အကျိုးဆက်တွေက အရမ်းပြင်းထန်တယ်
Vol. 13 Ch. 188
ထိုညတွင် ကျန်းမုန့်လောင်သည် ယောက်ျားလေးတစ်ယောက်အဖြစ်မှ အမျိုးသားတစ်ယောက်အဖြစ်သို့ ကူးပြောင်းခဲ့သည်။ ဤသာယာမှုကို ပထမဆုံးအကြိမ်ခံစားဖူးခြင်းဖြစ်သဖြင့် သူတို့နှစ်ယောက်လုံး ညနက်အထိ နေခဲ့ကြပြီး နောက်တစ်နေ့မနက်ကိုးနာရီကျော်မှသာ အိပ်ရာနိုးလာကြသည်။
"မင်းက နည်းနည်းလောက်ပိုအိပ်လိုက်ဦး။ ငါ မင်းအတွက် မနက်စာသွားယူပေးမယ်"
လုရီယောင် ယနေ့ အိပ်ရာထနိုင်လိမ့်မည်မဟုတ်မှန်း ကျန်းမုန့်လောင်သိသည်။ မနေ့ညက သူသင်ယူထားသမျှ အတတ်ပညာများအားလုံးကို အပြည့်အဝအသုံးချခဲ့သည်။ မစ္စတာဘစ်ဂ်ဝု၊ မစ္စကလီးယားဝါးတား စသဖြင့်ပင်။
"အင်း"
လုရီယောင်ကလည်း ညင်သာစွာ ခေါင်းညိတ်ပြသည်။
ထိုအချိန်မှာ ဝမ်လင်ကလည်း အိပ်ရာနိုးနေပြီဖြစ်ပြီး သူ့ရည်းစားနှင့်အတူ အပြင်သွားရန် စီစဉ်နေချေသည်။
"လောင်ကျန်း လျှောက်လည်ဖို့ ငါတို့နဲ့အတူလိုက်ခဲ့ချင်လား။ Frankfurtမှာ ပျော်ဖို့ကောင်းတဲ့နေရာတွေအများကြီးရှိတယ်။ မင်းကောင်မလေးကိုပါ ခေါ်ခဲ့လိုက်လေ"
"မင်းတို့သွားနှင့်ကြ။ ငါတို့ ဒီနေ့အပြင်မထွက်တော့ဘူး။ သူ သိပ်နေမကောင်းလို့"
ကျန်းမုန့်လောင်က အခိုင်အမာငြင်းဆိုလိုက်သည်။
"နေမကောင်းဘူးလား။ အိုး.."
ဝမ်လင်လည်း ခဏမျှမှင်တက်သွားရပြီးနောက် ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။
"သေစမ်း..ဧကန္တ မင်းတို့နှစ်ယောက်.."
"ဘာတွေလာလျှာရှည်နေတာလဲ? လစ်စမ်းပါ"
ကျန်းမုန့်လောင်က စိတ်တိုတိုနှင့်ပြန်ပက်သည်။
"ဟားဟားဟား.. အခုချက်ချင်းသွားမှာပါ။ အခုချက်ချင်းသွားမှာပါ"
ဝမ်လင်က ညစ်ကျယ်ကျယ်ရယ်ပြန်သည်။
"မင်းကတော့ တကယ့်ဖိုက်တာပဲကွ။ အိပ်ရာထဲက မထနိုင်လောက်အောင်ဆိုတော့ ငါအထင်ကြီးသွားပြီကွာ"
ထွက်ခွာသွားသော ဝမ်လင်၏ပုံရိပ်ကိုကြည့်ရင်း ကျန်းမုန့်လောင်လည်း သူ့ကို "လူယုတ်မာ"ဟု တိတ်တဆိတ်ဆဲရေးလိုက်မိသည်။
ညနေမရောက်ခင်မှာပင် လုရီယောင်က အနည်းငယ်ပိုသက်သာလာခဲ့သည်။ အနည်းငယ်သက်သောင့်သက်သာမဖြစ်သေးသော်ငြား လမ်းတော့လျှောက်နိုင်နေပြီဖြစ်၏။ သူ(မ)ကို အဖော်ပြုပေးဖို့အတွက် ကျန်းမုန့်လောင် အိမ်ထဲမှာပင်နေပြီး အချိန်ဖြုန်းနေရမည်ကိုလည်း သူ(မ) မလိုလားပေ။
"ဈေးဝယ်ထွက်ရအောင်"
လုရီယောင် အကြံပေးလိက်သည်။
"Parisiagaက ဖိနပ်အသစ်တစ်စုံထုတ်ထားတယ်လို့ကြားတယ်။ ငါတို့နိုင်ငံထဲမှာ လက်ကျန်ပစ္စည်းပြတ်သွားပြီတဲ့။ Frankfurtမှာ ရှာလို့တွေ့မတွေ့တော့ မပြောတတ်ဘူး"
"မင်းက ဘယ်အချိန်တုန်းက ဇိမ်ခံပစ္စည်းတွေကို ကြိုက်သွားရတာလဲ"
ကျန်းမုန့်လောင် ရယ်မောလိုက်သည်။ Parisiagaဖိနပ်အသစ်ကို ၈၈၈၈ယူရိုဖြင့်ရောင်းချနေကြောင်း သူလည်းကြားထားသည်။ သူတို့နိုင်ငံမှာဆိုလျှင် ယွမ်သိန်းဂဏန်းဖြင့် ရောင်းနေကြသည်ဟု သိရသည်။ ယနေ့ခေတ်တွင် ဖိနပ်လုပ်ငန်းက ဝင်ငွေကောင်းလှပေသည်။
သို့သော် ကျန်းမုန့်လောင်ကတော့ ထိုကဲ့သို့သောအရာများကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ။ သူ့မိသားစုအတွက်မူ ထိုသာမန်ဇိမ်ခံပစ္စည်းများကို အဆင့်နိမ့်သည်ဟု ယူဆထားသည်။ သူ့စတူဒီယိုမှ ထုတ်လုပ်ထားသော အဝတ်အစားများအားလုံးမှာ ပို၍ပင်ဈေးကြီးလှပြီး စတိုင်လ်နှင့် သက်သောင့်သက်သာရှိမှုအတွက်လည်း အစုလိုက်အပြုံလိုက်ထုတ်လုပ်ထားသော ထိုဇိမ်ခံပစ္စည်းများ လာမယှဉ်နိုင်ချေ။
"ငါ့အတွက်မဟုတ်ပါဘူး"
လုရီယောင်က ဆို၏။
"ချန်ချန်နဲ့တခြားလူတွေအတွက်လေ။ သူတို့က ငါ့ကို ဖိနပ်တစ်ရန်လောက် ဝယ်ခိုင်းချင်နေကြတာ။ အဲ့ဒါကြောင့် ငါလည်း ဒီကိုရောက်လက်စနဲ့ Frankfurtရဲ့မြို့တော်မှာလည်ပတ်ရင်း ဒီမြို့ရဲ့အနုပညာလက်ရာအရသာကို ခံစားကြည့်မလို့"
"ကောင်းပြီလေ။ ဒါဆိုလည်း Champs-Elysees ဈေးလမ်းကိုသွားကြတာပေါ့"
...
Frankfurtနိုင်ငံတစ်ခုလုံးတွင် အလုပ်အများဆုံးနေရာတစ်ခုဖြစ်သည်နှင့်အညီ Champs-Elyseesလမ်းမှာ ပွဲတော်ကြီးတစ်ခုအလား နေ့တိုင်းစည်ကားနေသည်။ လမ်းမနှစ်ဖက်စလုံးတွင်လည်း နိုင်ငံတကာနာမည်ကြီးဇိမ်ခံဘရန်းများ၏ အရောင်းဆိုင်များနှင့် ဌာနချုပ်များကို တွေ့မြင်နိုင်လေသည်။ ဟွာရှားတွင် "ကိုယ်ပိုင်အဝယ်တော်"ဟူသည့် အလုပ်အကိုင်တစ်ခုရှိသည့်အတွက် ဤနေရာတွင် ဟွာရှားရှိလူတော်တော်များများ ဟိုဟိုသည်သည်သွားလာနေသည်ကို မြင်တွေ့နိုင်ပေသည်။
ထို့အပြင် ဟွာရှားနိုင်ငံမှ ခရီးသွားအဖွဲ့အများအပြားအတွက်လည်း ဤနေရာက မဖြစ်မနေသွားရောက်လည်ပတ်ရမည့် နေရာတစ်ခုဖြစ်သည်။
"ဒီနေရာမှာ ဟွာရှားနိုင်ငံသားတွေအများကြီးပဲ"
"ဟုတ်တယ်။ နှစ်သစ်ကူးနီးလာပြီဆိုတော့ အချိန်နဲ့ပိုက်ဆံရှိတဲ့လူတွေက အားလပ်ရက်မတိုင်ခင် ဒီနေရာမှာ သေချာပေါက်လာအပန်းဖြေကြတာပေါ့"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်သည်။
ရုတ်တရက်ဆိုသလို ကျန်းမုန့်လောင်၏ခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားပြီး သူ့အပြုံးများလည်း တောင့်ခဲသွားရသည်။
"ဒါက Parisiagaဆိုင်တော့ မဟုတ်ပါဘူးနော်"
ကျန်းမုန့်လောင်က အရှေ့ရှိ လူတန်းရှည်ကြီးကို လက်ညှိုးထိုးပြရင်း ပြောစရာစကားများ ကင်းမဲ့သွားရသည်။ ထိုလူတန်းကြီးမှာ လွန်ခဲ့သောဆယ်စုနှစ်များစွာတုန်းက တရုတ်နိုင်ငံတွင် ငွေချေးစာချုပ်ပြဿာဖြစ်စဉ်က တန်းစီနေခဲ့သောလူတန်းကြီးလောက်ရှိသည်။ Parisiagaဆိုင်အပြင်ဘက်တွင် အနည်းဆုံးအယောက်နှစ်ရာလောက် တန်းစီနေပြီး ပတ်ပတ်လည်တွင်လည်း အခြေအနေကိုထိန်းသိမ်းရန်အတွက် လုံခြုံရေးများက ဝိုင်းထားသည်။
"ဒီနေ့ ဆိုင်က ဖိနပ်အသစ်တွေကို အရန်နှစ်ထောင်လောက် ရောင်းမယ်လို့ ကြားထားတယ်။ အခုနေသာ ငါတို့လွတ်သွားရင် နောက်တစ်ခေါက်ပြန်ရောင်းမဲ့အချိန်ကို ဘယ်လောက်အထိ စောင့်နေရမယ်မသိဘူး"
လုရီယောင်က သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ ဒီတစ်ခေါက်တော့ ငါ သူတို့ကိုကူညီပေးနိုင်မယ်မထင်ဘူး"
"ဟေး..မင်းက ငါ့ကိုမရှိသလိုဟန်ဆောင်နေတာလား"
ကျန်းမုန့်လောင်က လက်မြှောက်၍ လုရီယောင်၏မျက်စိရှေ့မှာတင် လက်ယမ်းပြလိုက်သည်။
"ဖိနပ်နှစ်ရန်လေးဝယ်တာ ဘာများခက်ခဲနေလို့လဲ။ တကယ်တမ်းခက်ခဲနေရင်လည်း Parisiagaကို ငါဝယ်ပစ်လိုက်ရုံပေါ့။ မင်းလိုသလောက်ရစေရမယ်"
"နင့်လိုမျိုး ဘယ်သူကလုပ်လို့လဲ"
လုရီယောင်က ခပ်မြူးမြူးရယ်မောလိုက်သည်။
"ဖိနပ်နှစ်ရန်လေးအတွက်နဲ့ အဲ့လောက်လုပ်ဖို့မလိုပါဘူး"
"ပြဿနာမရှိပါဘူး။ ချန်းချန်းရဲ့ဖိနပ်ဆိုဒ်ကိုသာ ပြောပြလိုက်။ ငါ စကော်ရိုလိုကို နှစ်ရန်လောက်ယူခိုင်းလိုက်မယ်"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။ သူသာ အလိုရှိလျှင် ဥရောပတစ်ခွင်ရှိ မင်းသမီးများကိုပင် ရွေးချယ်နိုင်သည်ဖြစ်ရာ ဖိနပ်နှစ်ရန်လေးက ဘာမှမပြောပလောက်ပေ။
"ဟီးဟီး.. နင့်ကို အားကိုးလို့ရတယ်ဆိုတာ ငါသိပြီးသားပဲ"
လုရီယောင်က ကျန်းမုန့်လောင်၏လက်မောင်းကို ဖက်ကာ ကလေးမလေးတစ်ယောက်နှယ် ခုန်ပေါက်လိုက်သည်။ သို့သော် စူးခနဲနာကျင်မှုတစ်ခုက သူ(မ)၏မျက်နှာကို မချိတင်ကဲဝေဒနာတစ်မျိုးကြောင့် ရှုံ့မဲ့သွားစေသည်။
"မင်း အဆင်ပြေလား"
ကျန်းမုန့်လောင်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"ဒါတွေအကုန်လုံး နင့်ကြောင့်ပဲ"
လုရီယောင်ခမျာ ရှက်သွေးဖြာပြီး ကြိမ်းမောင်းလိုက်သည်။
"နင် ညင်သာပြီး ညှာတာရမယ်ဆိုတာကို မသိဘူးလား။ မနေ့ညတုန်းက နင် အရမ်းကြမ်းတာ"
"ဟဲဟဲဟဲ.. ပထမဆုံးအကြိမ်ဆိုတော့ ဘာအတွေ့အကြုံမှမရှိဘူးလေ။ နောက်တစ်ခေါက်ကျရင်တော့ သေချာပေါက်ညင်သာပါ့မယ်"
"ချီးကိုနောက်တစ်ခါလား။ စိတ်ကူးတွေယဉ်နေပြီ"
"ငါ မင်းကို ကျောပိုးရမလား"
"ငါကြားချင်တာလည်း အဲ့ဒါပဲ"
ကျန်းမုန့်လောင်က ကိုင်းညွတ်ပေးလိုက်လေရာ လုရီယောင်ကလည်း သူ့ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။
နှစ်ယောက်သားက ရယ်ကာမောကာဖြင့် စကားပြောလျက် လူတန်းရှည်ကြီးကို ဖြတ်သန်းသွားလေရာ စင်ဂယ်များထံမှ မနာလိုအားကျလေဟန် အကြည့်များကို ခံယူလိုက်ရသည်။ အချို့ပြင်သစ်လူမျိုးများဆိုလျှင် သူတို့ငယ်ရွယ်စဉ်က အချစ်ဇာတ်လမ်းလေးများကိုပင် ပြန်လည်အောက်မေ့မိကြသည်။
"ကျွန်တော်တို့ကို ဘာလို့ဒီလိုမျိုးဆက်ဆံရတာလဲ။ သူတို့က အရင်ကျော်တက်တာလေ။ ရန်စတာလည်း သူတို့ပဲ။ ကျွန်တော်တို့က ဘာလို့အထဲဝင်လို့မရရမှာလဲ"
ထိုအချိန်မှာ ကျန်းမုန့်လောင်လည်း ဒေါသတကြီးအော်ပြောလိုက်သောအသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံမှာ ပြင်သစ်ဘာသာစကားပီပီသသမဟုတ်ပါဘဲ ဟွာရှားလေသံဝဲနေခြင်းပင်။
ကျန်းမုန့်လောင်လည်း အသံလာရာဆီသို့ လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ပေ။
၎င်းမှာ ဟွာရှားလူငယ်စုံတွဲတစ်တွဲဖြစ်ပြီး ကျန်းမုန့်လောင်နှင့် သက်တူရွယ်တူမျှသာ ရှိပုံရသည်။ သူတို့၏အဝတ်အစားကို ကြည့်ခြင်းအားဖြင့် Frankfurtသို့ အလည်အပတ်ရောက်လာသူများ ဖြစ်ဟန်တူသည်။
ထိုနှစ်ယောက်က လူတန်းကြီး၏အလယ်နားတွင် ရှိနေပြီး သူတို့ကို ဒေသခံလူမိုက်ငါးယောက်ခြောက်ယောက်လောက်က ဝိုင်းထားသည်။ ထိုလူများမှာ တုတ်ခိုင်သန်မာသော လူငယ်အမျိုးသားများဖြစ်၏။ ထိုနေရာတွင် အခြေအနေကိုထိန်းသိမ်းနေသော လုံခြုံရေးများလည်း ရှိ၏။
ကောင်မလေးက ကောင်လေး၏အနောက်တွင် ပုန်းနေပြီး ကောင်လေး၏မျက်နှာထက်တွင်လည်း နီရဲရဲလက်သီးရာများက အထင်းသားပင်။ ကျန်းမုန့်လောင်ထင်တာသာ မမှားပါက ၎င်းမှာ ထိုဒေသခံများ၏လက်ချက်ပင်တည်း။
"မုန့်လောင်.. ငါတို့သွားကြည့်ကြမလား။ ကြည့်ရတာ ဟိုနားမှာ ပြဿနာတက်နေပုံရတယ်"
"အင်း"
ကျန်းမုန့်လောင်၏အပြုံးကား ပျောက်ကွယ်သွားပြီဖြစ်၏။ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ထိုဟွာရှားစုံတွဲမှာ အရေးနိမ့်နေချေသည်။ တိုင်းတစ်ပါးတွင် ဟွာရှားနိုင်ငံသားအချင်းချင်း ယခုလိုဖြစ်ရပ်မျိုးတွင် ရိုင်းပင်းကူညီမှုမရှိပါက အကြင်နာမဲ့ရာကျသွားလိမ့်မည်။
"ဒီနေရာကထွက်သွားပေးပါ စာမတတ်ပေမတတ်တွေ။ မင်းတို့ကို ဒီနေရာမှာ မကြိုဆိုဘူး"
လုံခြုံရေးက ထိုလူငယ်စုံတွဲကို ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကိုပြောပြီးပြီလေ။ ကျွန်တော်တို့က ဒီမှာတန်းစီနေတာ။ ကျွန်တော်တို့ ကြားမဖြတ်ခဲ့ဘူး။ ကြားဖြတ်ချင်နေတာက သူတို့တွေလေ။ ကျွန်တော့်ကောင်မလေးက သည်းမခံနိုင်ဘဲ ဝင်ပြောလိုက်လို့ သူတို့က လက်ပါလာကြတာ။ ကျွန်တော့်မျက်နှာပေါ်က လက်သီးချက်တွေကို ခင်ဗျားမမြင်ဘူးလား။ သူတို့က ကျွန်တော့်ကိုထိုးတာ။ ခင်ဗျားတို့ တစ်ယောက်ယောက်ကိုမောင်းထုတ်ရမယ်ဆိုရင်လည်း သူတို့ပဲဖြစ်သင့်တာပေါ့"
ဟွာရှားလူငယ်လေးက ဒေါသတကြီးဆဲရေးလိုက်သည်။ သို့သော် Frankfurtလူမိုက်များကတော့ ဂရုစိုက်ဟန်မတူပေ။ သူတို့က အချင်းချင်းရယ်မောလျက် စကားပြောနေကြသည်။
"မင်းတို့က တမင်တကာဆွပေးတဲ့စကားမျိုးတွေ ပြောခဲ့လို့ဖြစ်မှာပေါ့။ တန်းစီနေရင်း နည်းနည်းပါးပါးစကားများကြတာပဲကို။ လူကိုထိုးတာနှက်တာကြီးကတော့ မဟုတ်သေးဘူး"
လုံခြုံရေးကလည်း စိတ်မရှည်တော့ဟန်တူသည်။
"သောက်ကျိုးနည်း.. ဟွာရှားလူမျိုးတွေကို သက်သက်ရမယ်ရှာနေတာပေါ့"
"ဒီလုံခြုံရေးက သူတို့နဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းပဲ။ ငါမြင်လိုက်တယ်။ ဟိုကောင်လေးကို သူတို့ကပဲ ငါးယောက်တစ်ယောက်အနိုင်ကျင့်လိုက်တာ။ အဲ့ဒါကို အဲ့ဒီလုံခြုံရေးက ရောက်လာပြီး ဟိုလူငယ်လေးကို အရင်ချုပ်ထားလိုက်တယ်တဲ့လေ။ သူ့ကိုရိုက်လိုက်တဲ့လူတွေကိုကျတော့ မမြင်ချင်ယောင်ဆောင်ထားပေးတာ"
"ဘာတွေဖြစ်နေတာလဲ"
ထိုအချိန်ဝယ် ကြီးကြပ်ရေးမှူးဖြစ်ဟန်တူသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ထွက်လာလေသည်။
လုံခြုံရေးကလည်း တစ်စုံတစ်ခုကို ခပ်မြန်မြန်ပြောပြလိုက်သောအခါ ထိုလူငယ်လေးကိုကြည့်သော သက်လတ်ပိုင်းအရွယ်အမျိုးသား၏အကြည့်က ရင်းနှီးဖော်ရွေမှုမရှိတော့ချေ။
"ဒီနေ့ ဟွာရှားလူမျိုးတွေရဲ့ ဖျက်လိုဖျက်ဆီးလုပ်တဲ့အပြုအမူကြောင့် ဒီဆိုင်မှာ ဟွာရှားလူမျိုးအားလုံးကို ဝင်ခွင့်ပိတ်လိုက်ပါပြီ"
သက်လတ်ပိုင်းအရွယ်အမျိုးသားက ထိုသို့ပြောပြီးနောက် ဆိုင်ဘက်သို့ ပြန်လှည့်လိုက်သည်။
"ဘာ? ဘာအကြောင်းပြချက်နဲ့လဲ"
"ငါတို့က ပြဿနာရှာတယ်တဲ့လား။ သောက်ပေါက်ကရတွေ.. မင်းတို့မျက်လုံးတွေက စအိုထဲဝင်နေတာလား"
"သေစမ်း။ ငါ တအားစိတ်တိုသွားပြီ။ ဒါကိုဓာတ်ပုံရိုက်ထား။ အွန်လိုင်းပေါ် တင်ပစ်"
"မဝယ်ချင်တော့ဘူး။ ဂရုမစိုက်ဘူး။ ငါတော့ လုံးဝကိုသောက်ဂရုမစိုက်တော့တာ"
"ခွပ်"
ကျန်းမုန့်လောင်လည်း အခြေအနေကို အကြမ်းဖျင်းသဘောပေါက်လိုက်သည်။ ယခုလိုမြင်ကွင်းမျိုးကို မြင်လိုက်ရသည့်အတွက် အလွန်အံ့ဩမိပြီး လက်သီးတင်းတင်းဆုပ်လိုက်ရာမှာ ဂျွတ်ခနဲမြည်သံပင် ထွက်ပေါ်လာသည်။
"ဒါက တော်တော်ရွံဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်၏အသက်ရှူသံများက ဒေါသကြောင့် လေးလံလာပြီး သွေးများကလည်း ဦးနှောက်အထိ ပွက်ပွက်ဆူနေချေပြီ။
"ဟွာရှားလူမျိုးတွေကို လာရှုပ်ရဲတဲ့လူတွေက ပြင်းထန်တဲ့အကျိုးဆက်တွေကို ခံစားရလိမ့်မယ်"
************