အခန်း (၁၆၉၂)
Vol. 113 Ch. 1692
"ငါနားလည်ပြီ"
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ငါလည်း ရှေးဟောင်းနဂါး မျိုးနွယ်စုကနေ အပြင်ကို ထွက်ပြီး လျှောက်သွားဖို့ စီစဥ်ထားတယ်.. ဒီလိုလုပ်ပါလား.. ငါမင်းနဲ့အတူ မြောက်ပိုင်းကို လိုက်လာခဲ့မယ်လေ"
မည်သို့ပင်ဖြစ်စေ သူက လက်ရှိအချိန်တွင် အားလပ်နေ၍ ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းသို့ အပျင်းပြေခရီးတစ်ခေါက် ထွက်ချင်ခဲ့သည်။
ထို့အပြင် ရွှယ်ချင်းရို့၏ ရွှယ်မိသားစုက အခက်အခဲနှင့် ကြုံတွေ့နေရသည်ဖြစ်ရာ သူက ရွှယ်မိသားစုကို ကူညီရမည်မဟုတ်ပါလား။
"သခင်လေးက ကျွန်မနဲ့အတူ မြောက်ပိုင်းကို လိုက်လာမလို့လား"
ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ချင်းရို့သည် ခဏမျှ မှင်တက်သွားခဲ့သည်။
သူမက နားကြားမှားသလားဟုပင် တွေးနေမိ၏။
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
"ဘာလဲ ငါလိုက်လည်လို့ မရလို့လား"
"ရ.. ရပါတယ်"
ရွှယ်ချင်းရို့၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်သော အမူအရာများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။
ရွှယ်ချိုးဟယ်က သူမဆီသို့ သတင်းပို့စဥ်ကတည်းကပင် ကျန်းချန်ကို ပြောပြပြီး ရွှယ်မိသားစုကို အကူအညီပေးရန် မျှော်လင့်ခဲ့သည်။
သို့ရာတွင် သူမသည် ရှေးဟောင်းနဂါးမျိုးနွယ်စုထဲကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်၏ ဆောင်မမှုဖြင့် ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ရန် အခွင့်အရေး ရရှိခဲ့ပြီး ယခုအခါတွင် ရှန်လုံမြို့တွင်ပါ ကျင့်ကြံခွင့် ရရှိခဲ့သည်။
ကျန်းချန်ကြောင့်ပင် သူမသည် သာမန်လူများထက် များစွာသာလွန်သည့် အခြေအနေများကို ပိုင်ဆိုင်ခဲ့၏။
ဤ၁၀နှစ်တာ ကာလအတွင်း သူမသည် အင်ပါယာအဆင့်ကနေ အလယ်အလတ် ပကတိနတ်ဘုရားအဆင့်အထိ တိုးတက်လာခဲ့သည်။
၁၀နှစ်အတွင်း ပကတိနတ်ဘုရားအဆင့်ကို ရောက်မည်ဟု ရှေးဟောင်းနဂါးမျိုးနွယ်စုကို မရောက်ခင်က ရွှယ်ချင်းရို့ လုံးဝ မတွေးမိခဲ့ပေ။
သူမ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ရွှယ်မိသားစုဆီ ပြန်သွားလျှင်ပင် တခြားသူများ၏ ချုပ်ခြယ်ခံရမည့် ကံကြမ္မာကနေ လွတ်မြောက်နိုင်ပြီး ရွှယ်မိသားစုတွင် အဆင့်အတန်း တစ်ခု ရရှိနိုင်မည် ဖြစ်သည်။
ဤအဆင့်အထိ ရောက်အောင် အကူအညီပေးခဲ့သည့် ကျန်းချန်ကို သူမက အလွန်တရာပင် ကျေးဇူးတင်ခဲ့သည်။
ထို့အတွက် ရွှယ်မိသားစု အကျပ်အတည်းနဲ့ ကြုံတွေ့နေရသောအခါဝယ် ကျန်းချန်ကို စိတ်အနှောင့်အယှက် မပေးချင်ခဲ့ပေ။
ထို့ကြောင့် ရွှယ်ချင်းရို့သည် ကျန်းချန်ကို နှုတ်ဆက်ရန်သာ လာခဲ့ခြင်း ဖြစ်ပြီး ကျန်းချန်ဆီ အကူအညီတောင်းရန် မစဥ်းစားထားခဲ့ပေ။
သို့သော်လည်း ကျန်းချန်က သူမ အကူအညီတောင်းစရာပင် မလိုဘဲ သူမ၏ အခက်အခဲကို ကူညီလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ကောင်းပြီ ဒါဆိုရင် မင်းပြင်ဆင်ထားလိုက်တော့.. ငါ အရှင်ကုလုံကို နှုတ်ဆက်ပြီးတာနဲ့ ငါတို့တွေ ဒီက ထွက်ခွာကြမယ်"
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချင်းရို့ကို စကားပြောရန်ပင် အခွင့်အရေး မပေးတော့ဘဲ သူမရှေ့ကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်၏ ပုံရိပ်သည် အရှင်ကုလုံ၏ ခြံဝင်းရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
သူစကားပြောရန် ပြင်လိုက်စဥ်မှာပင် ရင်းနှီးသော ပုံရိပ်တစ်ခုသည် ခြံဝင်း ထဲကနေ ထွက်လာသည်ကို တွေ့လိုက်ရသည်။
"အရှင်ကုလုံကို ဂါဝရပြုပါတယ်"
ကျန်းချန်က လက်သီးဆုပ်၍ ဂါဝရပြုလိုက်သည်။
"အကြီးအကဲကျန်း ဘာကိစ္စနဲ့ ငါ့ကိုလာရှာတာလဲ.. အခု ဖန်းချင်းယွမ်က နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရာမှာ အရေးကြီးတဲ့ အချိန်ကို ရောက်နေခဲ့ပြီ.. ငါ သူ့ကို စောင့်ရှောက်ပေးဖို့လိုအပ်တယ်.. အကယ်၍ မင်းမှာ အရေးကြီးကိစ္စ မရှိဘူးဆိုရင် ငါတို့ နောက်မှပဲ ဆွေးနွေးကြတာပေါ့"
အရှင်ကုလုံက ကျန်းချန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
အရှင်ကုလုံ၏ စကားကိုကြားလျှင် ကျန်းချန်က အံ့အားသင့်ကာ မေးလိုက်၏။
"အကြီးအကဲဖန်းက နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ကာ နီးပြီလား"
အရှင်ကုလုံက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"အတော်လေး နီးစပ်နေပြီ.. အခု နယ်မြေနတ်ဘုရား ကပ်ဘေးကို ဖြစ်ပေါ်စေဖို့ နောက်ဆုံးအဆင့်ပဲ လိုအပ်တော့တယ်"
"ဒီလိုဆိုရင် ကျန်းချန်က အရှင်ကုလုံကို အနှောင့်အယှက်မပေးတော့ဘူး"
ကျန်းချန်က တရိုတသေပြောလိုက်သည်။
"ကျွန်တော် ရှေးဟောင်းနဂါးမျိုးနွယ်စုကနေ ထွက်ပြီး လျှောက်သွားဖို့ ရည်ရွယ်ထားတယ်.. ဒီကိစ္စကို အကြီးအကဲဆီ လာတင်ပြတာပါ"
"မင်းရဲ့လက်ရှိစွမ်းရည်နဲ့ဆိုရင် အေးအေးဆေးဆေး သွားလာလို့ ရပါတယ်.. အခု ရှေးဟောင်းနဂါးကုန်းမြေရဲ့ မြောက်ပိုင်းဒေသမှာ အပြောင်းအလဲတွေ ဖြစ်နေတယ် ဒီအခြေအနေကို ကိုင်တွယ်ဖို့ ဘယ်သူ့ကို စေလွှတ်ရမလဲလို့ ငါတွေးနေတာ အတော်ကြာပြီ.. မင်းအပြင်ကို လျှောက်သွားချင်တယ်ဆိုရင် မြောက်ပိုင်းဒေသကို အရင်သွားဖို့ ငါအကြံပေးချင်တယ်"
အရှင်ကုလုံက ခဏမျှ စဥ်းစားပြီးမှ ကျန်းချန်ကို ပြောလိုက်သည်။
အရှင်ကုလုံ၏ စကားကို ကြားလျှင် ကျန်းချန်က အံ့အားသင့်သွားခဲ့၏။
သူက အစောပိုင်းတွင် ရွှယ်ချင်းရို့ သူ့ကို ပြောလိုက်သည့်စကားကို ရုတ်တရက် အမှတ်ရလိုက်သည်။
ရွှယ်မိသားစု၏ အန္တရာယ်သည် အရှင်ကုလုံ ပြောသည့် မြောက်ပိုင်းဒေသ အပြောင်းအလဲများနှင့် ပတ်သက်နေပုံရ၏။
"အရှင် အကြံပေးတဲ့အတိုင်း မြောက်ပိုင်းနယ်မြေကို ကျွန်တော်အရင်သွားလိုက်ပါ့မယ်"
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရွှေနဂါးအဆင့် အကြီးအကဲ တစ်ဦးအနေဖြင့် ကျန်းချန်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုကို ကူညီပေးရန် စိတ်ဆန္ဒ ရှိခဲ့သည်။
ယခု သူက ရွှယ်ချင်းရို့နှင့်အတူ ရွှယ်မိသားစုဆီ သွားရန် ဆုံးဖြတ်ပြီးသားဖြစ်ရာ ထိုကိစ္စကို လမ်းကြုံ ဖြေရှင်းလိုက်ရုံသာ မဟုတ်ပါလား။
"လုံကျန့်ရှင်းကို မြောက်ပိုင်းနယ်မြေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်ပါ.. သူက မင်းကို ပြည့်ပြည့်စုံစုံ ပြောပြပါလိမ့်မယ်"
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် အရှင်ကုလုံသည် သူ၏ လက်ဖဝါးကို ဝှေ့ရမ်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများကိန်းအောင်းနေသည့် ရိုးရှင်းသော ရွှေရောင်စာလိပ် တစ်လိပ်သည် ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
သူ၏ရှေ့မှ ရွှေရောင်စာလိပ်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် မှုန်မိုင်းသွားခဲ့သည်။
ဤရွှေရောင်စာလိပ်သည် ကုမင်က ရှန်းယွမ်ဟိုင်ကို သတ်ဖြတ်ခဲ့ရာတွင် အသုံးပြုခဲ့သည့်စာလိပ်နှင့် အတူတူနီးပါးပင်ဖြစ်၏။
ဆိုရလျှင် ဤရွှေရောင်စာလိပ်သည် နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းပင် ဖြစ်သည်။
"မြောက်ပိုင်းဒေသရဲ့ အပြောင်းအလဲက တခြားနယ်မြေတွေနဲ့ပါ ပတ်သက်နေနိုင်တယ်.. မတော်တဆ ကိစ္စရပ်တွေ မဖြစ်ရအောင် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို လက်ခံထားလိုက်ပါ"
ထိုအချိန်မှာပင် အရှင်ကုလုံ၏ စကားသံသည် ကျန်းချန်၏ နားထဲတွင် ထပ်မံ ပေါ်ထွက်လာခဲ့သည်။
နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို ယူလိုက်ပြီးနောက်တွင် ကျန်းချန်သည် စိတ်ထဲတွင် အနည်းငယ် လေးလံသွားသလို ခံစားခဲ့ရသည်။
ဤတစ်ကြိမ် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် ဖြစ်ပျက်နေသော အပြောင်းအလဲများသည် သူ ထင်ထားသည်ထက်ပင် ပို၍ ကြီးကျယ်နေပုံရ၏။
အရှင်ကုလုံဆီက ထွက်ခွာပြီးနောက်တွင် ကျန်းချန်သည် လုံကျန့်ရှင်း၏ ခြံဝင်းဆီသို့ တန်းတန်းမတ်မတ်ပင် သွားရောက်ခဲ့သည်။
-------------------
ခြံဝင်းထဲတွင် လုံကျန့်ရှင်းသည် မျက်မှောင်ကြုတ်နေခဲ့ပြီး ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသကို ကြည့်ကာ သက်ပြင်းချနေခဲ့သည်။
"သွေးလမင်းကုန်းမြေရဲ့ တိုက်ခိုက်မှု ပြီးသွားတာမှ မကြာသေးဘူး.. အခု မြောက်ပိုင်းနယ်မြေမှာ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်လာပြန်ပြီ.. ရှေးဟောင်းနဂါးကုန်းမြေက တကယ်ကို ဂြိုဟ်ဆိုးဝင်နေတာပဲ"
မြောက်ပိုင်းနယ်မြေ၏ အပြောင်းအလဲများသည် သာမန်မဟုတ်ပေ။
ထို့ကြောင့် ထိုကိစ္စကို ကိုင်တွယ်ရန်အတွက် အနည်းဆုံး ရွှေနဂါးအဆင့် အကြီးအကဲ တစ်ယောက် လိုအပ်လိမ့်မည် ဖြစ်၏။
ယနေ့ခေတ် ရှေးဟောင်းနဂါးကုန်းမြေတွင် ရွှေနဂါးအဆင့်အကြီးအကဲများထဲမှ တစ်ယောက်သည် အရှေ့ပိုင်းနယ်မြေတွင် ရှိနေခဲ့ပြီး ဖန်းချင်းယွမ်ကမူ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် အတွက် တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်နေခဲ့သည်။
သူကမူ ရှေးဟောင်းနဂါးကုန်းမြေ တစ်ခုလုံး၏ အခြေအနေကို ဦးဆောင်နေရ၏။
ကျန်ရှိသည့် ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် အင်အားအကြီးဆုံးသည် ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ရှိ၍ မြောက်ပိုင်းနယ်မြေမှ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ရန် မသေချာပေ။
"ဒီကိစ္စကို ကိုင်တွယ်ဖို့ သင့်တော်တဲ့သူ ရှာမရဘူးဆိုရင် ငါကိုယ်တိုင်ပဲ မြောက်ပိုင်းဒေသကို သွားရတော့မယ် ထင်တယ်"
လုံကျန့်ရှင်းက တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် အရှင်ကုလုံ၏ စကားသံသည် သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။
"ကျန့်ရှင်း.. မြောက်ပိုင်းဒေသရဲ့ ကိစ္စကို ငါ ကျန်းချန်ဆီ လွှဲပေးလိုက်ပြီ.. သူ့ရဲ့စွမ်းရည်နဲ့သာဆိုရင် မြောက်ပိုင်းဒေသရဲ့ အခြေအနေကို ကိုင်တွယ်ဖို့ လုံလောက်တယ်"
အရှင်ကုလုံ၏ စကားသံကို ကြားပြီးနောက်တွင် လုံကျန့်ရှင်းသည် သူ၏ခေါင်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
"လခွမ်း ငါဘာလို့ ကျန်းချန်ကို မေ့နေရတာလဲ"
ကျန်းချန်က ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် ကျင့်ကြံသူထက် မနိမ့်ပေ။
လွန်ခဲ့သည့် ၂နှစ်ခန့်က စစ်ပွဲတွင် ကျန်းချန်သည် အရှင်သွေးလ၏ တပည့်ကြီးဖြစ်သည့် ရွှယ်ယင်ကိုပင် တိုက်ခိုက်နိုင်ခဲ့သည်။
ထိုအချိန်ကတည်းကပင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်နှင့် ယှဥ်တိုက်နိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိနေခဲ့ပြီ ဖြစ်၏။
ယခု ၂နှစ် ကြာသွားပြီဖြစ်ရာ ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုးတက်နှုန်းဖြင့်သာ ဆိုလျှင် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် ယခင်ကထက် သေချာပေါက် ပို၍ ကြောက်စရာကောင်းလာမည်မှာ ဧကန်မလွဲပေ။
ထို့အပြင် ကျန်းချန်သည် ယခုအခါတွင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရွှေနဂါးအဆင့် အကြီးအကဲဖြစ်နေပြီ ဖြစ်ရာ မြောက်ပိုင်းဒေသ၏ အခြေအနေကို ကိုင်တွယ်ရန်အတွက် အကောင်းဆုံး သံတမန်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။
လုံကျန့်ရှင်းက အသိစိတ် ပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို မြောက်ပိုင်းနယ်မြေနှင့် ပတ်သက်၍ ပြောပြရန် ကျန်းချန်ဆီသွားဖို့ ပြင်လိုက်သည်။
သို့သော်လည်း သူ ခြံဝင်းအပြင်ဘက်ကို ထွက်ရန် ပြင်လိုက်စဥ်မှာပင် ကျန်းချန်က ခြံဝန်းထဲသို့ လှမ်းဝင်လာသည်ကို တွေ့လိုက်ရသည်။
ခြံဝင်းထဲသို့ ဝင်လာသည့် ကျန်းချန်ကို မြင်လျှင် လုံကျန့်ရှင်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"အကြီးအကဲလုံ.. အရှင်ကုလုံက မြောက်ပိုင်းနယ်မြေရဲ့ကိစ္စကို ကိုင်တွယ်ဖို့ ကျွန်တော့်ကို တာဝန်ပေးလိုက်တယ်.. အခု ကျွန်တော်ရောက်လာတက မြောက်ပိုင်းနယ်မြေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အကြီးအကဲဆီ မေးမြန်းမလို့ပါ"
ကျန်းချန်က လုံကျန့်ရှင်းဆီ ရောက်သည်နှင့် တိုက်ရိုက်ပင် မေးလိုက်သည်။
"မြောက်ပိုင်းဒေသမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ ဆိုတာ သိပါရစေ"
လုံကျန့်ရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
"မြောက်ပိုင်းဒေသမှာ တကယ်ပဲ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်.. ဒီကိစ္စက မြောက်ပိုင်းနယ်မြေမှာ ရှိတဲ့ နှင်းနတ်ဘုရားနန်းတော်နဲ့ ပတ်သက်နေတယ်"