← Chapters

မကောင်းမှုကျူးလွန်ခြင်း

Vol. 13 Ch. 184

မကောင်းမှုကျူးလွန်ခြင်း

Vol. 13 Ch. 184

"ကျွန်တော့်အဘိုးပဲ ဖြစ်ပြန်ပြီလား"

ကျန်းမုန့်လောင်မှာ သူမွေးကတည်းက အဘိုးဖြစ်သူကို မမြင်ဖူးပေ။ သူ့စိတ်ထဲတွင် သူ့အဘိုးက အဖြူအမည်းဓာတ်ပုံထဲမှ သာမန်လူတစ်ယောက်မျှသာ။

ထိုစဉ်တုန်းက သူ့အဘိုးက အသက်နှစ်ဆယ်ခန့်သာ ရှိပြီး မျက်နှာကလည်း ကျန်းမုန့်လောင်နှင့် ချွတ်စွပ်တူသော်ငြား အဆင်အခြင်မဲ့သော ကျန်းမုန့်လောင်၏စရိုက်နှင့် ယှဉ်ကြည့်လိုက်ပါက ထိုအသက်အရွယ်တုန်းက သူ့အဘိုးက ပိုရင့်ကျက်ပြီး တည်ငြိမ်သည့်ဟန်ပန်မျိုး ရှိ၏။

"မင်းရဲ့အဘိုးက အရမ်းအံ့ဩဖို့ကောင်းတဲ့လူတစ်ယောက်ပါပဲ"

စကော်ရိုလိုက ဆို၏။

"မင်းသိပြီးလောက်ရောပေါ့။ မင်းအဘိုးက တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းတစ်ခုကို ဖန်တီးခဲ့ဖူးတယ်။ အဲ့ဒီအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးက ဆယ်စုနှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ရတယ်"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ထံမှ သိထားရသလောက်ဆိုလျှင် သူ့အဘိုးက ဟွာရှားနိုင်ငံမှ လုယူသွားခဲ့သော နိုင်ငံ့ရတနာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ရရှိရန်အတွက် ထိုလူများကိုဖိအားပေးသည့်အနေနှင့် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနည်းလမ်းမှာ တကယ်လည်းထိရောက်ခဲ့ပေသည်။

"အဲ့ဒါက ဥရောပကို ဘယ်လောက်အထိသက်ရောက်ခဲ့လဲဆိုတာ သိလား"

ကျန်းမုန့်လောင်လည်း ခေါင်းခါပြလိုက်သည်။ ထိုကဲ့သို့စိတ်ရှုပ်ဖို့ကောင်းလှသော သမိုင်းကြောင်းကား ပြန်မှတ်မိရန် အခက်ခဲဆုံးပင်။

"သူတို့တွေအကုန် ပြိုလဲသွားကြတယ်ဆိုတာပဲ ကျွန်တော်သိတယ်"

"ပမာဏအတိအကျပြောရမယ်ဆိုရင် အင်္ဂလန်ရဲ့အလုပ်လက်မဲ့ရာခိုင်နှုန်းက ၇၀ရာခိုင်နှုန်းကျော်သွားပြီး အလုပ်အကိုင်ဆုံးရှုံးသူက သန်းနှင့်ချီပြီးရှိခဲ့တယ်။ ကုန်ကြမ်းပစ္စည်းတော်တော်များများလည်း စုပုံလာခဲ့ပြိး စစ်အင်အားတိုးချဲ့ဖို့အတွက် ရည်ရွယ်ထားတဲ့ပိုက်ဆံတွေလည်း ငွေကြေးဖောင်းပွမှုကြောင့် ကုန်ခမ်းသွားခဲ့ရတယ်လေ။ အဲ့ဒီအချိန်တုန်းက ဥရောပမှာရှိတဲ့ လက်နက်နဲ့ကိရိယာတွေက ကမ္ဘာ့စစ်တစ်ဝက်စာလောက်ခင်းဖို့အတွက်တောင် လုံလောက်ခဲ့တာ"

"ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်အဘိုးနဲ့ ဘာဆိုင်လို့လဲ"

ကျန်းမုန့်လောင်က မေးလိုက်၏။

"သူတို့တွေအကုန်လုံး ဒေဝါလီခံသွားရတယ်ဆိုရင် အဲ့ဒါ အဆုံးသတ်ပဲမဟုတ်ဘူးလား"

"အဲ့ဒီလောက်မရိုးရှင်းဘူးလေ"

စကော်ရိုလိုက ဆိုလာလေသည်။

"နို်ငငံခြားကိုရောက်သွားတဲ့ နိုင်ငံ့ရတနာတော်တော်များများကို သီးသန့်စုစည်းသူတွေက ဝယ်ထားတာလေ။ ဒီတော့ အဲ့ဒီပစ္စည်းအများစု နိုင်ငံတော်ရဲ့လက်ထဲမှာ မရှိဘူးပေါ့။ အဲ့ဒါကြောင့် စီးပွားရေးအကျပ်အတည်းကတစ်ဆင့် မင်းရဲ့အဘိုးက ပျောက်ဆုံးသွားတဲ့ ရတနာတွေရဲ့ သုံးပုံတစ်ပုံကိုပဲ ပြန်ရခဲ့တယ်"

"ဒါဆို ဘာဆက်ဖြစ်သွားလဲ"

"နောက်တော့ ဥရောပသမိုင်းမှာ အထိအခိုက်အများဆုံးခေတ်တစ်ခေတ် ပေါ်ပေါက်လာတာပေါ့။ အဲ့ဒီခေတ်က နှစ်လလောက်ပဲကြာလိုက်တယ်ဆိုပေမဲ့ ဥရောပတိုက်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်။ အဲ့ဒီအထိအခိုက်များတဲ့နှစ်လတာအချိန်လေးကို သမိုင်းထဲမှာ ဘယ်တုန်းကမှ မှတ်တမ်းတင်မထားခဲ့ဘူး"

"မင်း ကြားဖူးလား"

ကျန်းမုန့်လောင်က ဝမ်လင်ကို မေးကြည့်လိုက်သည်။

"မင်းက အနုပညာကျောင်းသားမဟုတ်လား။ သမိုင်းကြောင်းမှာ တော်မှာပေါ့"

ဝမ်လင်ကတော့ ခေါင်းခါပြလာလေသည်။

"အဲ့ဒါကို သမိုင်းထဲမှာမှတ်တမ်းမတင်ခဲ့ဘူးလို့ ပြောနေတယ်လေ။ ငါက ဘယ်လိုလုပ်သိမှာလဲ"

"ဆက်ပြောပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲ့ဒီအချိန်တုန်းက အဲ့ဒီနိုင်ငံတွေရဲ့အာရုံစူးစိုက်မှုက သူတို့နိုင်ငံရဲ့စီးပွားရေးကို တည်ငြိမ်အောင်လုပ်ဖို့ပဲ။ သူတို့တွေက ပြည်သူတွေကြားမှာ ပျောက်ဆုံးသွားတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို မင်းအဘိုးအတွက် ဘယ်လိုလုပ်ပြီး ကူရှာပေးနိုင်မှာတဲ့လဲ။ ဒီတော့ သူတို့ဘက်က ကူညီချင်စိတ်ပေါက်လာအောင်လို့ မင်းရဲ့အဘိုးက ကိစ္စတစ်ခုကို လုပ်ခဲ့တာပေါ့"

ကျန်းမုန့်လောင်က စောင့်ဆိုင်းနေရင်းဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။

"အဲ့ဒီအချိန်တုန်းက ဥရောပမှာ ရောင်းထုတ်လို့မရခဲ့တဲ့ လက်နက်တွေနဲ့ကိရိယာတွေအကုန်လုံးကို သူတစ်ယောက်တည်းနဲ့ဝယ်ပစ်ခဲ့တယ်လေ။ လေယာဉ်တွေ တင့်ကားတွေ အမြောက်တွေ သေနတ်တွေအကုန်ပဲပေါ့။ အဲ့ဒီလက်နက်တွေက အကြီးမားဆုံးသောစစ်အင်အားကြီးနိုင်ငံတစ်ခုထက် လေးဆလောက်ပိုပြီး လက်နက်တပ်ဆင်ပေးနိုင်တဲ့ ပမာဏမျိုးလေ"

"သူက အဲ့ဒီလူတွေကိုတိုက်ခိုက်ဖို့အတွက် သုံးခဲ့တာလား"

ကျန်းမုန့်လောင်က တအံ့တဩဖြင့်မေးလိုက်မိသည်။

"အမှန်ပဲပေါ့"

စကော်ရိုလိုက ပြောသည်။

"အဲ့ဒီတုန်းက မင်းရဲ့အဘိုးက နိုင်ငံတွေနဲ့ယှဉ်ပြိုင်နိုင်လောက်အောင် ချမ်းသာနေပြီလေ။ သူက ဥရောပမှာ စစ်တပ်ကြီးတစ်ခုကို အသာလေးဖွဲ့စည်းခဲ့တယ်။ ဥရောပတိုက်တစ်ခုလုံးကို ပြားပြားဝပ်သွားအောင်လုပ်နိုင်တဲ့ စစ်တပ်ကြီးတစ်ခုပေါ့"

"သေလိုက်ပါတော့ ဒါကြီးက…"

နှစ်လအတွင်းမှာပင် ဤစစ်တပ်ကြီးက ဥရောပရှိ စစ်အင်အားကြီးနိုင်ငံများအားလုံးကို သိမ်းပိုက်ပစ်ခဲ့သည်။ သူတို့က သာမန်ပြည်သူများကိုတော့ အန္တရာယ်မပေးခဲ့ချေ။ အကြောင်းမှာ တိုက်ခိုက်ဖို့မလိုအပ်သောကြောင့်ပင်။ သူတို့ဖြတ်သွားလိုက်သည့်နေရာတိုင်းမှာ အင်အားအကြီးဆုံးနိုင်ငံများပင် ခြွင်းချက်မရှိလက်နက်ချကြောင်း ကြေညာခဲ့ရသည်။

"အဲ့ဒါ ဟုတ်တယ်"

လူအများအပြား အစားအသောက်လုံလောက်မှုမရှိခြင်း၊ ဝတ်စရာအဝတ်အစား မလုံလောက်ခဲ့ဖူးသည့် အချိန်တစ်ခုရှိကြောင်း ကျန်းမုန့်လောင် သတိရလိုက်သည်။ နေ့စဉ်နေ့တိုင်းလည်း အငတ်ဘေးကြောင့် လူတွေ သေကြေခဲ့ကြရသည်။ စစ်တပ်များကလည်း ထိုအခြေအနေထက် ပိုမလှခဲ့ကြပေ။

သူ့အဘိုး၏တပ်ဖွဲ့များကတော့ အကောင်းစားဝိုင်များနှင့် အစားအသောက်အလျှံပယ်ကို တည်ခင်းခဲ့ကြသော်လည်း တိုက်ခိုက်ရန်လာရောက်ကြသူများမှာ အငတ်ဘေးဒုက္ခသည်များနှင့်ပင် တူလှလေသည်။

အစားအသောက် လုံလောက်မှုမရှိသောကြောင့် သူတို့၏စစ်အင်အားကိုလည်း တိုးချဲ့ဖို့ မဖြစ်နိုင်ခဲ့ပေ။ ဥရောပတစ်တိုက်လုံးရှိ စစ်တပ်များမှာ လှုပ်ရှားနိုင်စွမ်းမရှိသော အခြေအနေ၌ ကျရောက်ခဲ့သည်။ ၎င်းမှာ သန်မာကြမ်းတမ်းလှသော ကျားတစ်ကောင်က သိုးအုပ်ထဲသို့ ရောက်လာပြီး ရက်ရက်စက်စက်သတ်ဖြတ်သွားသည့်အလားပင်။

"ဟားဟားဟား"

စကော်ရိုလိုက ရယ်သည်။

"ကျုပ် အဲ့ဒီခေတ်တုန်းက မမွေးခဲ့ရတာက နှမြောဖို့ကောင်းလိုက်တာ။ ကျုပ်ရဲ့အဖေကတော့ မင်းရဲ့အဘိုးနားမှာနေပြီး အဲ့လိုမြင်ကွင်းမျိုးကိုကြည့်ခွင့်ရခဲ့တယ်။ အဲ့ဒါက ကမ္ဘာပေါ်မှာ အကြီးဆုံးစစ်ပွဲတစ်ခုလည်းဖြစ်သလို အရက်စက်ဆုံးစစ်ပွဲတစ်ခုလည်းဖြစ်တယ်လို့ သူကပြောပြခဲ့တယ်။ အဲ့ဒီစစ်ပွဲကြောင့် ဥရောပတိုက်တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပေမဲ့ လူတစ်ယောက်မှ သေဆုံးခဲ့တာမျိုးမရှိဘူး"

"ကျွန်တော့်အဘိုးက ဥရောပတိုက်ကို သိမ်းပိုက်ခဲ့တာလို့ပြောချင်တာလား"

ကျန်းမုန့်လောင်မှာ မတ်တတ်ထမရပ်ဘဲ မနေနိုင်ပေ။ အာရှတွင် သူ့မိသားစုက ချမ်းသာသည်ဟု နာမည်ကြီးသော်ငြား တိုက်နယ်ကြီးတစ်ခုကို သိမ်းပိုက်ထားခြင်းကတော့ မတူညီသောကဏ္ဍတစ်ခုပင်။

"ဟုတ်ပါတယ်"

စကော်ရိုလိုက ဆိုလာလေသည်။

"ဥရောပနိုင်ငံတွေအားလုံးက ချွင်းခြက်မရှိလက်နက်ချကြောင်း ကြေညာခဲ့တယ်။ မင်းတို့မိသားစုဝင်တစ်ယောက်ယောက်က ဥရောပနိုင်ငံတွေထဲက ဘယ်နိုင်ငံကိုပဲ ခြေချချ သူတို့က အင်ပါယာခေတ်တုန်းက ဧကရာဇ်တစ်ပါးရဲ့အဆင့်အတန်းကို ရရှိမှာပါပဲ။ အဲ့ဒါကြောင့် ဒီနေ့ ကျုပ် စကားတစ်ခွန်းဟလိုက်တာနဲ့ ဥရောပမှာရှိတဲ့ စစ်ရေးအင်အားတွေအကုန်လုံးက မင်းကို ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် ရောက်လာခဲ့တာပေါ့"

"သေစမ်းကွာ…စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ကို နားထောင်နေရတာပဲ"

ဝမ်လင်၏စိတ်ပိုင်းဆိုင်ရာကား အလုံးစုံပြိုလဲသွားရသည်။ ကျန်းမုန့်လောင်၏မိသားစုက ဥရောပတစ်တိုက်လုံးကို သိမ်းပိုက်ခဲ့သတဲ့လား။ ဒါ..ဒါကြီးက မဖြစ်နိုင်လိုက်တာ။

ထိုအခိုက်ဝယ် စကော်ရိုလိုက ရုတ်တရက်ထရယ်လေသည်။

"ဒီတော့ မင်းနဲ့မင်းအဖေရဲ့မွေးဖွားမှုက ဥရောပတိုက်တစ်ခုလုံးအတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်လဲဆိုတာ သိပြီလား"

"ဥရောပတိုက်ရဲ့အမွေခံမွေးဖွားလာတာပဲပေါ့"

ဝမ်လင်က ကျန်းမုန့်လောင်အစား ဖြေပေးလိုက်သည်။

"ဟုတ်ပါတယ်။ မင်းအဖေမွေးတုန်းက ဥရောပတော်ဝင်မိသားစုတစ်ခုလုံးက မင်းအဖေအတွက် ကလေးသတို့သမီးတစ်ယောက်စီစဉ်ပေးဖို့ တန်းစီနေခဲ့ကြတာ။ အဲ့ဒီညတုန်းကပဲ ဥရောပတော်ဝင်မိသားစုတွေက ကလေးမွေးဖွားရေးလှုံဆော်ပွဲတစ်ခုကိုတောင် ကျင်းပခဲ့သေးတယ်။ တော်ဝင်မိသားစုရဲ့ရဲတိုက်ကြီးတောင် ဒီတက်ကြွလှုပ်ရှားမှုကြောင့် ယိမ်းခါသွားရတဲ့အထိပါပဲ"

"ဟားဟားဟား"

ဤအကြောင်းကို ကြားလိုက်ရသောအခါ ဝမ်လင့်ခမျာ အော်မရယ်ဘဲ မနေနိုင်တော့ပေ။ ဤဖော်ပြချက်ကား အလွန်ဆီလျော်လှသည်။

"ဥရောပတော်ဝင်မိသားစုတစ်ခုလုံးက အရင်တုန်းက မိန်းကလေးတွေထက် ယောကျ်ားလေးတွေကို ပိုတန်ဖိုးထားခဲ့ကြပေမဲ့ အဲ့ဒီအချိန်ကစပြီး သမီးမိန်းကလေးမွေးတဲ့ ဘုရင်မတိုင်း ဆုလာဘ်တွေရရှိခဲ့ကြတယ်။ မျှော်လင့်ချက်နည်းပါတယ်ဆိုပေမဲ့ မျှော်လင့်ချက်တစ်မျှင်စာလောက်တော့ ရှိသေးတာပဲလေ"

"သူမွေးလာတုန်းကရော"

ဝမ်လင်က ကျန်းမုန့်လောင်ကို လက်ညှိုးထိုးပြ၍ မေးကြည့်လိုက်၏။

"သခင်လေးမွေးလာတုန်းက.."

စကော်ရိုလိုမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

"အဲ့ဒီနှစ်တုန်းက ဥရောပတော်ဝင်မိသားစုက မယားပြိုင်ယူတဲ့စနစ်ကို ယာယီပြန်ကျင့်သုံးခဲ့တာပေါ့။ အဲ့ဒီညတုန်းက ဥရောပတစ်ခွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တာများ"

"ဟားဟားဟားဟား"

ဝမ်လင်မှာ သူ့ပေါင်ကို တဖတ်ဖတ်ရိုက်ကာ အသည်းအသန်အော်ရယ်မိပါလေတော့သည်။ ဤဖော်ပြချက်ကား ချဲ့ကားလွန်းရာကျသော်ငြား ကျန်းမုန့်လောင်၏မွေးဖွားမှုက ဥရောပတိုက်အ‌ပေါ် မည်သို့သောသက်ရောက်မှုမျိုး ရှိခဲ့သလဲဆိုသည်ကို ထင်ထင်ရှားရှားဖော်ပြနေပေသည်။

"မင်းတို့နဲ့မိတ်ဆက်ပေးပါရစေ"

စကော်ရိုလိုက အရှေ့တွင် ပန်းအိုးများကို သန့်ရှင်းရေးလုပ်နေသော မိန်းကလေးတစ်ယောက်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။ သူ(မ)မှာ အသက်ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်မျှသာ ရှိပေဦးမည်။

"သူက ဂူလ်ရာဘတ်ဂ်က မင်းသမီးအိုင်ရီနာပါ။ သူတို့မျိုးဆက်မှာတော့ သူက ၈၇ယောက်မြောက်သမီးတော်ပေါ့"

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင် သေချာတွက်ချက်ကြည့်လိုက်သည်။ ဤမင်းသမီးက သူ့ထက် သုံးလေးနှစ်မျှသာ ငယ်သည်။ သုံးနှစ် သို့မဟုတ် လေးနှစ်အတွင်းမှာပင် ဂူလ်ရာဘတ်ဂ်၏ဧကရာဇ်က အနည်းဆုံး ကလေး၈၇ယောက်ကို မွေးဖွားခဲ့ခြင်းပင်။ သူက သားဖောက်သည့် တောဝက်ထီးတစ်ကောင်နှယ် ပြုမူနေခဲ့လေသလား။

"ကိုယ်ဝန်ဆောင်နိုင်ခြေကို တွက်ကြည့်မယ်ဆိုရင် ဧကရာဇ်က အပင်ပန်းလွန်ပြီး သေသွားလောက်တယ်"

"အဲ့လိုလား"

စကော်ရိုလိုက ရယ်လေသည်။

"သူတို့ရဲ့ဧကရာဇ်က အိုင်ရီနာကိုမွေးပြီး သုံးနှစ်အကြာမှာ ကျောက်ကပ်ပျက်စီးပြီး ဆုံးပါးသွားခဲ့တယ်လေ။ သူတို့ရဲ့တော်ဝင်မိသားစုဝင်အမျိုးသမီးတွေကိုတော့ တစ်နေ့နေ့မှာ မင်းဆီက မျက်စိအကျခံဖို့ မျှော်လင့်ရင်း သူတို့ရဲ့ခန္ဓာကိုယ်နဲ့ အလှတရားကို ထိန်းသိမ်းဖို့အတွက် အကောင်းတကာ့အကောင်းဆုံးပစ္စည်းတွေနဲ့ ဟိုးငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ခဲ့ကြတယ်လေ။ အခုဆိုရင် အဲ့ဒါကြောင့်နဲ့ သူတို့နိုင်ငံက အကြွေးလည်နစ်နေပြီ"

အဓိပ္ပာယ်မရှိလှသော ဤဇာတ်လမ်းကိုနားထောင်ရင်း ဝမ်လင့်ခမျာ ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်မိသည်။

"ဆိုးဝါးချက်ကတော့…"

**********

All Chapters