အခန်း (၁၆၈၈)
Vol. 113 Ch. 1688
"ဒါက ရွှေနဂါးအဆင့်အကြီးအကဲ တံဆိပ်ပြားပဲ"
ကျန်းချန်၏ လက်ထဲမှ ရွှေရောင်တံဆိပ်ပြားကို မြင်လျှင် မူကျန့်ဟန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲတစ်ဦး အနေဖြင့် မူကျန့်ဟန်သည် ကျန်းချန်၏ လက်ထဲမှ တံဆိပ်ပြားကို မစိမ်းပေ။
ဤရွှေရောင်တံဆိပ်ပြား ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အထွတ်အထိပ် အကြီးအကဲကို ကိုယ်စားပြုသော အမှတ်အသားတစ်ခု ဖြစ်သည်။
အဂ္ဂိရတ်ခန်းမသည် သီးခြားရပ်တည်မှု ရှိသော်လည်း ရှေးဟောင်းနဂါးမျိုးနွယ်စုမှ တည်ထောင်ထားခြင်း ဖြစ်၍ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
ရွှေနဂါးတံဆိပ်ပြားသည် ရှေးဟောင်းနဂါးမျိုးနွယ်စု တစ်ခုလုံးတွင် အဆင့်အတန်းနှင့် ခွန်အားကို ပြသသော သင်္ကေတလည်း ဖြစ်၏။
ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် ရွှေနဂါးအဆင့် တံဆိပ်ပြားကို ပိုင်ဆိုင်သူသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်တွင် ရှိကြသည်။
ထိုတံဆိပ်ပြားကို ပိုင်ဆိုင်သော အကြီးအကဲသည် ရှန်လုံမြို့တွင် အနှိုင်းမဲ့ အခွင့်အရေးများရှိပြီး ရှန်လုံမြို့၏ စည်းမျဥ်းများသည် ထိုအကြီးအကဲ အပေါ်တွင် ကန့်သတ်ချက် လုံးဝမရှိပေ။
ထိုကောင်လေးက ရွှေနဂါးအဆင့် တံဆိပ်ပြားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မိုကျန့်ဟန် လုံးဝ မမျှော်လင့်ခဲ့ပေ။
ကျန်းချန်၏ လက်ထဲမှ ရွှေနဂါးတံဆိပ်ပြားကို မြင်လျှင် မိုကျန့်ဟန်သာမက ဟော်ယွမ်ဟုန်တို့ လေးဦး၏ မျက်နှာထက်တွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။
"ဒီကောင်လေးရဲ့နာမည်က ကျန်းချန်လား.. ငါဘာလို့ ကြားဖူးသလို ခံစားနေရတာလဲ"
ဝမ်ရွှယ်ဖုန်းက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် စိတ်နှလုံးထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ခဏအကြာတွင် ဝမ်ရွှယ်ဖုန်းသည် တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး ရုတ်တရက် ကျန်းချန်ကိုကြည့်ကာ အော်ဟစ်လိုက်သည်။
"မင်းက ကျန်းချန်ဆိုတော့ သွေးလမင်းကုန်းမြေနဲ့ စစ်ပွဲမှာ ရှေးဟောင်းနဂါးကုန်းမြေကို အနိုင်ရအောင် အကူအညီပေးခဲ့တဲ့ ကျန်းချန်လား"
ဝမ်ရွှယ်ဖုန်း၏ စကားကိုကြားလျှင် အတွင်းခန်းမထဲရှိ အကြီးအကဲ လေးဦးစလုံးသည် အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် ရုတ်တရက် အလွန်အမင်း အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲများ အနေဖြင့် သူတို့သည် စစ်ပွဲတွင် ပါဝင်ခြင်း မရှိသော်လည်း စစ်ပွဲနှင့် ပတ်သက်သော အကြောင်းများကို ကြားဖူးခဲ့ကြသည်။
ထိုစစ်ပွဲတွင် ကောင်းကင်နဂါး မြို့တော်ကနေ အလွန်တရာထူးချွန်သော စစ်နတ်ဘုရား တစ်ပါး ပေါ်ပေါက်လာသည်ဟု ဆိုကြသည်။
ထိုနတ်ဘုရားက စစ်မြေပြင်တွင် ရဲရင့်စွာ စွမ်းဆောင်ခဲ့ပြီး ကောင်းကင်ဥပဒေသကို လျစ်လျူရှုကာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ထိုင်တည်းဖြင့် ထိုးဖောက်ခဲ့ပြီး ကောင်းကင်နတ်ဘုရားများကိုပင် ကြက်သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခဲ့မှန်း ကြားသိခဲ့ရသည်။
မူလက စစ်ပွဲတွင် အားနည်းချက် ရှိနေသော ရှေးဟောင်းနဂါးကုန်းမြေသည် ကျန်းချန် အပေါ်တွင် မှီခို၍ အခြေအနေကို ပြောင်းလဲနိုင်ခဲ့ကာ သွေးလမင်း ကုန်းမြေကို ပြန်လည်ဆုတ်ခွာစေခဲ့သည်။
ထိုစစ်ပွဲပြီးသည့် အချိန်တွင် အရှင်ကုလုံသည် ထိုစစ်နတ်ဘုရားကို ရွှေနဂါးအဆင့် တံဆိပ်ပြား ချီးမြှင့်ခဲ့ပြီး အထွတ်အထိပ်အကြီးအကဲတစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။
သူတို့ရှေ့မှ လူငယ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် အလွန်တရာ နာမည်ကျော်ကြားသော ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးမိခဲ့ပေ။
ကိုယ်ခံပညာရပ်တွင် အနှိုင်းမဲ့ပါရမီရှိသော ထိုကောင်လေးသည် အဂ္ဂိရတ်ခန်းမသို့ တိတ်တဆိတ် လာရောက်ခဲ့ပြီး အဂ္ဂိရတ်လမ်းစဥ်ပေါ်ရှိ ပါရမီသည်လည်း အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
အဂ္ဂိရတ်ခန်းမ၏ အထူးချွန်ဆုံးပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သော စစ်ခုံရှင်းကိုပင် အလွယ်တကူ အနိုင်ယူခဲ့သည် မဟုတ်ပါလော။
ခန်းမထဲရှိ လူငါးဦး၏ အံ့သြထိတ်လန့်သော အကြည့်များအောက်မှာပင် ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"ဟုတ်တယ်.. ငါက အဲဒီကျန်းချန်ပဲ.. ဒီအခန်းထဲကို ဝင်ဖို့ ငါ့ရဲ့အရည်အချင်းက ပြည့်မီရဲ့လားဆိုတာ သိပါရစေ"
"ဟားဟား အကြီးအကဲကျန်းက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့်အကြီးအကဲဆိုတော့ ဒီခန်းမကို အကြီးအကဲ ကြွလာတာက ကျွန်တော်တို့ အတွက် ဂုဏ်ယူစရာပါပဲ"
ဝမ်ရွှယ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ရွှေနဂါးအဆင့် အကြီးအကဲသည် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် စုစုပေါင်းငါးဦးသာ ရှိသည်။
သူတို့အဂ္ဂိရတ်ခန်းမတွင် အချိန်အတော်ကြာ ပျောက်ဆုံးနေသော ခန်းမသခင်သည်လည်း ရွှေနဂါးအဆင့် အကြီးအကဲငါးဦးထဲမှ တစ်ဦး ဖြစ်သည်။
တစ်နည်းအားဖြင့် ရှေးဟောင်နဂါးမျိုးနွယ်စုတွင် ကျန်းချန်၏လက်ရှိ အဆင့်အတန်းသည် သူတို့၏ ခန်းမသခင်နှင့် တန်းတူယှဥ်နိုင်သော အဆင့်အတန်း ဖြစ်သည်။
ဒုခန်းမသခင် ဖြစ်သည့်သူပင်လျှင် ကျန်းချန်ထက် အနည်းငယ် ရာထူးနိမ့်သည်။
ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန်၏ ပါရမီသည် အနှိုင်းမဲ့ဖြစ်ပြီး အနာဂတ်သည်လည်း အကန့်အသတ်မရှိပေ။
ထိုကဲ့သို့သော ပါရမီရှင်ကို သူတို့ထဲမှ မည်သူမဆို စော်ကားနိုင်မည် မဟုတ်ပေ။
ယခင်က ကျန်းချန်ကို မကျေမနပ် ဖြစ်နေခဲ့သော မိုကျန့်ဟန်ပင်လျှင် ဤအချိန်တွင် အထွန့်မတက်ရဲတော့ပေ။
ကျန်းချန်က ရွှေနဂါးတံဆိပ်ပြားကို ပြသလိုက်သောအခါက မူကျန့်ဟန်သည် ကျန်းချန်ကို ရွှေနဂါးအဆင့် အကြီးအကဲတစ်ဦး၏ တပည့် ဖြစ်လောက်သည်ဟု ထင်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင် အမှန်တရားကို သူသိသွားချေပြီ။
ကျန်းချန်သည် မကြာသေးခင်ကမှ ရွှေနဂါးအဆင့်အကြီးအကဲ ဖြစ်လာခဲ့သော ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ရှေ့တွင် သူက အဘယ်ကဲ့သို့ ရဲတင်းဝံ့ပါမည်နည်း။
သူက နတ်အဆင့်အဂ္ဂိရတ်သခင် ပဉ္စမအဆင့် ဖြစ်၍ ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် သူ၏ အဆင့်အတန်းသည် မနိမ့်ပေ။
သို့သော် ကျန်းချန်၏ အဆင့်အတန်းနှင့် နှိုင်းယှဥ်လျှင် သူ၏ အဆင့်အတန်းသည် သံသယဖြစ်ဖွယ်ရာမရှိ များစွာ ကွာခြားမှု ရှိနေခဲ့၏။
တစ်ဖက်တွင်လည်း ဟော်ယွမ်ဟုန်နှင့် ဖန်ယဲ့တို့သည် မှင်တက်ရာကနေ အသိစိတ်များ ပြန်ဝင်လာကြပြီး တစ်ဦးကို တစ်ဦးပြုံး၍ ကြည့်လိုက်ကြသည်။
ကျန်းချန်က ရှန်လုံမြို့ရှိ ကိုယ်ခံပညာ ပါရမီရှင်တစ်ဦး ဖြစ်မှန်း သိရှိခဲ့သော်လည်း မကြာသေးမီကမှ ရာထူးတိုးမြှင့်ခံရသော ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ဂုဏ်သိက္ခာ ကြီးမြတ်သော ရွှေနဂါးအဆင့် အကြီးအကဲတစ်ဦးသည် သာမန် အဂ္ဂိရတ်သခင်တစ်ဦး အဖြစ် အဂ္ဂိရတ်ခန်းမဆီသို့ ရောက်လာခဲ့သည်။
သို့သော်လည်း ဟော်ယွမ်ဟုန်တို့ နှစ်ဦးသည် ကျန်းချန်က ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ် ဖြစ်နိုင်သည်ကို တွေးမိလိုက်သောအခါ ပို၍ပင် စကားမပြောနိုင်အောင် ဆွံ့အသွားခဲ့သည်။
ထိုကောင်လေးသည် အနှိုင်းမဲ့ ကိုယ်ခံပညာပါရမီ ရှိနေသည့်အပြင် ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ်ပိုင်ရှင်လည်း ဖြစ်နေခဲ့သည်။
ကမ္ဘာကြီးတွင် ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင် မည်ကဲ့သို့ ရှိနေရပါသနည်း။
"အကြီးအကဲဝမ်.. အကြီးအကဲဟော်ရဲ့ စကားအရ အဂ္ဂိရတ်ခန်းမမှာ အကြီးအကဲတို့ နားမလည်နိုင်သေးတဲ့ ရှေးဟောင်းဆေးညွှန်းတချို့ ရှိတယ်လို့ ကြားတယ်.. ကျွန်တော့်ကို ကြည့်ခွင့်ပေးနိုင်မလား"
ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ ဝမ်ရွှယ်ဖုန်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဟုတ် ရပါတယ်"
ဝမ်ရွှယ်ဖုန်းက ပြောလိုက်ပြီး သူ၏ လက်ဖဝါးကို အနည်းငယ်လှုပ်ရှားလိုက်ရာ နက်နဲသော အရှိန်အဝါများ ထွက်ပေါ်နေသည့် စာလိပ်လေးခုသည် သူတို့ရှေ့ရှိ စားပွဲပေါ်တွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က စာလိပ်တစ်ခုကို ကောက်ယူကာ အကဲခတ်လိုက်သည်။
ထိုစာလိပ်ကို ကောင်းကင်နတ်ဘုရားအဆင့် သားရဲ၏ အရေပြားကနေ ပြုလုပ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း အချိန်ကြာမြင့်စွာ ရှိနေပြီ ဖြစ်သောကြောင့် ကောင်းကင်နတ်ဘုရားအဆင့် သားရဲအရေခွံ ပင်လျှင် အနည်းငယ် တိုက်စားခံနေရပြီ ဖြစ်သည်။
ထို့ကြောင့် သားရဲအရေပြားပေါ်ရှိ အက္ခရာစာလုံးများသည် ခပ်မှိန်မှိန် ဖြစ်နေခဲ့သည်။
ကျန်းချန်က စာလိပ်ပေါ်မှ ဆေးညွှန်းကို သေချာအကဲခတ်ကြည့်လိုက်သောအခါ ပါဝင်ပစ္စည်း၅မျိုး လိုအပ်နေသည်ကို တွေ့ရှိခဲ့သည်။
ပါဝင်ပစ္စည်း၂၀ကျော်ပါရှိသော ဆေးညွှန်းတစ်ခုတွင် ပါဝင်ပစ္စည်းတစ်ခု သို့မဟုတ် နှစ်ခု ပျောက်ဆုံးနေလျှင် နားလည်ရန်အတွက် မခက်ပေ။
သို့ရာတွင် ပါဝင်ပစ္စည်း ၅မျိုး ပျောက်ဆုံးနေခြင်းသည် ဆေးညွှန်း၏ ၄ပုံ ၁ပုံ ပျောက်ဆုံးနေခြင်းနှင့် ဆင်တူနေသည်မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ရွှယ်ဖုန်းတို့ လူစု နားမလည်နိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။
ကျန်းချန်က သူ၏လက်ထဲမှ မပြည့်စုံသော ရှေးဟောင်းဆေးညွှန်းကို စူးစိုက်ကြည့်ကာ စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သူက နတ်အဆင့် အဂ္ဂိရတ်သခင် စတုတ္ထအဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်သော်လည်း သူ၏ အဂ္ဂိရတ်လမ်းစဥ်ပေါ်ရှိ အောင်မြင်မှုအပေါ် မှီခိုပြီး သူ၏ ရှေ့မှ မပြည့်စုံသော ရှေးဟောင်းဆေးညွှန်းကို နားလည်အောင် လုပ်ရန်မှာ လက်တွေ့မကျပေ။
သူ၏ တစ်ခုတည်းသော မှီခိုရာသည် အဆ ၁၀၀စနစ်သာဖြစ်သည်။
စနစ်၏ အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်နိုင်သမျှ ကာလပတ်လုံး သူက ဤမပြည့်စုံသော ရှေးဟောင်းဆေးညွှန်းကို ကောင်းမွန်စွာ နားလည်နိုင်လိမ့်မည် မဟုတ်ပါလား။
ကျန်းချန်က ရှေးဟောင်ဆေးညွှန်းကို အာရုံစိုက်၍ ကြည့်နေသည်ကိုမြင်လျှင် ဝမ်ရွှယ်ဖုန်းတို့ အဂ္ဂိရတ်သခင် ငါးဦး၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ရှေးဟောင်းဆေးညွှန်းတွင် ပျောက်ဆုံးနေသော ပါဝင်ပစ္စည်းများသည် အလွန်များပြား၍ နားလည်ရန် အတော်လေး ခက်ခဲသည်။
သူတို့ငါးဦး နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့်တိုင် သဲလွန်စ တစ်စွန်းတစ်စမှ မရရှိခဲ့ပေ။
ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်သော ကျန်းချန်သည် အဂ္ဂိရတ်လမ်းစဥ်ပေါ်ရှိ ပါရမီတွင် အလွန်တရာ အားကောင်းသော်လည်း ကိုယ်ခံပညာပါရမီနှင့်နှိုင်းယှဥ်၍ မရသည်မှာ ထင်ရှားသည်။
ထို့ကြောင့် ကျန်းချန်က ဤရှေးဟောင်း ဆေးညွှန်းများကို နားလည်ကာ နောက်ထပ် အံ့ဖွယ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု သူတို့ သိပ်မယုံကြည်ခဲ့ပေ။