← Chapters

မြို့တစ်မြို့ကို ကာကွယ်နေသော လူသားသုံးယောက်

Vol. 7 Ch. 99

မြို့တစ်မြို့ကို ကာကွယ်နေသော လူသားသုံးယောက်

Vol. 7 Ch. 99

ကျန်ရှန်းနှင့်ချန်ကျောင်းတို့သည် မြို့ရိုးပေါ်သို့ ခက်ခဲစွာ တက်လာကြသည်။သူတို့၏ ဒဏ်ရာများကြောင့် အသက်ရှူပင် မဝနိုင်တော့သည့် အခြေအနေသို့ရောက်နေသော်လည်း နှစ်ဦးစလုံး၏ ရင်ထဲ၌ မေးခွန်းများစွာ ရှိနေသည်။

"ခင်ဗျားက ဒီနေရာကို ကာကွယ်နေတာလား"

ကျန်ရှန်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မေးလိုက်မိသည်။

ဝူကွေမြို့သည် ဗဟိုလွင်ပြင်တွင်ရှိသောသေမင်း၏နယ်မြေဖြစ်သည်။

မြို့ပေါင်း (၁၀၈,၀၀၀) ထဲမှ သုံးပုံတစ်ပုံသည် သေမင်းနယ်မြေများ ဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီမဟုတ်ပါလား။

ဆယ်နှစ်ကျော်ကြာသော်လည်း မဟာရှား မင်းဆက်သည် ဤနေရာသို့နောက်ထပ်စစ်တပ်များစေလွှတ်ရန် မတတ်နိုင်သေးပါ။

ကျိယွမ်က သူ၏ဓားကျိုးကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်၏။

"ကာကွယ်တာလား ၊နည်းနည်းတော့ကြာပြီ ၊

ဒါပေမဲ့ နတ်ဆိုးတွေက ခုထိပေါ်မလာသေးဘူး"

သူက နတ်ဆိုးများရောက်မလာခြင်းကို စိတ်ပျက်နေပုံရသည်။

ထူးဆန်းလှသည်ဟု သူတို့ထင်မိကြလေ၏။

သူတို့သာဆိုလျှင် မလာလေကောင်းလေ မဟုတ်ပါလား။

"ခင်ဗျားက မဟာရှားက မဟုတ်ဘူး၊ဒါဆို လေလွင့်သူရဲကောင်းတစ်ယောက်လား"

မြို့ရိုးပေါ်တွင်လည်း မဟာရှားအလံတော်ကို မလွှင့်ထူထားသည်အား သတိထားမိသည်နှင့် သူတို့၏အတွေးက ပို၍ခိုင်မာသွားသည်။

ဗဟိုလွင်ပြင်တွင် ရဲရဲဝံ့ဝံ့တိုက်ခိုက်နေကြသည့် လေ့လွင့်သူရဲကောင်းများစွာလည်း ရှိလေသည်။

ထိုသူရဲကောင်းအများစုသည် ကျင့်ကြံသူများ ဖြစ်ကြပြီး မည်သည့်တပ်ဖွဲ့များနှင့်မှ မသက်ဆိုင်ပေ။

ကျန်ရှန်းနှင့် ချန်ကျောင်းတို့နှစ်ဦးလုံးက အစစ်အမှန်ကျင့်ကြံသူများမဟုတ်ကြပေ။

သူတို့နှင့်အတူ လိုက်ပါလာသူများမှာပင် တစ်ဝက်လောက်ကသာ ကျင့်ကြံသူများ ဖြစ်ကြ၏။

ကံမကောင်းစွာဖြင့် ထိုသူအားလုံးသည် နတ်ဆိုးများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်။

"အဲဒါဆိုလည်း ကျွန်တော့်ကို လေလွင့် သူရဲကောင်းလို့ပဲ သတ်မှတ်ပါ"

ကျိယွမ်က ငြင်းပယ်ခြင်း မရှိပေ။

"ကျွန်တော် မဟာရှားအလံကို ဒီနေရာမှာ စိုက်ထူလို့ ရမလား။

ဒီအလံက ဝူကွေမြို့ဟာ မဟာရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ်ဆိုတာကို ကိုယ်စားပြုပါတယ်"

ကျန်ရှန်းက မျှော်လင့်တကြီးဖြင့် ကျိယွမ်ကို ကြည့်သည်။

"စိုက်ပါ"

ကျိယွမ်က ထို NPC (ဂိမ်းထဲမှ ဇာတ်ကောင်) နှစ်ဦးကို ရှုပ်ထွေးသည့်အမူအရာဖြင့် ကြည့်မိသည်။

နှစ်ယောက်လုံးသည်အားနည်းပြီး သေလုနီးပါး အခြေအနေရှိသော်လည်း သေခြင်းကို မကြောက်ဘဲ စိတ်လှုပ်ရှားနေကြပုံရှိလေ၏။

သူ၏ခွင့်ပြုချက်ရသည်နှင့် ချန်ကျောင်းသည် ကောင်းနေသေးသော လက်တစ်ဖက်ဖြင့် သူ၏ရင်ဘတ်ထဲမှ အလံတစ်ခုကို ထုတ်ယူသည်။ အလံက သွေးစွန်းပြီး တွန့်ကြေနေသောကြောင့် သေချာဖြန့်ကာ အနားစများကို ဂရုတစိူက်ပွတ်သပ်သည်။

ကျန်ရှန်းကလည်း သူ့ကိုကူညီပေးနေပြီး နှစ်ဦးစလုံးသည် အလေးအနက်ထားရသည့် အလုပ်တစ်ခုကို လုပ်ဆောင်နေသကဲ့သို့ ပြုမူနေကြသည်။

မြို့ရိုးပေါ်တွင် အလံစိုက်ထူခြင်းမျှသာ ဖြစ်သော်လည်း၊ သေလူနီးပါးဒဏ်ရာများကြောင့် သူတို့အလွန်အမင်းမောပန်းသွားကြသည်။

လေတဖြူးဖြူးတိုက်ခတ်နေသောမြို့ရိုးပေါ်၌ သဲမှုန့်များကြားတွင် အဟာရှားအလံသည် တဖျပ်ဖျပ်မြည်ကာ တလွင့်လွင့်လူးနေ၏။

ကျန်ရှန်းနှင့်ချန်ကျောင်းတို့သည် မျက်ရည်လည်သောအကြည့်များဖြင့် အလံကို အတန်ကြာအထိမော့ကြည့်နေကြ၏။

ထို့နောက် မျက်လုံးများ၌ မျော်လင့်ချက်မဲ့သောအကြည့်များဖြစ်ပေါ်လာပြီး "ဒီအလံ ဘယ်လောက်ကြာကြာ ရပ်တည်နေမလဲ မသိဘူး" ဟု တွေးသည်။

"ဗိုလ်ချုပ်ယွမ် ဝူကွေမြို့ပေါ်မှာ လွှင့်နေတဲ့ အလံကို မမြင်လိုက်ရတာ ဝမ်းနည်းစရာပဲ"

ကျန်ရှန်းက သက်ပြင်းချကာ တီးတိုးရွတ်ဆိုလိုက်သည်။

ဗိုလ်ချုပ်ယွမ်သည် စုန့်တပ်ခွဲကို ဦးဆောင်ခဲ့သူ ဖြစ်သည်။နတ်ဆိုး ရာပေါင်းများစွာကို ရင်ဆိုင်ခဲ့ပြီး နတ်ဆိုးဆယ်ဂဏန်းလောက်ကို သတ်နိုင်ခဲ့သော်လည်း ပြင်းထန်သောဒဏ်ရာများစွာဖြင့်သေဆုံးခဲ့သည်။သေဆုံးချိန်မှာပင် ဝူကွေမြိုအားစွဲလမ်းကြီးလွန်းသဖြင့် မြို့ရှိရာဘက်သို့မျက်မှာမူကာ မျက်လုံးများဖွင့်လျှက် ရှိနေခဲ့သည်။

သူ၏တာဝန်ကိုမကျေပွန်နိုင်ခဲ့သည့်အတွက် မြို့ကိုတောင်းပန်နေခဲ့လေသလားဟုပင် သူတို့ထင်မိခဲ့သည်။

ဗိုလ်ချုပ်ယွမ်သည် ဧကရာဇ်နှင့် တွေ့ဆုံဖူးသည့် မြင့်မြတ်သူတစ်ဦးဖြစ်သည်။

စစ်မထွက်ခွာမီကပင် ဗိုလ်ချုပ်ယွမ်က အလေးအနက်သတိပေးခဲ့သည်။

အကယ်၍ ဝူကွေမြို့ရိုးပေါ်တွင် အလံကိုစိုက်ထူနိုင်ခြင်း မရှိပါက၊ မဟာရှားသည် နှစ်ပေါင်းနှစ်ဆယ်အတွင်း လုံးဝပျောက်ကွယ်သွားလိမ့်မည်။ထို့အပြင် မဟာရှားသည် တာ့ဆွေနှင့်အပြည့်အဝပေါင်းစည်းကာ ခန်းလန်မြို့ကို အတူတကွ ကာကွယ်ရမည်ဖြစ်၏ ။

ကျန်ရှန်းကသက်ပြင်းချကာ ကျိယွမ်အားကြည့်လိုက်သည်။

"သူရဲကောင်း၊ ဝူကွေမြို့ထဲက နတ်ဆိုးတွေ ဘယ်ရောက်သွားလဲ သိပါသလား"

"အများစုက လှည့်လည်သွားလာနေကြတာပါပဲ၊ ဒါပေမဲ့ အကုန်လုံးကို ကျွန်တော်သတ်ပစ်လိုက်ပြီ"

ကျိယွမ်က ထိုကိစ္စကိုအရေးမပါသလိုပြောပြီး မြို့ရိုးပေါ်တွင်ထိုင်နေရသည်ကို ပျင်းရိငြီးငွေ့နေသည့်ပုံစံပြလေသည်။

ယခုရက်များအတွင်း အလုပ်မရှိသောကြောင့် သူသည်လက်တွေ့လောကတွင် သင်ယူခဲ့သည့်နည်းစနစ်များကို ပြန်လည်လေ့လာပြီး နက်ရှိုင်းစွာ နားလည်သဘောပေါက်အောင် လုပ်နေခဲ့သည်။

အပြင်ကမ္ဘာမှတစ်ရက်သည် ဤနေရာမှ ဆယ်နှစ်နှင့် ညီမျှသည်။ သူသည် ဤအချိန်ကွာခြားမှုကို အကျိုးရှိရှိအသုံးချရန် လိုအပ်ကြောင်း သဘောပေါက်၏။

သူသေချာပြုစုထားသည့် "ကျိယွမ်ကျမ်း" ကို လေ့ကျင့်နိုင်သော်လည်း ၎င်းတွင် ပြဿနာများ အပြည့်ပါနေဆဲပင်။

အဓိကမှာ မှတ်ဉာဏ်ကိုပိုဆိုးစေရုံသာမက၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကိုပါ ဖြစ်စေနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် "ကျိယွမ်ကျမ်း" ၏ အပြစ်အနာအဆာများကို လျှော့ချနိုင်ရန်အတွက် သူ၏ နားလည်မှုကို နက်ရှိုင်းစေရန်ကြိုးစားနေရ၏။

နတ်ဆိုးများကို အာရုံမရမချင်း သူကမြို့ရိုးပေါ်တွင် တနေကုန်ထိုင်ကာ လေ့ကျင့်နေခဲ့သည်။

"ဝူကွေမြို့ထဲမှာ လှည့်လည်သွားလာနေတဲ့ နတ်ဆိုးတစ်ရာကျော်လောက်တော့ ရှိမယ်ထင်တယ်။အကုန်လုံးကို သတ်နိူင်တယ်ဆိုတော့ ခင်ဗျားကကျင့်ကြံသူလား"

ချန်ကျောင်းက မမေးဘဲ မနေနိုင်ဖြစ်လာသောကြောင့် မဝံ့မရဲမေးလိုက်မိသည်။

"ခင်ဗျားက ဘယ်အဆင့်မှာလဲ"

ကျန်ရှန်းက ချန်ကျောက်ကို အမြန် မျက်စောင်းထိုးလိုက်သည်။

ကျင့်ကြံသူတစ်ဦး၏ အဆင့်ကို မမေးသင့်သည့်အတွက် သူရိုင်းပြမိကြောင်း ချန်ကျောက် သဘောပေါက်သွားပြီး မချိသွားဖြဲပြလိုက်သည်။

"အဆင့် (၄၉)ပါ ၊ တော်တော် အားနည်းပါသေးတယ်"

ကျိယွမ်က ဖုံးကွယ်ထားစရာမဟုတ်သဖြင့် ပြောပြလိုက်သည်။

ချန်ကျောင်း နားမလည်သဖြင့် မျက်တောင်မှာပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရသည်။ ကျင့်ကြံခြင်းလောကတွင် အဆင့် ၄၅ ဟုသောသတ်မှတ်ချက်မျိုးကို သူမကြားဖူးပါ။

ကျန်ရှန်းကတော့ ကျိယွမ်က သူ၏ စစ်မှန်သော ခွန်အားကို ထုတ်ဖော်လိုခြင်းမရှိသောကြောင့် အဆင်ပြေသလိုဖြေလိုက်သည်ဟု ထင်ကာ စောဒကမတတ်ပေ။

ထို့နောက်သူတို့သုံးယောက်လုံးတိတ်ဆိတ်သွားကြသည်။

ဤသို့ဖြင့် ညသည်လျှင်မြန်စွာ ရောက်ရှိလာ၏။

မကြာမီ ကမ္ဘာကြီးတစ်ခုလုံးသည် မှောင်မိုက်ခြင်းဖြင့် တဖြည်းဖြည်းဖုံးလွှမ်းလာသည်။

ကျိယွမ်သည် မှောင်မည်းနေသောကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူသိချင်နေသော အရာတစ်ခုကို မေးလိုက်၏။

"ခင်ဗျားတို့ ကမ္ဘာက ကောင်းကင်မှာ ဘာလို့ ကြယ်တွေ မရှိရတာလဲ"

ဝူကွေမြို့သို့ ရောက်လာပြီးနောက် ပထမဆုံးရက်မှာပင် ညဘက်၌ ကမ္ဘာတစ်ခုလုံးသည် မင်ကဲ့သို့ မဲမှောင်နေသည်ကို ချီယွမ် တွေ့ရှိခဲ့သည်။

ကြယ်များ မရှိသလို မည်သည့်အလင်းရောင်မှလည်း မရှိပေ။

"ကောင်းကင်က ကြယ်။ ကြယ်ဆိုတာ ဘာကို ပြောတာလဲ"

ကျန်ရှန်းက ဖြေချင်သော်လည်း ကျိယွမ်၏မေးခွန်းကို နားမလည်ပါ။သူက ကြယ် ဆိုသောအရာကို မကြားဖူးဖြစ်နေသည်။

ကောင်းကင်ဆိုတော့ ငှက်တွေကိုပြောတာများလား။ဒါပေမဲ့ ကြယ် ဆိုတဲ့ငှက်ရှိတယ်လို့ ငါတစ်ခါမကြားဖူးဘူးလေ။

ကျိယွမ်က ကျန်ရှန်း၏တုန့်ပြန်မှုကြောင့် အံ့အားသင့်သွားသည်။

သူကကြယ်တောင် မသိဘူးလား။ဒီကမ္ဘာမှာ ကြယ် လို့မခေါ်ဘဲ အခြားနာမည်များရှိနေတာလား။

သူက ချန်ကျောင်းကိုကြည့်လိုက်၏။ထိုသူကလည်း သိပုံမရချေ။

"ညဆိုရင် ကောင်းကင်မှာ လင်းနေတဲ့အရာတွေလေ ၊ ဟိုအဝေးကြီးအာကသထဲမှာ ရှိတာ၊ဒီကနေကြည့်ရင် မီးပုံလေးတွေထွန်းထားသလို လင်းနေတယ်၊အဲဒါကို ကြယ်လို့ခေါ်တာ ၊ ခင်ဗျားတို့ဆီမှာတော့ ဘယ်လိုခေါ်လဲမသိဘူး"

"သြော်..."

ကျန်ရှန်းနှင့်ချန်ကျောင်းက နားလည်သွားသလို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

ထို့နောက်ပြိုင်တူခေါင်းခါကြ၏။

"အဲဒါမျိုးအရာရှိတယ်လို့ ကျွန်တော်တို့တစ်သက်လုံးကြားတောင်မကြားဖူးပါဘူး၊ကောင်းကင်က ကျွန်တော်တို့မွေးကတည်းက ဒီလိုပါပဲ၊ဘာမှမရှိပါဘူး"

"သြော်..."

ဒီတစ်ခါတော့ ကျိယွမ် "သြော်" အလှည့်ဖြစ်သည်။

သူသဘောပေါက်သွားလေပြီ။

ဒီလောကမှာ ကြယ်တွေမရှိဘူးပေါ့၊ဘယ်ရောက်ကုန်ပါလိမ့် ၊ထူးဆန်းလိုက်တာ။

ရုတ်တရက် သူသည်နောက်ထပ်တစ်ခုကိုတွေးမိသွား၏။

တစ်စုံတစ်ယောက်က ကြယ်များအားလုံးကို စားပစ်လိုက်သည်များ ဖြစ်နိုင်သလော။

ကျိယွမ် စိတ်လှုပ်ရှားလာတော့သည်။ထိုအရာသာအမှန်ဆိုပါက နေ့ခင်းကြောင်တောင်အိမ်မက်နည်းစနစ်သည် မဖြစ်နိုင်သော ကိစ္စမဟုတ်တော့ပေ။

"သူရဲကောင်းက ဘာလို့မေးတာလဲမသိဘူး ၊ ကျွန်တော်တို့ကူညီနိုင်တာများရှိမလား"

ကျိယွမ်ကခေါင်းယမ်းပြလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ အခု မှောင်နေပြီ။ ခင်ဗျားတို့ကကျင့်ကြံသူတွေ မဟုတ်လို့ ညဘက်မှာစောင့်နေလည်း ကောင်းကောင်းမမြင်နိုင်ဘူး။ အိပ်ဖို့ နေရာရှာပြီးအနားယူကြပါ"

ကျိယွမ်က ကြင်နာစွာ အကြံပေးလိုက်သည်။ထိုနှစ်ဦးမှာ အမှန်တကယ်ပင် အနားယူရန်လိုအပ်နေသည်မဟူတ်ပါလား။

"ကောင်းပါပြီ"

ကျန်ရှန်းနှင့်ချန်ကျောင်းတို့သည် တစ်ဦးနှင့်တစ်ဦးဖေးမကာ မြို့ရိုးပေါ်မှ ဆင်းသွားကြသည်။

သို့သော် နောက်ဆုံးလှေကားထစ်သို့ရောက်သောအခါ တိုင်ပင်ထားသည်အလား ရပ်တန့်လိုက်ပြီး ဝိုးတဝါးညရောင်အောက်တွင် တလွင့်လွင့်လူးနေသော မဟာရှားအလံတော်ကို လေးနက်စွာမော့ကြည့်မိကြသည်။

တစ်ညတာက အေးချမ်းစွာ ကုန်ဆုံးပြီးနောက် နောက်တစ်နေ့ မိုးသောက်ချိန်သို့ရောက်လာခဲ့သည်။

ကျိယွမ်သည် မြို့ရိုးပေါ်တွင် ငြိမ်သက်စွာထိုင်နေပြီး သူသင်ယူထားသောနည်းစနစ်များကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် ဆင်ခြင်နေဆဲပင်ရှိလေ၏။

ရံဖန်ရံခါ မြို့ထဲသို့ ကြည့်မိလျှင် မောပန်းနွမ်းနယ်နေသောလူနှစ်ယောက်သည် အရိုးဖြူများကို စုဆောင်းကာ မြေမြှုပ်နေသည်ကို မြင်ရသည်။

နှစ်ယောက်စလုံးမှာ ပြင်းထန်သောဒဏ်ရာကြီးများရထားသောကြောင့် အသက်ရှင်ဖို့ ရက်များစွာ မကျန်တော့ပေ။

သို့သော်လည်း သူတို့သည် လူသားအလောင်းများကို အားရှိသရွေ့ သယ်ယူကာမြေမြှုပ်ပေးနေကြ၏။

ညနေချမ်းသို့ရောက်ချိန်မှာတော့ ကျန်ရှန်းနှင့်ချန်ကျောင်းတို့သည် သစ်သားသေတ္တာကြီးတစ်လုံးကို ခက်ခဲစွာသယ်ယူလာကြပြန်သည်။

ကျိယွမ်က အားလုံးကိုမြင်သော်လည်း ဝင်မစွတ်ဖက်ခဲ့ပါ။ NPC များတွင်လည်း ကိုယ်ပိုင်ဇာတ်လမ်းနှင့်ခံစားချက်များ ရှိသည်မဟုတ်ပါလား။

ပထမဂိမ်းကိုဆော့စဥ်က ထိုအရာများကို သူသဘောပေါက်ခဲ့လေ၏။

"သူရဲကောင်း၊ အရက် သောက်ဦးမလား"

သူတို့သယ်လာသော သေတ္တာထဲတွင် အရက်များ အပြည့်ပါနေသည်။ အိုးများကို ဖွင့်လိုက်သည်နှင့် အချဉ်နှင့် မွှေးကြိုင်သည့် အရက်နံ့များ လေထဲတွင်ပျံ့နှံ့သွားသည်။

၃၁ ရာစုကမ္ဘာမှာကတည်းက ကျိယွမ်သည် သူ၏ရောဂါကြောင့် အရက်ကိုလုံးဝ မသောက်ခဲ့ပေ။အရက်သောက်သည့် အလေ့အကျင့်လည်း သူ့မှာမရှိပါ။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် အရက် မသောက်တတ်ဘူး။ ကျွန်တော် သောက်ရင် ရူးသွားတတ်တယ်"

ကျိယွမ်က ယဥ်ကျေးစွာ ငြင်းဆိုလိုက်သည်။

"ဒါက ကျွန်တော်တို့ မဟာရှားရဲ့ ထူးခြားတဲ့ သမီးမွှေးအရက်ပါ။သမီးလေး မွေးဖွားလာတဲ့အခါ၊ မိသားစုက ဒီအရက်အိုးအချို့ကို မြေမြှုပ်ထားတယ်။သူမ အိမ်ထောင်ပြုတဲ့အခါ၊ ပြန်တူးဖော်ကြတယ်။"

"ပုံမှန်ဆိုရင် သောက်ရဖို့မလွယ်ပါဘူး။ ဝူကွေမြို့ကို သွားမယ့် စစ်သားတွေကိုသာ လမ်းခွဲလက်ဆောင်အဖြစ် နည်းနည်း ပေးလ်ုက်တာပါ"

ချန်ကျောင်းက စကားဆုံးသည်နှင့် အရက်ကို တစ်ဂွတ်ဂွတ် သောက်ချပစ်သည်၊

"အခု မသောက်ရင်၊ဘယ်တော့မှ သောက်ရတော့မှာ မဟုတ်ဘူး"

သူကနောက်ထပ်တစ်ခွက်ထပ်ထည့်သည်။

ကျန်ရှန်းကတော့ အရက်အိုးတစ်လုံးမကာ မော့သောက်ပစ်သည်။

"ဟုတ်တယ် ၊အခု မသောက်ရင်၊ ဘယ်တော့မှ သောက်ရတော့မှာ မဟုတ်ဘူး"

ငြိမ်သက်တိတ်ဆိတ်နေခဲ့သော မြို့ရိုးသည် အရက်သောက်သံ စကားပြောသံများဖြင့် အသက်ဝင်လာခဲ့သည်။

အရက်အနည်းငယ်သောက်ပြီးနောက် ကျန်ရှန်းက ကျိယွမ်ဘေးသို့ လျှောက်လာပြီး ဆေးလုံးအချို့ထုတ်ပေးသည်။

"သူရဲကောင်း၊ မြို့ထဲမှာ ကောင်းမွန်တဲ့ ပစ္စည်းတွေ အများကြီး တွေ့ခဲ့တယ်။

ဒါက သွေးလှုပ်ရှားဆေး၊ သွေးအားဆေးနဲ့ အနာကျက်ဆေးတွေပါ။ ခင်ဗျားအတွက် အသုံးဝင်မယ်ထင်လို့ ကျွန်တော် ယူလာခဲ့တာ"

ကျိယွမ်က ကျန်ရှန်း၏လက်ထဲမှ ဆေးပုလင်းများကို ကြည့်ကာ ညင်သာစွာခေါင်းယမ်းပြလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက်လုံး ဒဏ်ရာကြီးတွေ ရထားတာပဲ။ ဒီအနာကျက်ဆေးတွေကို သုံးပြီး အသက်ရှင်ဖို့ ချန်ထားပါ၊အခုလို ယူလာပေးတာ ကျေးဇူးတင်ပါတယ်"

ကျန်ရှန်းက ကျိယွမ်၏စကားကြောင့် ရှက်သလိုပြုံးလိုက်၏။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသက်တွေက တန်ဖိုးနည်းပါတယ်။ နတ်ဆိုးနှစ်ကောင်လောက်ပဲ တန်ဖိုးရှိမယ် ထင်ပါတယ်။ခင်ဗျားကတော့ မတူဘူး၊ ဒီဆေးတွေက ခင်ဗျားပဲ သုံးသင့်ပါတယ်"

ထပ်ငြင်းနေလျှင် မသင့်တော့်သဖြင့် ကျိယွမ်သည် သွေးအားဆေးကို ယူလိုက်ရင်း အသိပေးလိုက်သည်။

"ကျန်တာတွေ ခင်ဗျားတို့ဘာသာ သုံးလိုက်ပါ။ ကျွန်တော်တကယ် မလိုပါဘူး"

"ဒါပေမဲ့..သူရဲကောင်း..."

ကျန်ရှန်းက အကုန်လုံးယူစေချင်သောကြောင့် စောဒကတတ်ရန်ကြိုးစားလေသည်။

ကျိယွမ် မနေနိုင်တော့ပါ။သူက မျက်မှောင်ကျုံ့ကာ လေသံမာလိုက်ရသည်။

"ခင်ဗျားက ကျွန်တော့်ကို အနာကျက်ဆေးတွေ ပေးပြီး ဒဏ်ရာရဖို့ ကျိန်ဆဲနေတာလား။ဒီိနတ်ဆိုးတွေက ကျွန်တော့်ကို ထိခိုက်နိုင်မယ်လို့ ထင်နေလို့လား"

"ခင်ဗျားတို့က နတ်ဆိုးတွေကို ကြောက်ကြပေမဲ့၊ ကျွန်တော်အတွက် သူတို့က အတွေ့အကြုံရမှတ်တွေ သပ်သပ်ပဲ ၊အလုပ်ပိုတာကလွဲလို့ ဘာအန္တရာယ်မရှိဘူး"

ကျန်ရှန်းနှင့်ချန်ကျာင်းတို့မှာ ကျိယွမ်၏စကားများကို နားမလည်ပါ။သို့သော်လည်း ဆေးများကိုတော့ ထပ်မပေးကြပေ။

သူတို့ကစေတနာနှင့်ပေးသော်လည်း တစ်ဖက်လူကို ကျိန်ဆဲသလိုဖြစ်နေသည်မဟုတ်ပါလား။

"သူရဲကောင်းက သူရဲကောင်းဆိုတဲ့အတိုင်း ရဲရင့်လှပါပေတယ်"

ကျိယွမ်အားချီးမွမ်းပြီးနောက် သူတို့သည် မြို့ရိုးပေါ်တွင် အရက်ပြန်သောက်ရင်း စပ်မိစပ်ရာ စကားစမြည်းပြောကြလေသည်။

"နတ်ဆိုးတပ်ကြီး ဘယ်တော့ရောက်လာမလဲ မသိဘူး"

"အင်း...မဟာရှားအလံက ကြာကြာရပ်တည်နိုင်မှာ မဟုတ်တာ ဝမ်းနည်းစရာပဲ"

တစ်ခါတလေတွင် သူတို့က ကျိယွမ်ကိုလည်း တိုက်တွန်းကြပြန်သည်။

"သူရဲကောင်း၊ နတ်ဆိုးတွေ မရှိတုန်းမှာ ခင်ဗျား ဘာလို့ ထွက်မသွားတာလဲ။

ခင်ဗျားရဲ့ ခွန်အားနဲ့ဆိုရင်၊ ရာထူးကြီးတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်မှာသေချာတယ်။ ဝူကွေမြို့ကနေ အချိန်မီထွက်သွားသင့်တယ်"

လျူဖုန်းကုန်းမြေတွင် ကျင့်ကြံသူများကို

သာမန်အဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်ဟူ၍ ခွဲခြားထားသည်။

ပထမအဆင့်ကို တပ်မှူး ဟု ခေါ်ပြီး

ဒုတိယအဆင့်ကို အရှင်သခင် ဟုခေါ်ကြသည်။

တတိယအဆင့်ကို တိုင်းပြည်စောင့် ဟု ခေါ်ပြီး၊ တိူင်းပြည်တစ်ခုကို တစ်ယောက်တည်း ကာကွယ်နိုင်သည်အထိ ခွန်အားကြီးမား၏။

စတုတ္ထအဆင့်ကို မြေကမ္ဘာဒဏ္ဍာရီ ဟု ခေါ်ပြီး၊ နတ်ဘုရားများကဲ့သို့ စွမ်းအားရှိသည်။

ပဉ္စမအဆင့်ကိုတော့ အဓိပတိ ဟု ခေါ်ပြီး၊ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လေသည်။

မြို့ပေါင်း (၁၀၈,၀၀၀) ထဲမှ အချို့မြို့များတွင် အဓိပတိများကာကွယ်နေကြသည်ဟု ဆိုကြ၏။ထိုမြို့များကိုတော့ နတ်ဆိုးများ ဝင်ရောက်နိုင်ခြင်း လုံးဝမရှိပေ။

ကျိယွမ်က သူတို့နှစ်ဦးကို ကြည့်ကာဖြေလိုက်သည်။

"ကျွန်တော်က ဝူကွေမြို့ကို ကာကွယ်သူပါ။ ဘာလို့ကျွန်တော်ကထွက်သွားရမှာလဲပါ"

ကျန်ရှန်းတို့နှစ်ဦးက ကျိယွမ်အား လေးစားသောအကြည့်များဖြင့်ကြည့်လိုက်ကြသည်။

မဟာရှားတိုင်းပြည်သည့် လေလွင့်ကျင့်ကြံသူများအပေါ် တစ်ကြိမ်မှပင် မထောက်ပံ့ခဲ့ဖူးပါ။သိူ့သော် လေလွင့်ကျင့်ကြံသူတစ်ဦးက သူ၏အသက်ကို စွန့်လွှတ်ကာ မဟာရှားအတွက် နောက်ဆုံးအချိန်ထိကာကွယ်ပေးနေသည်။

မည်သည့်ရာထူး၊မည်သည်ဆုလာဘ်ကိုမှလည်း မျှော်ကိုးပုံမရချေ ။သူက ပေးဆပ်သူသပ်သပ်ပင်။

မည်မျှမွန်မြတ်လှသော သူရဲကောင်းစိတ်ဓာတ်ပေနည်း။

ကျန်ရှန်းတို့နှစ်ဦးမှာ တွေးမိလေ လေးစားမိလေဖြစ်နေကြတော့သည်။

သို့သော် ကျိယွမ်ကလည်း သူ့အကြောင်းနှင့်သူဖြစ်သည်။ဝူကွေမြို့ကို ကာကွယ်နေသမျှ ကာလပတ်လုံး ဆုလာဘ်များက ပိုမိုမြင့်မားလာမည်မဟုတ်ပါလား။

ရတနာသိုက်ကြီးကို ထားပြီးထွက်သွားရအောင် ငါကအရူးလား။ဒီမှာနေရင် ဆုလာဘ်တွေလည်း ရမယ်၊အတွေ့အကြုံရမှတ်တွေလည်း ရမယ် ၊ ဘယ်လောက်ကောင်းလဲ။

ဝမ်ယုကုန်းမြေတိုက်ကြီးတွင် မကောင်းဆိုးရွသို့ားများကို သတ်ခြင်းက သူ့အားအတွေ့အကြုံရမှတ်များပေး၏။သို့သော်လည်း ဆုလာဘ်များရရှိရန်ဆိုလျင် သူသည် မကောင်းဆိုးရွားများအားလုံးကို တစ်ကောင်မကျန် လိုက်ရှင်းရသည်။

ယခုနေရာတွင် နတ်ဆိုးများကိုလိုက်လံသတ်ဖြတ်နေလျှင် အတွေ့အကြုံရမှတ်များရလာနိုင်သော်လည်း သူမည်မျှပင်သတ်စေကာမူ ဆုလာဘ်မရနိုင်ပေ။

သူကဆုကြီးကြီးလိုချင်လျှင် ဝူကွေမြို့ကို ကြာကြာစောင့်ရန်လိုအပ်လေ၏။ထို့ကြောင့် ကျိယွမ်က ဝူကွေမြို့မှ မည်သည့်နည်းနှင့်မှ ထွက်ခွာသွားမည်မဟုတ်ပါ။

ဂိမ်းက ဆုကြီးကြီးတွေ ပေးဖို့ပဲမျှော်လင့်ပါတယ်။

ကျိယွမ်အတွေးကောင်းနေစဥ် ကျန်ရှန်း၏ အသံကထွက်ပေါ်လာသည်။

"မဟာရှားအလံကို စိုက်ထူလိုက်ရင်၊ တစ်ရက်အတွင်းမှာ နတ်ဆိုးတွေ သိသွားပြီး၊ ငါးရက်အတွင်းမှာ နတ်ဆိုးတပ်ကြီး ရောက်လာပါလိမ့်မယ်"

"အလံမရှိရင်တော့၊ နတ်ဆိုးတွေက သတင်းရရင်တောင် အလောတကြီး မရောက်လာတတ်ကြပါဘူး ၊ အလံက အဓိကပါပဲ အလံလွှင့်ထားတာဟာ သူတို့ဒီမြို့ကို ဆုံးရှုံးတာလို့ အဓိပ္ပါယ်ရပါတယ်၊ဒါကြောင့် အမြန်ဆုံးချီတတ်လာလိမ့်မယ်"

ကျိယွမ် အံ့အားသင့်သွား၏။ထိုအရာမျိုးရှိသည်ကို သူမသိခဲ့ပါ။

"အလံ မရှိရင်၊ နတ်ဆိုးအသစ်တွေ မလာဘူးလား"

သူသည် နတ်ဆိုးများကိုရက်တော်တော်များများ စောင့်နေခဲ့သည်။သို့သော် အလံမရှိသောကြောင့် အလကားဖြစ်ခဲ့ရ၏။

"လာတော့ လာမှာပါ၊ ပိုနှေးသွားရုံပါပဲ"

ကျန်ရှန်းက ရှင်းပြပြီး အသေးစိတ်များကို ထပ်ပြောပြသည်။

ကျိယွမ် ခေါင်းတညိတ်ညိတ်ဖြစ်သွား၏။

"ဒါဆို၊အလံရှိရင် နတ်ဆိုးတပ်ကြီးက ငါးရက်အတွင်း ရောက်လာမယ်ပေါ့"

သူသည် အလံကိုအသုံးပြုပြီး နတ်ဆိုးတပ်ကြီး ရောက်လာမည့်အချိန်ကို ထိန်းချုပ်နိုင်ပုံရလေသည်။

"ဟုတ်ပါတယ်၊ ခန့်မှန်းခြေအားဖြင့်ပေါ့"

ကျိယွမ်က မြို့ရိုးပေါ်တွင် လွှင့်ထူထားသော မဟာရှားအလံကိုမော့ကြည့်၏။

ထို့နောက် ကျန်ရှန်းနှင့်ချန်ကျောင်းတို့ကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ခင်ဗျားတို့မှာ အလံတွေ ထပ်ရှိသေးလား။ များနိုင်သမျှ များလေ ကောင်းလေပဲ"

"ရှိပါတယ်"

ကျန်ရှန်းက နားမလည်သော်လည်း မြို့ထဲမှရှာတွေ့ခဲ့သည့် အလံများကို ကျိယွမ်အားပေးလိုက်သည်။

"သူရဲကောင်း၊ အလံတွေ အများကြီး ဘာလုပ်ဖို့ပါလဲ"

သူက မနေနိုင်စွာမေးလိုက်မိသည်။

"အလံတစ်ခုတည်းနဲ့ မလုံလောက်ဘူးလေ။ ကျွန်တော် ဒီမှာ အကြာကြီးကာကွယ်ဖို့ စီစဉ်ထားတယ်"

ကျိယွမ်က အမှန်အတိုင်းပြန်ဖြေပေးသည်။

အပြင်ဘက်မှတစ်ရက်သည် ဂိမ်းထဲမှ ဆယ်နှစ်နီးပါးနှင့် ညီမျှသည်။အလံတစ်ခုသည် ဆယ်နှစ်အထိ မခံနိုင်ပေ၊အခြားမမျှော်လင့်သောဖြစ်ရပ်များလည်း ဖြစ်လာပြီး အလံကပျက်စီးသွားနိုင်သည့် အခြေအနေလည်းရှိသေးသည်။

သူသည် လေ့ကျင့်ရန်နှင့်ပိုမိုသန်မာလာစေရန် အချိန်ကွာခြားမှုကို အကျိုးရှိစွာ အသုံးပြုရန် လိုအပ်သောကြောင့် အရာရာကိုသေချာပြင်ဆင်ရမည် မဟုတ်ပါလား။

ကျန်ရှန်းမှာ ကျိယွမ်အားမမြင်ဖူးသူလို ကြည့်မိသည်။

ယခုလွှင့်ထားသောအလံပင် ဘယ်နှစ်ရက်ခံမည်မသိပေ။နောက်ထပ် အလံသစ်တစ်ခုကိုလွှင့်ထူဖို့ အသက်ရှင်နေမှ ရမည်မဟုတ်ပါလား။

ချန်ကျောင်းကတော့ သိပ်မတွေးတော့ဘဲ အရက်အိုးကို မော့ချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ခင်ဗျားလို မြင့်မြတ်တဲ့သူရဲကောင်းတစ်ယောက်နဲ့ ဒီမြို့မှာအတူသေရမယ်လို့ မထင်ခဲ့မိဘူး"

သူ့အတွက် နတ်ဆိုးတပ်ကြီးရောက်လာသည့်နေ့သည် သေနေ့ပင်ဖြစ်၏။

ကျိယွမ်သည် သူတို့နှစ်ဦးအားကြည့်ကာ ခေါင်းယမ်းပြသည်။

"ခင်ဗျားတို့ နှစ်ယောက် သေချင်သေကြလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ မသေဘူး။

ကစားသမားတွေက ဂိမ်းထဲမှာ တကယ်မသေပါဘူး"

ကျိယွမ်က နောက်ထပ်ဝါကျကိုတော့ စိတ်ထဲမှပဲ ပြောလိုက်သည်။

ဒါပေမဲ့ NPC တွေကတော့... ကံမကောင်းစွာနဲ့ သေပြီးရင် ပြန်မပေါ်နိုင်တော့ဘူး။

ကျန်ရှန်းက ခေတ္တကြောင်သွားသော်လည် သဘောပေါက်သွားကာ အလျင်အမြန် ချီးကျူးလိုက်သည်။

"ဟုတ်ပါတယ် သူရဲကောင်းဆိုတာ ဘယ်တော့မှမသေဘူး၊လူတွေရဲ့ နှလုံးသားထဲမှာ အမြဲရှင်သန်နေမှာပါ"

"စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက်နဲ့အတူ တိုက်ပွဲဝင်ရတာ နောင်တရစရာမရှိတော့ဘူး"

ကျန်ရှန်းနှင့်ချန်ကျောင်းတို့က ကျိယွမ်အားလေးစားသောမျက်လုံးများဖြင့် ငေးကြည့်နေကြလေသည်။

.........................

မဟာရှားတိုင်းပြည် ၊ မဟာရှား နန်းတော်၊ ယွမ်စံအိမ်တော်တွင်ဖြစ်သည်။

ဧကရာဇ်သည် အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း နန်းတက်သည်မှာ လေးနှစ်ကြာခဲ့ပြီဖြစ်လေသည်။

ဤလေးနှစ်အတွင်း သူသည်အာဏာကို ဟန်ချက်ညီအောင် ထိန်းညှိနိူင်ခဲ့ပြီး ကျင့်ကြံသူ စစ်တပ်တစ်ခုကို အရင်းအမြစ်များစွာပံ့ပိုးဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်ချုပ်ယွမ် ဦးဆောင်စေကာ ဝူကွေမြို့သို့ စေလွှတ်ခဲ့သည်။

ယခုအချိန်မှာတော့ ဧကရာဇ်၏ ငယ်ရွယ်သည့် မျက်နှာတွင် မျှော်လင့်ချက်များ ပေါ်နေပြီး ရွှင်လန်းစွာမိန့်လိုက်သည်။

"တပ်မှုးယွမ်က ငါ့ရဲ့ ယုံကြည်မှုကို ဖြည့်ဆည်းပေးခဲ့တယ်။နောက်ဆုံးတော့ မဟာရှားအလံတော်ဟာ ဝူကွေမြို့ပေါ်မှာ လွှင့်ထူနိုင်ခဲ့ပြီ"

မြို့ပေါင်း (၁၀၈,၀၀၀) လုံး၌ အချက်ပေးအစီအရင်များရှိကြသည်။

အကယ်၍ မဟာရှားအလံကို မြို့ရိုးပေါ်တွင် စိုက်ထူလိုက်ပါက မဟာရှားနန်းတော်ရှိ နဂါးခေါင်းလောင်းသည် ကိုးချက်မြည်လာမည် ဖြစ်ပြီး အလံပြုတ်ကျပါက တစ်ချက်သာမြည်သည်။

မကြာသေးမီက နဂါးခေါင်းလောင်းသည် ကိုးချက်တိတိ မြည်ခဲ့လေ၏။

ထိုစဥ်ကဆိုလျှင် ဧကရာဇ်သည် ဖိနပ်ပင်မစီးနိုင်ဘဲ ဘိုးဘွားခန်းမသို့ ခြေဗလာဖြင့် ပြေးသွားမိခဲ့သည်။

ဝူကွေမြို့သည် မဟာရှား၏လက်အောက်သို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

၎င်းသည် မဟာရှားတိူင်းပြည်၏နှစ်ပေါင်းနှစ်ဆယ်စာကံကြမ္မာအတွက် အဆုံးအဖြတ်လည်းဖြစ်သည်။

မဟုတ်ပါက မြို့တစ်မြို့ကို နှစ်နှစ်ဆယ် အထိ ပြန်လည်မသိမ်းနိုင်ပါက မဟာရှားသည် ရှုံးနိမ့်ပြီဟုယူဆခံရကာ၏ တာ့ဆွေနှင့် ပေါင်းစည်းရမည် ဖြစ်သည်။

တာ့ဆွေနှင့် ပေါင်းစည်းခြင်းသည်နတ်ဆိုးတပ်ကြီးကို မဟာရှားက ရှေ့ဆုံးမှကာကွယ်ရမည်ကို ဆိုလိုသည်။

သို့သော် မည်သူက အမြှောက်စာဖြစ်ချင်မည်နည်း။ မည်သူကမျှ အခြားသူ၏ အပြည့်အဝ အမြတ်ထုတ်ခံရခြင်းကို လိုချင်မည်မဟုတ်ပါ။

ယွမ်တပ်မှုးကတော်၏ မျက်ရည်များကို မြင်သောအခါ ဧကရာဇ်၏စိတ်လှုပ်ရှားမှုများ

အနည်းငယ် မှေးမှိန်သွားသည်။

မဟာရှားအလံတော်သည် ဝူကွေမြို့ပေါ်တွင် လွှင့်နေသော်လည်း စစ်သည်များမှာ မည်သည့်အခါမှ ပြန်လာနိုင်မည်ကို မသိနိုင်ကြပါ။

ရက်အနည်းငယ်အတွင်း နတ်ဆိုးကြီးများက ဝူကွေမြို့ကို ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်လာမည်မှာသေချာသည်။

ဝူကွေမြို့သည် မည်မျှကြာကြာ ခံနိုင်မည်နည်း။

ဝူကွေမြို့ ကျဆုံးခြင်းအတွက် တစ်ချက်တည်းသော ခေါင်းလောင်းသံကို သူ၏လူများ ထပ်မံ ကြားရမည်ကို ဧကရာဇ်မမြင်ချင်တော့ပါ။

တပ်မှုးကတော်သည် တသိမ့်သိမ့်ရှိုက်၍ ငိုနေသလို ဧကရာဇ်၏နူနယ်သောမျက်နှာမှာလည်း ဝမ်းနည်းပူဆွေးရိပ်များဖြင့် အံ့မှိုင်းနေတော့သည်။

တစိချက်တည်းသော ခေါင်းလောင်းသံကို မကြာမီရက်များအတွင်း သူတို့ကြားရဦးမည် မဟုတ်ပါလား။

.......................

နောက်ရက်များတွင်လည်း ကျိယွမ်သည် ကျန်ရှန်းနှင့် ချန်ကျောင်းတို့က တရွေ့ရွေ့နှင့် မြို့ထဲမှ အရိုးစုများကို ရွှေ့ပြောင်းမြေမြှုပ်ပေးနေသည်ကို မကြာခဏ မြင်နေရသည်။

သူတို့၏အသက်ရှူသံများက ပိုမိုအားနည်းလာကြသည်။ ပိုးကြိုးမျှင်တစ်မျှင်ဖြင့်ချိတ်ဆွဲထားသော ကျောက်တုံးကဲ့သို့ အချိန်မရွေ့ ပြတ်ကျသေဆုံးသွားနိုင်၏။

သို့သော်လည်း သူတို့သည် စိတ်ဆန္ဒဖြူစင်မှုဇောဖြင့် မာန်တင်းကာလှုပ်ရှားနေကြသည်။

"အဟွတ် အဟွတ် အဟွတ် ၊ဒီပုံဆို နတ်ဆိုးတပ်ကြီးရောက်မလာခင် ငါသေတော့မှာပဲ"

ချန်ကျောင်းက မြို့ရိုးပေါ်တွင် အနားယူရင်းမှ ကျိန်ဆဲသည်။

ကျန်ရှန်းကလည်း သူ၏အဆုံးသတ် နီးလာသည်ကို သိနေ၏။

"ငါ မသေခင်မှာ၊ နတ်ဆိုးတစ်ကောင်လောက်တော့ အနည်းဆုံးသတ်ရမယ်"

ထို့နောက်ရက်များတွင် သူတို့သည် အရိုးမြှုပ်ခြင်းကိုရပ်နားရန်ဆုံးဖြတ်လိုက်ကြသည်။ မဟာရှားအလံကို စောင့်ကြပ်ရန် သူတို့အသက်ကို ထိန်းထားကြရဦးမည်မဟုတ်ပါလား။

ထို့နောက်သူတို့စကားကောင်းနေစဥ်မှာပင် မြို့ရိုးသည် ငလျင်လှုပ်သလိုတုန်ခါလာ၏။

ကျန်ရှန်းနှင့်ချန်ကျောင်းတို့၏ မျက်လုံးများက ဆန္ဒပြည့်ဝသွားသလိုလင်းလက်သွားသည်။သူတို့က ထိုင်နေရာမှ အားတင်း၍ ထလာပြီး ဝေးလံသောနေရာမှ သဲမှုန်များကိုကြည့်လိုက်ကြသည်။

တဖွားဖွားလွင့်ပျံနေသော သဲများကြားတွင်ကြီးမားသည့်နတ်ဆိုးရှစ်ရာခန့်က မြို့ရိုးဆီသို့ ကြမ်းတမ်းစွာ အားကုန်ပြေးဝင်လာကြကုန်သည်။

သဲကန္တာရထဲတွင် ဆင်ကြီးများပြေးလာသကဲ့သို့ လမ်းတစ်လျောက်ဖုန်မှုန်များက တထောင်းထောင်းလွင့်ပျံနေ၏။

ထိုနတ်ဆိုးကြီးများက သာမန်နတ်ဆိုးများထက် ပိုအစွမ်းထက်ပြီး လူသားစစ်တပ်များကို ခဏအတွင်းဖျက်ဆီးနိုင်စွမ်းရှိလေသည်။

ထိုနတ်ဆိုးတပ်များရောက်လာလျင် ဝူကွေမြို့ကို ကာကွယ်ရန်မတတ်နိုင်ဘဲ အကြိမ်များစွာဆုံးရှုံးဖူးခဲ့လေသည်။

ကျန်ရှန်းက နတိဆိုးစစ်တပ်ကြီးအားကြည့်ကာ ကျေနပ်သလိုပြုံးလိုက်၏။

"တစ်ခွက်လောက် ချလိုက်ကြရအောင်"

သူက အရက်တစ်ခွက်ကို လေးနက်စွာမော့သောက်လိုက်သည်။

"ခလွမ်း..."

သောက်ပြီးသောနောက် အရက်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲပစ်လိုက်၏။

"ဒီ စက်ဆုပ်စရာကောင်တွေ နောက်ဆုံးတော့ လာကြပြီပေါ့"

ကျန်းချောင်က တည်ငြိမ်နေသော ကျိယွမ်ကိုကြည့်ကာ နှမြောသလို ခံစားရသည်။

သူရဲကောင်းသည် အချိန်မီထွက်မသွားခဲ့ပေ ၊ ယခုတော့ ထွက်ပြေးဖို့ အခွင့်အလမ်း မရှိတော့ပါ၊အနာဂတ်တွင် အားကိုးရမည် လူငယ်သူရဲကောင်းတစ်ဦးကို ဆုံးရှုံးရတော့မည်ဖြစ်လေသည်။

ထို့နောက် ကြမ်းတမ်းစွာပြေးဝင်လာသည့် နတ်ဆိုးများကို ကြည့်ရင်းမှ မျက်ရည်များဝဲလာပြီး နောင်တရသလိုညည်းညူလိုက်သည်။

"ငါ အိမ်ပြန်ချင်တယ်။အရေးတကြီးထွက်လာရတာနဲ့ မုဆိုးမလီကို ပေးမယ့် ဝက်ကို သင်းကွပ်ဖို့ မေ့သွားခဲ့တယ်..."

ကျိယွမ်သည် ကြမ်းတမ်းစွာပြေးလာနေသော နတ်ဆိုးတပ်ကြီးကို ကြည့်ကာ ပြုံးလိုက်သည်။

နောက်ဆုံးတော့ အတွေ့အကြုံရမှတ်တွေ ရောက်လာပြီပေါ့။

သူက ဓားကျိုးကိုကိုင်လျှက် မတ်တပ်ထရပ်သည်။ ထို့နောက် နတ်ဆိုးတပ်ကြီးဆီသို့ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ငါက ဝူကွေမြို့ကို ကာကွယ်တဲ့သူပဲ။ ကျူးကျော်သူမှန်သမျှ သေရမယ်"

သူ၏အသံကိုကြားသော်လည်း နတ်ဆိုးများ ဂရုမစိုက်ဘဲ သူတို့ဆီသို့ ဦးတည်၍ တည့်မတ်စွာပြေးဝင်လာကြသည်။

၄င်းတို့၏ခြေလှမ်းများက သားကောင်တွေ့သောမုဆိုးများနှယ် ပို၍ပင်မြန်ဆန်လာ၏။

ဤမြို့ရိုးပေါ်မှ လူသားစစ်သည်ပေါင်းများစွာကို သူတို့အကြိမ်များစွာသတ်ဖူးသည်မဟုတ်ပါလား။

ကျိယွမ်၏မျက်နှာက ချက်ချင်းအေးစက်သွားလေသည်။

"မင်းတို့က ငါ့ကို မလေးမစားဆက်ဆံနေတာပဲ။ လူလိုပြောရင် နားလည်ရတယ်ကွ"

စကားဆုံးသည်နှင့် ကျိယွမ်သည် ဓားကျိုးကိုဆုပ်ကိုင်လျက် မြို့ရိုးပေါ်မှ လွှားခနဲခုန်ချသွားလေသည်။

ပေ ၃၀ ကျော်မြင့်သည့် မြို့ရိုးပေါ်မှ ကျိယွမ်က လှပစွာခုန်ချသွားသည်ကို မြင်သောအခါ ကျန်ရှန်းနှင်ချန်ကျောင်းတို့ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

"ငါတို့က ကျင့်ကြံသူတွေမဟုတ်တာ ဆုံးရှုံးမှုပဲ။ မဟုတ်ရင် ခုန်ဆင်းပြီး သူရဲကောင်းနဲ့အတူ တိုက်ခိုက်ပစ်ချင်တယ်"

ကျန်ရှန်းက အားမရစွာညည်းညူလိုကသည်။

သူတို့သည် အဆင့်မသတ်မှတ်ထားသည့် ကျင့်ကြံသူများဖြစ်ပြီး လေ့ကျင့်မှု အနည်းငယ်သာ ရှိလေသည်။

သူတို့အတွက် မြို့ရိုးပေါ်မှ ခုန်ချခြင်းသည် မိမိကိုယ်ကို သတ်သေခြင်းပင်မဟုတိပါလား။

"သူရဲကောင်း၊ ရန်သူတွေကို ရသလောက်သတ်ပေးပါ။ ကျွန်တော်တို့ ခင်ဗျားနဲ့အတူ တမလွန်အထိ လိုက်ပ့ါမယ်"

ကျန်ရှန်းက အားကုန်အော်ဟစ်ပြီးနောက် ချောင်းတဟွတ်ဟွတ်ဆိုးလာ၏။ သူက သိသိသာသာအားနည်းသွားသောကြောင့်ဖြစ်သည်။

"အဖော် သုံးယောက်ဆိုတော့ တမလွန်မှာ အထီးမကျန်တော့ဘူးပေါ့"

ချန်ကျောင်းကလည်း အားပေးစကားပြောရှာသည် ။

ကျိယွမ်သည် ထိုနှစ်ယောက်ကြောင့် ကူကယ်ရာမဲ့သလို ခံစားရသည်။သူတိူ့က တသေတည်း သေချည်း ပြောနေကြသည်မဟုတ်ပါလား။

"ခင်ဗျားတို့ နှစ်ယောက် မြို့ရိုးပေါ်မှာ အေးအေးဆေးဆေးထိုင်နေပြီး ဒီနတ်ဆိုးလေးတွေကို ကျွန်တော်ဘယ်လိုသတ်သလဲဆိုတာ ကြည့်ပါ"

သူကထိုနှစ်ယောက်အား ခေါင်းစဥ်ပြောင်းပေးလိုက်သည်။ မဟုတ်လျှင် သေစကားများချည်း ပြောနေကြမှာ သေချာ၏။

"မသေခင်မှာ၊ သူရဲကောင်းတစ်ယောက်က နတ်ဆိုးတွေကို ရဲဝံ့စွာသတ်တာကို မြင်ရတော့မယ်၊ ဒီဘဝ... အချည်းနှီး သေရတာမျိုးမဖြစ်တော့ဘူး"

ကျန်ရှင်းက မျက်ရည်များပင်ဝဲလာ၏။

ကျိယွမ်မှာ စကားဆက်ပြောချင်စိတ်ပင် ကုန်ခမ်းသွားတော့သည်။

သူက ဓားကျိုးကိုကိုင်လျှက် စောင့်နေစဥ်မှာပင် ဆင်ကြီးများကဲ့သို့ တလိမ့်လိမ့် ပြေးဝင်လာသည့် နတ်ဆိုး ရှစ်ရာခန့် ရောက်လာတော့သည်။

၄င်းတို့နှင့်အတူ ဖုန်မှုန်များကလည်း ထူပိတ်စွာလွင့်ပျံနေပြီး ပတ်ဝန်းကျင်ကိုပင် သေချာမမြင်နိုင်တော့ပေ။

"ကောင်းကင်ပိုင်းဖြတ်ဓားချက်"

ကျိယွမ်သည် သူ၏လက်စွဲတော် အကြီးစားစွမ်းရည်တစ်ခုကို အသုံးပြုလိုက်သည်။

အဆင့် (၄၉) သာ ရှိသော်လည်း သူ၏ ယခင်က စွမ်းရည်များသည် ကျန်ရှိနေသောကြောင့် အဆင်ပြေလှလေသည်။

ယခင်ဂိမိးကဲ့သို့ အဆင့်ဆယ်ဆင့် သို့မဟုတ် အဆင့် သုံးဆယ်တတ်တိုင်းတွင် စွမ်းရည်အသစ်များ နိုးထနိုင်ပါသေးသလောဟု သူ တွေးမိ၏။

သို့သော် ထိုအတွေးကိုဘေးဖယ်ထားပြီး၊း ကျိယွမ်သည် လက်ရှိ သတ်ဖြတ်ခြင်းအပေါ်၌ အာရုံစ်ုက်ထားလိုက်သည်။

"သတ်"

ကောင်းကင်ပိုင်းဖြတ်ဓားချက်ကြောင့် သူ၏ဓာကျိုးက အင်အားကြီးမားသောဓားရုပ်ထုကြီးတစ်ခုအလား နတိဆိုးများကြားသို့ ကျရောက်သွားသည်။

"ဝုန်း"

ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ ဓားစွမ်းအင်များက လှိုင်းထလာပြီး သဲမြေပြင်ပေါ်၌ ကြီးမားသောသဲချိူင့်ကြီးတစ်ခုဖြစ်ပေါ်လာက နတ်ဆိုးရာပေါင်းများစွာ ကျိုးပဲ့ထိခိုက်ကုန်သည်။

နတ်ဆိုးကိုးဆယ့်ခုနစ်ကောင်ကတော့ ထိုဓားတစ်ချက်တည်းဖြင့် ချက်ချင်းသေဆုံးသွား၏။

"နတ်ဆိုးလေးတွေ မင်းတို့တန်းစီပြီး အခုတ်ခံသင့်တယ်"

ကျိယွမ်က နတ်ဆိုးအုပ်ထဲသို့ တဟုန်ထိုးပြေးဝင်သွားသည်။

မြို့ရိုးပေါ်မှ ကျန်ရှန်းနှင့်ချန်ကျောင်းတို့၏ မျက်လုံးများက ကျွတ်ကျမတတ်ပြူးကျယ်ကုန်သည်။

ငါတို့ ဘာမြင်လိုက်တာလဲ။

သူက ဓားတစ်ချက်တည်းနဲ့ နတ်ဆိုးတစ်ရာနီးပါးကို သတ်လိုက်တာလား။

ဒီလောက်ပြင်းထန်တဲ့ခွန်အား ဘယ်လောက်တောင်မှကြောက်စရာကောင်းနေတာလဲ။

ဒါက ရိုးရိုးတပ်မှူးတစ်ယောက်မှ မဟုတ်တော့တာ၊ အရှင်သခင်သာ ဖြစ်ရမည်။

အရှင်သခင်တစ်ယောက်သည် မဟာရှားတွင် မြို့စားဖြစ်နိုင်၏။

ကျန်းရှန်နှင့်ချန်ကျောင်းတို့မှာ မေးရိုးများပင် ပြုတ်ကျမတတ်ဖြစ်နေကြရသည်။

ထူးဆန်းသည့်သူရဲကောင်းသည် ဒဏ္ဍာရီလာ အရှင်သခင် ဖြစ်နေလိမ့်မည်ဟု သူတို့မမျှော်လင့်ခဲ့ကြပေ။

သူတို့သည် ကျိယွမ်က နတ်ဆိုးတပ်ကြီးထဲကို ဝင်ရောက်သွားသည်ကိုမြင်နေရသည်။

ဓားကျိုးသည် ကြောက်စရာအကောင်းဆုံးရတနာလက်နက်တစ်ခုကဲ့သို့ ဖြစ်နေပြီး နတ်ဆိုးမှန်သမျှ အပိုင်းပိုင်းအခုတ်ခံနေ၏။

"သတ်"

တားမြစ်နယ်မြေများအပါအဝင် တျန်းကျွဲ့နှင့်တိကျွဲ့တွင် ကျိယွမ်သတ်ဖြတ်ခဲ့သော မကောင်းဆိုးရွားနှင့် နတ်ဆိုးများမှာ ရေတွက်၍ပင် မနိုင်လောက်အောင်များပြားသည်။

သူက နတ်ဆိုးသတ်သမားတစ်ဦးအလား ကျွမ်းကျင်မှုက ပြီးပြည့်စုံနေလေပြီ။

ယခုလို တစ်စုတစ်ဝေးတည်း စုနေသောအခါမှာတော့ ပြောစရာပင်မလိုတော့ပါ။

ကျိယွမ်က နတ်ဆိုးတပ်ဖွဲ့ကြီးထဲသို့ ၅ ကြိမ်ခန့်ဝင်လိုက်ထွက်လိုက်လုပ်လိုက်ပြီးသောအခါမှာတော့ နတ်ဆိုးများအားလုံး နီးပါးသဲပြင်ပေါ်တွင် လဲကျကုန်လေသည်။

ဓားရောင်တစ်ချက်လင်းလက်သွားပြီးနောက်ဆုံးတစ်ကောင်တည်းကျန်နေခဲ့သော အရိုးစုနတ်ဆိုးမှာ အပိုင်းပိုင်းဖြစ်သွား၏။

ကျိယွမ်က ဓားသွားပေါ်မှ သွေးများကို ခါထုတ်လိုက်သည်။

"အခုမှ ဂိမ်းကစတာ.."

--------------------------

All Chapters