← Chapters

အခန်း (၁၆၈၁)

Vol. 113 Ch. 1681

အခန်း (၁၆၈၁)

Vol. 113 Ch. 1681

"မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ဒီမီးဝိညာဉ်နတ်ဆေးလုံးအတွက် အစုံ၈၀၀စာကို ငါအရင်ရထားတာပဲ"

ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

သူက စစ်ခုံရှင်းကို လျစ်လျူရှုကာ မီးဝိညာဉ်နတ်‌ဆေးလုံးဖော်စပ်ရန် ပစ္စည်းအစုံ ၈၀၀စာကို သိုလှောင်လက်စွပ်ထဲသို့ တိုက်ရိုက်ပင် ထည့်လိုက်သည်။

"ဒီကောင်က ဘယ်သူလဲ.. မီးဝိညာဉ်နတ်ဆေးလုံး အတွက် စစ်ခုံရှင်းနဲ့တောင် ယှဉ်ပြိုင်ရဲတယ်.. ဒီကောင်က တော်တော်ရဲတင်းတဲ့ကောင်ပဲ"

"............"

ထိုအချိန်တွင် မစ်ရှင်များကို လက်ခံရန် ရောက်ရှိလာသော အဂ္ဂိရတ်ခန်းမ၏ တပည့်များသည် ခန်းမထဲရှိအခြေအနေကို ကြည့်ကာ တုန်လှုပ်ကုန်ကြသည်။

သူတို့၏ ကျန်းချန်ကို ကြည့်နေသော အကြည့်ထဲတွင် ကရုဏာသက်သော အရိပ်အယောင်များ ပါ၀င်နေခဲ့၏။

စစ်ခုံရှင်းသည် အဂ္ဂိရတ်ခန်းမ၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်သည်။

အဂ္ဂိရတ်ခန်းမသို့ ၀င်ရောက်ပြီး နှစ်ပေါင်း၃၀ အတွင်းမှာပင် စစ်ခုံရှင်းသည် နတ်အဆင့် အဂ္ဂိရတ်သခင် ဖြစ်လာခဲ့သည်။

သူ၏ ထူးချွန်လှသောပါရမီကြောင့် အဂ္ဂိရတ်ခန်းမရှိ တပည့်များကြားတွင် သူ၏ အဆင့်အတန်းသည် အလွန်တရာပင် မြင့်မား၏။

သူ၏ဆရာက နတ်အဆင့် အဂ္ဂိရတ်သခင် စတုတ္ထအဆင့် ဖြစ်ပြီး ကောင်းကင်နတ်ဘုရားအဆင့် ဆေးဝါးကိုပင် ဖော်စပ်နိုင်သောကြောင့် အဂ္ဂိရတ်ခန်းမ တစ်ခုလုံးတွင် လူအနည်းငယ်လောက်သာ စစ်ခုံရှင်းကို စိန်ခေါ်ဝံ့ကြသည်။

ထိုအကြောင်းကြောင့်ပင် စစ်ခုံရှင်းသည် အဂ္ဂိရတ်ခန်းမတွင် အာဏာရှင်ပမာ ပြုမူလေ့ရှိသည်။

သူက တခြားသော တပည့်များ၏ မစ်ရှင်များကို မစ်ရှင်ခန်းမတွင် တစ်ကြိမ်ထက်မက လုယူခဲ့ပြီး ထိုအကြောင်းနှင့်ပတ်သက်၍ တပည့်အများစုသည် တစ်စုံတစ်ရာ မပြောဝံ့ကြပေ။

စစ်ခုံရှင်း၏ မောက်မာသော အပြုအမူကို ဆန့်ကျင်ရန်ကြိုးစားခဲ့သော အဂ္ဂိရတ်ခန်းမမှ တပည့်များစွာ ရှိခဲ့ဖူးသော်လည်း အဆုံးသတ်တွင် ၎င်းတို့၏ ကံကြမ္မာသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ဆိုးရွားသွားခဲ့သည်။

ထို့ကြောင့် စစ်ခုံရှင်းကို ဆန့်ကျင်နေသော အနက်ရောင်၀တ်စုံ၀တ်လူငယ်၏ ကံကြမ္မာကို သူတို့အားလုံး ခန့်မှန်းနိုင်ခဲ့၏။

စစ်ခုံရှင်း ရောက်ရှိလာသည်ကိုမြင်လျှင် လူလတ်ပိုင်းအရွယ်တာ၀န်ခံ နတ်အဆင့် အဂ္ဂိရတ်သခင်သည် တိတ်တဆိတ်နေရန်သာ ဆုံးဖြတ်ခဲ့သည်။

သူက အဂ္ဂိရတ်ခန်းမတွင် နတ်အဆင့် အဂ္ဂိရတ်သခင် ပထမအဆင့် ဖြစ်သော်လည်း စစ်ခုံရှင်းသည် အဂ္ဂိရတ်ခန်းမ၏ တန်ဖိုးမဖြတ်နိုင်သော ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်၏။

စစ်ခုံရှင်းနှင့် ပြဿနာတက်နေသော ကောင်လေးကမူ အပြင်ပန်းကြည့်လျှင် အလွန်တရာ နိမ့်ကျပုံရသော်လည်း ထိုကောင်လေး၏ အဂ္ဂိရတ်ပါရမီသည် အလွန်တရာပင် နတ်ဆိုးဆန်ပြီး သာမာန်ပုဂ္ဂိုလ်တစ်ဦး မဟုတ်လောက်ပေ။

ယင်းကဲ့သို့ အဂ္ဂိရတ်ပါရမီရှင်နှစ်ဦး ထိပ်တိုက် ဆုံတွေ့မိသောအခါတွင် သူကဲ့သို့ နတ်အဆင့် အဂ္ဂိရတ်သခင် ပထမအဆင့်သည်ပင် ၀င်ရောက် စွက်ဖက်နိုင်မည် မဟုတ်ပေ။

"ကောင်လေး မင်းဘာစကားပြောတာလဲ.. ထပ်ပြောကြည့်စမ်း"

ကျန်းချန်၏ လေးစားမှုကင်းမဲ့သော စကားကို ကြားလျှင် စစ်ခုံရှင်း၏ အမူအရာသည် ချက်ချင်းပင် အလွန်တရာ အေးစက်လာခဲ့သည်။

ကျန်းချန်က မထီတရီ ပြုံးကာ ပြောလိုက်သည်။

"ဒီမီးဝိညာဉ်နတ်ဆေးလုံး အစုံ၈၀၀စာက ငါ့အပိုင်ပဲဆိုတာ ငါအတိအကျ ပြောခဲ့ပြီးပြီ.. မင်းမကြားရ‌အောင် မင်းရဲ့ နားက ကန်းနေလိ"

"ငါလိုချင်တဲ့အရာကို ခွေးတွေ ကြောင်တွေက လုယူလို့မရဘူး အဂ္ဂိရတ်ခန်းမရဲ့စည်းမျဉ်းအရ ခန်းမအကြီးအကဲရဲ့ တပည့် တစ်ဦးအနေနဲ့ ငါ့ကို ဦးစားပေးရမယ်.. အခြေအနေကို နားလည်သဘောပေါက်တယ်ဆိုရင် မီးဝိညာဉ်နတ်ဆေးလုံးဖော်စပ်မယ့် အစုံ၈၀၀စာကို ငါ့ဆီ လိမ်လိမ်မာမာ လွှဲပြောင်းပေးလိုက်.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

စစ်ခုံရှင်းက ကျန်းချန်ကို အေးစက်သော မျက်၀န်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။

သူ၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ရုတ်တရက် ပြည့်နှက်သွားခဲ့၏။

"အဂ္ဂိရတ်ခန်းမအကြီးအကဲရဲ့ တပည့်က ဘာမို့လို့လဲ"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"အဂ္ဂိရတ်ခန်းမမှာ နောက်ထပ် စည်းမျဉ်းတစ်ခု ရှိသေးတယ်.. အဲဒါက ခန်းမအကြီးအကဲရဲ့ တပည့်ကို အနိုင်ယူနိုင်သရွေ့ အဲဒီဦးစား‌ပေးမှုကို လျစ်လျူရှုနိုင်တယ် ဆိုတဲ့ စည်းမျဉ်းပဲ"

ထိုစကားကိုကြားလျှင် စစ်ခုံရှင်းက မျက်ခုံးကိုပင့်လိုက်ကာ မထီမဲ့မြင် အမူအရာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

"ဒါဆို မင်းက ငါနဲ့အဂ္ဂိရတ်ပညာ ယှဉ်ပြိုင်မလို့လား"

"အပိုစကားတွေ မပြော‌နဲ့တော့.. အခုပဲ ယှဉ်ပြိုင်လိုက်ရ‌အောင်"

ကျန်းချန်က အေး‌စက်စက် ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ မီးဝိညာဉ်နတ်ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ပစ္စည်းများသည် စစ်ခုံရှင်း အရှေ့ရှိ လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

"မင်းနဲ့ငါက မီးဝိညာဉ်နတ်ဆေးလုံး အတွက် ပြဿနာတက်နေတာဆိုတော့ မီးဝိညာဉ်နတ်ဆေးလုံးကို သန့်စင်ဖို့အတွက် ရွေးချယ်လိုက်ရအောင်.. မီးဝိညာဉ်နတ်ဆေးလုံးကို ဘယ်သူအရင်သန့်စင်နိုင်သလဲ ဆိုတဲ့‌ပေါ် မူတည်ပြီး ပိုင်ရှင်ကို ဆုံးဖြတ်မယ်...ဘယ်လိုသ‌ဘောရလဲ"

"ကောင်းပြီလေ မင်းက ငါနဲ့ပြိုင်ဖို့ ဆန္ဒရှိနေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

စစ်ခုံရှင်းက အေးစက်စက် ပြုံးလိုက်သည်။

ထို့နောက်တွင် သူ၏ရှေ့ရှိ လေထုထဲတွင် ကြေးနီရောင်ဆေးမီးဖိုတစ်ခုသည် တိုက်ရိုက် ပေါ်လာခဲ့သည်။

"အကြီးအကဲ ကျွန်တော်အသုံးပြုဖို့ ဆေးမီးဖို တစ်ခုလောက် ငှားပေးလို့ရမလား"

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် လူလတ်ပိုင်းအရွယ် တာ၀န်ခံကို လှမ်းကြည့်ကာ တောင်းဆိုလိုက်သည်။

သူက အဂ္ဂိရတ်ပညာကို မလေ့ကျင့်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်၍ သူ့တွင် သင့်တော်သော ဆေးမီးဖိုမရှိပေ။

သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးမီးဖိုများသည် အဆင့်နိမ့် နယ်မြေတွင် အသုံးပြုခဲ့ဖူးသော ဆေးမီးဖိုများ ဖြစ်ပြီး ထိုဆေးမီးဖို၏ အဆင့်သည် အလွန်တရာပင် နိမ့်ကျသည်။

ဆိုရလျှင် ထိုဆေးမီးဖိုများသည် သာမာန်အဆင့် ဆေးဝါးများကို သန့်စင်ရာတွင် အသုံးပြုသော ဆေးမီးဖိုများသာ ဖြစ်၏။

သိုသော် ဤတစ်ကြိမ် သန့်စင်မည့် မီးဝိညာဉ်နတ်ဆေးလုံးသည် နတ်အဆင့်ဆေးဝါး ဖြစ်၍ ၎င်း၏ စွမ်းအားသည် သာမန်ဆေးမီးဖို ခံနိုင်ရည်ထက် များစွာ ကျော်လွန်နေခဲ့သည်။

လူလတ်ပိုင်းအရွယ် တာ၀န်ခံက ခဏမျှ အံ့အားသင့်သွားသော်လည်း သူ၏ဆေးမီးဖိုကို ကျန်းချန်အား ငှားရမ်းပေးလိုက်သည်။

"ကောင်လေး စလိုက်တော့မလား"

ကျန်းချန်က သူနှင့် ယှဉ်ပြိုင်ရန်အတွက် ဆေးမီးဖို ငှားရမ်းနေသည်ကို မြင်လျှင် စစ်ခုံရှင်းသည် မထီမဲ့မြင် လှောင်ရယ်လိုက်သည်။

သူက နတ်အဆင့်အဂ္ဂိရတ်သခင် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဒုတိယအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

သူက မီးဝိညာဉ်နတ်ဆေးလုံးကို စိတ်၀င်စားနေရသည့်အကြောင်းအရင်းမှာ မီးဝိညာဉ်နတ်ဆေးလုံးကို သန့်စင်သည့် တာ၀န်ပြီးစီးလျှင် သူခွဲတန်းရရှိသည့် ဆေးလုံးများကို သူ၏ မီးဥပဒေသအား မြှင့်တင်ရာတွင် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သူ၏ မီးလမ်းစဉ်ဥပဒေသအပေါ် နားလည်မှုသာ တိုးတက်လာခဲ့လျှင် နတ်အဆင့် အဂ္ဂိရတ်သခင် ဒုတိယအဆင့်သို့ ခြေတစ်လှမ်းတည်းဖြင့် ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။

သူ၏စွမ်းရည်အရ နတ်အဆင့်အဂ္ဂိရတ်သခင် ပထမအဆင့် အများစုသည် သူ့ကို လုံး၀ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သူ၏ ပြိုင်ဘက်ဖြစ်သည့် ကောင်လေးကမူ အခြားသူ၏ ဆေးမီးဖိုကိုပင် ငှားရမ်း အသုံးပြုနေရသည်။

ဆေးမီးဖို၏ အရည်အသွေးပေါ် မူတည်၍ အဂ္ဂိရတ်ပြုလုပ်ရာတွင် အခက်အခဲသည် မသိမသာ တိုးမြင့်လာမည် ဖြစ်ရာ ထိုကောင်လေး အနေဖြင့် သူ့ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင် မဟုတ်ပါလား။

"စလိုက်ကြရအောင်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် လိုအပ်သည့် ဆေးပစ္စည်းများကို ထုတ်ယူလိုက်သည်။

နောက်ထပ် တစ်စက္ကန့်တွင် သူတို့နှစ်ဦးစလုံးသည် လက်ဖဝါးမှ တဆင့် မီးလျှံများကို ထုတ်ဖော်ကာ အဂ္ဂိရတ်ကို စတင်ပြုလုပ်ခဲ့သည်။

"ဘယ်သူအနိုင်ရမယ်လို့ထင်လဲ"

"ခန့်မှန်းစရာ လိုသေးလို့လား.. စစ်ခုံရှင်းပဲ အနိုင်ရမှာပေါ့"

"အမှန်ပဲ.. စစ်ခုံရှင်းရဲ့ စွမ်းရည်နှင့်ဆိုရင် ဒီအဂ္ဂိရတ်ခန်းမမှာ သူ့ကို ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

".............."

ကျန်းချန်တို့နှစ်ဦး အဂ္ဂိရတ် စတင် ပြုလုပ်နေသည်ကို မြင်လျှင် လူတိုင်းသည် ပြောဆို ဆွေးနွေးနေခဲ့ကြသည်။

လူအများစုသည် ကျန်းချန်အပေါ်တွင် အကောင်းမြင်ခြင်းမျိုး လုံး၀မရှိပေ။

သို့သော် တာ၀န်ခံဖြစ်သည့် နတ်အဆင့် အဂ္ဂိရတ်သခင်ကမူ ထိုသို့ မတွေးပေ။

ကျန်းချန်၏ မစ်ရှင် လက်ခံယူသော အခြေအနေမှ တစ်ဆင့် ကျန်းချန်၏ အဂ္ဂိရတ်လမ်းစဉ်ပေါ်ရှိ စွမ်းရည်က မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသည်ကို သူက မည်သူ့ထက်မဆို သိရှိထားခဲ့သည်။

အဂ္ဂိရတ်အမြန်နှုန်းအရဖြစ်စေ ၊ အောင်မြင်မှုနှုန်းအရ ဖြစ်စေ ထိုကောင်လေးသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စစ်ခုံရှင်းသည် အဂ္ဂိရတ်ခန်းမတွင် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ဤပုံမှန်မဟုတ်သော နတ်ဆိုးဆန်သည့်ပါရမီရှင်နှင့် ယှဉ်လျှင် အားသာချက် မရှိနိုင်ပေ။

လူတိုင်းရဲ့ အကြည့်အောက်မှာပင် သူတို့နှစ်ဦးသည် ဆေးမီးဖိုထဲကို ဆေးပစ္စည်းများ ပစ်ထည့်ရသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။

စစ်ခုံရှင်းသည် ဆေးပစ္စည်း အမျိုးမျိုးကို ဆေးမီးဖိုထဲသို့ ကျင်လည်စွာ ထည့်လိုက်သည်။

ထိုသို့ လုပ်ဆောင်နေရင်းကပင် သူက ကျန်းချန်၏ လုပ်ဆောင်မှုကို အကဲခတ်နေခဲ့သည်။

သို့သော် ဆန့်ကျင်ဘက်ရှိ ကျန်းချန်၏ လုပ်ဆောင်မှုကိုမြင်လျှင် သူ၏ မျက်စိသူငယ်အိမ်များပင် ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်က သက်ပြင်းကို တစ်ချက် ချလိုက်ပြီးနောက် မီးဝိညာဉ်နတ်ဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ပစ္စည်းနှစ်ဆယ်ကို ဆေးမီးဖိုထဲသို့ တစ်ခါတည်း ထည့်လိုက်သောကြောင့်ပင်။

"ဒီကောင်က ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုလိုက်တာလား"

သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် စစ်ခုံရှင်း၏ မျက်၀န်းတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်ချန်က ဤပြိုင်ပွဲတွင် ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုလိမ့်မည်ဟု သူလုံး၀ မမျှော်လင့်ခဲ့ပေ။

ထိုကောင်လေးသာ ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့လျှင် ဤတစ်ကြိမ်တွင် သူ့‌အနေဖြင့် ရှုံးနှိမ့်မည်မှာ သေချာသလောက်ပင် ဖြစ်၏။

All Chapters