ဒါက မင်းရဲ့မိတ်ဆွေလား ဒါမှမဟုတ် အစေခံလား
Vol. 13 Ch. 181
"တပ်ဖွဲ့အားလုံး.. ငါးမိနစ်အတွင်း ကိုယ့်နိုင်ငံနယ်နိမိတ်ကို ပြန်ဆုတ်ကြပါ။ ဒီနေရာမှာ စစ်မက်ဖြစ်ပွားခြင်းကို တားမြစ်လိုက်ပါပြီ"
"ထပ်ပြောမယ်။ စစ်ပွဲကိုရပ်ပြီး ငါးမိနစ်အတွင်း ဒီနေရာကနေဆုတ်ခွာပြီး ကိုယ့်နိုင်ငံကိုယ်ပြန်ကြပါ"
...
မိုရီကိုနှင့် လာဒင်ဘတ်တို့ဘက်မှ တိုက်လေယာဉ်တပ်ဖွဲ့များလည်း အများသုံးထုတ်လွှင့်မှုမှတစ်ဆင့် ဤသတင်းစကားကို တစ်ပြိုင်နက်တည်း ကြားလိုက်ရသည်။
"သူတို့က ငါတို့ကို စစ်ပွဲရပ်စေချင်နေတာလား။ ဘာလို့လဲ။ သူတို့ ဖြတ်သွားပြီးပြီပဲလေ။ ငါတို့ကလည်း ဖြတ်သွားခွင့်ပေးထားတာပဲကို။ ဘာလို့ ငါတို့စစ်ဆင်ရေးကို လာနှောင့်ယှက်ရတာလဲ"
စလေဇာကမူ ဤလူများ ဘာကြောင့်များ ဝင်ရောက်စွက်ဖက်ရတာကို သဘောကျနေမှန်း နားမလည်နိုင်ပေ။
"ငါတို့ဘက်က စစ်ပွဲကို ခဏရပ်တန့်ပေးပြီး သူတို့နဲ့ထိုက်တန်တဲ့လေးစားမှုကိုလည်း ပြသပြီးသွားပြီလို့ သူတို့ကိုပြောလိုက်။ အဲ့ဒါကြောင့် သူတို့ဘက်ကလည်း ငါတို့ကိုလေးစားပေးပြီး ငါတို့နှစ်နိုင်ငံကြားက ကိစ္စတွေမှာ ဝင်မစွက်ဖက်ဖို့ မျှော်လင့်တယ်လို့"
စလေဇာက သူ့လက်အောက်ငယ်သားကို ပြောလိုက်သည်။
တိုက်လေယာဉ်တစ်စီးက စလေဇာ၏စကားကို ထိုတပ်ဖွဲ့ဘက်ရှိ ပြောရေးဆိုခွင့်ရှိသူထံသို့ ပေးပို့ခဲ့သော်ငြား သူတို့ပြန်ရလိုက်သည့် တုံ့ပြန်မှုကတော့ ဘယ်သူမှထင်မထားသည့်အရာ ဖြစ်နေလေသည်။
"ဒါက နောက်ဆုံးအကြိမ်သတိပေးတာပါ။ ညှိနှိုင်းရေးလုပ်နေတာမဟုတ်ပါဘူး။ အမိန့်ပေးနေတာ။ မင်းတို့တပ်ဖွဲ့တွေဘက်က တစ်ဖက်သတ်လုပ်ဆောင်မှုတွေ ပြုလုပ်လာခဲ့မယ်ဆိုရင် ငါတို့ရဲ့လေတပ်ကလည်း နှစ်ဖက်စလုံးက တိုက်လေယာဉ်တပ်ဖွဲ့တွေကို စစ်ရေးတိုက်ခိုက်မှုတစ်ခု ပြုလုပ်ဖို့အတွက် ချက်ချင်းအမိန့်ထုတ်ပြန်လိုက်မှာ"
ဤတုံ့ပြန်စကားကို ကြားသောအခါ စလေဇာ၏ကျောပြင်ကား ရုတ်တရက်ကြီး ချွေးများဖြင့် စိုရွှဲသွားရလေသည်။
စစ်ရေးခွန်အားချင်း အများအပြားကွာဟနေသည်ကို အသာထား။ သူတို့၏တိုက်လေယာဉ်များက လုပ်ဆောင်မှုအပိုင်းမှာလည်း အလွန်တရာနောက်ကောက်ကျကျန်ရစ်နေပေသည်။
"ရာဖယ်"ပင်ဖြစ်စေ၊ "တိုင်ဖွန်း"ပင်ဖြစ်စေ နှစ်ခုစလုံးက ဥရောပတိုက်တွင် ထိပ်ဆုံးတိုက်လေယာဉ်သုံးမျိုးထဲတွင် ပါဝင်နေပြီး ၎င်းတို့မှာ ဥရောပလေတပ်၏ တိုက်ခိုက်ရေးစွမ်းရည် ထိပ်တန်းရောက်နေခြင်း၏ ပြယုဂ်ပင်။ သူတို့ထက် မျိုးဆက်နှစ်ဆက်စာလောက် ရှေ့ရောက်နေခြင်းပင်။
ထိုတိုက်လေယာဉ်နှစ်စီးတည်းဖြင့်ပင် သူတို့တပ်ဖွဲ့တစ်ခုလုံးကို အပြတ်ရှင်းပစ်နိုင်လောက်သည်။ ရန်သူ၏အဆင့်မြင့်AWACS၊ လေယာဉ်တင်သင်္ဘောများ၏ ထောက်လှမ်းရေးစွမ်းရည်နှင့် အရေအတွက်အားဖြင့် အဆတစ်ရာကွာခြားမှုတို့ကိုပါ ထည့်တွက်လိုက်လျှင် တစ်ကြိမ်မျှ ရင်ဆိုင်တိုက်ခိုက်လိုက်ရုံမျှဖြင့် သူတို့လေယာဉ်များမှာ အစအနပင် လိုက်ရှာနိုင်ဖို့ မဖြစ်နိုင်ချေ။ ဤကွာဟချက်ကို ရိုးရိုးလေးဖော်ပြ၍ပင် မရပေ။
တစ်ခွန်းတည်းနှင့်ပြောရလျှင် သူတို့ ညှိနှိုင်းခွင့်ပင်မရဘဲ အနိုင်ပိုင်းခံရမည်သာ။
"သူတို့ကို ရှင်းရှင်းလင်းလင်းမေးလိုက်။ ငါတို့ရဲ့စစ်ရေးလုပ်ဆောင်ချက်တွေကို သူတို့ ဘာလို့ဝင်စွက်ဖက်ရတာလဲလို့။ ငါ ဖြေရှင်းချက်လိုချင်တယ်။ အဲ့လိုမှမဟုတ်ရင် ငါတို့တွေအကုန်လုံး စစ်ခုံရုံးအတင်ခံရတော့မှာ"
"အဲ့ဒါက ဒိုရယ်လာမိသားစုရဲ့အမိန့်လို့ပြောပါတယ်"
လေယာဉ်မှူးကလည်း သတင်းစကားပြန်ပါးလိုက်သည်။
"သူတို့သခင်ရဲ့လေယာဉ်က ဒီလေကြောင်းလိုင်းကနေ ဖြတ်သန်းနေတာမို့ သူတို့တွေအကုန်လုံး လုံခြုံရေးယူပေးနေရတာပါတဲ့။ ပြီးတော့ သူတို့ရဲ့သခင်က စစ်ပွဲကို မကြိုက်ဘူးတဲ့။ သူတို့ပေးတဲ့အကြောင်းပြချက်က အဲ့ဒါပါပဲ"
"ဒိုရယ်လာမိသားစုလား"
လေယာဉ်မှူးက ဒိုရယ်လာမိသားစုအကြောင်း မသိချေ။
ဟွာရှားရှိ ဟုန်းရီတို့၏ ဟုန်းမိသားစုကဲ့သို့ သူတို့ကလည်း သိုသိုသိပ်သိပ်သာနေကြသည်မှာ မယုံကြည်နိုင်စရာကောင်းသော်ငြား သူတို့၏လွှမ်းမိုးမှုကား တိုက်နယ်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်စွမ်းရှိသည်။
ထို့ပြင် ဤမိသားစု၏နာမည်ကို စလေဇာကတော့ သိထားသည်။ ဥရောပတွင် ထိုမိသားစုကို မည်သူမှရန်မစချင်ကြပေ။
ရော့စ်ချိုင်း သို့မဟုတ် မော်ဂန်ကဲ့သို့သော မိသားစုများအကြောင်း တချို့ကတော့ ကြားဖူးကြပေလိမ့်မည်။ ထိုမိသားစုများမှာ ဟွာရှားတွင် အလွန်နာမည်ကြီးပြီး ဥရောပ၏စည်းစိမ်အများအပြားကို ထိန်းချုပ်ထားကြသည်ဟု ဆိုကြ၏။ တချို့နိုင်ငံများဆိုလျှင် ထိုမိသားစုများကို သွားရန်မစရဲကြချေ။
သို့သော် ထိုမိသားစုများမှာ ဒိုရယ်လာမိသားစု၏ ဩဇာခံများဖြစ်ကြောင်း လူအနည်းစုသာ သိထားကြသည်။သူတို့အတွက်မူ ထိုကဲ့သို့သော မိသားစုတစ်ခုကို ဖန်တီးဖို့ရန်မှာ အလွန်လွယ်ကူလှသည်။ ထို့ပြင် ဖျက်ဆီးပစ်ဖို့ရန်မှာလည်း အမိန့်ပေးလိုက်ရုံသာ။
ဒီမိသားစုမှာ သခင်တစ်ယောက်ရှိတယ်တဲ့လား။ သူတို့ရဲ့သခင်က ဥရောပကို ရောက်နေတယ်တဲ့လား။ ဒီလိုသာဆိုရင် ဧရာမလေယာဉ်တင်သင်္ဘောကြီးတစ်အုပ်နဲ့ တိုက်လေယာဉ်တပ်ဖွဲ့တွေအကုန်လုံးကို ဒီ"သခင်"ဆိုတဲ့လူအတွက် စေလွှတ်ပေးခဲ့တာလား။
"သခင်တဲ့လား"
စလေဇာခမျာ အတွေးများရလေတော့သည်။
ဒီ"သခင်"ဆိုတာက ဘာအဓိပ္ပာယ်လဲ။ လူတစ်ယောက်လား။ အဖွဲ့အစည်းတစ်ခုလား။ ဒါပေမဲ့ ဘယ်လိုဖြစ်တည်မှုမျိုးကများ ကြီးမြတ်လှတဲ့ဒိုရယ်လာမိသားစုကိုတောင် ဦးညွှတ်စေနိုင်ရတာလဲ။ သူ့အသိဉာဏ်လေးနဲ့ မလုံလောက်တော့ပါဘူးနော်..
"အခု မင်းတို့မှာ အချိန်နှစ်မိနစ်ပဲကျန်တော့တယ်"
အရာရှိက ဆက်ပြောလာသည်။
"ကွန်မန်ဒါ.. နှစ်မိနစ်ပဲကျန်တော့တယ်။ ကျွန်တော်တို့ နောက်ပြန်ဆုတ်မှာလား။ တိုက်မှာလား"
"ဘာကိုတိုက်မှာလဲ။ "တိုင်ဖွန်း"အဆင့်တိုက်လေယာဉ်အစီးနှစ်ရာကို မင်းက ဘာနဲ့သွားတိုက်မှာလဲ။ ခေါင်းနဲ့လား။ ငါတို့နိုင်ငံရဲ့အဆင့်နိမ့်လေယာဉ်တွေက သူတို့ဆီက ဒုံးကျည်တစ်ချက်စာတောင် မခံနိုင်ဘူးကွ။ မျက်နှာမပျက်ရအောင်သာ လုပ်ကြရအောင်ပါ။ အခုချက်ချင်း တပ်ရင်းကို ပြန်မယ်"
"ဟုတ်တယ်။ အခုချက်ချင်းပြန်ဆုတ်မယ်"
တိုက်လေယာဉ်မှူးလည်း မတတ်သာဘဲ ခနဲ့တဲ့တဲ့ပြုံးလိုက်မိသော်ငြား သူတတ်နိုင်တာလည်း မရှိပေ။ စလေဇာပြောသည့်စကားကား အမှန်တရားပင်။ ဤနေရာတွင် ပေကပ်ပြီး ဆက်နေပါက ကြက်ဥနှင့် ကျောက်တုံးကို ထုနေသည့်အလား ကိုယ့်သေတွင်းကိုယ်တူးနေသလိုသာ ဖြစ်ချေလိမ့်မည်။
တိုက်လေယာဉ်အမြောက်အများလည်း ချက်ချင်းဆိုသလို မိခင်ကြက်မကြီးဆီမှ ထွက်ပြေးသွားကြသော ကြက်ကလေးများအလား လူစုကွဲသွားကြသည်။ သူတို့ ဤနေရာတွင် တစ်မိနစ်လေးသော်မှ ဆက်မနေရဲကြချေ။
"မစ္စတာကျန်း.. လေတပ်နှစ်ဖွဲ့စလုံးကို မောင်းထုတ်လိုက်ပါပြီ။ အခု ကျွန်တော်တို့ ဆက်သွားလို့ရပါပြီ။ အထက်အမိန့်အရ Frankfurtလေဆိပ်ကိုရောက်တဲ့အထိ ခင်ဗျားကို ကာကွယ်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့တိုက်လေယာဉ်တချို့ကို ချန်ထားခဲ့ရပါလိမ့်မယ်"
"ကောင်းပါပြီ။ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင်က ထိုသို့ပြန်ဖြေလိုက်ပြီးနောက် ဆက်သွယ်ရေးချန်နယ်ကို ပိတ်လိုက်သည်။
သူက ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ တိုက်လေယာဉ်တော်တော်များများက တပ်ရင်းသို့ ပြန်သွားပြီဖြစ်၏။ တစ်ဒါဇင်လောက်ကသာ သူတို့ပတ်ပတ်လည်တွင် အကာအကွယ်စက်ဝိုင်းတစ်ခုလို ဝန်းပတ်ထားဆဲပင်။ မများလှသော်ငြား ခြိမ်းခြောက်နိုင်စွမ်းကား မသေးလှချေ။
"မင်း အခု သူတို့ကို ဘာပြောလိုက်တာလဲ"
ဝမ်လင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"သူတို့တွေအကုန်လုံး ဘာလို့ပြန်သွားတာလဲ"
"ဘာပြဿနာမှမရှိတော့လို့ ပြန်ကုန်တာပေါ့။ သူတို့က Frantfurtအထိလိုက်လာပြီး ငါတို့နဲ့အတူ ညစာစားလိမ့်မယ်လို့များ ထင်နေတာလား"
ကျန်းမုန့်လောင်က ရှင်းပြလိုက်၏။
"ခုနကဖြစ်တဲ့ စစ်ပွဲက မိုရီကိုနဲ့ လာဒင်ဘတ်နိုင်ငံတို့ကြားက စစ်ပွဲပေါ့။ ငါ သူတို့ကို မောင်းထုတ်ပစ်လိုက်ပြီ"
"သူတို့ကို မောင်းထုတ်ပစ်လိုက်ပြီတဲ့လား။ သူတို့ကကြောက်လို့ ခဏပဲပြန်ဆုတ်သွားတာမဟုတ်ဘူးလား"
"လောလောဆယ်တော့ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီကိုတောင်ရောက်နေပြီးမှတော့ ငါ့အနေနဲ့ ဝင်ဖျန်ဖြေပေးရမယ်မဟုတ်လား။ သူတို့သာ ဆက်ပြီးတိုက်နေမယ်ဆိုရင် သူတို့ရဲ့ အပေါစားလေယာဉ်တွေကို ကောင်းကင်ပေါ်က ပစ်ချပစ်လိုက်မယ်လို့ ပြောလိုက်တယ်"
"ဒီလိုဝင်ဖျန်ဖြေပေးတာကြီးကတော့..ငါ အထင်ကြီးသွားပြီ"
ရာနှင့်ချီသော တိုက်လေယာဉ်များဖြင့် ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခုကို ရင်ဆိုင်နေရချိန်မှာ ဤကဲ့သို့သောခြိမ်းခြောက်မှုမျိုးမှာ သူတို့ကို စင်စစ်ကြောက်ရွံ့သွားစေရန် လုံလောက်ပေသည်။ ထိုသို့ပြောထားပြီးသည့်တိုင် သူတို့ဘက်က ဆက်တိုက်နေဦးမည်ဆိုပါက ဤသည်မှာ သူတို့ ခေါင်းမာနေသည်ကို ပြသနေရုံသာမက သူတို့တပ်မှူး၏ဦးနှောက်ကလည်း တံခါးကြားထဲ ညပ်သွားခြင်းဖြစ်ရမည်မှာ သေချာပေါက်ပင်။
ခဏတာထိတ်လန့်သွားရပြီးနောက် ကျန်းမုန့်လောင်ကလွဲ၍ လူတိုင်းဟာ အနည်းငယ်ပင်ပန်းသွားသလို ခံစားလိုက်ရသည်။ ကံကောင်းချင်တော့ လေယာဉ်က နေရာကျယ်ဝန်းလှပြီး သက်သောင့်သက်သာရှိလှသောကြောင့် အားလုံးအိပ်ပျော်သွားကြချိန်တွင် အချိန်က တဖြည်းဖြည်းကုန်လွန်သွားပြီး မသိလိုက်ခင်မှာပင် ကျန်းမုန့်လောင်၏ကိုယ်ပိုင်လေဆိပ်သို့ ရောက်လာခဲ့သည်။
လေဆိပ်ကား သိပ်မကြီးမားလှသလို လေယာဉ်အများကြီးလည်း ရှိမနေပေ။ လေးငါးစီးခန့်သာ ရှိသည်။ ကျန်းမုန့်လောင်ရော သူဖခင်ကပါ Frantfurtကို မကြာခဏလာမလည်တတ်သောကြောင့် လေဆိပ်နှင့် လေယာဉ်ထိန်းသိမ်းခအတွက် ပိုက်ဆံကို အလဟဿလုပ်ဖို့ မလိုအပ်ချေ။
"လာမဲ့နေ့တွေမှာ ခင်ဗျားတို့တွေအားလုံး အပန်းဖြေနေလို့ရပါတယ်"
ကျန်းမုန့်လောင်က ကပ္ပတိန်နှင့် လေယာဉ်မယ်များကို ပြောလိုက်သည်။
"ဒီခရီးမှာ ခင်ဗျားတို့တွေ တော်တော်လန့်သွားကြမယ်ထင်တယ်။ ဒီတစ်ခေါက်လေကြောင်းခရီးစဉ်အတွက် ဘောနပ်စ်နှစ်ဆတိုးလိုက်ကြတာပေါ့။ ငါ နောက်မှ ဟုန်းရီကို စီစဉ်ခိုင်းလိုက်မယ်"
"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"
ဘောနပ်စ်နှစ်ဆတိုးမည့်အကြောင်း ကြားလိုက်ရသောအခါ လေယာဉ်မယ်အချောအလှလေးများ၏ မျက်နှာထက်တွင် အံ့အားသင့်သွားဟန် အရိပ်အယောင်များ ပေါ်လာလေသည်။
"လောင်ကျန်း..ငါလည်း ကြောက်သွားတာလေ"
ဝမ်လင်က အရှက်မရှိပြောလိုက်လေသည်။
"ဒါဆို မင်းရဲ့ရဲစွမ်းသတ္တိကို သွားမြှင့်တင်လိုက်လေ။ အရွယ်ရောက်ပြီးသားယောကျ်ားတစ်ယောက်က မိန်းကလေးတစ်ယောက်လို ကြောက်လန့်နေတာ။ နောက်တစ်ခါ ဒီလိုစိတ်လှုပ်ရှားစရာကိစ္စလေးတစ်ခုခုရှိခဲ့တယ်ဆိုရင် မင်းကိုပါ အတူခေါ်သွားမှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ဝမ်လင်နှင့် ကျန်လူများကို ခေါ်ဆောင်၍ ထွက်ပေါက်ဆီသို့ ထွက်လာခဲ့လိုက်သည်။ ဟေဂန်က သူ့ကိုကြိုဖို့အတွက် သူ့သားကို လေဆိပ်မှာ စောင့်ခိုင်းထားသည်ဟု ပြောထားသည်။
သူတို့ လေဆိပ်ထဲက ထွက်လိုက်သည်နှင့် တန်းစီနေသော အနက်ရောင်ဘန်ထလေကားများနှင့် ဩဇာအာဏာရှိသော အရှိန်အဝါများထုတ်လွှတ်နေသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က တလေးတစား မတ်တတ်ရပ်နေသည်ကို ကျန်းမုန့်လောင် မြင်လိုက်ရသည်။သူ့အနောက်တွင်မူ အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဒါဇင်ကျော် ရှိနေပေသည်။ ကြိုသိထားတာကြောင့်သာ မဟုတ်ပါက ဤမြင်ကွင်းကို လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးကို လာစောင့်နေသည်ဟုပင် ထင်မှတ်မှားနိုင်လေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးက ကျန်းမုန့်လောင်ကို မြင်သည်နှင့် အလွန်တရာစိတ်လှုပ်ရှားသွားဟန် ပြုလေသည်။
"ခင်ဗျားက မစ္စတာစကော်လိုရိုပဲဖြစ်ရမယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဝှစ်"
စကော်လိုရိုက စကားမပြောဘဲ လက်ဟန်ပြလိုက်သောအခါ အံ့ဩဖို့ကောင်းလောက်အောင်ပင် ထိုလူအပါအဝင် အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဒါဇင်ခန့်က ဒူးတစ်ဖက်ထောက်ချလိုက်လေသည်။ ဤမြင်ကွင်းကြောင့် ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။
"လောင်ကျန်း သူ..သူတို့က ဘယ်သူတွေလဲ"
"ငါရှာထားတဲ့ ပြင်ပအကူအညီတွေပါ။ သူက ငါ့မိတ်ဆွေရဲ့သားလေ"
"မင်းမိတ်ဆွေရဲ့သားတဲ့လား"
ဝမ်လင်က မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းမိတ်ဆွေဆိုတာ သေချာရဲ့လား။ သူ့သားက ငါတို့ထက် နှစ်နှစ်ဆယ်တောင် အသက်ပိုကြီးတယ်မလား။ သူတို့တွေက မင်းရဲ့အစေခံတွေလို့ ငါ ဘာလို့ခံစားမိနေတာလဲ"
**********