တံခါးကို ဂဟေဆက်ပြီးပိတ်ပေးပါ
Vol. 13 Ch. 187
"နင် ဘာလို့တအားကြာနေတာလဲ။ နေမကောင်းဖြစ်နေတာလား"
လုရီယောင်က စိုးရိမ်ပူပန်စွာ မေးလာလေသည်။
"မင်းကတော့ ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ ငါ သန့်စင်ခန်းထဲကထွက်လာတော့ ကောင်မလေးတွေအယောက်နှစ်ဆယ်သုံးဆယ်လောက်ကြီး ငါ့ကိုဝိုင်းအုံထားပြီး ဒီည သူတို့အခန်းထဲကို လက်ဖက်ရည်သောက်လာခဲ့ဖို့ ဖိတ်လိုက်တယ်"
ကျန်းမုန့်လောင်က သူ့လက်နှစ်ဖက်ကိုဖြန့်၍ သော့များကို ပြလိုက်လေသည်။
"ဟားဟားဟား သန့်စင်ခန်းထဲအထိ အလိုက်ခံခဲ့ရတာလား"
လုရီယောင်က အားရဝမ်းသာဖြင့် ရယ်မောလေသည်။
"မစ္စတာကျန်း သူတို့ကို အဝေးပို့ပေးရမလား"
စကော်ရိုလိုက ကျန်းမုန့်လောင် မပျော်မရွှင်ဖြစ်နေသည်ကို သတိထားလိုက်မိသည်။
"ထားလိုက်ပါ။ သူတို့လည်း ဒီကိုလာရတာ လွယ်တာမှမဟုတ်တာ"
ကျန်းမုန့်လောင်က လက်ယမ်းပြလိုက်သည်။
"ဒီညတော့ သူတို့အခန်းထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ်နေပါစေ။ ကျွန်တော့်ကို လာမနှောင့်ယှက်စေနဲ့။ မနက်ဖြန်ကျမှ အကုန်လုံးကို ပြန်လွှတ်လိုက်"
"ဟုတ်ကဲ့ပါ။ ကျုပ် မနက်ဖြန်ကျရင် စီစဉ်လိုက်ပါ့မယ်။ အိမ်ဖော်အသစ်တွေလည်း မြန်မြန်ငှားပေးပါ့မယ်"
စကော်ရိုလိုက မမေးဘဲမနေနိုင်ချေ။
"မစ္စတာကျန်း.. အဲ့ဒီမင်းသမီးတွေထဲကတစ်ယောက်ကိုမှ စိတ်မဝင်စားဘူးလား"
ထိုသို့ပြောပြီးနောက် သူက လုရီယောင်ကိုလည်း တစ်ချက်လှမ်းကြည့်လိုက်သေးသည်။
"ဟွာရှားမှာ တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးတယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ သူတို့အတွက်တော့ အဲ့ဒီလိုဂုဏ်ပုဒ်တွေဆိုတာ အရေးမကြီးပါဘူး။ မင်းဘက်က သဘောတူသရွေ့ သူတို့ဘာသာ မင်းသမီးတွေဖြစ်နေလည်း သူတို့က ဘာမှအထွန့်မတက်ဘဲ မင်းရဲ့အသုံးတော်ခံအဖြစ် နေပေးဖို့လိုလားကြပါတယ်"
လူမှုဓလေ့ထုံးတမ်းများက သာမန်လူများအတွက်သာ ဖြစ်၏။ ကျန်းမုန့်လောင်လို လူတစ်ယောက်အတွက်တော့ ထိုအရာများမှာ အဓိပ္ပာယ်မရှိချေ။ မည်သူကမှလည်း သူ့ကို ထိုကဲ့သို့သောလူမှုဓလေ့ထုံးတမ်းများနှင့် ကန့်သတ်ထားမည်မဟုတ်။ ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်များပင်လျှင် တရားဝင်ဇနီးမယားရှိသည့်တိုင် သူတို့အတွက် အမြောင်မယားများဖြစ်လိုကြသူအမြောက်အများ ရှိလေသည်။
ဝမ်လင်သာ ဤနေရာမှာရှိနေလျှင် သေချာပေါက် အရူးအမူးခုန်ပေါက်နေလိမ့်မည်သာ။ ဘာတာဝန်မှယူစရာမလိုပါဘဲ မိန်းကလေးများကိုပိုင်ဆိုင်ခွင့်ရခြင်းမှာ ယောကျ်ားတိုင်း၏အိပ်မက်ပင် မဟုတ်ပါလော။
"ဘာခံစားချက်မှမပါရင် တချို့အရာတွေက အဓိပ္ပာယ်မရှိပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်မိသည်။ သူ့တွင် လုရီယောင်ရှိထားပြီးဖြစ်လေရာ အခြားမိန်းမတစ်ယောက်ကို ရွေးချယ်ဖို့ သူ ဘယ်တုန်းကမှ မစဉ်းစားဖူးချေ။
ထို့ပြင် ဘွင်းဘွင်းရှင်းရှင်းပြောရမည်ဆိုပါက ထိုမင်းသမီးများက ဤနေရာသို့ ရောက်လာခဲ့ကြသော်ငြား ကျန်းမုန့်လောင်အပေါ် ခံစားချက်ရှိနေလေသလား။ သေချာပေါက်မဟုတ်ပေ။ သူတို့က သူတို့တော်ဝင်မိသားစုနှင့် သူတို့နိုင်ငံအတွက် အရင်းအမြစ်များအရယူရန် ရောက်လာကြခြင်းသာ။ သူတို့သာ ကျန်းမုန့်လောင်နှင့် ပေါင်းဖက်နိုင်ခဲ့လျှင် သူ့မိသားစုက ထောက်ပံ့ပေးမည့် အရင်းအမြစ်များဖြင့် သူတို့နိုင်ငံက ဥရောပတွင် အင်အားအကြီးဆုံးနိုင်ငံတစ်ခုအဖြစ်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိသွားနိုင်ပေသည်။
အဆုံးမှာတော့ ၎င်းမှာ အကျိုးစီးပွားနှင့် အာဏာလဲလှယ်မှုတစ်ခုမျှသာ ဖြစ်၏။
"မစ္စတာကျန်း မင်းက ကျုပ်ကို တကယ်ပဲအလင်းဖွင့်ပေးလိုက်တာပဲ"
စကော်ရိုလို၏အကြည့်ထဲဝယ် ကျန်းမုန့်လောင်ကို လေးစားမှုများဖြင့် ပြည့်နှက်သွားရသည်။
"ကလစ်"
မျက်နှာလော့ဖြင့် တံခါးဖွင့်ပြီးနောက် အခန်းတံခါးက ပွင့်သွားပြီး ထိုအခိုက်မှာပင် ဤအခန်းက သည်ရဲတိုက်ကြီး၏ထိပ်ဆုံးတွင် မရှိဘဲ အနိမ့်ဆုံးမြေအောက်ထပ်တွင် ရှိနေရသလဲဆိုသည်ကို ကျန်းမုန့်လောင် သဘောပေါက်လိုက်သည်။
ဤရဲတိုက်ကြီး၏ မြေအောက်ထပ်သည် သမုဒ္ဒရာနှင့် တိုက်ရိုက်ဆက်သွယ်ထားခြင်းပင်။ အခန်း၏သုံးဖက်သုံးတန်ကို ထွင်းဖောက်မြင်နိုင်သော ဖန်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဖန်သားတစ်ဖက်မှတစ်ဆင့် ပင်လယ်ရေငန်ငါးများ လွတ်လွတ်လပ်လပ်ကူးခတ်နေသည်ကို မြင်နေရသည်။ ထိုမြင်ကွင်းကြောင့် ရေအောက်စတိုင်လ်ဟိုတယ်များကိုပင် ပြေးမြင်မိသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့က ပင်လယ်နားမှာရှိတယ်ဆိုရင်တောင် မီတာငါးရာခြောက်ရာတော့ ဝေးသေးတယ်မဟုတ်ဘူးလား"
အနုပညာလက်ရာတစ်ခုနှင့်ပင် အလားသဏ္ဌာန်တူလှသော အခန်းကြီးကို ကျန်းမုန့်လောင် အားကျစွာရှုစားမိသည်။
"ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်လေ"
စကော်ရိုလိုက ရယ်၏။
"ကျုပ်တို့ တိုက်ကြီးရဲ့ကျောက်ချပ်အောက်မှာ တူးမြောင်းတစ်ခုတူးပြီး ဒီရဲတိုက်ရဲ့မြေအောက်ခန်းနဲ့ ဆက်သွယ်ထားပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်ပြီးမြောက်ဖို့အတွက် သုံးနှစ်နီးပါးအချိန်ယူခဲ့ရတာပါ"
"အံ့ဩစရာပဲ"
အကုန်အကျများပြီး အင်အားစိုက်ထုတ်ရသော်ငြား ရေနက်ပိုင်းကို ကြောက်ရွံ့သူများကလွဲလျှင် ဤကဲ့သို့သောအိပ်ခန်းမျိုးကို မည်သူမှငြင်းဆန်နိုင်မည်မဟုတ်ချေ။
ပတ်ပတ်လည်ရှိ ဖန်သားပြင်များသာမက ကြမ်းပြင်ကလည်း လုံးဝဖောက်ထွင်းမြင်နိုင်သော ဖန်သားပြင်တစ်ခုဖြစ်ကာ သမုဒ္ဒရာအတွင်း ကျောက်ချထားသော ဖန်လုံးအိမ်လေးတစ်ခုအလားပင်။
"မစ္စတာကျန်း.. ဒါက ဟွာရှားကတင်ပို့ထားတဲ့ ဖန်သားပြင်ပါ။ အကြမ်းဆုံးငါးတွေတောင်မှ မချိုးဖျက်နိုင်ပါဘူး။ အသံလုံစနစ်လည်းရှိတာကြောင့် ဘယ်အသံကမှ အိပ်စက်မှုကို နှောင့်ယှက်နိုင်မှာမဟုတ်ပါဘူး။ ဒီပတ်ဝန်းကျင်ကို သဘောမကျဘူးဆိုရင်လည်း နံရံမှာရှိတဲ့ခလုတ်ကိုနှိပ်ပြီး အမြင်သက်ရောက်မှုကိုသုံးပြီး အပြင်ဘက်က သမုဒ္ဒရာကြီးကို ကာထားလို့ရပါတယ်"
"ဒီလိုအိပ်ခန်းတစ်ခုဖြစ်အောင်လုပ်ဖို့အတွက် ခင်ဗျားတို့တွေ စိတ်ကူးအကြံဉာဏ်တွေ တော်တော်လေး ထုတ်သုံးလိုက်ရတာပဲ"
ကျန်းမုန့်လောင်က တအံ့တဩချီးမွမ်းလိုက်သည်။
"ဒီအိမ်ရာက တော်တော်စရိတ်စကကြီးမှာပဲ"
"ဟုတ်ပါတယ်။ ဒီအိမ်ရာထဲမှာ ဒီရဲတိုက်ကြီးတင်မကပါဘူး။ ဝိုင်ချက်တဲ့စက်ရုံတစ်ခုလည်း ပါပါတယ်။ အဲ့ဒါကို တည်ဆောက်တုန်းက ခန့်မှန်းခြေ ယူရိုသန်းကိုးရာကုန်ကျခဲ့ပါတယ်။ ဒီအိပ်ခန်းတစ်ခန်းနဲ့တင် ကုန်ကျစရိတ်က ယူရိုသန်းရာဂဏန်းလောက် ကုန်ကျခဲ့တာပါ။ အခုဆိုရင် သူ့တန်ဖိုးက ယူရိုဆယ်ဘီလီယံကျော် ရှိနေလောက်ပါပြီ"
"ဒီအိပ်ခန်းကို ဒီအတိုင်းထားရတာ နှမြောလိုက်တာ။ ဒီလိုနေရာမျိုး ဟွာရှားမှာသာရှိရင်ကောင်းမှာပဲ"
ကျန်းမုန့်လောင်က တစ်ကိုယ်တည်းညည်းတွားလိုက်သည်။
"မစ္စတာကျန်းသာ လိုချင်ရင် မစ္စဟုန်းရီကို ဒီအဆောက်အအုံနဲ့တစ်ရွယ်တည်းတူတဲ့ အိမ်ရာတစ်ခုဆောက်ခိုင်းပေးလို့ရပါတယ်"
"ထားလိုက်ပါ။ မလိုပါဘူး။ ကျွန်တော် သာမန်ဘဝမှာပဲ နေချင်ပါတယ်"
အနီးအနားရှိ လုရီယောင်ကတော့ မျက်ဆန်သာလည်လိုက်မိတော့သည်။ ကျန်းမုန့်လောင်၏ဘဝကိုသာ သာမန်ဘဝဟု သတ်မှတ်ရမည်ဆိုလျှင် ယခင်က သူ(မ)နေခဲ့ရသောဘဝမှာ သူတောင်းစားတစ်ယောက်၏ဘဝထက်ပင် ပိုဆိုးဝါးနေပေတော့မည်။
"ဒါဆို ကျုပ် အခုအောက်ထပ်ကိုသွားလိုက်ပါတော့မယ်။ မနက်ဖြန် မင်း တစ်နေရာရာကိုသွားချင်ရင် ဒရိုင်ဘာကိုပြောလိုက်ရုံပါပဲ။ ကျုပ် မင်းကို ထပ်မနှောင့်ယှက်တော့ပါဘူး"
စကော်ရိုလိုက တလေးတစားအရိုအသေပေးလိုက်သည်။
"အင်း..ဒီနေ့ပင်ပန်းသွားပြီ"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြရင် အခန်းတံခါးကိုပိတ်လိုက်သည်။
"နင် ဒီနေ့ အရမ်းစိတ်ပျက်သွားလား။ ငါသာမပါရင် မင်းသမီးအယောက်တစ်ရာကျော်က နင့်ကို အိပ်ရာထဲမှာ လာပြုစုပေးမှာနော်"
လုရီယောင်က စနောက်ကျီစယ်လေဟန်အပြုံးမျိုးဖြင့် ပြောလာလေသည်။
ကျန်းမုန့်လောင်က လုရီယောင်ကို လှမ်းကြည့်လိုက်ပြီးနောက် သူ(မ)ကို သူ့ရင်ခွင်ထဲ သွင်းလိုက်ချေသည်။ ထို့နောက် အိပ်ရာအကြီးကြီးပေါ်သို့ အလွန်နီးကပ်လှသောအနေအထားမျိုးဖြင့် လှဲချလိုက်၏။
"ဒါဆို မင်း ငါ့ကို ဘယ်လိုပြန်လျော်ပေးမှာလဲ"
လုရီယောင်က အသာအယာခေါင်းကြွ၍ ကျန်းမုန့်လောင်၏နှုတ်ခမ်းကို ပုစဉ်းတစ်ကောင် ရေပေါ်လျှပ်ပြေးသွားသည့်အလား ထိကပ်လိုက်၏။
"ဒါနဲ့တင် မရဘူးနော်"
ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်သည်။
"အဲ့ဒါက ဒီနေ့တစ်ရက်စာအတွက်လောက်လေးပဲရှိတာ။ ပြီးခဲ့တဲ့တစ်ခေါက် ချင်းချိုးနိုင်ငံကိုရောက်နေတုန်းက လီဂျီအွန်းက ငါ့အခန်းအထဲထိတောင် ရောက်လာခဲ့တာနော်။ ဒါတောင် ငါဘာမှမလုပ်ခဲ့ဘူး"
"နင် လုပ်ရဲရင်လုပ်ကြည့်လေ"
လုရီယောင်၏ပါးပြင်နှစ်ဖက်မှာ နီမြန်းလာလေပြီ။
"ငါ့နတ်ဘုရားမကို နင် တစ်ခုခုလုပ်ရဲလို့ကတော့ ငါ နင့်ကို သင်းကွပ်ပစ်မှာ"
"မြန်မြန်ပြော။ ငါ့ကို ဘယ်လိုလျော်ပေးမှာလဲလို့"
ကျန်းမုန့်လောင်၏မျက်နှာမှာ လုရီယောင်၏မျက်နှာနှင့် ထိကပ်လုမတတ်ဖြစ်နေချေပြီ။ သူ့လက်များကလည်း သူ(မ)၏ခါးကို ပွေ့ဖက်ထားသည်။
"ဒါဆို နင့်ဘာသာနင် အဖြေရှာလေ"
လုရီယောင်ခမျာ ကျန်းမုန့်လောင်နှင့် အကြည့်ချင်းပင်မဆုံရဲတော့ပေ။ ဘာဆက်ဖြစ်မလဲဆိုသည်ကို သူ(မ) မြင်ယောင်မိနေပြီဖြစ်၏။
ခူးဆွတ်ရန်အတွက် ရင့်မှည့်နေသည့်အလား ဖြစ်နေပါသော လုရီယောင်၏အဝတ်အစားများကို မြင်လိုက်ရသောအခါ အကယ်၍ ကျန်းမုန့်လောင်သာ ထိုသဲလွန်စကို နားမလည်ခဲ့ပါက လက်ကျန်ဘဝတစ်ခုလုံး စင်ဂယ်ဘဝနှင့် နေသွားဖို့သာကောင်းသည်။
"ဒါဆို လက်ကျန်ဘဝတစ်ခုလုံး မင်းကို ငါ့အနားကနေ ဘယ်တော့မှထွက်မသွားစေချင်ဘူး"
ကျန်းမုန့်လောင်က တုန်ယင်နေပါသော သူ(မ)၏နှုတ်ခမ်းများကို စိတ်အားထက်သန်စွာ နမ်းရှိုက်လိုက်သည်။
"ယဲ့ရင် တံခါးကို ဂဟေဆော်ထားသလို လုံနေအောင်ပိတ်ထားပေး။ ပုရွက်ဆိတ်တစ်ကောင်တောင် ဝင်မလာစေနဲ့"
ကျန်းမုန့်လောင်က ယဲ့ရင်ကို သူ့စိတ်အာရုံထဲမှတစ်ဆင့် အမိန့်ပေးလိုက်သည်။
"မင်း ဘာကိုမမြင်သင့်ဘူးလဲဆိုတာကို မင်းနားလည်ပါတယ်"
"ယဲ့ရင် နားလည်ပါတယ်"
ကျန်းမုန့်လောင်၏စိတ်အာရုံထဲဝယ် ယဲ့ရင်၏အသံက ပဲ့တင်ထပ်လာလေသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် မမြင်နိုင်သောအင်အားတစ်ရပ်က အခန်းတစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီး ယဲ့ရင်ကလည်း အခန်းထဲရှိ သူ့အကြားအမြင်များအားလုံးကို လုံးဝပိတ်ထားလိုက်သည်။
အခန်းထဲမှ အလင်းရောင်ကြောင့် ဆွဲဆောင်ခံလိုက်ရသောငါးလေးမှာ အထဲရှိ မြင်ကွင်းကြောင့် ရှက်ရွံ့သွားသည့်အလား အထိတ်တလန့်ဖြင့် ထွက်ပြေးသွား၏။ ပင်လယ်ကြမ်းပြင်ကြီးတစ်ခုလုံးကလည်း ငြိမ်သက်လျက်…။
***********