အခန်း (၁၆၈၉)
Vol. 113 Ch. 1689
ကျန်းချန်က သူ၏လက်ထဲရှိ ရှေးဟောင်းဆေးညွှန်းကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
ဤမပြည့်စုံသော ရှေးဟောင်းဆေးညွှန်းသည် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးဟု ခေါ်သော သတ္တမအဆင့် နတ်ဆေးဝါးတစ်မျိုး ဖြစ်ပြီး မိုးကြိုးလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ရာတွင် ကူညီပေးနိုင်သော ဆေးဝါးလည်းဖြစ်သည်။
၁မိနစ်၊၂မိနစ်၊၃မိနစ်...
ကျန်းချန်သည် သူ၏ လက်ထဲမှ ရှေးဟောင်းဆေးညွှန်းကို စူးစိုက်၍ ကြည့်နေခဲ့သည်။
၁၀မိနစ်ခန့် ကြာပြီးနောက်တွင် စနစ်၏ သတိပေးသံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က သတ္တမအဆင့် ဘုံကိုးပါးမိုးကြိုးဧကရာဇ်ဆေးလုံးကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးကို ၁ ရာခိုင်နှုန်း နားလည်သွားခဲ့ပါပြီ"
စနစ်၏ အချက်ပေးသံကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
ဘုံကိုးပါးမိုးကြိုးဧကရာဇ်ဆေးလုံးကို နားလည်အောင် လုပ်ခြင်းသည် သူထင်ထားသည်ထက်ပင် ပိုမို လွယ်ကူနေခဲ့၏။
ဤနှုန်းဖြင့်သာဆိုလျှင် သူသည် တစ်ရက် မပြည့်မီမှာပင် ဘုံကိုးပါး မိုးကြိုးဧကရာဇ် ဆေးလုံးကို နားလည်နိုင်မည်ဖြစ်သည်။
မြေကမ္ဘာနဂါးမြို့တော်တွင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထိုးထွင်းသိမြင်မှုနှင့် နှိုင်းယှဥ်လျှင် ဤအရှိန်အဟုန်သည် မြန်ဆန်သည်ဟု ဆိုရပေမည်။
သူက နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်သည့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို နားလည်ရန်အတွက် ၁နှစ်ခန့် အချိန်ယူခဲ့ရသည်ကို ကျန်းချန် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ထိုအချိန်က သူသည် ပကတိနတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း နတ်ဘုရင်အဆင့် နည်းစနစ်ကို ကျင့်ကြံခဲ့သည်။
ယင်းမှာ တကယ်ကို မိုက်ရူးရဲဆန်သည်ဟု ဆိုရပေမည်။
ယခုအခါတွင် သူက နတ်အဆင့် အဂ္ဂိရတ်သခင် စတုတ္ထအဆင့်ဖြင့် သတ္တမအဆင့် နတ်ဆေးဝါးကို နားလည်အောင် လုပ်ဆောင်နေခဲ့သည်။
ယင်းက နတ်ဘုရင်အဆင့် နည်းစနစ်ကို နားလည်အောင်ကြိုးစားစဥ်ကထက် အဆပေါင်း၁၀၀ကျော် ပိုမိုလွယ်ကူသည်မှာ သေချာ၏။
"ဒင်.. သင်က သတ္တမအဆင့် ဘုံကိုးပါးမိုးကြိုးဧကရာဇ်ဆေးလုံး၏ မပြည့်စုံသော ဆေးညွှန်းကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးကို ၁ရာခိုင်နှုန်း နားလည်သွားခဲ့ပါပြီ"
"ဒင်.. သင်က သတ္တမအဆင့် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံး၏ မပြည့်စုံသော ဆေးညွှန်းကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးကို ၁ရာခိုင်နှုန်း နားလည်သွားခဲ့ပါပြီ"
"..........."
ဝမ်ရွှယ်ဖုန်းတို့ ငါးဦး၏ အကြည့်အောက်မှာပင် ကျန်းချန်သည် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံး၏ ဆေးညွှန်းကို ဆက်လက် နားလည်အောင် ကြိုးစားနေခဲ့သည်။
ဤသို့ဖြင့်ပင် ကျန်းချန်သည် စာလိပ်ကို ကိုင်ထာရင်း ၅နာရီကြာအောင် အာရုံစူးစိုက်၍ ကြည့်နေခဲ့သည်။
သို့ရာတွင် ဝမ်ရွှယ်ဖုန်းတို့ လူစုသည် ဤအပြုအမူကို ထူးခြားသည်ဟု မသတ်မှတ်ခဲ့ပေ။
ဆိုရလျှင် မပြည့်စုံသော ရှေးဟောင်းဆေးညွှန်းကို ဖြည့်စွက်ခြင်းသည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
သူတို့သည်ပင် ဤရှေးဟောင်းဆေးညွှန်းကို နားလည်အောင်ကြိုးစားရင်း နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ကြသည် မဟုတ်ပါလော။
ထိုသို့ ကုန်ဆုံးပြီးနောက်တွင် သူတို့သည် သဲလွန်စ အနည်းငယ်လောက်ကို ရရှိခဲ့ကြသည်။
သို့သော်လည်း ထိုသဲလွန်စကို အကောင်အထည် ဖော်ကြည့်သောအခါတွင် သူတို့၏ ထိုးထွင်းသိမြင်မှုသည် မှားယွင်းနေသည်ကို တွေ့ရှိခဲ့ရသည်။
အလွန်လျင်မြန်စွာပင် နောက်ထပ် ၅နာရီသည် ကုန်ဆုံးသွားခဲ့၏။
ထို့နောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ စနစ်၏ သာယာသောအချက်ပေးသံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။
"ဒင်..သင်က ဘုံကိုးပါးမိုးကြိုးဧကရာဇ်ဆေးလုံးကို ပြီးပြည့်စုံစွာ နားလည်သွားခဲ့ပါပြီ"
စနစ်၏ အချက်ပေးသံကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ကာ စားပွဲပေါ်မှ စာလိပ်အလွတ်တစ်လိပ်ကို ကောက်ယူလိုက်ပြီး ဆေးညွှန်းအသစ် တစ်ခုကို ရေးလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဝမ်ရွှယ်ဖုန်းတို့ အကြီးအကဲ ငါးဦးစလုံးသည် အလွန်တရာပင် အံ့သြထိတ်လန့်သွားခဲ့ပြီး မျက်လုံးများပင် ကျွတ်ကျလုနီးပါး ဖြစ်သွားခဲ့ကြသည်။
၁၀နာရီပင် မပြည့်သေးသော အချိန်မှာပင် ထိုကောင်လေးသည် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးနှင့် ပတ်သက်၍ တစ်စုံတစ်ရာကို ဥာဏ်အလင်း ရသွားခဲ့ပြီလော။
ဝမ်ရွှယ်ဖုန်းတို့ အကြီးအကဲငါးဦး၏ မယုံကြည်နိုင်သောအကြည့်များအောက်မှာပင် ကျန်းချန်သည် ဆေးညွှန်းအသစ်တစ်ခုကို လျင်မြန်စွာ ရေးချလိုက်သည်။
"ဒီဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးက မိုးကြိုးလမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဆေးဝါးတစ်မျိုးပဲ.. ဒီပျောက်ဆုံးနေတဲ့ ပါဝင်ပစ္စည်း ငါးမျိုးထဲမှာ အဓိကပစ္စည်း ၂မျိုးနဲ့ အရံပစ္စည်း ၃မျိုးပါဝင်တယ်.. ဒီပစ္စည်း ၅မျိုးက တစ်မျိုးနဲ့ တစ်မျိုး အပြန်အလှန် အထောက်အကူ ပြုကြတယ်.. ကျွန်တော့်ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးရဲ့ ဆေးညွှန်းက ဒီအတိုင်းပဲ ဖြစ်လိမ့်မယ် ထင်တယ်"
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် သူရေးထားသော ဆေးညွှန်းအသစ်ကို ဝမ်ရွှယ်ဖုန်းဆီ ပေးလိုက်သည်။
".........."
သူတို့အရှေ့မှ ဆေးညွှန်းအသစ်ကို မြင်လျှင် ဝမ်ရွှယ်ဖုန်းတို့လူစုသည် မျက်လုံးများ ပြုးကျယ်သွားကြပြီး အချိန်အတော်ကြာအောင် မှင်တက်သွားကြသည်။
ကျန်းချန်က ၁၀နာရီအတွင်း ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးညွှန်းအသစ်ကို နားလည်သွားလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။
ဝမ်ရွှယ်ဖုန်းက အသိစိတ် ပြန်ဝင်လာပြီးနောက်တွင် သူ၏ရှေ့မှ ဆေးညွှန်းအသစ်ကို စူးစိုက်ကြည့်လိုက်သည်။
အကြီးအကဲလေးဦးစလုံးကလည်း ဝမ်ရွှယ်ဖုန်း၏ အနားသို့ရောက်လာကြပြီး ဆေးညွှန်းကို အကဲခတ်လိုက်ကြသည်။
ဝမ်ရွှယ်ဖုန်းသည် သူ၏ရှေ့မှ ဆေးညွှန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
ခဏအကြာတွင် ဝမ်ရွှယ်ဖုန်း၏ မျက်နှာပေါ်မှ အမူအရာသည် ဆက်တိုက်ဆိုသလို ပြောင်းလဲလာခဲ့၏။
သူက တစ်ခါတစ်ရံတွင် မျက်မှောင်ကြုတ်ပြီး တစ်ခါတစ်ရံတွင် ဥာဏ်အလင်းပွင့်သော အမူအရာမျိုး ဖြစ်ပေါ်နေခဲ့သည်။
တစ်ခါတစ်ရံတွင်လည်း ခေါင်းကို တစ်ဆတ်ဆတ် ညိတ်ကာ တစ်ခါတစ်ရံတွင်လည်း အလွန်တရာ စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
"ငါတို့တွေ အစကတည်းက မှားယွင်းနေခဲ့တာပဲ"
အဂ္ဂိရတ်ခန်းမ၏ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်တစ်ဦးအနေဖြင့် ဝမ်ရွှယ်ဖုန်း၏ အဂ္ဂိရတ်လမ်းစဥ်တွင် အောင်မြင်မှုသည် အခြားလေးဦးထက် ပိုမို မြင့်မားသည်။
သူက ကျန်းချန် ဖော်ထုတ်ခဲ့သည့် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးညွှန်းကို တစ်ပတ်ကြာ စစ်ဆေးပြီးနောက်တွင် ကျန်းချန်ဖြည့်စွက်ပေးခဲ့သော ပစ္စည်း၅မျိုး၏ တစ်ခုချင်းစီသည် မူလဆေးညွှန်းနှင့် ကွက်တိ ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။
"ဒါက ပြီးပြည့်စုံတဲ့ ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးညွှန်းလား.. ဒီပစ္စည်း၅မျိုးကို ငါတို့ ဘာလို့ မတွေးမိခဲ့ရတာလဲ"
"............."
ဟော်ယွမ်ဟုန်တို့ လေးဦးသည် ကျန်းချန် ဖြည့်စွက်ပေးခဲ့သော ပါဝင်ပစ္စည်းများကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ကြသည်။
သူတို့၏ အဂ္ဂိရတ်လမ်းစဥ်တွင် အောင်မြင်မှုသည် ဝမ်ရွှယ်ဖုန်းထက် များစွာ နိမ့်ကျသော်လည်း သူတို့သည် နှစ်ပေါင်းများစွာ ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးကို လေ့လာခဲ့သူများ ဖြစ်ကြ၍ ဆေးညွှန်းနှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားကြ၏။
ဤမတိုင်ခင် သူတို့သည် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးညွှန်းကို ဖြည့်စွက်ရန် ကြိုးစားခဲ့ကြသော်လည်း အဆုံးသတ်တွင် ကျရှုံးမှုဖြင့်သာ ကြုံခဲ့ကြသည်။
ကျန်းချန် ဖော်ထုတ်ခဲ့သော ဆေးညွှန်းက မှန်၊မမှန် သူတို့မသိသော်လည်း ကျန်းချန် ဖြည့်စွက်ပေးခဲ့သော ပစ္စည်း၅မျိုး၏ ပေါင်းစပ်မှုသည် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးညွှန်းနှင့် သဟဇာတ ပိုမို ရှိနေသည်မှာ ထင်ရှား၏။
ဆိုရလျှင် ကျန်းချန်၏ ဖြည့်စွက်မှုသည် ပြီးပြည့်စုံမှု မရှိခဲ့လျှင်ပင် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးညွှန်းကို ဖော်ထုတ်ရန် အလှမ်းမဝေးတော့ပေ။
ဟော်ယွမ်ဟုန်တို့ လူစုသည် အသိစိတ်များ ပြန်ဝင်လာခဲ့ကြပြီးနောက်တွင် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြ၏။
သိထားရမည့်အချက်မှာ ကျန်းချန်၏ ဘုံကိုးပါးမိုးကြိုးဧကရာဇ်ဆေးလုံးနှင့် ထိတွေ့မှုအချိန်သည် စုစုပေါင်း ၁၀နာရီပင် မပြည့်သေးပေ။
ကျန်းချန်က ၁၀နာရီပင် မပြည့်မီ အချိန်အတွင်း ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံး၏ မပြည့်စုံသော ဆေးညွှန်းကိုနားလည်နိုင်လိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးမိခဲ့ပေ။
ထိုမျှတိုတောင်းသော အချိန်ကာလ အတွင်းမှာပင် ကျန်းချန်သည် ပျောက်ဆုံးနေသော ပါဝင်ပစ္စည်း ၅မျိုးကို ဖော်ထုတ်နိုင်ခဲ့သည်။
အဂ္ဂိရတ်ခန်းမကနေ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော သူတို့၏ ခန်းမသခင် နဝမအဆင့် အဂ္ဂိရတ်သခင်ပင်လျှင် ထိုကဲ့သို့ အလွယ်တကူ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဝမ်ရွှယ်ဖုန်းက သူ၏ရှေ့မှ ဆေးညွှန်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်တွင် ခေါင်းကို မော့လိုက်ကာ ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့သြသောအရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
"မမျှော်လင့်ဘဲ အကြီးအကဲကျန်းက ကိုယ်ခံပညာရပ်မှာ ကောင်းမွန်တဲ့အပြင် အဂ္ဂိရတ်လမ်းစဥ်မှာလည်း ဒီကအကြီးအကဲတွေ လက်လှမ်းမမီနိုင်တဲ့အဆင့်မှာ ရှိနေတာကိုး"