အခန်း (၁၆၈၂)
Vol. 113 Ch. 1682
"ဒီကောင်က ကန့်သတ်ချက်မဲ့နည်းစနစ်ကို အသုံးပြုမလို့လား"
ကျန်းချန်၏ လုပ်ဆောင်မှုများကို ကြည့်ရှုနေသည့် အဂ္ဂိရတ်ခန်းမမှ တပည့်များစွာသည် ကူကယ်ရာမဲ့စွာဖြင့် တအံ့တသြ ရေရွတ်လိုက်ကြသည်။
ကန့်သတ်ချက်မဲ့ နည်းစနစ်သည် အဂ္ဂိရတ်ပညာရပ်တွင် အထူးနည်းစနစ်တစ်ခု ဖြစ်သည်။
ဤနည်းစနစ်သည် နတ်ဘုရားနယ်မြေရှိ မည်သည့်အဂ္ဂိရတ်သခင်နှင့်မဆို မစိမ်းပေ။
ထိုနည်းစနစ်၏ အကြီးမားဆုံး အားသာချက်မှ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရန်မလိုအပ်ဘဲ လိုအပ်သည့် ဆေးပစ္စည်းအားလုံးကို တစ်ချိန်တည်းတွင် အရည်ကျိုနိုင်ခြင်း ဖြစ်၍ အချိန်ကို များစွာ သက်သာစေနိုင်သည်။
မှန်ပါသည်။အရာအားလုံးတွင် အားသာချက်နှင့်အားနည်းချက်များ ဖြစ်ကြသည်။
ကန့်သတ်ချက်မဲ့နည်းစနစ်သည် အဂ္ဂိရတ်ပြုလုပ်သည့် ကြာချိန်ကို များစွာ တိုတောင်းစေနိုင်သော်လည်း ဆေးမီးဖိုကို ထိန်းချုပ်ရာတွင် ပိုမိုခက်ခဲစေပြီး ကျရှုံးမည့် အန္တရာယ်ကို များစွာ တိုးမြှင့်စေနိုင်သည်။
ထိုအကြောင်းကြောင့်ပင် အဂ္ဂိရတ်သခင်များသည် ကန့်သတ်ချက်မဲ့နည်းစနစ်ကို အသုံးပြုလေ့ မရှိကြပေ။
"ကန့်သတ်ချက်မဲ့ နည်းစနစ်ကိုတောင် အသုံးပြုရဲတယ်ဆိုတော့ ဒီကောင် ရူးနေပြီလားမသိဘူး"
အဂ္ဂိရတ်ခန်းမမှ တပည့်တစ်ဦးက ရေရွတ်လိုက်၏။
မီးဝိညာဥ်နတ်ဆေးလုံးသည် ပထမအဆင့် နတ်ဆေးဝါးများထဲတွင် အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်သည်။
နတ်အဆင့်အဂ္ဂိရတ်သခင် ပထမအဆင့် အများစုပင်လျှင် ထိုဆေးလုံးကို သန့်စင်နိုင်မှုနှုန်းသည် အများဆုံး ၅၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းခန့်သာ ရှိသည်။
ကန့်သတ်ချက်မဲ့နည်းစနစ်ကို အသုံးပြုလိုက်လျှင် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းသည် များစွာ ကျဆင်းသွားလိမ့်မည် ဖြစ်၏။
ထို့ကြောင့် ကျန်းချန်၏ ဤတစ်ကြိမ် အဂ္ဂိရတ်အောင်မြင်မှုနှုန်းသည် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။
"ဒီကောင်လေးက အတော် လိမ္မာပါးနပ်တာပဲ.. ပုံမှန်အခြေအနေဆိုရင် စစ်ခုံရှင်းကို အနိုင်ယူနိုင်မှာ မဟုတ်မှန်းသိတဲ့အတွက် သူ့ကိုယ်သူ လောင်းကြေးထပ်ပြီး ကန့်သတ်ချက်မဲ့နည်းစနစ်ကို အသုံးပြုခဲ့တဲ့ပုံပဲ"
အဂ္ဂိရတ်ခန်းမမှ တပည့်တစ်ဦးက ရေရွတ်လိုက်သည်။
စစ်ခုံရှင်းတွင် အလွန်မြင့်မားသော အဂ္ဂိရတ် အရည်အချင်းများ ရှိသည်။
သို့သော်လည်း ပုံမှန်နည်းလမ်းဖြင့် အဂ္ဂိရတ်ပြုလုပ်သော အရှိန်အဟုန်သည် ကန့်သတ်ချက်မဲ့ နည်းစနစ်ဖြင့် အဂ္ဂိရတ်ပြုလုပ်သော အရှိန်အဟုန်ကို ယှဥ်နိုင်မည်မဟုတ်ပေ။
ဤကောင်လေးသာ ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးချရာတွင် အောင်မြင်ခဲ့လျှင် စစ်ခုံရှင်းသည် သံသယဖြစ်ဖွယ်ရာမရှိ ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။
"လက်စသတ်တော့ ဒီကောင်လေးက ကန့်သတ်ချက်မဲ့နည်းစနစ်ကို အသုံးပြုခဲ့တာကိုး"
တာဝန်ခံ လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်သည် ကျန်းချန်ကို စိုက်ကြည့်ရင်း စိတ်ထဲကနေ ရေရွတ်လိုက်၏။
သူက ကျန်းချန်၏ အဂ္ဂိရတ် မစ်ရှင်နှစ်ခုကို သတိရမိသွားသည်။
ပုံမှန် အဂ္ဂိရတ် အရှိန်နှုန်းအရ ကျန်းချန်သည် ဤမျှ တိုတောင်းသော အချိန်အတွင်း ဆေးဝါးများကို ပြီးမြောက်နိုင်မည် မဟုတ်ပေ။
တစ်ခုတည်းသော ရှင်းပြချက်မှာ ကျန်းချန်သည် ဆေးဝါးများကို သန့်စင်ရာတွင် ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုခဲ့ခြင်းပင်။
ထို့အပြင် ကျန်းချန်သည် ကန့်သတ်ချက်မဲ့နည်းစနစ်ကို အသုံးပြုရာတွင် အောင်မြင်မှုနှုန်းမှာ အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းသောအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
ဤတစ်ကြိမ်ပြိုင်ပွဲတွင် စစ်ခုံရှင်းသည် ကျန်းချန်၏လက်ထဲတွင် အမှန်တကယ် ကျရှုံးသွားမည်ကိုပင် သူစိုးရိမ်နေမိ၏။
"ဒီကောင်က ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုပြီး ဆေးဝါးသန့်စင်နိုင်မယ်လို့ ငါမယုံဘူး"
ကျန်းချန်က သူနှင့် ယှဥ်ပြိုင်ရာတွင် ကန့်သတ်ချက်မဲ့နည်းစနစ်ကို အသုံးပြုလာလိမ့်မည်ဟု စစ်ခုံရှင်း မမျှော်လင့်ခဲ့ပေ။
သိထားရမည့်အချက်မှာ ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုလျှင် ဆေးဝါးသန့်စင်နိုင်မည့် အောင်မြင်နိုင်ခြေသည် အလွန်တရာ နည်းပါးခြင်းပင်။
လူတိုင်း၏ အကြည့်အောက်မှာပင် ကျန်းချန်သည် မီးလျှံကို စနစ်တကျထိန်းချုပ်ကာ ဆေးမီးဖိုးထဲရှိ ဆေးပစ္စည်းများကို အရည်ကျိုလိုက်၏။
အစမှအဆုံးတိုင် ကျန်းချန်၏ ဆေးမီးဖိုသည် တည်ငြိမ်မှုရှိနေပြီး မည်သည့် အတက်အကျမှ ရှိမနေခဲ့ပေ။
ဤသို့ဖြင့် အလွန်လျင်မြန်စွာပင် နာရီဝက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်၏ ဆေးမီးဖိုထဲရှိ ဆေးပစ္စည်းများကို အရည်ကျိုသည်ကလည်း တဖြည်းဖြည်း ပြီးဆုံးခါနီး အချိန်သို့ ရောက်ရှိလာပြီ ဖြစ်၏။
ထို့နောက်တွင် ကျန်းချန်က လက်ဟန်များကို ပြုလုပ်ကာ ဆေးလုံးကို သိပ်သည်းလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ဆေးရနံ့သည် ခန်းမထဲတွင် ပျံ့နှံ့သွားခဲ့သည်။
"အောင်မြင်သွားပြီ"
"သူတကယ် အောင်မြင်သွားတာပဲ"
ဤမြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင်ရှိ အဂ္ဂိရတ်ခန်းမမှ တပည့်အားလုံးသည် မှင်တက်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
သူတို့ရှေ့မှ ကောင်လေးသည် ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြု၍ မီးဝိညာဥ်နတ်ဆေးလုံးကို တစ်ကြိမ်တည်းဖြင့် ပြုလုပ်နိုင်ခဲ့သည်။
"ဒါက တကယ်ကို မယုံနိုင်စရာပဲ"
ကျန်းချန်က လူတိုင်း၏ အံ့သြထိတ်လန့်နေသော အကြည့်များကို လျစ်လျူရှုကာ ဆေးမီးဖိုထဲမှ မီးဝိညာဥ်နတ်ဆေးလုံးကို ထုတ်ယူလိုက်ပြီး စစ်ခုံရှင်းကို ကြည့်ကာ ပြောလိုက်သည်။
"စစ်ခုံရှင်း စိတ်မကောင်းပါဘူး.. မင်းရှုံးနိမ့်သွားပြီ"
ကျန်းချန်၏ စကားကိုကြားလျှင် စစ်ခုံရှင်း၏ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့၏။
"မင်းက လူလည်ကျတာပဲ.. ငါ့ကို အနိုင်ရဖို့ ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုခဲ့တယ်.. အကယ်၍ ငါလည်း မင်းလိုမျိုး ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုမယ်ဆိုရင် မင်းင့ါကို အနိုင်ရမယ်များ ထင်နေလား"
စစ်ခုံရှင်းက မကျေမနပ် ရေရွတ်လိုက်သည်။
"ဟားဟား ရယ်စရာပဲ.. ငါတို့ ပြိုင်ပွဲမှာ ဆေးလုံးကို သန့်စင်ဖို့အတွက် ဘယ်လိုနည်းလမ်းကို အသုံးပြုရမယ် ဆိုတဲ့ ကန့်သတ်ချက်မရှိဘူး ထင်တယ်.. ကောင်းပြီလေ မင်း မကျေနပ်ဘူး ဆိုရင် မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်"
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် မီးဝိညာဥ်နတ်ဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ဆေးပစ္စည်း ၃စုံစာကို ထပ်မံ ထုတ်ယူလိုက်ပြီး စစ်ခုံရှင်းထံ ပို့ပေးလိုက်သည်။
စစ်ခုံရှင်းက မောက်မာသော အမူအရာဖြင့် ပြောလိုက်၏။
"ပြောပါ.. ဒီတစ်ခေါက် မင်းဘယ်လို ယှဥ်ပြိုင်မှာလဲ"
ထိုကောင်လေးက ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုကာ မီးဝိညာဥ်နတ်ဆေးလုံးကို တစ်ကြိမ်တည်းဖြင့် သန့်စင်နိုင်ခဲ့ခြင်းသည် ကံကောင်းခြင်း သက်သက်ဟုသာ သူထင်ခဲ့သည်။
ဆိုရလျှင် စစ်ခုံရှင်းသည် ထိုကောင်လေး၏ အဂ္ဂိရတ်ပညာရပ်က သူ့ကို အမှန်တကယ် ကျော်လွန်နေသည်ဟု မယုံကြည်ခဲ့ပေ။
ကျန်းချန်က စစ်ခုံရှင်း၏ အမေးကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ငါတို့နှစ်ယောက်လုံး ဒီမီးဝိညာဥ်နတ်ဆေးလုံး ၃စုံစာကို သန့်စင်ကြမယ်.. ဆေးလုံး အရေအတွက်သာတဲ့ သူက အနိုင်ရသူ ဖြစ်လိမ့်မယ်.. အရေအတွက်ချင်း တူညီနေရင်တော့ အချိန်နည်းနည်းပဲ အသုံးပြုတဲ့သူက အနိုင်ရလိမ့်မယ်"
"ကောင်းပြီ"
စစ်ခုံရှင်းက ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် မီးဥပဒေသကို ထပ်မံ ထုတ်ဖော်၍ မီးလျှံများကို ထုတ်ဖော်လိုက်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် စစ်ခုံရှင်းသည် အဂ္ဂိရတ်ပြုလုပ်ရန် မလောတော့ဘဲ ကျန်းချန်ကို အရင်လုပ်ဆောင်စေခဲ့သည်။
ကျန်းချန်သာ သာမန် နည်းစနစ်ကိုသာ အသုံးပြုလျှင် သူကလည်း သာမန်နည်းစနစ်ကိုသာ အသုံးပြုမည် ဖြစ်သည်။
အကယ်၍ ကျန်းချန်က ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုလျှင် သူသည်လည်း ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုရန် ဆုံးဖြတ်ထားခဲ့သည်။
သူနှင့် ကျန်းချန်က တူညီသော နည်းစနစ်ကို အသုံးပြုသရွေ့ အဂ္ဂိရတ် အောင်မြင်မှုနှုန်းတွင်ဖြစ်စေ၊ အမြန်နှုန်းတွင်ဖြစ်စေ သူက ကျန်းချန်ထံတွင် လုံးဝ ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု စစ်ခုံရှင်း ယုံကြည်ခဲ့သည်။
ကျန်းချန်က စစ်ခုံရှင်းကို တစ်ချက် အကဲခတ်လိုက်ပြီးနောက်တွင် စစ်ခုံရှင်း၏ အတွေးကို သဘောပေါက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
ထို့နောက်တွင် သူက တုံ့ဆိုင်းမနေတော့ဘဲ အဂ္ဂိရတ်ကို စတင်ပြုလုပ်လိုက်၏။
ဤတစ်ကြိမ်တွင် ကျန်းချန်သည် သာမန် နည်းစနစ်ကို အသုံးမပြုခဲ့သလို ကန့်သတ်ချက်မဲ့ နည်းစနစ်ကိုလည်း အသုံးမပြုခဲ့ပေ။
သို့ရာတွင် သူက မီးဝိညာဥ် နတ်ဆေးလုံး အတွက် လိုအပ်သည့် ဆေးပစ္စည်း ၃စုံစာစလုံးကို ဆေးမီးဖိုထဲသို့ တစ်ခါတည်း ပစ်ထည့်လိုက်သည်။
"လခွမ်း.. ဆေးပစ္စည်း၃စုံစာစလုံးကို ဒီကောင်က ဆေးမီးဖိုးထဲ တစ်ခါတည်း ပစ်ထည့်လိုက်တာလား.. ဒီကောင် ဘာတွေလုပ်နေတာလဲ"
အဂ္ဂိရတ်ခန်းမမှ တပည့်တချို့သည် ကျန်းချန်၏ အံ့သြစရာကောင်းသော အပြုအမူကိုမြင်လျှင် မှင်တက်သွားခဲ့ကြပြီး တအံ့တသြ ရေရွတ်လိုက်ကြသည်။
ထိုအချိန်မှာပင် အဂ္ဂိရတ်ခန်းမမှ တပည့်တစ်ဦးသည် အံ့သြထိတ်လန့်သော လေသံဖြင့် ရေရွတ်လိုက်သည်။
"ဒါ ဒါက ဆေးလုံးခွဲ နတ်နည်းစနစ်ပဲ"
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် အဂ္ဂိရတ်ခန်းမထဲမှ တပည့်အားလုံး၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ဆေးလုံးခွဲ နတ်နည်းစနစ်သည် ကန့်သတ်ချက်မဲ့ နည်းစနစ်ထက်ပင် တတ်မြောက်ရန် ပိုမိုခက်ခဲသော နည်းစနစ်ဖြစ်သည်။
ဆေးလုံးခွဲနတ်နည်းစနစ်၏ အရေးကြီးသော လုပ်ဆောင်ချက်မှာ ဆေးပစ္စည်းများစွာကို တစ်ကြိမ်တည်းတွင် အရည်ကျိုနိုင်ခြင်းဖြစ်ပြီး ဆေးလုံးများစွာကို တစ်ခါတည်း ပြုလုပ်နိုင်ခြင်းဖြစ်သည်။
သို့သော်လည်း ဤလျှို့ဝှက်နည်းစနစ်ကို အသုံးပြုရန် အတွက် အလွန်မြင့်မားသော အဂ္ဂိရတ်ပါရမီ လိုအပ်၏။
အဂ္ဂိရတ်ခန်းမ တစ်ခုလုံးကို ကြည့်လျှင်ပင် ဆေးလုံးခွဲနတ်နည်းစနစ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူမှာ လက်တစ်ဆုပ်စာသာ ရှိသည်။
ထို့အပြင် ဆေးလုံးခွဲ နတ်နည်းစနစ်ကို ကျွမ်းကျင်သူ အများစုသည်ပင် ဆေးမီးဖိုတစ်ခုတွင် ဆေးလုံးနှစ်လုံးသာ သန့်စင်နိုင်လိမ့်မည် ဖြစ်၏။။
သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးကမူ မီးဝိညာဥ်နတ်ဆေးလုံး၃စုံစာ၏ ပါဝင်ပစ္စည်း အားလုံးကို ဆေးမီးဖို ထဲသို့ တစ်ခါတည်း ပစ်ထည့်ခဲ့သည်။
ယင်းအဓိပ္ပါယ်မှာ ထိုကောင်လေးသည် ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုပြီး ဆေးလုံး၃လုံးကို တစ်ပြိုင်နက် ပြုလုပ်တော့မည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။
ထိုကောင်လေးသာ အမှန်တကယ် အောင်မြင်ခဲ့လျှင် ထိုကောင်လေး၏ အဂ္ဂိရတ်ပါရမီသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်မှာ သေချာ၏။