← Chapters

အဖွဲ့တစ်ဖွဲ့ကို တင်းတင်းကျပ်ကျပ်စိစစ်ရွေးချယ်ခြင်း

Vol. 13 Ch. 185

အဖွဲ့တစ်ဖွဲ့ကို တင်းတင်းကျပ်ကျပ်စိစစ်ရွေးချယ်ခြင်း

Vol. 13 Ch. 185

"ကျန်းမုန့်လောင်.. သနားစရာကလေးမလေးကို မင်း ဘာလုပ်လိုက်မိလဲဆိုတာ ကြည့်စမ်းပါဦး"

ဝမ်လင်က ကျန်းမုန့်လောင်ကို မျက်စိမှိတ်ပြ၍ စနောက်လိုက်သည်။

"ချမ်းသာပြီး အာဏာရှိတယ်။ ပြီးတော့ ခန့်ညားတယ်။ အဲ့ဒါ ငါ့အမှားလား"

ကျန်းမုန့်လောင်ကလည်း ပြန်ပက်လိုက်ပြီးနောက် လုရီယောင်ကို ပြောလိုက်လေသည်။

"ရီရီ.. ဒီကိစ္စအတွက် ငါ့ကိုအပြစ်တင်လို့မရဘူးနော်။ ငါ့မှာ အပြစ်မရှိဘူး"

"ဟုတ်ပါ့။ အရမ်းကိုအပြစ်ကင်းတာ"

လုရီယောင်က ကျန်းမုန့်လောင်ကို မျက်စောင်းထိုးလိုက်သည်။

"ဒီတော့ မင်းသမီးက စုစုပေါင်းဘယ်နှယောက်ရှိလဲ"

ဝမ်လင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

"တစ်ရာလောက်ရှိပါတယ်။ အကုန်လုံးက ဥရောပတော်ဝင်မျိုးနွယ်တွေထဲက သွေးအသန့်ဆုံးမင်းသမီးတွေချည်းပါပဲ"

စကော်ရိုလိုက ပြန်ဖြေလိုက်သည်။

"ဒါကို ခင်ဗျားစီစဉ်ထားတာလား"

ကျန်းမုန့်လောင်ကလည်း ဆက်မေးလိုက်ပြန်သည်။

"မဟုတ်ပါဘူး"

စကော်ရိုလိုက ခေါင်းခါပြလိုက်သည်။

"ဒီအိမ်တော်ကြီးကို ထိပ်တန်းအဆင့်အစေခံတွေနဲ့ ဘဏ္ဍာထိန်းတွေက အုပ်ချုပ်ခဲ့တာပါ။ ဒီမင်းသမီးတွေက အလိုလိုက်ခံလေးတွေဆိုတော့ မင်းရဲ့အိမ်တော်ကြီးကို သူတို့ နမော်နမဲ့နဲ့ ပျက်စီးအောင်လုပ်မိသွားမှာစိုးမိပါတယ် မစ္စတာကျန်း"

"ဒါဆိုဘာတွေဖြစ်နေတာလဲ"

"ဒါတွေက ဥရောပဘုရင်တွေရဲ့လက်ချက်ပေါ့"

စကော်ရိုလိုက စိတ်အနှောင့်အယှက်လည်းဖြစ်၊ သဘောလည်းတကျကျဖြင့် ပြောလာသည်။

ကျန်းမိသားစုက ဟွာရှားမှာသာ နေထိုင်လေ့ရှိပြီး ဥရောပကို လာခဲသည်ဖြစ်ရာ ထိုမင်းသမီးများအနေနှင့် ကျန်းမိသားစုကို တွေ့နိုင်ခွင့်ရဖို့အရေးမှာ မရှိသလောက်ပင်။ ထို့ကြောင့် ကျန်းမိသားစု ဥရောပကိုလာချိန်တိုင်းမှာ တော်ဝင်မျိုးနွယ်များ ထိုသတင်းကိုရလိုက်သည်နှင့်တစ်ပြိုင်နက် သွေးမုန်တိုင်းကြီးတစ်ခု အမြဲဖြစ်ရလေ့ရှိသည်။

ကျန်းမုန့်လောင်၏အဖေ ဥရောပကို ပထမဆုံးအကြိမ်လာရောက်စဉ်က သူသည် ဤအိမ်တော်ကြီးထဲမှာ နေလျှင်နေ၊ မဟုတ်လျှင် ဒိုရယ်လာမိသားစုပိုင်သော ဟိုတယ်တစ်ခုတွင် တည်းရမည်ဖြစ်၏။ သို့‌သော် အကြောင်းတချို့ကြောင့် ကျန်းရှောင်ယွင်ခမျာ ကြယ်ခြောက်ပွင့်အဆင့်ရှိ သာမန်ဟိုတယ်တစ်ခုတွင်သာ တည်းခဲ့ရသည်။

ထိုသတင်း ဘယ်လိုပေါက်ကြားသွားသလဲဆိုသည်ကို မည်သူမှမသိချေ။ သို့သော် ကျန်းရှောင်ယွင် နေ့လယ်ဘက်တွင် ဟိုတယ်သို့ရောက်ပြီးနောက် ရှုခင်းကြည့်၍ ပြန်လာချိန်မှာ ဟိုတယ်ဝန်ထမ်းများအားလုံးကို လူစားထိုးထားလေသည်။ ဧည့်ကြိုဌာနမှအစ သန့်ရှင်းရေးဝန်ထမ်းအဆုံး အားလုံးက ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပပြီး ကြော့ရှင်းနေသဖြင့် ကျန်းရှောင်ယွင်မှာ နေရာမှားလာသည်ဟုပင် ထင်မှတ်မှားခဲ့ရသည်။

ထိုလူများမှာ ဥရောပတော်ဝင်မျိုးနွယ်များက စေလွှတ်ထားခြင်းဖြစ်ကြောင်း သူမသိခဲ့ပေ။ ထိုနေ့တုန်းက မြို့တော်၏လေဆိပ်မှာ လေယာဉ်တစ်စင်းမှပင် ဆင်းစရာနေရာမရှိတော့သဖြင့် နောက်ကျမှရောက်လာသော တော်ဝင်မျိုးနွယ်များ၏လေယာဉ်များဆိုလျှင် ဆင်းသက်စရာ လေယာဉ်ပြေးလမ်းပင် နေရာမရှိခဲ့ချေ။

မရိုးဖြောင့်သော နိုင်ငံအချို့က သူတို့၏ကိုယ်ပိုင်လေယာဉ်များကို လေယာဉ်ပြေးလမ်းတွင် တမင်တကာရပ်ထားခဲ့ပြီး အခြားလေယာဉ်များကို မဆင်းသက်နိုင်အောင် တားဆီးခဲ့သည်ဟု ဆိုလေ၏။ ယုတ္တိမတန်ဆုံးကိစ္စမှာကား တော်ဝင်မိသားစုအချို့က ရုတ်တရက်ဆိုသလို အကြံတစ်ခုရလိုက်ပြီး သူတို့၏မင်းသမီးများကို လေယာဉ်ပေါ်မှ မြေပြင်ဆီသို့ လေထီးခုန်၍ တိုက်ရိုက်ဆင်းခိုင်းခဲ့သတဲ့လေ။

"ဒါကြီးက ရူးနှမ်းလိုက်တာ"

ကျန်းမုန့်လောင်မှာ မတတ်သာဘဲ ခေါင်းတခါခါလုပ်မိလေတော့သည်။ သူ့အဖေကို တွေ့ခွင့်ရဖို့အတွက်နှင့် ဤမျှအတိုင်းအတာအထိ လုပ်ခြင်းမှာ လွန်လွန်းလှသည်။ အဲ့ဒါက တော်ဝင်မင်းသမီးတွေဆိုတာရော သေချာရဲ့လား။ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေမဟုတ်ဘူးပေါ့။

"ဘာဆက်ဖြစ်သွားလဲ"

ကျန်းမုန့်လောင်ပင် အလွန်သိချင်စိတ်ဖြစ်သွားရသည်။ ကျန်းမုန့်လောင်သိသလောက်ဆိုလျှင် သူ့အဖေက အိမ်မှာ အလွန်သဘောလွယ်သူတစ်ယောက်ဖြစ်ပြီး အရာအားလုံးနီးပါးကို သူ့အမေကသာ ဆုံးဖြတ်လေ့ရှိသည်။ ထိုအချိန်တုန်းက ကျန်းရှောင်ယွင်သာ အိမ်ထောင်မပြုရသေးပါက သူဘာမှမလုပ်ထားလျှင်ပင် ကီးဘုတ်ကို ဒူးထောက်နေရလောက်သည်။

"ဟီးဟီး"

စကော်ရိုလိုက ရယ်၏။

"အဲ့ဒီအချိန်တုန်းက မင်းအဖေမစ္စတာကျန်းရှောင်ယွင်က စင်ဂယ်ပဲရှိသေးတာလေ။ ကျုပ်မှတ်မိသလောက်ဆိုရင် အဲ့ဒီနေ့တုန်းက မိန်းကလေးအယောက်၅၀၀လောက် ဟိုတယ်ထဲကို ခိုးဝင်လာခဲ့တယ်တဲ့။ တချို့က မင်းသမီးတွေဖြစ်ပြီး ကျန်တာတွေကတော့ တော်ဝင်အဆင့်အတန်းရှိတဲ့လူတွေပေါ့"

"ဒီတော့ဘာဖြစ်သွားလဲ"

"မင်းအဖေက အဲ့ဒီတုန်းက အသက်နှစ်ဆယ်ပဲရှိသေးတာလေ။ အခု မင်းအသက်လောက်တောင် မရှိသေးဘူး။ ဒါတောင် လူပျိုပဲရှိသေးတာလေ.."

စကော်ရိုလိုက ဆိုလိုရင်းကို ခပ်မြန်မြန်သဘောပေါက်သွားသည့် ကျန်းမုန့်လောင်ကို မျက်လုံးမှိတ်ပြလိုက်သည်။

"ဟားဟားဟား..လောင်ကျန်း.. ဒါက မင်းတို့မိသားစုရိုးရာလား။ အသက်နှစ်ဆယ်မှာတောင် လူပျိုဖြစ်နေတုန်းပဲ။ ငါဆိုရင် အသက်ဆယ့်ခြောက်နှစ်တုန်းက ငါတို့ကျောင်းမှာ ငွေလှံတံအရှင်ဆိုတဲ့နာမည်နဲ့ နာမည်ကြီးနေပြီ။ ငါ…"

"ပါးစပ်ပိတ်ထား။ ငါက အဲ့လိုရွံစရာကောင်းတဲ့လူမဟုတ်ဘူးကွ"

ကျန်းမုန့်လောင်က အထင်သေးဟန်ဖြင့်‌ ပြောလိုက်သည်။

"မင်းသမီးတော်တော်များများက မစ္စတာကျန်းရှောင်ယွင်နဲ့အတူ ပျော်စရာကောင်းတဲ့ညလေးတစ်ညကို ဖြတ်သန်းရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောက်လာခဲ့ကြတယ်။ ဒါပေမဲ့ သူကတော့ အဲ့ဒီတုန်းက ဥရောပက မင်းသမီးလူဝီစီအာနာအပါအဝင် အကုန်လုံးကိုငြင်းပစ်ခဲ့တာ"

"လူဝီစီအာနာလား။ ဥရောပသမိုင်းမှာ အလှဆုံးမင်းသမီးလေ"

ဝမ်လင်က တအံ့တဩရေရွတ်လိုက်သည်။

"ဟုတ်ပါတယ်။ အဲ့ဒီမင်းသမီးပါပဲ"

စကော်ရိုလိုက ခေါင်းညိတ်ပြ၍ ရယ်လိုက်သည်။

"မင်းသမီးလူဝီစီအာနာရဲ့ဆွဲဆောင်မှုက ဥရောပတစ်ခွင်လုံးကိုတောင် ပြိုလဲစေနိုင်တယ်။ နိုင်ငံပေါင်းများစွာက မင်းသားတွေအများကြီးက သူ့ကို လက်ထပ်ချင်ခဲ့ကြတာ။ အဲ့ဒီအချိန်တုန်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တောင်မှ သူ့ကိုလိုက်ပိုးခဲ့တာလေ။ အဲ့ဒီလူက တရားဝင်အချမ်းသာဆုံးလို့ သတ်မှတ်ခံထားရတဲ့လူပေါ့"

"ကျွန်တော် အဲ့ဒါကိုသိတယ်။ အခုတောင်မှ မင်းသမီးအန်နာက ကမ္ဘာ့အလှဆုံးမိန်းကလေးအယောက်တစ်ရာစာရင်းမှာ ပထမရနေတုန်းပဲ"

ဝမ်လင့်လို လူတစ်ယောက်အတွက်တော့ သူ(မ)က စင်စစ်နတ်ဘုရားမတစ်ပါးပင်။

"အဲ့ဒီတုန်းက ကျုပ်က မစ္စတာကျန်းရှောင်ယွင်ကို အဖော်ပြုပေးခဲ့ရတာလေ။ အဲ့ဒီညတုန်းက မင်းသမီးအန်နာက အရမ်းဆွဲဆောင်မှုရှိနေခဲ့တာ။ ပြီးတော့ သူက အဲ့ဒီတုန်းကမှ အသက်ဆယ့်ရှစ်နှစ်ပဲရှိသေးတာလေ"

"အရမ်းစွမ်းတာပဲ"

ဝမ်လင်က အားကျစွာ ပြောလာလေသည်။

"မင်းထပ်ပြောနေပြန်ပြီလား"

ကျန်းမုန့်လောင်က ဝမ်လင့်ကို စိုက်ကြည့်လိုက်သည်။

"လူတိုင်းက မင်းလို ခန္ဓာကိုယ်အောက်ပိုင်းတွေပဲ တွေးနေတယ်လို့များထင်နေတာလား"

ကျန်းမုန့်လောင် သိထားသလောက်ဆိုလျှင် သူ့အဖေ၏စရိုက်က သူနှင့် ဆင်တူလေသည်။ နှစ်ယောက်စလုံးက ခံစားချက်ရေးရာကို ဦးစားပေးတတ်ပြီး စိတ်ခံစားချက်ရော စိတ်ဝိညာဉ်ချင်းချိတ်ဆက်မှုရှိမှသာ ရုပ်ပိုင်းဆိုင်ရာကိစ္စများကို စဉ်းစားလေ့ရှိသည်။ ထိုသို့မဟုတ်ပါက အဓိပ္ပာယ်မရှိပေ။

"အဲ့ဒီညတုန်းက မင်းသမီးတွေက မစ္စတာကျန်းရှောင်ယွင်ရဲ့အခန်းထဲကို ခိုးဝင်နိုင်ဖို့အတွက် သူတို့ရဲ့အရည်အချင်းတွေကို အကောင်းဆုံးထုတ်သုံးခဲ့ကြတယ်"

စကော်ရိုလိုက ထိုအဖြစ်အပျက်ကို မနေ့တစ်နေ့တုန်းက ဖြစ်ပျက်ခဲ့သည့်အလား ပြန်ပြောင်းပြောပြနေသည်။

"တချို့က အခန်းဝန်ဆောင်မှုအနေနဲ့ ဟန်ဆောင်တယ်။ တချို့က သန့်ရှင်းရေးဝန်ထမ်းအဖြစ် ဟန်ဆောင်တယ်။ တချို့ဆိုရင် အခန်းထဲကိုလာစစ်ဆေးတဲ့ ရဲအရာရှိတွေအဖြစ်တောင် ဟန်ဆောင်ကြတယ်။ ပြတင်းပေါက်ကနေ တက်လာတဲ့လူတွေတောင်ရှိတယ်"

"ဟားဟားဟားဟား"

ဝမ်လင့်ခမျာ အားရပါးရအော်ရယ်မိလေတော့သည်။ ထိုမြင်ကွင်းကို သူမမြင်နိုင်ခဲ့သော်ငြား အလွန်အံ့ဩဖို့ကောင်းမည်မှာတော့ အသေအချာပင်။

"မစ္စလု.. မင်းတော့ ဒီည ကျန်းမုန့်လောင်ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေပေတော့။ အဲ့လိုမှမဟုတ်ရင် သူ မခုခံနိုင်မှာစိုးရတယ်"

"ကိုယ့်ကိစ္စသာ ကိုယ်အာရုံစိုက်စမ်းပါ"

ကျန်းမုန့်လောင်က ဝမ်လင့်ကို ခြိမ်းခြောက်လေဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။

"မစ္စတာစကော်ရိုလို.. ဒါဆို ဒီနေ့ရော ဒီမှာ မင်းသမီးဘယ်နှယောက်လောက်ရှိလဲ"

"စုစုပေါင်း၁၂၈ယောက်ပါ"

စကော်ရိုလိုက ပြောသည်။

"များလိုက်တာ။ မင်းအဖေတုန်းကထက်တောင် ပိုများသေးတယ်"

ဝမ်လင်က လှောင်ပြောင်နေဟန်အမူအရာဖြင့် ခေါင်းတခါခါလုပ်နေချေသည်။

"မဟုတ်ပါဘူး မစ္စတာဝမ်။ တကယ်တော့ ဒီမင်းသမီးတွေက မနေ့ကမှ ဥရောပကိုရောက်လာတာ။ ကျုပ်သာ အမှတ်မမှားဘူးဆိုရင် အစတုန်းက စာရင်းပေးထားတာ ၁၃၅၂ယောက်ရှိတယ်။ တချို့တွေက မင်းသားတွေရဲ့သမီးတော်တွေဆိုပေမဲ့ သူတို့ကိုလည်း တော်ဝင်မျိုးနွယ်လို့ သတ်မှတ်လို့ရတာပါပဲ"

စကော်ရိုလို ရယ်ချင်ပက်ကျိဖြစ်သွားလေသည်။

"တော်ဝင်မျိုးနွယ်တွေက ဒီမှာရှိတဲ့ဝန်ထမ်းတွေကို လာဘ်ထိုးပြီး လူတစ်ယောက်ကို တိတ်တိတ်လေးလူစားလဲဖို့ ကြိုးစားခဲ့ကြတယ်။ နောက်တော့သိလိုက်ရတာက ဝန်ထမ်းတိုင်းလိုလို လာဘ်စားထားကြတာလေ။ ပြီးတော့ တစ်ယောက်ကို တစ်ကြိမ်ထက်တောင်ပိုသေးတယ်။ ပုံမှန်ဝန်ထမ်းက အယောက်တစ်ရာလောက်ပဲရှိပေမဲ့ ဒီနေ့ကျတော့ နှစ်ဆပိုများတဲ့လူတွေရောက်ချလာပါရော"

"မယုံနိုင်စရာပဲ…"

ဝမ်လင်က အံ့ဩမှုကြောင့် စုတ်သပ်လိုက်မိသည်။

"ဒါဆို ဘာလို့ တစ်ရာကျော်ကျော်လေးပဲ ကျန်နေရတာလဲ"

"မစ္စတာကျန်းကိုတွေ့ဖို့အတွက် မင်းသမီးတစ်ဝက်လောက်က အရည်အချင်းမပြည့်မီကြဘူးလေ။ အဲ့ဒါကြောင့် မနေ့တုန်းက ကျုပ်တို့တွေလည်း အရည်အချင်းစစ်ပွဲတစ်ခုကို ခပ်မြန်မြန်ပြင်ဆင်ခဲ့ရတယ်။ ရုပ်ရည်၊ ကိုယ်နေဟန်ထား၊ မျိုးရိုးစသဖြင့် အကုန်စစ်ထုတ်လိုက်တော့ နောက်ဆုံး၁၂၈ယောက်ပဲကျန်တယ်"

"…"

ဝမ်လင့်ခမျာ လုံးဝဆွံအသွားရသည်။

"ခင်ဗျားတို့တွေက အိမ်အကူရွေးတာလား။ Miss Worldရွေးနေတာလား"

*********

All Chapters