← Chapters

အခန်း (၁၆၈၅)

Vol. 113 Ch. 1685

အခန်း (၁၆၈၅)

Vol. 113 Ch. 1685

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထူးခြားသော အရှိန်အဝါရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် မစ်ရှင်ခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။

ထိုအနီရောင်ဝတ် အဘိုးအိုမှာ တခြားသူ မဟုတ်ပေ။

အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲတစ်ဦး ဖြစ်သည့် ဟော်ယွမ်ဟုန်ဖြစ်သည်။

ဟော်ယွမ်ဟုန်သည် ပဉ္စမအဆင့်ကို ရောက်ရှိနေသည့် နတ်အဆင့် အဂ္ဂိရတ်သခင်လည်း ဖြစ်သည်။

လွန်ခဲ့သည့် ၁နှစ်ကျော်က ဟော်ယွမ်ဟုန်သည် မစ်ရှင်ခန်းမသို့ ကိုယ်တိုင် လာရောက်ခဲ့ပြီး ကျန်းချန်နှင့် စစ်ခုံရှင်းတို့၏ ပြိုင်ပွဲကို လေ့လာခဲ့သည်။

ကျန်းချန်သည် ကန့်သတ်ချက်မဲ့ နည်းစနစ်နှင့် ဆေးလုံးခွဲနည်းစနစ် တို့ကို အသုံးပြုကာ စစ်ခုံရှင်းကို အလွယ်တကူအနိုင်ယူခဲ့သည်ကို သိရှိခဲ့လျှင် ဟော်ယွမ်ဟုန်သည် အလွန်အမင်း အံ့သြထိတ်လန့်သွားခဲ့သည်။

ကျန်းချန်က ထူးကဲသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်ကို သူသိသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကျန်းချန်သည် မပြည့်စုံသော ရှေးဟောင်းဆေးညွှန်း တချို့၏ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်သည့် စွမ်းရည်မျိုး ရှိနိုင်သည်ဟု သူ ခံစားမိခဲ့သည်။

ထိုအကြောင်းကြောင့်ပင် ဟော်ယွမ်ဟုန်သည် မစ်ရှင်ခန်းမသို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်လာခဲ့သည်။

သို့သော်လည်း စစ်ခုံရှင်းနှင့် ပြိုင်ပွဲပြီးကတည်းကပင် ကျန်းချန်သည် မစ်ရှင်ခန်းမ၏ လျှို့ဝှက်ခန်းထဲတွင် တံခါးပိတ်၍ ဆေးဝါးများကို သန့်စင်နေခဲ့သည်။

ထို့ကြောင့် ဟော်ယွမ်ဟုန်က ကျန်းချန်ကို မနှောင့်ယှက်ခဲ့ဘဲ မစ်ရှင်ခန်းမသို့ မကြာခဏ လာရောက်ကာ ကျန်းချန် ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းခဲ့၏။

ဤသို့ဖြင့်ပင် သူက ၂နှစ်နီးပါး စောင့်ဆိုင်းခဲ့ရသည်။

"အကြီးအကဲဟော်.. ရောက်လာပြန်ပြီကိုး"

တာဝန်ခံဖြစ်သည့် လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်က ဟော်ယွမ်ဟုန်ကို ကြည့်ကာ ရိုသေစွာ ဦးညွတ်၍ ပြောလိုက်သည်။

ဟော်ယွမ်ဟုန်က ခေါင်းညိတ်၍ မေးလိုက်၏။

"ဒီကောင်လေး အခုထိ မထွက်လာသေးဘူးလား"

"ထွက်မလာသေးဘူး အကြီးအကဲဟော်.. အမှတ် (၁၆)လျှို့ဝှက်ခန်းထဲမှာ အခုထိ ရှိနေဆဲပဲ"

လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်က ခေါင်းခါရမ်းကာ ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဟော်ယွမ်ဟုန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒီလောက်အထိ ကြာနေရအောင် သူဘယ်လို မစ်ရှင်တွေကို လက်ခံထားလို့လဲ"

"သူလက်ခံထားတဲ့ မစ်ရှင်တွေက နည်းနည်းတော့ များတယ် အကြီးအကဲ"

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လူလတ်ပိုင်းအရွယ်တာဝန်ခံသည် ကျန်းချန် လက်ခံထားသည့် မစ်ရှင်စာရင်းကို ဟော်ယွမ်ဟုန်ဆီ တင်ပြလိုက်သည်။

"............."

ကျန်းချန် ဆောင်ရွက်ရမည့် မစ်ရှင်များကို မြင်လျှင် ဟော်ယွမ်ဟုန်သည် ခဏမျှ ဆွံ့အသွားခဲ့သည်။

ထိုကောင်လေးက အဘယ်ကြောင့် လျှို့ဝှက်အခန်းထဲကနေ ၂နှစ်နီးပါး ထွက်မလာသည်ကို အဆုံးသတ်တွင် သူနားလည်သွားခဲ့သည်။

နတ်အဆင့်ဆေးဝါးများ ထဲတွင် ပထမအဆင့် ဖြစ်သည့် ဖုန်ရှင်းနတ်ဆေးဝါး အစုံ၁၀၀၀၊ ဒုတိယအဆင့် ခရမ်းရောင်မီးထျန်းယွမ်ဆေး အစုံ၃၀၀၀၊ တတိယအဆင့် မီးဝိညာဥ်ကျောက်စိမ်းဆေးလုံး အစုံ ၅၀၀၀။

ထိုဆေးပစ္စည်း ၃မျိုး၏ အရေအတွက်သည် စုစုပေါင်း ၉၀၀၀ ရှိပြီး အများစုမှ ဒုတိယအဆင့်နှင့် တတိယအဆင့် နတ်အဆင့်ဆေးဝါးများ ဖြစ်ကြသည်။

သူကဲ့သို့ နတ်အဆင့်အဂ္ဂိရတ်သခင် ပဥ္စမအဆင့် ပင်လျှင် ၂နှစ် သို့မဟုတ် ၃နှစ်အတွင်း ထိုပမာဏကို သန့်စင်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။

အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲတစ်ဦး အနေဖြင့် ဟော်ယွမ်ဟုန်သည် အဂ္ဂိရတ်လမ်းစဥ်တွင် ရူးသွပ်သော ပါရမီရှင်များစွာကို မြင်ဖူးသော်လည်း ဤမျှ ရူးသွပ်သူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ထိုကောင်လေးသည် တစ်ကြိမ်တည်းဖြင့်ပင် ဆေးပစ္စည်း အစုံ ၁၀၀၀၀ နီးပါးကို လက်ခံခဲ့သည်။

ဤသည်မှာ အရမ်းကို မိုက်ရူးရဲဆန်လွန်းသည် မဟုတ်ပါလော။

ဟော်ယွမ်ဟုန်က ခေါင်းခါရမ်းလိုက်ပြီး နောက်ထပ် ၆လအကြာမှာ တစ်ခေါက်ပြန်လာရန် တွေးလိုက်ကာ လှည့်ထွက်ရန် ပြင်လိုက်စဥ်မှာပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် မစ်ရှင်ခန်းမထဲကနေ ရုတ်တရက် ထွက်လာခဲ့သည်။

"ကောင်လေး မင်းနောက်ဆုံးတော့ ထွက်လာပြီပေါ့"

အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် ဟော်ယွမ်ဟုန်၏ အိုမင်းသော မျက်ဝန်းထက်တွင် ပျော်ရွှင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ခန်းမထဲရှိ ဟော်ယွမ်ဟုန်ကို ကြည့်ကာ အနည်းငယ် မှင်တက်သွားခဲ့သည်။

"အကြီးအကဲဟော်ပါလား.. ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေရတာလဲ"

"ငါက မင်းအတွက် အထူးတလည် လာခဲ့တာပဲ"

ဟော်ယွမ်ဟုန်က ပြုံး၍ ပြောလိုက်သည်။

"မင်းထွက်လာမလားဆိုပြီး ငါဒီကို မကြာခဏ ရောက်လာခဲ့တယ်.. ဒါပေမဲ့ မင်းက အခုမှပဲ ထွက်လာတော့တယ်"

"အကြီးအကဲဟော် ခဏလေးစောင့်ပေးပါ.. ကျွန်တော်မစ်ရှင်တစ်ချက် အပ်နှံလိုက်ဦးမယ်"

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်က လူလတ်ပိုင်းအရွယ် တာဝန်ခံဆီ သွားရောက်ကာ မစ်ရှင်များကို အပ်နှံလိုက်သည်။

သူက ဖုန်ရှင်းနတ်ဆေးလုံး ၅၀၀၊ ခရမ်းရောင်မီးထျန်းယွမ်ဆေးလုံး ၁၅၀၀ နှင့် မီးဝိညာဥ် ကျောက်စိမ်းဆေးလုံး ၂၅၀၀ တို့ကို ထုတ်ယူလိုက်သည်။

"မင်း.. မင်း အကုန်လုံး သန့်စင်ပြီးသွားပြီလား"

သူ၏ရှေ့တွင် တောင်ကုန်း၃ခုကဲ့သို့ ပုံနေသော ဆေးလုံးများကို ကြည့်ရင်း လူလတ်ပိုင်းအရွယ် တာဝန်ခံသည် အံ့သြထိတ်လန့်ကာ မျက်လုံးများပင် ကျွတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ပြီးသွားပါပြီ.. ဒီအတွက် ကျွန်တော် ၂နှစ်နီးပါး အချိန်ယူလိုက်ရတယ်"

"..........."

ကျန်းချန်၏ စကားကိုကြားလျှင် လူလတ်ပိုင်းအရွယ် တာဝန်ခံသည် ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။

"ကောင်လေး ဒီဆေးလုံးတွေအားလုံးကို ဆေးလုံးခွဲ နတ်နည်းစနစ်နဲ့ သန့်စင်ထားတာလား"

ဟော်ယွမ်ဟုန်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို အထိတ်တလန့် မေးခွန်းထုတ်လိုက်သည်။

သူကဲ့သို့ ပဉ္စမအဆင့်ကို ရောက်ရှိနေသည့် နတ်အဆင့် အဂ္ဂိရတ်သခင်ပင်လျှင် ၂နှစ် မပြည့်မီ ဤကဲ့သို့ ဆေးလုံးအရေအတွက်ကို သန့်စင်နိုင်ရန် မဖြစ်နိုင်ပေ။

ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုမှသာလျှင် အချိန်များစွာကို သက်သာစေပြီး တိုတောင်းသော အချိန်အတွင်း သန့်စင်နိုင်မည် ဖြစ်သည်။

သို့ရာတွင် ဆေးလုံးခွဲ နည်းစနစ်ကို အသုံးပြုသည့်တိုင် ထိုမျှမြင့်မားသော အောင်မြင်နိုင်ခြေကို မည်ကဲ့သို့ ထိန်းသိမ်းထားနိုင်ပါမည်နည်း။

"အကြီးအကဲဟော် ခန့်မှန်းတာ မှန်ပါတယ်.. ကျွန်တော်က ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုပြီး ဆေးဝါးတွေကို သန့်စင်ခဲ့တာပါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ အကြီးအကဲဟော်၏ စကားကို အတည်ပြုလိုက်သည်။

"..........."

ထိုစကားကိုကြားလျှင် ဟော်ယွမ်ဟုန်သည် အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

သို့သော်လည်း ကျန်းချန်က ဒဏ္ဍာရီလာ သဘာဝဆေးလုံးခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နိုင်သည်ကို တွေးမိလျှင် ဟော်ယွမ်ဟုန်သည် လျင်မြန်စွာပင် စိတ်သက်သာရာ ရသွားခဲ့သည်။

သဘာဝဆေးလုံး ခန္ဓာကိုယ်သည် အဂ္ဂိရတ်လမ်းစဥ်တွင် ထူးခြားသော အားသာချက် ရှိ၏။

ထိုကောင်လေးသည် အဂ္ဂိရတ်လမ်းစဥ်တွင် ဤမျှအထိ ကြောက်မက်ဖွယ်ရာ‌ ကောင်းသော အဆင့်ကို ရောက်ရှိနေခြင်းမှာ ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ် ရှိခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။

"အကြီးအကဲဟော်.. ကျွန်တော့်ကို ဘာကိစ္စအတွက်နဲ့ လာရှာတာလဲ သိလို့ရမလား"

ကျန်းချန်က မစ်ရှင်ကို အပ်နှံပြီးနောက်တွင် ဟော်ယွမ်ဟုန်ကို ကြည့်ကာ စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။

ဟော်ယွမ်ဟုန်က အနည်းငယ် ညည်းညူလိုက်သည်။

"တကယ်တော့ ငါမင်းကို ရှာတာက မပြည့်စုံတဲ့ ရှေးဟောင်းဆေးညွှန်း တချို့ကို ဖော်ထုတ်ရာမှာ အကူအညီပေးစေချင်လို့ပဲ"

မူလက ဟော်ယွမ်ဟုန်သည် ကျန်းချန်က သဘာဝဆေးလုံးခန္ဓာကိုယ်နှင့် မွေးဖွားလာသော်လည်း အဂ္ဂိရတ်လမ်းစဥ်တွင် အောင်မြင်မှု နည်းပါးသဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ရှေးဟောင်းဆေးဝါးများကို နားလည်ရာတွင် အလွန်တရာခက်ခဲမည်ကို အနည်းငယ် စိုးရိမ်ခဲ့သည်။

ယခုမူ ကျန်းချန်သည် နတ်အဆင့်အဂ္ဂိရတ်သခင် တတိယအဆင့်သို့ အနည်းဆုံး ရောက်ရှိနေပြီ ဖြစ်သည်။

ထိုကဲ့သို့ စွမ်းရည်နှင့် သဘာဝဆေးလုံး ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ပေါင်းစပ်လိုက်လျှင် ကျန်းချန်သည် ရှေးဟောင်းဆေးညွှန်း တချို့ကို အမှန်တကယ် နားလည်နိုင်စွမ်း ရှိနေလောက်၏။

"မပြည့်စုံတဲ့ ရှေးဟောင်းဆေးညွှန်း တချို့.. ဟုတ်လား"

ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

"ဟုတ်တယ်.. အဂ္ဂိရတ်ခန်းမမှာ မပြည့်စုံတဲ့‌ရှေးဟောင်းဆေးညွှန်းတချို့ရှိတယ် ဒီဆေးညွှန်းတွေက တန်ဖိုးဖြတ်လို့ မရလောက်အောင် အဖိုးတန်ပြီး ကိုယ်ခံပညာ ဥပဒေသရဲ့ မူလစွမ်းအားကို မြှင့်တင်ရာမှာ ကူညီပေးနိုင်တဲ့စွမ်းရည် ရှိတယ်.. မင်းသာ ဒီရှေးဟောင်းဆေးညွှန်းတွေကို နားလည်နိုင်မယ်ဆိုရင် ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ခွန်အားကို ပိုမြင့်တဲ့အဆင့်တစ်ခုဆီ ပို့ဆောင်ပေးနိုင်လိမ့်မယ်"

ဟော်ယွမ်ဟုန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

"မင်းက သဘာဝဆေးလုံး ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာ ဆိုတော့ တချို့ကဏ္ဍတွေမှာ မင်းက သာမန် အဂ္ဂိရတ်သခင်ထက် အများကြီး ပိုနားလည်နိုင်ခြေ ရှိတယ်.. ဒါကြောင့် ငါက မင်းကို ရှေးဟောင်းဆေးညွှန်း တချို့ကို နားလည်ရာမှာ ကူညီပေးစေချင်တယ်"

"ရှေးဟောင်းဆေးညွှန်းတွေထဲမှာ ကိုယ်ခံပညာရဲ့ မူလစွမ်းအားကို မြှင့်တင်နိုင်တဲ့ ဆေးဝါးလည်း ရှိတယ်လား"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပလာခဲ့သည်။

ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သော ဆေးဝါးသည် ကောင်းကင်နတ်ဘုရားအဆင့် ဆေးဝါးထက် အဆင့်မနိမ့်ပေ။

ထို့အပြင် ကျန်းချန်၏ စိတ်ထဲတွင် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို တိုးတက်စေနိုင်သော ဆေးညွှန်း မရှိပေ။

အဂ္ဂိရတ်ခန်းမတွင် ထိုကဲ့သို့ ရှေးဟောင်းဆေးညွှန်း တချို့ အမှန်တကယ် ရှိနေခဲ့ရာ သူသာ ထိုဆေးညွှန်းများကို နားလည်ခဲ့လျှင် သူ၏ ကိုယ်ခံပညာဥပဒေသ မူလစွမ်းအားကို သံသယဖြစ်ဖွယ်ရာမရှိ မြှင့်တင်နိုင်လိမ့်မည် မဟုတ်ပါလော။

All Chapters