← Chapters

အခန်း (၁၆၈၆)

Vol. 113 Ch. 1686

အခန်း (၁၆၈၆)

Vol. 113 Ch. 1686

အဂ္ဂိရတ်ခန်းမ၏ တတိယထပ်သည် အဂ္ဂိရတ်ခန်းမ၏ အဓိကဧရိယာဖြစ်ပြီး တားမြစ်ဧရိယာလည်း ဖြစ်သည်။

ယေဘုယျအားဖြင့် ထိုနေရာကို အကြီးအကဲများသာ ဝင်ရောက်ခွင့်ရှိ၏။

ထိုတတိယထပ်သည် မိုင်ပေါင်းရာချီ ကျယ်ပြန့်ပြီး သီးခြားကမ္ဘာတစ်ခုနှင့်ပင် ဆင်တူသည်။

ဤနေရာတွင် ကျေးငှက်များနှင့် ပန်းမံများ သာယာစွာရှိလှသဖြင့် ဘုရားသခင် ကောင်းချီးပေးထားသည့် နယ်မြေနှင့်ပင် ဆင်တူနေခဲ့သည်။

မကြာမီမှာပင် ဟော်ယွမ်ဟုန်သည် ကျန်းချန်ကို တတိယထပ်၏ အလယ်ဗဟိုရှိ အမြင့်မီတာရာချီ ရှိသော ခန်းမတစ်ခုဆီသို့ ခေါ်လာခဲ့သည်။

ထိုနေရာက အစည်းအဝေးပြုလုပ်သော နေရာ ဖြစ်သည်။

"အကြီးအကဲဟော် စိတ်မကောင်းပါဘူး.. ခန်းမ အကြီးအကဲက ခန်းမထဲမှာ အကြီးအကဲ တချို့နဲ့ ဆွေးနွေးနေပါတယ်.. မသက်ဆိုင်တဲ့သူတွေ ခန်းမထဲကို ဝင်ရောက်ခွင့် မရှိပါဘူး"

ထိုအချိန်မှာပင် ခန်းမ၏ ဝင်ပေါက်ရှိ အစောင့်နှစ်ဦးသည် ကျန်းချန်တို့ကို တားဆီးလိုက်သည်။

ဟော်ယွမ်ဟုန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"ငါက အဂ္ဂိရတ်ခန်းမရဲ့ အကြီးအကဲတစ်ဦးပဲ.. မင်းတို့က ငါ့ကို တားဆီးရဲတယ်လား"

"အကြီးအကဲဟော်ကတော့ ခန်းမထဲကို ဝင်ဖို့ အရည်အချင်းပြည့်မီပါတယ်"

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် အစောင့်တစ်ဦးက ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ ဟော်ယွမ်ဟုန်၏နံဘေးရှိ ကျန်းချန်ကို ကြည့်လိုက်သည်။

"ဒါပေမဲ့ စည်းမျဥ်းတွေ အရတော့ အဂ္ဂိရတ်ခန်းမရဲ့အကြီးအကဲ ဖြစ်နေရင်တောင်မှ တပည့်တွေကို ခန်းမထဲဆီ စိတ်ထင်တိုင်း ခေါ်လာခွင့်မရှိဘူး"

"ငါ သူ့ကို ခေါ်လာတာက ရည်ရွယ်ချက် တချို့ကြောင့်ပဲ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ခန်းမအကြီးအကဲ အပြစ်တင်လာရင် ငါအားလုံး တာဝန်ယူတယ်.. ငါတို့ကို ဝင်ခွင့်ပြုပါ"

ဟော်ယွမ်ဟုန်၏ အမူအရာက အေးစက်နေခဲ့သည်။

သူ၏ စကားကိုကြားလျှင် အစောင့်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူက ဟော်ယွမ်ဟုန်ကို တုံ့ပြန်ပြောဆိုရန် ပြင်နေစဥ်မှာပင် တခြား အစောင့်တစ်ဦးသည် သူ့ကို ဟန့်တားလိုက်ပြီး ဟော်ယွမ်ဟုန်ကို လမ်းဖွင့်ပေးလိုက်သည်။

"အကြီးအကဲက တာဝန်ယူတယ် ဆိုမှတော့ ကျွန်တော်တို့ နှစ်ယောက်က ဘာလို့ တားရတော့မှာလဲ"

ဟော်ယွမ်ဟုန်က ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို ခန်းမထဲသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့သည်။

"မင်းငါ့ကို ဘာလို့တားရတာလဲ.. ဒီခန်းမထဲကို အကြီးအကဲမဟုတ်ရင် ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ရောက်ခွင့်မရှိဘူး.. ငါတို့ သူတို့ကို ဝင်ခွင့်ပြုလိုက်လို့ ခန်းမအကြီးအကဲက အပြစ်တင်လာခဲ့ရင် မင်းနဲ့ငါ သက်သာမှာ မဟုတ်ဘူး"

ကျန်းချန်တို့နှစ်ဦး ခန်းမထဲသို့ ဝင်သွားသည်ကို မြင်လျှင် အစောင့်တစ်ဦးက သူ့ကို တားဆီးခဲ့သော အစောင့်ကို အလျင်စလို ပြောလိုက်သည်။

"အကြီးအကဲဟော်က ဒေါသကြီးတယ်.. သူသာ တကယ်ပဲ ခေါ်သွားချင်တယ်ဆိုရင် ငါတို့ တားနိုင်မယ်လို့ ထင်လား"

ထိုစကားကို ကြားလျှင် အခြား အစောင့်တစ်ဦးက ခေါင်းခါရမ်းကာ မချိပြုံး ပြုံးလိုက်သည်။

သူတို့က ဟော်ယွမ်ဟုန်ကို အတင်းအကျပ် တားဆီးနေမည်ဆိုလျှင် ခန်းမအကြီးအကဲက သူတို့ကို အပြစ်မပေးခင် ဟော်ယွမ်ဟုန်၏ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည် ဖြစ်သည်။

သို့ရာတွင် ဟော်ယွမ်ဟုန်က ဒေါသကြီး‌သော်လည်း နားလည်တတ်သူ ဖြစ်သည်။

ထို့အပြင် ခန်းမထဲ ဝင်ခွင့်ပြုသော ကိစ္စနှင့် ပတ်သက်၍လည်း တာဝန်ယူမည်ဟု ပြောဆိုခဲ့ပြီး ဤကိစ္စတွင် သူတို့ကို လုံးဝ မပါဝင်စေခဲ့ပေ။

ဤသည်ကလည်း သူ့အနေဖြင့် ဟော်ယွမ်ဟုန် အတွက် လမ်းဖွင့်ပေးရန် ဆန္ဒရှိခဲ့သည့် အကြောင်းအရင်း ဖြစ်သည်။

သူ၏အဖော်ထံမှ ရှင်းပြမှုကို ကြားလျှင် ဟော်ယွမ်ဟုန်ကို တားဆီးလိုသော အစောင့်သည် သက်ပြင်းကို အသာအယာချလိုက်သည်။

"ငါတို့ရဲ့ အလုပ်ကလည်း မလွယ်ပါလား.. ဒါနဲ့ အကြီးအကဲဟော် ခေါ်လာတဲ့‌ကောင်လေးက ဘယ်သူလဲ.. ငါသူ့ကို တစ်ခါမှလည်း မမြင်ဖူးပါလား"

သူက ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

သိထားရမည့်အချက်မှာ အဂ္ဂိရတ်ခန်းမ၏ တပည့်များသည် အစည်းအဝေးခန်းထဲသို့ စိတ်ထင်တိုင်း ဝင်ထွက်ခွင့်မရှိပေ။

အဂ္ဂိရတ်ခန်းမ၏ ထိပ်တန်းပါရမီရှင် တပည့်ပင်လျှင် အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လိုပါက အကြီးအကဲအားလုံး၏ ခွင့်ပြုချက်ကို လိုအပ်သည်။

ထိုကောင်လေးက အဂ္ဂိရတ်ခန်းမ၏ အထွတ်အထိပ် ပါရမီရှင်ဖြစ်သည်ဆိုလျှင် ကျိုးကြောင်းဆီလျော်မှု ရှိနိုင်သေး၏။

သို့သော်လည်း အကြီးအကဲဟော် ခေါ်လာသောသူသည် အဂ္ဂိရတ်ခန်းမ၏ ပါရမီရှင် မဟုတ်သည်မှာ ထင်ရှား၏။

အဘယ်ကြောင့်ဆိုသော် အဂ္ဂိရတ်ခန်းမ၏ ပါရမီရှင်အားလုံးကို သူတို့က ကောင်းစွာ သိထားသောကြောင့်ပင်။

"အစည်းအဝေးခန်းမက အဂ္ဂိရတ်ခန်းမရဲ့ အဓိကဧရိယာပဲ.. အကြီးအကဲဟော်က စိတ်မြန်ပေမဲ့ ဘာမဟုတ်တဲ့ တပည့်တစ်ဦးကို အစည်းအဝေးခန်းမထဲ စိတ်ထင်တိုင်း ခေါ်လာမှာတော့ မဟုတ်ဘူး.. မကြာသေးခင်က အဂ္ဂိရတ်ခန်းမမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင်တစ်ဦး ပေါ်ထွက်ခဲ့ပြီး စစ်ခုံရှင်းတောင် ဒီပါရမီရှင်ရဲ့လက်ထဲမှာ ရှုံးနိမ့်သွားတယ်လို့ သိရတယ်.. ငါခန့်မှန်းတာမမှားရင် အကြီးအကဲဟော် ခေါ်လာတဲ့သူက အဲဒီ လျှို့ဝှက်ဆန်းကြယ် ပါရမီရှင် ဖြစ်နိုင်လောက်တယ်"

ထိုစကားကိုကြားလျှင် အခြား အစောင့်တစ်ဦး၏ မျက်ဝန်းများသည် လင်းလက်လာခဲ့သည်။

သူ့အဖော်၏ စကားကိုကြားလျှင် ထိုအစောင့်သည် အံ့အားသင့်သွားခဲ့သည်။

ဟော်ယွမ်ဟုန်က အစည်းအဝေးခန်းမထဲကို အဂ္ဂိရတ်ခန်းမမှ တပည့်တစ်ဦးကို အဘယ်ကြောင့် ခေါ်လာခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။

အကြောင်းရင်းမှာ ထိုကောင်လေးသည် စစ်ခုံရှင်းကို အနိုင်ယူခဲ့သော လျှို့ဝှက်ဆန်းကြယ် ပါရမီရှင် ဖြစ်နေသောကြောင့်ပင် မဟုတ်ပါလား။

ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးသည် ဟော်ယွမ်ဟုန်က ဤတစ်ကြိမ် ခေါ်မလာခဲ့လျှင်ပင် တစ်နေ့နေ့တွင် အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်နိုင်မည့် အရည်အချင်းကို ရရှိနိုင်လောက်ပေသည်။

"အကြီးအကဲဟော်.. အစည်းအဝေးခန်းမထဲမှာ ခန်းမအကြီးအကဲက အကြီးအကဲတချို့နဲ့ ဆွေးနွေးနေတာ ဆိုတော့ ကျွန်တော်တို့ ဒီလိုမျိုး ဝင်လာတာ ကောင်းပါ့မလား"

ကျန်းချန်က ဟော်ယွမ်ဟုန်၏ အနောက်ကနေ လိုက်လာရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး.. ဒီအဘိုးကြီးတွေ ဒီခန်းမထဲမှ စုဝေးနေတာက မပြည့်စုံတဲ့ ရှေးဟောင်းဆေးညွှန်းတွေကို နားလည်အောင်လုပ်ဖို့ အတွက်ပဲ.. ဒီအဘိုးကြီးတွေသာ နားလည်နိုင်စွမ်းရှိမယ် ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက နားလည်သွားလောက်ပြီ.. ဘယ်လိုလုပ်ပြီး အခုအချိန်အထိ စုဝေးနေစရာလိုအပ်မှာလဲ"

ဟော်ယွမ်ဟုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဒါ့အပြင် ဒီတစ်ခေါက် ငါမင်းကို ခေါ်လာတာက သူတို့ကို ကူညီဖို့ အတွက်ပဲလေ"

"ဒါနဲ့ မပြည့်စုံတဲ့ ရှေးဟောင်းဆေးညွှန်းတွေကို ဖော်ထုတ်ဖို့က အရမ်းကို ခက်ခဲနေလို့လား.. အဂ္ဂိရတ်ခန်းမမှာ စတုတ္ထအဆင့်အထက်က ကောင်းကင် နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင် အများကြီး ရှိနေတာပဲ.. ဘာလို့ နားမလည်နိုင်ရတာလဲ"

ကျန်းချန်က စိတ်ဝင်တစား မေးလိုက်သည်။

သာမန် ကောင်းကင်နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင်များသည် ကောင်းကင်နတ်ဘုရားအဆင့် ဆေးဝါးများ၏ ဆေးညွှန်းများကို နက်ရှိုင်းစွာ နားလည်ကြသည်။

ပြောနေစရာ မလိုလောက်အောင်ပင် အဂ္ဂိရတ်ခန်းမတွင် ကောင်းကင်နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင် အများအပြား ရှိကြသည်။

ထိုဆေးညွှန်းများက မပြည့်စုံသော ရှေးဟောင်းဆေးညွှန်းတချို့ ဖြစ်နေလျှင်ပင် အချိန် အလုံအလောက်သာ ရပါက ဖြည်းဖြည်းချင်း နားလည်နိုင်မည် ဖြစ်၏။

"လက်ရှိ အဂ္ဂိရတ်ခန်းမမှာ နတ်အဆင့် အဂ္ဂိရတ်သခင် စတုတ္ထအဆင့် အများအပြားရှိပေမဲ့ နတ်အဆင့် အဂ္ဂိရတ်သခင် သတ္တမအဆင့်တော့ မရှိဘူး ရှေးဟောင်းဆေးညွှန်း တချို့က အနည်းဆုံး သတ္တမအဆင့်မှာ ရှိနေမှတော့ ဘယ်လိုလုပ်ပြီး နားလည်ဖို့ လွယ်ကူနိုင်မှာလဲ"

ဟော်ယွမ်ဟုန်က ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဟော်ယွမ်ဟုန်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သိထားရမည့်အချက်မှာ အဂ္ဂိရတ်ခန်းမသည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ နယ်မြေနတ်ဘုရားက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

မူလက ကျန်းချန်သည် အဂ္ဂိရတ်ခန်းမတွင် ဒသမအဆင့်ကို ရောက်ရှိနေသည့် နယ်မြေနတ်ဘုရား အဆင့် အဂ္ဂိရတ်သခင် မရှိလျှင်ပင် အနည်းဆုံး နဝမအဆင့်ကို ရောက်ရှိနေသည့် ကောင်းကင် နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင် ရှိမည်ဟု ထင်ခဲ့သည်။

သို့သော်လည်း အဂ္ဂိရတ်ခန်းမတွင် သတ္တမအဆင့်ကို ရောက်ရှိနေသည့် ကောင်းကင် နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင် တစ်ဦးပင် ရှိမနေခဲ့ပေ။

"ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အဂ္ဂိရတ်ခန်းမက လက်ရှိမှာ အမှန်တကယ်ပဲ ဆုတ်ယုတ်နေတယ်"

ဟော်ယွမ်ဟုန်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဒီနေ့ခေတ်မှာ အဂ္ဂိရတ်ခန်းမရဲ့ အစွမ်းအထက်ဆုံး အဂ္ဂိရတ်သခင်က အဂ္ဂိရတ်ခန်းမရဲ့ ဒုခန်းမသခင် ဖြစ်တဲ့ ဝမ်ရွှယ်ဖုန်းပဲ.. သူက နတ်အဆင့်အဂ္ဂိရတ်သခင် ဆဋ္ဌမအဆင့်လည်း ဖြစ်တယ်"

"ဒါနဲ့ ခန်းမသခင်ကရော အခု ဘယ်ရောက်နေတာလဲ"

ကျန်းချန်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သည်။

"ခန်းမသခင်က နဝမအဆင့်ကို ရောက်ရှိနေတဲ့ ကောင်းကင် နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင်ပဲ.. ဒါပေမဲ့ သူက အဆင့်ထိုးဖောက်မဲ့ အခွင့်အရေးကို ရှာဖွေဖို့အတွက် အဂ္ဂိရတ်ခန်းမထဲကနေ ထွက်သွားပြီးကတည်းက အခုထိ ပြန်မလာနိုင်တော့ဘူး.. ခန်းမသခင် ထွက်သွားပြီးနောက်မှာ အဂ္ဂိရတ်ခန်းမမှာ ကျန်ရှိခဲ့တဲ့ အဆင့်မြင့် အဂ္ဂိရတ်သခင် တချို့ကလည်း ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲမှာ ကျဆုံးခဲ့ကြတယ်.. အဲဒီနောက်ပိုင်းမှာ အဂ္ဂိရတ်ခန်းမက ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်.. တကယ်တော့ မပြည့်စုံတဲ့ ဒီရှေးဟောင်းဆေးညွှန်းတချို့က ရှေးဟောင်းနဂါးအ မွေအနှစ်နယ်မြေဆီကနေ ရရှိခဲ့တာပဲ"

ဟော်ယွမ်ဟုန်က ကျန်းချန်ကို အလေးအနက် ရှင်းပြလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

"အဂ္ဂိရတ်ခန်းမက လူတွေကလည်း ရှေးဟောင်းအမွေအနှစ် နယ်မြေထဲကို သွားကြတယ်လား"

"အရင်တုန်းကတော့ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်တဲ့ အချိန်တိုင်းမှာ အဂ္ဂိရတ်ခန်းမက ဝင်ခွင့်နေရာ ၂နေရာစာ ရရှိလေ့ရှိတယ်"

ဟော်ယွမ်ဟုန်က သက်ပြင်းချ၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ အတွင်းမှာ အဂ္ဂိရတ်ခန်းမက တဖြည်းဖြည်း အားနည်းလာတဲ့အတွက် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲ ဘယ်သူမှ မသွားကြတော့ဘူး"

All Chapters