအိုကျွမ်းကျင်မှုနဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားရှိတယ်"

လျူသည် သူ၏အိုမင်းသောဘဝကပျက်စီးခြင်း နီးနေပြီဟု ခံစားရသည်၊ ဖြစ်သည်။

ကျူးရန်ကျန့်စောင့်နေတဲ့ဂူဆိုမှတော့ ထွက်ပြေးရုံပဲရှိတယ်။ငါ့မှာ သားသမီးမြေးမြစ်တွေနဲ့တာဝန်တွေကအများကြီး။

လျူက ကျိယွမ်ကို သတိပေးလိုက်၏။

"လူငယ်လေး ငါတို့အမြန်ပြေးမှရမယ်၊အသက်ထက်ဘာမှအရေးမကြီးဘူး၊စိတ်ဝိညာဥ်အဆင့်မပါဘဲ ကျူးရန်ကျန့်ကို ငါတို့မနိုင်ဘူး"

သူကပြောပြောဆိုဆိုပင် နောက်ပြန်လှည့်ရန်ပြင်လိုက်၏။

"ဟားဟား ဟားဟား ၊ အသိဉာဏ်တော့ ရှိသားပဲ၊ ဒါပေမယ့် နောက်ကျသွားပြီ"

မထီမဲ့မြင်နိုင်သော လှောင်ပြောင်သံတစ်ခုနှင့်အတူ အစိမ်းရောင်ဝတ်စုံလူငယ်တစ်ဦးပေါ်လာခဲ့သည်။

ကျူးရန်ကျန့်မှာ ချောမောသောနတ်ဆိုးတစ်ကောင်းအလား ကြည့်ကောင်းသူတစ်ဦးဖြစ်သော်လည်း လှောင်အိမ်အတွင်းမှ ငြိမ်သက်နေသော အကျဥ်းသားများအားလုံးမှာ ကြောက်ရွံ့သွားကာ တုန်ရီလာကြသည်။

လျူ၏ မျက်နှာက တည်ငြိမ်သွားလေသည်။

ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ သူက အံကြိတ်ကာ ကျိယွမ်ကိုပြောလိုက်သည်။

"ငါ သူ့ကိုတားထားမယ် ၊မင်းလွတ်အောင် ပြေးပါ၊ငါ့နာမည်အရင်းက ဝူရွှဲ့မြို့ကလျူကွမ်းလို့ခေါ်ပါတယ်"

ယခုလိုလုပ်ခြင်းက အနည်းဆုံးတစ်ဦးတော့ အသက်ရှင်နိုင်သည်။အခြေတည်အဆင့်ဖြစ်သောလူငယ်သည် ကျူးရန်ကျန့်ကို တားနိုင်မည်မဟုတ်ပေ။ထို့ကြောင့် သူနေခဲ့ရန်ဆုံးဖြတ်လိုက်ခြင်းပင်။

သူ၏နာမည်ကိုဖော်ထုတ်ခဲ့ခြင်းက ကျိယွမ်လွတ်မြောက်သွားခဲ့လျှင် သူ၏မိသားစုအား တစ်ခုခုများ ကူညီပေးမည်လားဟု မျှော်လင့်မိသောကြောင့်ဖြစ်၏။

လျူကဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျူးလျန်ကျန့်ဆီသို့ တဟုန်ထိုးဝင်ရောက်တိုက်ခိုက်လိုက်သည်။

ကျူးရန်ကျန့်က လှောင်သလိုပြုံးလိုက်ကာ သူ၏အမြုတေကို ထုတ်ဖော်လိုက်သည်။ သူကအခြားကျူးကျော်သူများရှိနေနိုင်သဖြင့်တိုက်ပွဲကို အမြန်ဆုံးအဆုံးသတ်လို၏။

ကျိယွမ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။

"အဘိုးလျူ ...မလုပ်နဲ့၊မဖြစ်ဘူး"

လျူကွမ်းက ကျေနပ်သလိုခံစားရ၏။ထိုလူငယ်က သူ့အတွက်စိုးရိမ်ပေးနေသည် မဟူတ်ပါလား။သူလူရွေး မမှားခဲ့ပေ။

သို့သော်ကျိယွမ်က သူ့သောကနှင့်သူဖြစ်သည်။သူကလျူကွမ်းသေမှာကို စိတ်ပူခြင်းမဟုတ်ပါ။ကျူးရန်ကျန့်သေသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ဂိုဏ်းချုပ်ကြီးက သူ့ကို အမြုတေတစ်ယောက်ကိုသတ်ရမည်ဟု ပြောထားသည်။ဤဂူကြီးတစ်ခုလုံး၌လည်း အမြုတေအဆင့်ဟူ၍ မာန်တတ်နေပုံရသောကျူးရန်ကျန့်တစ်ယောက်တည်းသာရှိလေ၏။

ကျိယွမ်က မည်သည့်နည်းနဲ့မှ လက်လွတ်မခံနိုင်ပါ။

"အဘိုးလျူ နောက်ဆုတ်"

မီးဖိုချောင်သုံးဓားကို ဆွဲထုတ်ကာ လျူကွမ်းထက်မြန်သောနှုန်းဖြင့် ကျူးရန်ကျန့်ထံသို့ ပြေးဝင်လိုက်ရတော့သည်။

ကျိယွမ်က သူ၏နံဘေးမှရိပ်ခနဲ ဖြတ်ကျော်ကာ ကျူးရန်ကျန့်ထံသို့ ရောက်ရှိသွားသည်ကိုမြင်သောအခါ လျူကွမ်း၏မျက်လုံးများ ပြူးကျယ်သွားလေသည်။

အခြေတည်အဆင့်တစ်ယောက်က အဘယ့်ကြောင့်ထိုမျှမြန်နေရသနည်း။

ကျိယွမ်က ကျူးရန်ကျန့်၏ အမြုတေကို တိုက်ခိုက်လိုက်သည်ကိုမြင်သောအခါ

သူထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

"အမြုတေကို မထိနဲ့"

အခြေတည်အဆင့်နှင့်အမြုတေအဆင့်ကြား အကြီးမားဆုံးကွာထြားချက်မှာ အမြုတေရှိခြင်းနှင့်မရှိခြင်းဖြစ်သည်။

အမြုတေသည် ချီသပ်သပ်မဟုတ်တော့ဘဲ ဝိညာဥ်စွမ်းအားများဖြင့် ဖွဲ့စည်းထားပြီး အလွန်မာကျောသည်။

အခြေတည်အဆင့်များ၏ မူလဒန်တျန်ထဲတွင် ဝိညာဥ်စွမ်းအားရှိသော်လည်း အရည်ပုံစံသာရှိသေးသည်။အမြုတေဆင့်မှာတော့ ဝိညာဥ်စွမ်းအင်များက သိပ်သည်းကာ မာကျောနေပြီး ဖျက်ဆီးရန်ခက်ခဲသည့်အပြင် အခြားအင်္ဂါရပ်များလည်း ပိုင်ဆိုင်လာပြီဖြစ်သည်။

"ဟွန်း..အခြေတည်အဆင့်လေးနဲ့ နတ်ဆိုးခြောက်ပါးဂူထဲကို ဝင်လာတာလား၊သေခြင်းတရားကို တောင်းဆိုနေတာပဲ"

ကျူးရန်ကျန့်က လှောင်ပြောင်လိုက်ပြီး သူ၏အမြုတေကို စွမ်းအင်အပြည့်လောင်ကျွမ်းလိုက်သည်။

အမြုတေက မျက်စိကျိန်းတတ်တောက်ပလာကာ ရောင်ခြည်းတန်းတစ်မျှင်ကပင် အခြေတည်အဆင့်ကို လောင်ကျွမ်းပစ်နိုင်၏။

သို့သော် ချီယွမ်က ဂရုမစိုက်ဘဲ မီးဖိုချောင်သုံးဓားဖြင့် အမြုတေကို ဝင်ခုတ်၏။

"ဒီလိုအမြုတေသေးသေးလေးနဲ့များ ကြွားဝါနေသေးတယ်၊ငါ့ဓားကိုတောင် အားနာသွားပြီ"

"ဒုတ်"

"ခလွမ်"

မပျက်စီးနိုင်ပါဆိုသော အမြုတေမှာ အစိတ်စိတ်အမွာမွာ ကွဲကြေသွားတော့သည်။

ပြင်းထန်သော ဝိညာဥ်စွမ်းအင်များမှာ ပြိုကွဲ

သွားပြီး မိုးရေများလို ကျဆင်းလာ၏။

ကျူးရန်ကျန့်၏ မျက်လုံးများက နာကျင်မှုကြောင့်ပြူးကျယ်သွားပြီး သူ၏ရင်ဘက်ကို ဖိကာယိုင်ကျသွားသည်။

"မင်းဘယ်လို... ဘယ်လိုလုပ်..."

သူခက်ခက်ခဲခဲဖွဲ့စည်းခဲ့ရသော အဖိုးတန်အမြုတေကို အခြေတည်အဆင့်တစ်ယောက်က မီးဖိုချောင်သုံးဓားဖြင့် ခုတ်ခွဲပစ်သည်တဲ့လား။

"အွတ်..ဝေါ့ဝေါ့"

ကျူးရန်ကျန့် သွေးအန်လိုက်စဥ်မှာပင် ဓားရောင်တစ်ချက်လက်သွားကာ အပုံလိုက်လဲကျသေဆုံးသွားတော့သည်။

ကျိယွမ်က ကျူးရန်ကျန့်၏အဝတ်ကိုဆွဲယူကာဓားပေါ်မှ သွေးများကိုသုတ်လိုက်သည်။

လျူကွမ်းမှာ ယခုအချိန်ထိ မျက်တောင်မခပ်မိသေးပါ။

ငါ ဘာတွေ မြင်လိုက်ရတာလဲ။အသီးရွက်တွေလှီးဖို့ထားတဲ့ဓားတစ်ချောင်းက အမြုတေတစ်ခုကို တို့ဟူးလှီးသလိုလှီးပစ်တာလား။ ဒီကောင်က အခြေတည်အဆင့်ဆိုတာတော့ သေချာပါတယ်နော်။

လျူရှန်းသိသွားလေပြီ ။

သာ့ရှန်း၏ထိပ်သီးပါရမီရှင် ၁၀ ဦးစာရင်းသည် အမှိုက်စာရင်းသာဖြစ်၏။ထို ၁၀ ယောက်လုံးပေါင်းတိုကိလျှင်တောင် သူရှေ့မှလူငယ်၏ ဓါးတစ်ချက်ကို ခံနိူင်ရန်မရှိပေ။

လျူဖုန်းက အာခေါင်များချောက်လာသဖြင့် တံတွေးမျိုချလိုက်သည်။သူက ထိတ်လန့်နေသော်လည်း ကျိယွမ်အနီးသို့ချည်းကပ်ကာ ချီးမွမ်းရန်ပြင်သည်။

"မင်းတို့ ငါ့ရဲ့စိတ်ဝိညာဥ်ကို ယူလို့မရစေရဘူးကွ"

"ရှုး..."

ကျယ်လောင်ဟိန်းဟောက်သံနှင့်အတူ ကြီးမားသောပေါက်ကွဲမှုတစ်ခုက လျူကွမ်း၏ဝိညာဉ်ကို လှုပ်ခါသွားသည်။

လျူကွမ်းခမျာ ချီးမွမ်းစကားလေးပင် မပြောနိုင်ခဲ့ပါ။ သူ၏မျက်နှာကဖြူဖျော့ကာ ချက်ချင်းလဲကျသွားတော့သည်။

ကျိယွမ်၏ မျက်ခုံးများက ကျုံ့သွား၏။

သူက ဓားကိုင်ထားရင်းမှ ပတ်ဝန်းကျင်ကို စိုက်ကြည့်ကာ အော်လိုက်သည်။

"ဘယ်ကောင့်အီးပေါက်သံက ဒီလောက်ကျယ်တာလဲကွ"

သို့သော် တုန့်ပြန်မှုမရှိပေ။သူက ရှုးခနဲမြည်သွားသံကို သေချာကြားမိခဲ့သည်။

လျူကွမ်းကို စစ်ဆေးလိုက်သောအခါ မေ့မြောနေသည်ကို မြင်လိုက်ရ၏။

ကျိယွမ်တော်တော် စိတ်ပျက်သွားကာ ညည်းညူလိုက်သည်။

"အီးတစ်ချက်ပေါက်တာလေးနဲ့ သတိလစ်သွားရတယ်လို့ပဲ"

..............

နတ်ဆိုးခြောက်ကောင်ဂူ၏ အလယ်ဗဟိုမှဂူတွင်ဖြစ်သည်။

ဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် စိတ်ဝိညာဥ်အဆင့်ကိုးယောက်မှာ စုတ်ပြတ်နေပြီး အခြေအနေ မကောင်းကြပေ။

တုတ်ကောက်ကိုင်ထားသော အဘိုးအို၏ ရင်ဘတ်တွင် ဒဏ်ရာကြီးတစ်ခု ရှိနေပြီး သွေးများအဆက်မပြတ်စီးကျနေ၏။

"မဟူရာကြက်မိစ္ဆာက နာမည်နဲ့ထိုက်တန်ပါပေတယ်၊မသေခင်မှာ ငါတို့ထဲကသုံးယောက်ကို ဒဏ်ရာပြင်းထန်အောင် လုပ်သွားနိုင်ခဲ့သေးတယ်"

"တာအိုမိတ်ဆွေကသာ နောက်ဆုံးဝိညာဥ်ဖောက်ခွဲမှုကို ထိန်းမထားနိုင်ခဲ့ရင် ငါတို့ထဲက အနည်းဆုံးလေးယောက်တော့ သေမှာသေချာတယ်"

ခါးကုန်းနေသောအဘွားအိုက ကုမူကျန့်ကျွမ်းကို လေးစားစွာဆိုသည်။ကုမူကျန့်ကျွမ်းက စိတ်ဝိညာဥ်အထွတ်အထိပ်အဆငိ့တစ်ဦးဖြစ်ပြီး လက်ရှိအဖွဲ့ထဲတွင် သူ၏ခွန်းအားကသာ မဟူရာကြက်မိစ္ဆာကြီး၏ ဝိညာဥ်ဖောက်ခွဲမှုကို ဖြေရှင်းနိုင်၏။

"ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ"

"ကျေးဇူးတင်ပါတယ်"

ကျန်သောသူများကလည်း ကူမုကျန့်ကျွမ်းကို ကျေးဇူးတင်စကားပြောကြသည်။

ကုမူကျန့်ကျွမ်းကတော့ တည်ငြိမ်နေ၏။

"ငါတို့ အနားယူပြီးရင် အတူတူ ထွက်သွားသင့်တယ်"

အားလုံးက သူ၏အကြံပြုချက်ကိုသဘောတူကြသည်။ယခုလိုအခြေအနေမျိုးတွင် သူတို့ခွဲခွာ၍ မရပေ။ မဟုတ်လျှင် ဒဏ်ရာရထားသူများမှာ တိတ်တဆိတ်သတ်ဖြတ်ခံရနိုင်သည်။သူတို့သည်အတူတူပူပေါင်းလုပ်ဆောင်နေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြပေ။

"နောက်ဆုံးတော့ မဟူရာကြက်မိစ္ဆာကြီး သေသွားပြီ၊သာ့ရှန်းရဲ့ ကျင့်ကြံခြင်းလောကမှာ ရာစုနှစ်တစ်ခုလောက် ငြိမ်းချမ်းမှုရသွားမယ်လို့ ထင်ရတာပဲ"

အကြီးအကဲတစ်ဦးက စိတ်သက်သာရာရသွားသလို မှတ်ချက်ချလိုက်သည်။

အခြားသောစိတ်ဝိညာဥ်အဆင့်များမှာလည်း အတွေးကိုယ်စီနှင့်ငြိမ်သက်နေကြ၏။

ထိုအချိန်တွင် ကျိယွမ်ကတော့ ထွက်မသွားနိုင်သေးပါ။လျူကွမ်းသည် သတိရရန် အချိန်အနည်း ကြာဦးမည်ဖြစ်လေသည်။

ကျိယွမ်က လျူကွမ်းအားစစ်ဆေးပြီးနောက်သို့ လှည့်လိုက်စဥ် သူ၏မျက်ခုံးများက တွန့်ချိုးသွားလေ၏။

သူကတီးတိုးမှတ်ချက်ချလိုက်မိသည်။

"ဒီအီးပေါက်သံက ထူးဆန်းလှချည်လား၊ လူကောင်းတစ်ယောက်ကို သတိလစ်စေပြီး လူသေတစ်ယောက်ကိုတော့ ရှင်ပြန်ထမြောက်စေတယ်"

ကျိယွမ်၏ရှေ့တွင် ယခုလေးတင်သေသွားသောကျူးရန်ကျန့်က ပြန်ရှင်လာပြီး မတ်တပ်ရပ်နေလေသည်။

-------------------

All Chapters