အခန်း (၁၆၈၃)
Vol. 113 Ch. 1683
"ဆေးလုံးခွဲ နတ်နည်းစနစ်ပါလား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းချန်က ပါဝင်ပစ္စည်း ၃စုံစာစလုံးကို ဆေးမီးဖိုထဲသို့ ထည့်လိုက်သည်ကို မှင်တက်စွာကြည့်ရင်း စစ်ခုံရှင်းသည် တအံ့တသြ ရေရွတ်လိုက်သည်။
သူက ကျန်းချန်ကို အရင်ဆုံး လုပ်ဆောင်စေခဲ့ပြီး တူညီသောနည်းစနစ်ကို လိုက်လံအသုံးပြုကာ ဆေးဝါးကို သန့်စင်ရန် စီစဥ်ခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ကျန်းချန်သည် ဆေးလုံးခွဲနတ်နည်းစနစ်ကို အသုံးပြုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဆေးလုံးခွဲနတ်နည်းစနစ်သည် အဂ္ဂိရတ်ပညာရပ်တွင် အခက်ခဲဆုံးသော လျှို့ဝှက်နည်းစနစ်များ ထဲမှ တစ်ခု ဖြစ်သည်။
စစ်ခုံရှင်းက ဆေးလုံးခွဲ နတ်နည်းစနစ်ကို လေ့ကျင်ခဲ့ဖူးသော်လည်း အချိန်များစွာကို အသုံးပြုခဲ့သည့်တိုင် ဆေးလုံးခွဲနတ်နည်းစနစ်၏ အနှစ်သာရကို မသိရှိခဲ့ပေ။
ထို့ကြောင့် စစ်ခုံရှင်းသည် အဆုံးသတ်တွင် ဆေးလုံးခွဲနတ်နည်းစနစ်ကို လေ့ကျင့်ရန် လက်လျှော့ခဲ့သည်။
သို့သော်လည်း သူ၏ရှေ့မှ ကောင်လေးကမူ ဆေးလုံးခွဲနတ်နည်းစနစ်ကို အမှန်တကယ်ပင် ကျွမ်းကျင်နေခဲ့ပြီး ဆေးမီးဖိုတစ်ခုတည်းတွင် ဆေးဝါး၃စုံစာ စလုံးကို တစ်ခါတည်းပြုလုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ သူ၏ ဆရာသည်ပင် ဆေးလုံးခွဲနတ်နည်းစနစ်ကို အသုံးပြု၍ ဆေးမီးဖိုတစ်ဖိုထဲတွင် ဆေးဝါးသန့်စင်မည်ဆိုလျှင် ဆေးလုံး၂လုံးသာ ရရှိနိုင်မည် ဖြစ်သည်။
စစ်ခုံရှင်းက သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်၏။
ဤအခြေအနေတွင် စစ်ခုံရှင်းသည် ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုရန် လျစ်လျူရှုလိုက်ပြီး သာမန်နည်းစနစ်ဖြင့်သာ ဆေးဝါးကို သန့်စင်ရန် စတင်လိုက်သည်။
ဤကောင်လေးသည် ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုကာ ဆေးဝါးကို သန့်စင်ခဲ့သည်။
အမြန်နှုန်းတစ်ခုထဲကို ထည့်သွင်းစဥ်းစားမည် ဆိုလျှင် သူက ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြုခဲ့သည့်တိုင် ထိုကောင်လေး၏ အမြန်နှုန်းကို လုံးဝ လိုက်မီနိုင်မည်မဟုတ်ပေ။
ထိုကောင်လေးက ဆေးဝါးသန့်စင်ရန် အောင်မြင်သည်နှင့် သူက မည်သို့ပင် ဆေးဝါးကို သန့်စင်နေပါစေ၊ ရှုံးနိမ့်သွားလိမ့်မည်သာ ဖြစ်သည်။
သို့သော်လည်း ထိုကောင်လေး ကျရှုံးသွားလျှင် ပစ္စည်း၃စုံစာစလုံး တစ်ခါတည်း ပျက်စီးသွားမည် ဖြစ်၍ သူ့အနေဖြင့် မီးစိတ်ဝိညာဥ် နတ်ဆေးလုံးကို တစ်လုံးသာလျှင် သန့်စင်နိုင်ရန် လိုအပ်သည်။
ထို့ကြောင့် အမြန်နှုန်းသည် ယခုအခါတွင် သူ့အတွက် အဓိပ္ပါယ်မရှိတော့ပေ။
ဆိုရလျှင် ဤတစ်ကြိမ် ပြိုင်ပွဲသည် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ သူ့ရှေ့မှကောင်လေးက ဆေးဝါးကို အောင်မြင်စွာ သန့်စင်နိုင်မနိုင် အပေါ်တွင်သာ မူတည်နေခဲ့၏။
သို့ရာတွင် ဆေးလုံးခွဲ နတ်နည်းစနစ်သည် ကျွမ်းကျင်ရန်အလွန်ခက်ခဲရုံသာမက ဆေးဝါး အောင်မြင်နိုင်ခြေနှုန်းသည်လည်း ကန့်သတ်ချက်မဲ့ နည်းစနစ်ထက်ပင် နိမ့်ကျသည်။
ထို့ကြောင့် စစ်ခုံရှင်းသည် ထိုကောင်လေးက မီးဝိညာဥ်နတ်ဆေးလုံး၃လုံးကို တစ်ထိုင်တည်းဖြင့် အမှန်တကယ် သန့်စင်နိုင်လိမ့်မည်ဟု မယုံကြည်ခဲ့ပေ။
"ဒီကောင်လေးက ဘယ်ကနေ ထွက်ပေါ်လာတဲ့ မွန်းစတားလဲ"
တာဝန်ခံဖြစ်သည့် အဂ္ဂိရတ်သခင်က ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုနေသော ကျန်းချန်ကိုကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။
ယခုမှသာလျှင် သူက ထိုကောင်လေး၏ အဂ္ဂိရတ်အမြန်နှုန်းက အဘယ်ကြောင့် ဤမျှအထိ မြန်ဆန်နေရသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ကန့်သတ်ချက်မဲ့ နည်းစနစ်နှင့် ဆေးလုံးခွဲ နတ်နည်းစနစ်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသော အဂ္ဂိရတ်သခင် အတွက် ဤကဲ့သို့ အမြန်နှုန်းသည် မထူးဆန်းလှပေ။
သို့သော်လည်း ထိုကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင်သည် အဂ္ဂိရတ်ခန်းမတွင် အညတရ မဖြစ်သင့်ပေ။
အဂ္ဂိရတ်ခန်းမတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် အကြောင်းကို သူ အဘယ်ကြောင့် တစ်ခါမှ မကြားဖူးရပါသနည်း။
လူတိုင်းက ကျန်းချန်၏ ဆေးလုံးခွဲ နတ်နည်းစနစ်ကြောင့် အံ့သြထိတ်လန့်နေသော အချိန်တွင် ကျန်းချန်သည် သူ၏ အာရုံစူးစိုက်မှု အားလုံးကို သူ၏ရှေ့ရှိ ဆေးမီးဖိုတွင် စုစည်းထားခဲ့သည်။
အဆုံးသတ်တွင် ဤသည်မှာ နတ်အဆင့်အဂ္ဂိရတ်သခင် အဖြစ်ကို တက်လှမ်းပြီးနောက်တွင် ဆေးလုံးခွဲ နတ်နည်းစနစ်ကို ကျန်းချန် အသုံးပြုခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။
သူ့တွင် အဆ ၁၀၀ စနစ်ရှိ၍ ကျရှုံးနိုင်ခြေ မမြင့်မားသော်လည်း ကျန်းချန်သည် ပေါ့ပေါ့ဆဆ မလုပ်ဝံ့ပေ။
ထို့ကြောင့် ကျန်းချန်က ဆေးမီးဖိုကို အပြည့်အဝ ထိန်းချုပ်ကာ ဆေးမီးဖိုထဲရှိ ပစ္စည်းများကို အရည်ကျိုခဲ့သည်။
သူက ယခုအခါတွင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်၍ မီးစွမ်းအားကို ထိန်းချုပ်ရာတွင် တည်ငြိမ်မှုရှိနေခဲ့သည်။
သူ၏ အဂ္ဂိရတ်လုပ်ငန်းစဥ် တစ်ခုလုံးတွင် ကမောက်ကမဖြစ်ရပ်များ လုံးဝမရှိခဲ့ပေ။
၁နာရီခန့် ကြာပြီးနောက်တွင် ပြင်းထန်သော ဆေးဝါးရနံ့သည် ခန်းမထဲတွင် ပျံ့နှံ့သွားခဲ့သည်။
ကျန်းချန်၏ ဆေးမီးဖိုထဲတွင် အောင်မြင်စွာ သန့်စင်ထားသော မီးဝိညာဥ် နတ်ဆေးလုံးကို အားလုံးက တွေ့လိုက်ရ၏။
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ခန်းမထဲရှိ တပည့်အားလုံးသည် အသက်ရှူရပ်မတတ်ပင် အံ့အားသင့်သွားကြသည်။
ထိုကောင်လေးသည် ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုကာ မီးဝိညာဥ်နတ်ဆေးလုံးကို တစ်ထိုင်တည်းဖြင့် အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည် မဟုတ်ပါလော။
ဆိုရလျှင် ထိုကောင်လေးသည် ဤပြိုင်ပွဲတွင် အဂ္ဂိရတ်ခန်းမ၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ဦးဖြစ်သော စစ်ခုံရှင်းကို အမှိုက်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
"ဒီကောင်က တကယ့်ကို လက်ဖျားခါလောက်စရာပဲ"
အဂ္ဂိရတ်ခန်းမတွင် ထိုကဲ့သို့ ပါရမီရှင် တစ်ယောက်က မည်သည့်အချိန်က ထွက်ပေါ်လာသည်ကို သူတို့ အမှန်တကယ် မသိခဲ့ကြပေ။
"မဖြစ်နိုင်ဘူး.. ဒါလုံးဝမဖြစ်နိုင်ဘူး"
စစ်ခုံရှင်းက ဆောက်တည်ရာမရဖြစ်ကာ သူ့မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
အဂ္ဂိရတ်ခန်းမ၏ ထိပ်တန်းပါရမီရှင် တစ်ဦးအနေဖြင့် စစ်ခုံရှင်းသည် သူ၏ အဂ္ဂိရတ်ပညာရပ်ကို အမြဲတစေ ယုံကြည်မှုရှိခဲ့သည်။
အဂ္ဂိရတ်ခန်းမ၏ အထွတ်အထိပ် ပါရမီရှင် နှစ်ဦးပင်လျှင် မီးဝိညာဥ် နတ်ဆေးလုံးအား သန့်စင်ရာတွင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူ့ရှေ့မှ ကောင်လေးကမူ ကန့်သတ်ချက်မဲ့နည်းစနစ်နှင့် ဆေးလုံးခွဲနတ်နည်းစနစ်ကို အသုံးပြုကာ သူ့ကို အလွယ်တကူပင် အနိုင်ယူသွားခဲ့သည်။
ကန့်သတ်ချက်မဲ့ နည်းစနစ်ကို အသုံးပြု၍ သူ့ကို အနိုင်ယူသွားခြင်းသည် ကံကောင်း၍ ဖြစ်နိုင်သော်လည်း ဒုတိယမြောက် ယှဥ်ပြိုင်ရာတွင် ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြု၍ သူ့ကို အနိုင်ယူသွားခြင်းကမူ ကံကောင်းခြင်းသက်သက်ဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
စစ်ခုံရှင်းသိသလောက် အဂ္ဂိရတ်ခန်းမ တစ်ခုလုံးတွင် ဆေးလုံးခွဲနတ်နည်းစနစ်ကို ကျွမ်းကျင်သူများသည် လက်တစ်ဆုပ်စာသာ ရှိသည်။
ထို့အပြင် ၎င်းတို့သည် အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲများ ဖြစ်ကြပြီး အနည်းဆုံး နတ်အဆင့်အဂ္ဂိရတ်သခင် စတုတ္ထအဆင့် ရှိကြ၏။
အဂ္ဂိရတ်ခန်းမ၏ တပည့်တစ်ဦးသည် ဆေးလုံးခွဲနတ်နည်းစနစ်ကို ကျွမ်းကျင်သော်လည်း ထိုတပည့်သည် ဆေးမီးဖိုတစ်ခုတွင် ဆေးလုံး၂လုံးကိုသာ သန့်စင်နိုင်သည်ကို စစ်ခုံရှင်း မြင်ဖူးခဲ့သည်။
သူ့ရှေ့မှ ဆေးမီးဖို တစ်ခုတည်းဖြင့် ဆေးလုံး၃လုံးကို သန့်စင်နိုင်ခဲ့သော ကောင်လေးသည် မည်သည့်နေရာကနေ ထွက်ပေါ်လာခဲ့မှန်း စစ်ခုံရှင်း အမှန်တကယ် နားမလည်နိုင်တော့ပေ။
"စစ်ခုံရှင်း စိတ်မကောင်းပါဘူး မင်းထပ်ရှုံးနိမ့်သွားပြီ"
စစ်ခုံရှင်း အံ့သြ ထိတ်လန့်နေစဥ်မှာပင် ကျန်းချန်သည် ဆေးမီးဖိုထဲမှ မီးဝိညာဥ်နတ်ဆေးလုံး ၃လုံးကို ထုတ်ယူခဲ့သည်။
ထို့နောက် သူက စစ်ခုံရှင်းကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်၏။
"ဒီတစ်ကြိမ်ရော မင်းရဲ့ ရှုံးနိမ့်မှုကို ယုံကြည်ပြီလား.. မင်းလက်မခံသေးဘူးဆိုရင် ငါတို့ နောက်ထပ် တစ်ပွဲလောက် ထပ်ပြိုင်ကြတာပေါ့"
ကျန်းချန်၏ ဆော့ကစားနေသော အကြည့်ကို ခံစားမိလျှင် စစ်ခုံရှင်းသည် အရှက်ရသလို ခံစားခဲ့ရသည်။
အဆုံးသတ်တွင် သူက အံကြိတ်လိုက်ပြီး စကားတစ်ခွန်းကို ပြောလိုက်၏။
"ငါအရှုံးကို လက်ခံပါတယ်"
နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်မှုသည် အလွန်တရာ ဆိုးရွားသော အရှုံး ဖြစ်သည်။
မာန်မာန အလွန်ကြီးသော စစ်ခုံရှင်းပင်လျှင် သူ၏ ရှေ့မှကောင်လေးက အဂ္ဂိရတ်ပညာရပ် အောင်မြင်မှုတွင် သူ့ထက်များစွာ မြင့်မားနေသည်ကို ဝန်ခံခဲ့ရသည်။
သူ့အနေဖြင့် ထပ်မံ ယှဥ်ပြိုင်လျှင် သူ့ကိုယ်သူသာ အရှက်ခွဲသလို ဖြစ်နေလိမ့်မည် မဟုတ်ပါလား။
အရှုံးကို ဝန်ခံပြီးနောက်တွင် စစ်ခုံရှင်းသည် ဤနေရာတွင် ဆက်နေရန် ဆန္ဒမရှိတော့ပေ။
သူက ချာခနဲ လှည့်ထွက်သွားပြီး မစ်ရှင်ခန်းမ၏အပြင်ဘက်သို့ရောက်သွားခဲ့သည်။
"စစ်ခုံရှင်းကို စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားစေနိုင်တဲ့သူ ပေါ်ပေါက်လာလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားခဲ့ဘူး"
"ဒီကောင်လေးက ဘယ်သူလဲ.. အဂ္ဂိရတ်ခန်းမမှာ ဘာလို့ ဒီလိုပါရမီရှင် အကြောင်းကို ငါတို့မကြားဖူးရတာလဲ"
"သိပ်မကြာခင် ဒီကောင်လေးကြောင့် အဂ္ဂိရတ်ခန်းမက လှုပ်လှုပ်ရှားရှား ဖြစ်လာနိုင်တယ်"
".........."
သူတို့ရှေ့မှ အခြေအနေကိုမြင်လျှင် ပတ်ဝန်းကျင်ရှိ အဂ္ဂိရတ်ခန်းမမှ တပည့်များသည် ပြောဆို ဆွေးနွေးနေခဲ့ကြသည်။
ကျန်းချန်က ပတ်ဝန်းကျင်မှ တပည့်များ၏ ဆွေးနွေးဝေဖန်သံများကို လျစ်လျူရှုခဲ့သည်။
သူက တာဝန်ခံ နတ်အဆင့် အဂ္ဂိရတ်သခင် ဆီသို့ ဆေးမီးဖိုကို ပြန်ပေးလိုက်ပြီး လူတိုင်း၏ အကြည့်အောက်မှာပင် အဂ္ဂိရတ်ခန်းမရှိ အဂ္ဂိရတ် လုပ်ဆောင်သည့် လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
စစ်ခုံရှင်းနှင့် သူနှင့်ကြားမှ ပြိုင်ပွဲသည် မရည်ရွယ်ဘဲ ဖြစ်ပွားခဲ့သော ပြိုင်ပွဲတစ်ခုမျှသာ ဖြစ်သည်။
ဤတစ်ကြိမ် အဂ္ဂိရတ်ခန်းမသို့ သူလာရောက်ရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဆေးဝါးများကို ရူးသွပ်စွာသန့်စင်ရန်နှင့် နတ်အဆင့်အဂ္ဂိရတ်သခင် စတုတ္ထအဆင့်ကို ရောက်ရှိရန် ဖြစ်သည်။