အခန်း (၁၆၉၁)
Vol. 113 Ch. 1691
ကျန်းချန်က ရှေးဟောင်းဆေးညွှန်း ၄စောင်ကို နားလည်အောင် လုပ်ဆောင်ပြီးနောက်တွင် အဂ္ဂိရတ်ခန်းမ၌ အချိန်အကြာကြီး မနေတော့ပေ။
သူက ဝမ်ရွှယ်ဖုန်းတို့ကို နှုတ်ဆက်စကား ပြောကာ အဂ္ဂိရတ်ခန်းမကနေ ထွက်ခွာလာခဲ့သည်။
ဤတစ်ခေါက်တွင် သူ၏ အဂ္ဂိရတ်ပညာရပ်ကို တိုးတက်အောင်လုပ်ရန် အဂ္ဂိရတ်ခန်းမ၌ ၂နှစ်လုံးလုံး ဆေးဝါးများကို သန့်စင်နေခဲ့သည်။
ယခုအခါတွင် သူ၏ အဂ္ဂိရတ်ပညာရပ်သည် စတုတ္ထအဆင့်၊နတ်အဆင့် အဂ္ဂိရတ်သခင်အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ရာ ကျန်းချန်သည် အဂ္ဂိရတ်ခန်းမတွင် ဆက်လက်နေထိုင်ပြီး ဆေးဝါးများကို သန့်စင်ရန် မရည်ရွယ်တော့ပေ။
စတုတ္ထအဆင့်၊ နတ်အဆင့် အဂ္ဂိရတ်သခင် အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ အဂ္ဂိရတ်ပညာရပ်ကို ဆက်လက် တိုးတက်အောင် လုပ်ချင်သော်လည်း အဆင့်တက်ရန်မှာ ယခင်လောက် လွယ်ကူတော့မည် မဟုတ်ပေ။
သူက အဂ္ဂိရတ်ခန်းမတွင် ဆက်လက်နေထိုင်ပြီး အရူးအမူးဆေးဝါးများ သန့်စင်နေလျှင်ပင် ၁နှစ်၊၂နှစ်အတွင်း နောက်ထပ် အဆင့်တစ်ဆင့်ကို တက်ရန်မှာ ခက်ခဲလိမ့်မည်ဖြစ်၏။
ထို့အပြင် စတုတ္ထအဆင့်နှင့် ထိုအထက်မှ နတ်ဆေးဝါးများသည် ကောင်းကင်နတ်ဘုရားအဆင့် ဆေးဝါးများအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
ဆေးပစ္စည်းများ အလွန်တရာ ပေါများသည့် အဂ္ဂိရတ်ခန်းမမှာပင် ကောင်းကင်နတ်ဘုရားအဆင့်ဆေးဝါးများနှင့် ပတ်သက်သည့် ဆေးဝါးများသည် အလွန်တရာ ရှားပါးနေပြီ ဖြစ်၏။
သူက အဂ္ဂိရတ်ခန်းမတွင် ဆက်လက် နေထိုင်လျှင်ပင် ယခင်ကကဲ့သို့ စတုတ္ထအဆင့် နတ်ဆေးဝါးများကို ထောင်နှင့်ချီကာ တစ်ခါတည်း ရရှိနိုင်မည် မဟုတ်တော့ပေ။
ထို့ကြောင့် အရူးအမူး ဆေးသန့်စင်ပြီး အဂ္ဂိရတ်ပညာရပ်ကို တိုးတက်အောင် လုပ်ဆောင်နိုင်မည်လည်း မဟုတ်တော့ချေ။
အကယ်၍ သူသာ တတိယအဆင့် နတ်ဆေးဝါးကို သန့်စင်ရန် ရွေးချယ်ခဲ့မည် ဆိုလျှင်လည်း ဆေးလုံး၁၀လုံးမှ ရရှိသော အတွေ့အကြုံရမှတ်သည် စတုတ္ထအဆင့် နတ်ဆေးလုံး ၁လုံးနှင့်ပင် နှိုင်းယှဥ်နိုင်မည် မဟုတ်ပေ။
ယင်းက သူ၏ အဂ္ဂိရတ်သခင်အဆင့်ကို တိုးတက်ရန်အတွက် အချိန်ဖြုန်းသလို ဖြစ်နေမည်မှာ သေချာသလောက်ပင်။
ထို့အပြင် ရှေးဟောင်နဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေတို့ကြားရှိ စစ်ပွဲသည် ပြီးဆုံးသွားခဲ့သော်လည်း သွေးလမင်းကုန်းမြေသည် အချိန်မရွေး ပြန်လည် ရောက်ရှိလာနိုင်ခြေ ရှိသည်။
ထို့ကြောင့်လည်း ကျန်းချန်သည် သူ၏ အချိန်များကို အဂ္ဂိရတ်ပညာရပ် တစ်ခုတည်း အပေါ်တွင် အချိန်ကုန်မခံနိုင်သည်မှာ သဘာဝကျပေသည်။
နတ်ဘုရားနယ်မြေတွင် အားကြီးသူကိုသာ လေးစားကြ၏။
ထို့ကြောင့် ကိုယ်ခံပညာ စွမ်းရည်တိုးတက်မှုသည် ကျန်းချန်အတွက် အရေးအကြီးဆုံးအရာ ဖြစ်သည်။
ယင်းအပြင် ၂နှစ်ကြာအောင် ဆေးဝါးများ သန့်စင်ပြီးနောက် သူ့တွင် မီးလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို တိုးတက်စေမည့် ဆေးဝါးထောင်ပေါင်း များစွာ ရှိနေခဲ့ပြီ ဖြစ်သည်။
သူက ထိုဆေးဝါးများ၏ အထောက်အပံ့ဖြင့် မီးလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံရန် ရည်ရွယ်ထားခဲ့သည်။
မီးလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားက ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိသည်နှင့် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို အချိန်မရွေး ထိုးဖောက်နိုင်မည် မဟုတ်ပါလော။
ထိုအချိန်သို့ရောက်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ဆိုလျှင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်၏။
အကယ်၍ သွေးလမင်းကုန်းမြေက ပြန်လည် ဝင်ရောက်လာမည့် လက္ခဏာ မရှိခဲ့လျှင် သူသည် ရှေးဟောင်းနဂါး မျိုးနွယ်စုကို စွန့်ခွာကာ အပြင်ဘက် လောကကြီးကို သွားရောက်ကြည့်ရှုရန် စဥ်းစားထားခဲ့သည်။
အဂ္ဂိရတ်ခန်းမကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် သူနေထိုင်သည့် အကြီးအကဲ ခြံဝင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အဂ္ဂိရတ်ခန်းမတွင် သူသန့်စင်ခဲ့သည့် ဆေးဝါးများကို စတင် စားသုံးကာ ကျင့်ကြံခဲ့သည်။
ပထမအဆင့် နတ်ဆေးဝါးဖြစ်သည့် ဖုန်ရှင်းနတ်ဆေးလုံး ၄၀၀ ကျော်ကို စားသုံးပြီးနောက်တွင် ကျန်းချန်၏ လေလမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် များစွာ တိုးတက်လာသော်လည်း ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရန် များစွာလိုအပ်နေပါသေး၏။
ထို့နောက်တွင် ကျန်းချန်က ဒုတိယအဆင့် နတ်ဆေးဝါး ဖြစ်သည့် ခရမ်းရောင်မီး ထျန်းယွမ်ဆေးလုံးကို စတင် စားသုံးခဲ့သည်။
ခရမ်းရောင်မီးထျန်းယွမ်ဆေးလုံး ၁၀၀၀ကျော်ကို စားသုံးပြီးနောက်တွင် ကျန်းချန်၏ မီးလမ်းစဥ်ဥပဒေသ မူလစွမ်းအား ၈၀ ရာခိုင်နှုန်းကျော်သည် တိုက်ရိုက်ပင် ၉၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိသွားခဲ့သည်။
ခရမ်းရောင်မီး ထျန်းယွမ် ဆေးလုံးကို စားသုံးပြီးနောက်တွင် ကျန်းချန်သည် တတိယအဆင့် နတ်ဆေးဝါး ဖြစ်သည့် မီးဝိညာဥ်ကျောက်စိမ်းဆေးလုံးကို ဆက်လက် စားသုံးခဲ့သည်။
"ဒင်.. သင်က တတိယအဆင့် နတ်ဆေးဝါးဖြစ်တဲ့ မီးဝိညာဥ်ကျောက်စိမ်းဆေးလုံးကို စားသုံးပြီး မီးဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၃သိန်းကို အဆ ၁၀၀၀ရရှိပါတယ်"
"ဒင်.. သင်က တတိယအဆင့် နတ်ဆေးဝါးဖြစ်တဲ့ မီးဝိညာဥ်ကျောက်စိမ်းဆေးလုံးကို စားသုံးပြီး မီးဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၃သိန်းကို အဆ ၁၀၀၀ရရှိပါတယ်"
"ဒင်.. သင်က တတိယအဆင့် နတ်ဆေးဝါးဖြစ်တဲ့ မီးဝိညာဥ်ကျောက်စိမ်းဆေးလုံးကို စားသုံးပြီး မီးဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၃သိန်းကို အဆ ၁၀၀၀ရရှိပါတယ်"
"............"
"ဒင်.. သင့်ရဲ့ မီးလမ်းစဥ်ဥပဒေ မူလစွမ်းအားက ပြီးပြည့်စုံတဲ့အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"
လဝက်ခန့် ကြာမြင့်ပြီးနောက် ကျန်းချန်က မီးဝိညာဥ်ကျောက်စိမ်းဆေးလုံး ၂၀၀၀ ကျော်ကို စားသုံးပြီးနောက်တွင် မီးလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားသည် အဆုံးသတ်၌ ပြီးပြည့်စုံသော အဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။
"နောက်ဆုံးတော့ ကိုယ်ခံပညာဥပဒေသရဲ့ နောက်ထပ်အရင်းအမြစ် တစ်ခုက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားခဲ့ပြီ"
ကျန်းချန်က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူ၏ မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့၏။
ကောင်းကင်နတ်ဘုရားအဆင့်၏ ကျင့်ကြံမှုသည် အဓိကအားဖြင့် ကိုယ်ခံပညာဥပဒေသ အမျိုးမျိုးကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်ရန် ဖြစ်သည်။
လမ်းစဥ်၆မျိုး၏ စွမ်းအားများ ပြီးပြည့်စုံသွားပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူ ဖြစ်လာသည်နှင့် နယ်မြေနတ်ဘုရားအဆင့်ကို တက်လှမ်းရန် ကြိုးစားနိုင်မည် ဖြစ်၏။
သို့သော် လမ်းစဥ်၆မျိုး၏ စွမ်းအားဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခြင်းသည် အနိ့မ်ဆုံးအဆင့်သာဖြစ်သည်။
နတ်ဘုရားနယ်မြေတွင် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်၌ လမ်းစဥ်၇မျိုး၏ စွမ်းအား သို့မဟုတ် လမ်းစဥ်၈မျိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့် အနှိုင်းမဲ့ ပါရမီရှင်များလည်း ရှိကြသည်။
နတ်ဘုရားနယ်မြေတွင် ပြီးပြည့်စုံသော ကိုယ်ခံပညာဥပဒေသပမာဏကလည်း ပါရမီနှင့် အလားအလာကို ကိုယ်စားပြု၏။
ယေဘုယျအားဖြင့် လမ်းစဥ်၆မျိုးဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို တက်လှမ်းခဲ့သူများသည် နတ်ဘုရင်နယ်ပယ်အဆင့်တွင် ၎င်းတို့၏ အလားအလာက ကုန်ဆုံးသွားမည်ဖြစ်ပြီး ဘဝတစ်လျောက်လုံး နတ်ဘုရင်အဆင့်၏ အစောပိုင်းအဆင့်တွင်သာ သောင်တင်နေလိမ့်မည် ဖြစ်သည်။
ပြီးပြည့်စုံသော လမ်းစဥ် ၇မျိုး၏ စွမ်းအား သို့မဟုတ် လမ်းစဥ်၈မျိုး၏ စွမ်းအားရှိသည့် ပါရမီရှင်များ အတွက်မူ ပို၍ မြင့်မားသော နယ်ပယ်အဆင့်ကို တက်လှမ်းရန် အတွက် ပိုမို၍ မျှော်လင့်ချက် ကြီးကြီးမားမား ရှိသည်။
လမ်းစဥ်၉မျိုး၏ စွမ်းအားရှိသော ပါရမီရှင် တစ်ယောက်သည် နတ်ဘုရင်အဆင့်ကိုပင် တိုက်ခိုက်ဖို့ အရည်အချင်းရှိသည်ဟု ဆိုကြ၏။
သို့သော်လည်း ဤကဲ့သို့ ထူးချွန်သော ပါရမီရှင်သည် နတ်ဘုရားနယ်မြေမှာပင် အလွန်တရာ ရှားပါးသည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူများရှိသည့် အထူးနယ်မြေမှာပင် အနည်းငယ်မျှသာ ရှိ၏။
ရှေးဟောင်းနဂါးကုန်းမြေလို ဝေးလံလှသည့် သေးငယ်သော နယ်မြေလေး တစ်ခုတွင် လမ်းစဥ်၇မျိုး၏ စွမ်းအားကို ပြီးပြည့်စုံသောအဆင့်ထိ နားလည်သော ပါရမီရှင်ပင် ထွက်ပေါ်ခဲ့ဖူးခြင်း မရှိပေ။
ထို့ကြောင့် လမ်းစဥ်၇မျိုး၏ စွမ်းအားကို ပြီးပြည့်စုံသော ပါရမီရှင်အကြောင်း ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
ကျန်းချန်ကမူ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေ၍ လမ်းစဥ်၆မျိုးတွင် ရပ်တန့်နေမည် မဟုတ်သည်မှာ သေချာ၏။
ဆိုရလျှင် လမ်းစဥ်၉မျိုးသည် သူ၏ အနိမ့်ဆုံး ရည်မှန်းချက် ဖြစ်သည်။
ယခုအခါတွင် သူက လမ်းစဥ် ၃မျိုး၏ စွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ပေါက်မြောက်ခဲ့ပြီ ဖြစ်ရာ သူ့ရည်မှန်းချက်၏ ၃ပုံ ၁ပုံကို ပြီးမြောက်ခဲ့ပြီ မဟုတ်ပါလား။
မီးလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် ဆက်လက် မလေ့ကျင့်တော့ပေ။
သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေလို သေးငယ်သောနယ်မြေများတွင် သူ့ကို ခြိမ်းခြောက်နိုင်သူ အနည်းငယ်မျှသာ ရှိတော့၏။
ထို့ကြောင့် ကျန်းချန်က ရှေးဟောင်းနဂါးမျိုးနွယ်စု အနေဖြင့် စစ်ပွဲနှင့် ရင်မဆိုင်ရလျှင် အပြင်ဘက်သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။
ဖြစ်နိုင်လျှင် ကျန်းချန်သည် သွေးလမင်းကုန်းမြေသို့ တိုက်ရိုက် သွားရောက်ပြီး သူ့အဖေကို ရှာဖွေချင်ခဲ့သည်။
သူ အခန်းထဲကနေ ထွက်လာသောအခါတွင် အခန်းတံခါးဘေးတွင် ရပ်နေသည့် ရွှယ်ချင်းရို့ကို တွေ့လိုက်ရ၏။
"သခင်လေး ထွက်လာပြီလား"
ကျန်းချန်ကို ကြည့်နေသော ရွှယ်ချင်းရို့၏ လှပသော မျက်ဝန်းလေးတွင် အံ့သြသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ်မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ချင်းရို့ ဘာလို့ ငါ့ကို ဒီမှာရပ်စောင့်နေတာလဲ.. ရှေးဟောင်းနဂါးမျိုးနွယ်စုမှာ အရေးကြီးတဲ့ကိစ္စ တစ်ခုခုဖြစ်ခဲ့လို့လား"
"ရှေးဟောင်းနဂါးမျိုးနွယ်စုမှာ အရေးကြီးတဲ့ကိစ္စ မဖြစ်ပါဘူး ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ"
ရွှယ်ချင်းရို့က ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်တွင် သူမ၏ နှုတ်ခမ်းထောင့်ကို ခပ်တင်းတင်းကိုက်ကာ ပြောလိုက်သည်။
"သခင်လေး ကျွန်မ ဒီနေရာမှာ စောင့်နေတာက သခင်လေးကို နှုတ်ဆက်ဖို့ပါ"
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာက အနည်းငယ်မှုန်မှိုင်းသွားခဲ့ပြီး ရွှယ်ချင်းရို့ကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဒီရှန်လုံမြို့မှာ မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်ခဲ့လို့လား"
သူက ၁နှစ်ပတ်လုံး ကျင့်ကြံမှုများဖြင့် အလုပ်များနေသော်လည်း ရွှယ်ချင်းရို့သည် နတ်ဘုရားနယ်မြေတွင် သူပထမဆုံး ခင်မင်ခဲ့သည့် မိတ်ဆွေ ဖြစ်သည်။
ထို့ကြောင့် ရွှယ်ချင်းရို့သာ အနိုင်ကျင့်ခံရမည်ဆိုလျှင် ကျန်းချန်သည် လက်ပိုက်၍ ကြည့်နေမည် မဟုတ်ပေ။
"မဟုတ်ပါဘူး"
ရွှယ်ချင်းရို့က အလျင်အမြန်ပင် ခေါင်းခါရမ်းလိုက်သည်။
ကျန်းချန်က ယခုအခါတွင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်နေပြီဖြစ်ရာ ရှန်လုံမြို့တွင် အဆင့်အတန်း အလွန်မြင့်မား၏။
ရှန်လုံမြို့မှ အထင်ကရ ပုဂ္ဂိုလ်များပင် ကျန်းချန်ဆီ လာရောက် လည်ပတ်သောအခါ သူမကို ယဥ်ယဥ်ကျေးကျေးဆက်ဆံကြလေ့ ရှိရာ မည်သူက သူမကို အနိုင်ကျင့်ရဲပါမည်နည်း။
"ဒီလိုပါ သခင်လေး.. မကြာသေးခင်က အစ်မချိုးဟယ်က ကျွန်မဆီ စာတစ်စောင် ပို့လိုက်တယ်.. စာအရတော့ ကျွန်မရဲ့ရွှယ်မိသားစုမှာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပုံပဲ.. ဒါကြောင့် ရွှယ်မိသားစုကို ကျွန်မ ပြန်သွားချင်တာပါ"
ရွှယ်ချင်းရို့က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ထိုစကားကို အားတင်း၍ ပြောလိုက်သည်။
သူမက ဤနေရာက ထွက်ခွာသွားသည်နှင့် ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်မှန်း သူမ၏ စိတ်ထဲကနေ ကောင်းစွာ သိနေခဲ့သည်။