← Chapters

အခန်း (၁၆၉၄)

Vol. 113 Ch. 1694

အခန်း (၁၆၉၄)

Vol. 113 Ch. 1694

ရွှယ်ထျန်းဟန်က အတွေးထဲတွင် နစ်မြောနေခဲ့သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုသာ အချိန်မီ အကူအညီမပေးခဲ့လျှင် ရွှယ်မိသားစုသည် နှင်းနတ်ဘုရားနန်းတော်ကို မည်သို့မှ တားဆီးနိုင်မည် မဟုတ်ပေ။

အကယ်၍ ခုခံခဲ့မည်ဆိုလျှင် တစ်ခုတည်းသော ရလဒ်မှာ နှင်းနတ်ဘုရားနန်းတော်၏ ဖျက်ဆီးခြင်းကို ခံရခြင်းပင် ဖြစ်၏။

သို့ဆိုလျှင် သူသည် ရွှယ်မိသားစုကို ဦးဆောင်ကာ နှင်းနတ်ဘုရားနန်းတော်ကို အညံ့ခံပြီး ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရန်သူတော် ဖြစ်လာရမည်လော။

နှင်းနတ်ဘုရားနန်းတော်သည် အင်အားကြီးမားသော်လည်း ရှေးဟောင်းနဂါးကုန်းမြေ တစ်ခုလုံးကို လွှမ်းမိုးထားသည့် နယ်မြေနတ်ဘုရားအင်အားစု ဖြစ်သော ရှေးဟောင်းနဂါးမျိုးနွယ်စုနှင့် ယှဥ်လျှင် အားနည်းသည်။

ထို့ကြောင့် နောက်ဆုံးအခြေအနေသို့ မရောက်သရွေ့ ရွှယ်ထျန်းဟန်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုကို သစ္စာဖောက်ပြီး နှင်းနတ်ဘုရားနန်းတော်ကို အညံ့ခံရန် မရွေးချယ်ချင်ခဲ့ချေ။

"ခေါင်းဆောင်ရွှယ် သိပ်မစိုးရိမ်ပါနဲ့.. ရှေးဟောင်းနဂါးမျိုးနွယ်စုက မြောက်ပိုင်းဒေသကို လက်ပိုက်ကြည့်နေလောက်မှာ မဟုတ်ဘူး ရှေးဟောင်းနဂါးမျိုးနွယ်စုက တခြားအစွမ်းထက် ကျင့်ကြံသူတွေကို နှင်းနတ်ဘုရားနန်းတော်ကို ဖိနှိပ်ဖို့အတွက် သေချာပေါက် စေလွှတ်ပါလိမ့်မယ်"

ထိုအချိန်တွင် ကုလင်က ရုတ်တရက် ပြောလိုက်သည်။

ရွှယ်ထျန်းဟန်က ခါးသီးစွာပြုံး၍ ပြန်ပြောလိုက်၏။

"အဲဒီအတိုင်း ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ"

ထိုစကားကို ပြောနေစဥ်မှာပင် ရွှယ်ထျန်းဟန်သည် တစ်စုံတစ်ရာကို ရုတ်တရက် ခံစားမိကာ အမူအရာ ပျက်ယွင်းသွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာပြောလိုက်၏။

"နှင်းနတ်ဘုရားနန်းတော်က လူတွေ ရောက်လာကြပြီ"

ယင်းအချိန်မှာပင် အစကတည်းက အပူချိန်နိမ့်ကျနေသည့် လော်ရွှယ်မြို့တော်သည် ရုတ်တရက် ပို၍ အေးစက်လာခဲ့သည်။

ကောင်းကင်ယံကနေ မရေမတွက်နိုင်သော နှင်းပွင့်လေးများသည်ပင် ကျဆင်းလာခဲ့၏။

နောက်ထပ်တစ်ခဏမှာပင် ရေခဲကဲ့သို့ အေးစက်စက်အသံတစ်သံသည် လော်ရွှယ်မြို့တော်၏ ကောင်းကင်ယံအထက်တွင် ပဲ့တင်ထပ်လာခဲ့သည်။

"မင်းတို့ကို ပေးထားတဲ့ ၁၀ရက်က ပြည့်သွားခဲ့ပြီး ဒီနေ့ မင်းတို့ရွှယ်မိသားစုက ငါတို့ နှင်းနတ်ဘုရားနန်းတော်ကို အဖြေပြန်ပေးရမဲ့ နေ့ပဲ"

ထိုအချိန်မှာပင် ရွှယ်ထျန်းဟန်၏ ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး လော်ရွှယ်မြို့တော်၏ အထက်ကောင်းကင်ယံတွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် သူက မြို့အပြင်ဘက်ရှိ လေထုဆီသို့ စိုက်ကြည့်လိုက်၏။

ယင်းနေရာတွင် ကျင့်ကြံသူတစ်ဒါဇင်ကျော်သည် မာန်အပြည့်ဖြင့် ဝင့်ကြွားစွာ ရပ်နေကြသည်။

၎င်းတို့က အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ခန္ဓာကိုယ်ကနေ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

အထူးသဖြင့် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် အဖြူရောင်ဝတ်စုံဝတ်အဘိုးအို၏ ခန္ဓာကိုယ်ပေါ်မှ အအေးဓာတ်အရှိန်အဝါသည် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

ထိုအဘိုးအိုကြောင့်ပင် မူလက ကြည်လင်နေသော ကောင်းကင်ယံသည် တစ်ခဏအတွင်း နှင်းကျလာခဲ့ခြင်းဖြစ်၏။

ထိုအဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ရွှယ်ထျန်းဟန်နှင့် မစိမ်းပေ။

ဆိုရလျှင် ထိုအဘိုးအိုသည် နှင်းနတ်ဘုရားနန်းတော်၏ အကြီးအကဲ၄ဦးထဲတွင် တစ်ဦးဖြစ်သည့် ပင်းယန်ဟဲ ဖြစ်ပြီး ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

ပင်းယန်ဟဲသည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းနယ်မြေတွင် အလွန်တရာ နာမည်ကြီးသည့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။

"ပင်းယန်ဟဲ.. ရှေးဟောင်းနဂါးမျိုးနွယ်စုက မင်းတို့ နှင်းနတ်ဘုရားနန်းတော်ကို အပြစ်ပေးမှာ မကြောက်ဘူးလား"

ရွှယ်ထျန်းဟန်က ကောင်းကင်ယံတွင် မာန်ပါပါ ရပ်နေသည့် ပင်းယန်ဟဲကို ကြည့်ကာ အော်ဟစ်ပြောဆိုလိုက်သည်။

"ဒါက ငါတို့နှင်းနတ်ဘုရားနန်းတော်ရဲ့ ကိစ္စပဲ.. မင်းစိတ်ပူပေးစရာ မလိုဘူး"

ပင်းယန်ဟဲက ရွှယ်ထျန်းဟန်ကို စူးစိုက်ကြည့်ကာ အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ရွှယ်ထျန်းဟန် ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်.. မင်း ငါတို့ နှင်းနတ်ဘုရားနန်းတော်ကို ဆန့်ကျင်မယ်ဆိုရင် ဒီနေ့က မင်းတို့ရွှယ်မိသားစု ပျက်စီးတဲ့နေ့ပဲ"

"ဟမ့်.. ပင်းယန်ဟဲ မင်း အတော် လေလုံးထွားလှချည်လား"

ရွှယ်ထျန်းဟန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

"ရွှယ်မိသားစုက လော်ရွှယ်မြို့မှာ ရပ်တည်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ.. မင်းဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ရမယ်များ ထင်နေလား"

နှင်းနတ်ဘုရားနန်းတော်သာ စစ်တပ်တစ်ခုလုံးကို စေလွှတ်ခဲ့မည်ဆိုလျှင် ရွှယ်မိသားစုသည် အမှန်တကယ်ပင် ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။

သို့သော်လည်း နှင်းနတ်ဘုရားနန်းတော်သည် ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ဖြစ်သည့် ပင်းယန်ဟဲကို ကျင့်ကြံသူတစ်ဒါဇင်ကျော်အား ဦးဆောင်စေကာ စေလွှတ်ခဲ့သည်။

ပင်းယန်ဟဲက ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်ရာ ပင်းယန်ဟဲကို ခဏမျှ ထိန်းထားနိုင်မည် ဖြစ်၏။

ဆိုရလျှင် သူက ပင်းယန်ဟဲကို ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကူအညီ ရောက်ရှိလာသည့် အချိန်အထိ ထိန်းထားရန် တွေးထားခဲ့သည်။

"ဟားဟား ရွှယ်ထျန်းဟန်.. မင်းက ငါ့ကို တားနိုင်မယ်လို့ ယုံကြည်နေပုံပဲ.. ကောင်းပြီလေ.. မင်းက နှင်းနတ်ဘုရားနန်းတော်ကို အညံ့မခံချင်ဘူး ဆိုမှတော့ ငါမင်းကို အရင်သတ်ပြီးမှ ရွှယ်မိသားစုကို ဖျက်ဆီးပစ်မယ်"

ပင်းယန်ဟဲက အေးစက်စက်ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ထက်ရှသော ဧရာမလက်သည်း တစ်ခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ရွှယ်ထျန်းဟန် ဆီသို့ သက်ရောက်သွားခဲ့သည်။

ပင်းယန်ဟဲ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ရွှယ်ထျန်းဟန်သည် နောက်သို့ ဆုတ်မသွားခဲ့ပေ။

တစ်ခဏအတွင်း သူ၏ လက်ထဲတွင် ရေခဲဓားရှည်တစ်လက်သည် ပေါ်လာခဲ့၏။

ထို့နောက်တွင် ရွှယ်ထျန်းဟန်က ရေခဲဓားစွမ်းအားကို ချက်ချင်းဆိုသလို ထည့်သွင်းလိုက်ကာ ပင်းယန်ဟဲ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ကောင်းကင်နတ်ဘုရား၂ပါး၏ တိုက်ခိုက်မှုသည် လော်ရွှယ်မြို့တော်၏ အထက်ကောင်းကင်ယံ တစ်ခုလုံးကို ချက်ချင်းဆိုသလို အမှုန့်အဖြစ် ပြိုကွဲသွားစေခဲ့သည်။

ဤတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဖျက်ဆီးခြင်းစွမ်းအင်မုန်တိုင်းသည် ၁၀မိုင်ပတ်လည်ကို အရိုင်းဆန်စွာ တိုက်ခတ်သွားခဲ့သည်။

"ကုလင်.. မိသားစုခေါင်းဆောင်က နှင်းနတ်ဘုရားနန်းတော်ရဲ့ အကြီးအကဲကို ယှဥ်နိုင်ပါ့မလား"

တိုက်ပွဲကို ကြည့်ရှုနေသော ရွှယ်ချိုးဟယ်သည် သူမနံဘေးရှိ ကုလင်ကို စိုးရိမ်သော အမူအရာဖြင့် မေးလိုက်သည်။

"ဒါက မေးနေစရာ လိုသေးလို့လား"

ကုလင်က မချိပြုံးပြုံးကာ ပြောလိုက်သည်။

"ရွှယ်မိသားစုခေါင်းဆောင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား ပထမအဆင့် ဆိုပေမဲ့ နှင်းနတ်ဘုရားနန်းတော်ရဲ့ အကြီးအကဲက ဒုတိယအဆင့်ကို ရောက်ရှိနေခဲ့ပြီ.. ဒီအတိုင်းသာ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ရွှယ်မိသားစု ခေါင်းဆောင်က သိပ်မကြာခင် အရေးနိမ့်မှာပဲ"

သူတို့နှစ်ဦး စကားပြောဆိုနေသော အချိန်မှာပင် လေထုထဲရှိ ကောင်းကင်နတ်ဘုရား၂ပါးသည် မျက်စိတစ်မှိတ် အတွင်း ၁၀ကွက်ခန့် တိုက်ခိုက်ပြီးသွားပြီ ဖြစ်သည်။

သိပ်မကြာခင်မှာပင် ရွှယ်ထျန်းဟန်သည် ပင်းယန်ဟဲ၏ အစွမ်းထက် တိုက်ခိုက်မှုများအောက်တွင် အသေအလဲ ခုခံရသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

"ဒီအဘိုးကြီးရဲ့စွမ်းရည်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"

ရွှယ်ထျန်းဟန်က တဖြည်းဖြည်း ထိတ်လန့်လာခဲ့သည်။

သူက ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်တွင် ရှိပြီး ပင်းယန်ဟဲက ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် အစောပိုင်း တွင်သာ ရှိသောကြောင့် သူတို့နှစ်ဦးကြားတွင် ကွာဟချက် သိပ်မကြီးမားဟု မူလက သူထင်ခဲ့သည်။

သို့သော်လည်း တကယ်တမ်း ပင်းယန်ဟဲနှင့် တိုက်ခိုက်သည့်အခါတွင် သူက ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို လျှော့တွက်မိခဲ့ကြောင်း နားလည်သွားခဲ့သည်။

ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သည် သူရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

ရွှယ်ထျန်းဟန်က ကြောက်လန့်နေခဲ့သည်။

ဤအတိုင်းသာ တိုက်ခိုက်နေမည်ဆိုလျှင် သိပ်မကြာခင် အချိန်အတွင်း ပင်းယန်ဟဲက အနိုင်ယူသွားမည်ဟု သူတွက်ဆမိခဲ့၏။

သို့သော်လည်း အခြေအနေက ဤအထိပင် ရောက်ရှိလာပြီဖြစ်ရာ သူ၏ စွမ်းအားအလုံးစုံကို ထုတ်သုံးကာ ပင်းယန်ဟဲနှင့် အပြင်းအထန် တိုက်ခိုက်ရုံသာ ရှိတော့သည် မဟုတ်ပါလား။

နှစ်ဦးသား လေထုထဲတွင် နောက်ထပ် ၁၀ကွက်ခန့် တိုက်ခိုက်ခဲ့ပြီးနောက်တွင် ရွှယ်ထန်းဟန်သည် ပင်းယန်ဟဲ၏ စွမ်းအားကို ခံနိုင်ရည် မရှိတော့ဘဲ ဆက်တိုက်ဆိုသလို နောက်ဆုတ်ခဲ့ရသည်။

"ရွှယ်ထျန်းဟန်.. ငါတို့ နှင်းနတ်ဘုရားနန်းတော်က မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. မင်းက သေဖို့ပဲ ဆန္ဒရှိနေမှတော့ ဒီအကြီးအကဲ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေ့ါ"

ပင်းယန်ဟဲက ရွှယ်ထျန်းဟန်ကို မထီမဲ့မြင် စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသော အအေးဓာတ်များ ကိန်းအောင်းနေသည့် ဖျက်ဆီးခြင်းကမ္ဘာတစ်ခု(ဝါ) ကောင်းကင်နတ်ဘုရားကမ္ဘာကို လေထုထဲတွင် ထုတ်ဖော်လိုက်သည်။

ထို့နောက်တွင် ပင်းယန်ဟဲက လက်ဟန်များကို ပြုလုပ်လိုက်ရာ ဖျက်ဆီးခြင်းကမ္ဘာကနေ အနက်ရောင် ရေခဲတုံးများ ထွက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင်ရေခဲတုံးများသည် အနက်ရောင်ရေခဲဓားများကဲ့သို့ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့၏။

ပင်းယန်ဟဲ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို မြင်လျှင် ရွှယ်ထျန်းဟန်၏ အမူအရာသည် အပြင်းအထန် ပြောင်းလဲသွားခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်လိုက်သည်။

သို့သော်လည်း သူထုတ်ဖော်လိုက်သည့် ကောင်းကင်နတ်ဘုရားကမ္ဘာသည် ပင်းယန်ဟဲလို ကောင်းကင်နတ်ဘုရားဒုတိယအဆင့် ကျင့်ကြံသူ ထုတ်ဖော်ထားသည့် ကောင်းကင်နတ်ဘုရားကမ္ဘာကို မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

အချိန်တစ်ခဏလေး အတွင်းမှာပင် ရွှယ်ထျန်းဟန်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် ပင်းယန်ဟဲ၏ တိုက်ခိုက်မှုအောက်တွင် ပြိုကျသွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ရွှယ်ထျန်းဟန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပင်းယန်ဟဲ၏ တိုက်ခိုက်မှုအောက်တွင် လေထုထဲကနေ ပြုတ်ကျလာခဲ့၏။

ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ရွှယ်ထျန်းဟန်၏ ခန္ဓာကိုယ်သည် လော်ရွှယ်မြို့၏ မြို့နံရံနှင့် ဝင်ဆောင့်မိကာ လော်ရွှယ်မြို့၏ မြို့နံရံသည်လည်း တစ်ခဏအတွင်းမှာပင် ပြိုကျသွားခဲ့သည်။

All Chapters