သူတို့က ဒေသခံတွေကိုပဲ ဝယ်ခွင့်ပေးတယ်လို့ကြားတယ်
Vol. 13 Ch. 189
"ကျုပ်တို့အနေနဲ့ နိုင်ငံကြီးသားမပီသတဲ့ ဝယ်ယူသူတွေကို မလိုအပ်ပါဘူး။ ဟွာရှားလူမျိုးတွေကို ကျုပ်တို့ရဲ့ထုတ်ကုန်အသစ်မိတ်ဆက်ပွဲမှာ ပါဝင်ခွင့်ပိတ်ပင်လိုက်ပါပြီ"
သိပ်မကြာခင်မှာ အသစ်စက်စက်ဆိုင်းဘုတ်ကြီးတစ်ခုကို ဆိုင်အပေါက်ဝတွင် ထောင်ထားလိုက်သည်။
ထိုဆိုင်းဘုတ်ကို ပြင်သစ်ဘာသာစကားဖြင့် ရေးထားသော်ငြား ပတ်ဝန်းကျင်တွင် ဟွာရှားလူမျိုးအမြောက်အများရှိနေသည်ဖြစ်ရာ ပြင်သစ်ဘာသာစကားကို နားလည်သူအနည်းစုလည်း ပါဝင်သည်။ သတင်းစကားက ခပ်မြန်မြန်ပျံ့နှံ့သွားပြီး သိပ်မကြာခင်မှာပင် ထိုဆိုင်းဘုတ်တွင် ဘာရေးထားသလဲဆိုသည်ကို လူတိုင်းသိသွားကြသည်။
သို့သော် ထိုအချိန်မှာပင် ပြဿနာရှာသွားသော ပြင်သစ်လူမျိုးတစ်စုက ဆိုင်ထဲကထွက်လာပြီး ရယ်မောလျက် စကားပြောနေကြပြီး တစ်ယောက်ချင်းစီ၏လက်ထဲတွင်လည်း အသစ်စက်စက်ဖိနပ်များကို ကိုင်ထားကြသည်။
သူတို့က ကြွားဝါပြသည့်အနေနှင့် အစောပိုင်းက ငြင်းခုံမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် စုံတွဲရှေ့မှာ သူတို့၏ဈေးဝယ်အိတ်များကို မြှောက်ပြလိုက်သည်။ သူတို့မျက်နှာထက်တွင် မောက်မာလေဟန်အမူအရာသာမက ပြောင်ပြောင်တင်းတင်းလှောင်ပြောင်သရော်နေဟန် အမူအရာတို့ကလည်း အထင်းသားပင်။
ရုတ်တရက်ဆိုသလိုပင် ထိုလုပ်ရပ်ကြောင့် အနီးအနားရှိ ဟွာရှားလူမျိုးများက ဒေါသထွက်သွားကြသည်။ သူတို့မှာ အစီအစဉ်တကျတန်းစီနေစဉ် ဒေသခံများထံမှ ကြားဖြတ်ခံလိုက်ရသည့်အပြင် ပြဿနာတက်သွားချိန်မှာလည်း အရေးယူခံရသူမှာ ဟွာရှားလူငယ်လေးဖြစ်နေခဲ့သည်။
"အရေးယူခံရခြင်း"ကား တားဆီးရုံသက်သက်မျှမဟုတ်ချေ။ လုံခြုံရေးက ထိုလူငယ်လေးကို တွေဝေတုံ့ဆိုင်းမှုမရှိဘဲ အင်အားသုံး၍ မြေပြင်ပေါ်သို့ တွန်းချပစ်သည်ဟု မျက်မြင်သက်သေတချို့က ဆိုလေသည်။
ယခုတွင်မူ နိုင်ငံကြီးသားပီသစွာ တန်းစီခဲ့ပါသော သူတို့က ဝင်ပေါက်တွင် တားမြစ်ခံထားရပြီး တကယ့်လက်သည်တရားခံများကတော့ အထဲကို ဖိတ်ကြားခံရပြီး သူတို့လိုချင်တာကိုပင် ဝယ်ယူခွင့်ရနေလေသည်။ ဤသည်မှာ ကမ္ဘာပေါ်တွင် အဓိပ္ပာယ်မရှိဆုံးအရာဖြစ်၏။
"ကိစ္စမရှိပါဘူး။ သူတို့ဘက်က ဂရုမစိုက်ဘူးဆိုလည်း ရှန်းရှဲ့အာနွေဦးပလာဇာရဲ့ စီမံခန့်ခွဲရေးရုံးကို ငါတို့ တိုင်ကြမယ်"
မခံမရပ်နိုင်ဖြစ်နေကြသော ဟွာရှားလူမျိုးအနည်းစုက စီမံခန့်ခွဲရေးခန်းမသို့ အလျင်အမြန်ချီတက်သွားကြသည်။
Parisiagဆိုင်ကား ရှန်းရှဲ့အာနွေဦးပလာဇာအတွင်း တည်ရှိသည်။ ဆိုင်မှာဖြေရှင်း၍မရသော ဖောက်သည်များ၏တိုင်ကြားချက်အများအပြားကို ထိုနေရာတွင် အဆင်ပြေအောင် ညှိနှိုင်းလေ့ရှိသည်။
"ကောင်းပြီ။ ခင်ဗျားတို့လူမျိုးတွေက စည်းကမ်းမရှိတာလေ။ ဒီနေရာမှာ ခင်ဗျားတို့နိုင်ငံသားတွေချည်းပဲ ပြည့်နှက်နေတာ။ ခင်ဗျားတို့ရဲ့သက်သေအထောက်အထားကလည်း မခိုင်လုံဘူး။ ဒါ သက်သက်ပေါင်းကြံတာပဲ။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ကျုပ်တို့မှာလည်း လုပ်စရာတွေရှိသေးတယ်"
သို့သော် စီမံခန့်ခွဲရေးရုံးမှ ထိုဖြေကြားချက်ကိုသာ သူတို့ ပြန်ရခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူတို့က တိုင်းတစ်ပါးတွင် ရောက်နေခြင်းဖြစ်သောကြောင့် နည်းလမ်းအားလုံး သုံးကြည့်ပြီးသည့်တိုင် မည်သူကမှ ထိုပြဿနာကို ဂရုမစိုက်ကြပေ။ အနီးဆုံးသံရုံးကလည်း ဝေးလွန်းလှသဖြင့် ဤအခြေအနေကို လာရောက်ဖြေရှင်းပေးမည့်သူဟူ၍ မည်သူမှမရှိခဲ့ပေ။
မကြာခင်မှာပင် တဖြည်းဖြည်းလူစုကွဲသွားသော်ငြား ထိုပြဿနာမှာ ဤနေရာမှာတင် ပြီးမသွားချေ။ ယနေ့ခေတ်ဟွာရှားလူမျိုးများမှာ လွယ်လွယ်လေးအနိုင်ကျင့်မခံကြတော့ပေ။
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့က ဖြစ်စဉ်အစအဆုံးကို ဘေးနားမှ မြင်ခဲ့ရသည်။ သူတို့မျက်နှာထက်ရှိ အမူအရာများလည်း ပျက်ယွင်းနေ၏။ ကျန်းမုန့်လောင်ပင်လျှင် ရှေ့ထွက်မသွားမိအောင် သူ့ကိုယ်သူအကြိမ်ကြိမ်ထိန်းချုပ်နေခဲ့ရသည်။
တစ်ချက်တစ်ချက်တွင် ဤနေရာသို့ ဗုံးကြဲလေယာဉ်တပ်ဖွဲ့တစ်ဖွဲ့ သို့မဟုတ် တင့်ကားတပ်ဖွဲ့ကိုခေါ်ကာ ဤနေရာကို ပြာကျသွားအောင် လုပ်ပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်ခဲ့သည်။
"ကြည့်ရတာတော့ ငါ့အဘိုးက အဲ့ဒီတုန်းက တော်တော်လေးသက်ညှာပေးခဲ့တာပဲ။ သူတို့က သူတို့ကို ခြောက်ရုံလေးပဲခြောက်ခဲ့တာ။ အညံ့ခံရတဲ့အထိ ကြောက်သွားအောင်မလုပ်ခဲ့ဘူးပဲ"
ကျန်းမုန့်လောင်၏ အေးစက်စက်ရယ်မောသံက သူ ဒေါသထွက်နေကြောင်း ညွှန်ပြနေခြင်းပင်။
"ဒီလူတွေရဲ့ဦးနှောက်က တစ်ခုခုများဖြစ်နေတာလား"
လုရီယောင်က ဆို၏။
"ငါတို့ဟွာရှားနိုင်ငံက ဇိမ်ခံပစ္စည်းတွေကို အဓိကဝယ်ယူသုံးစွဲတဲ့နိုင်ငံတစ်နိုင်ငံလေ။ ဒီParisiagaရဲ့နှစ်စဉ်ရောင်းအား၄၀ရာခိုင်နှုန်းကျော်က ငါတို့ဟွာရှားလူမျိုးတွေဆီကရတာ။ သူတို့သာ ငါတို့ကိုဒေါသထွက်အောင်လုပ်လိုက်ရင် သူတို့ပစ္စည်းတွေကို ငါတို့မဝယ်တော့မှာမကြောက်ကြဘူးလား"
"ဟားဟား"
ကျန်းမုန့်လောင်က နောက်တစ်ကြိမ် အေးတိအေးစက်ရယ်မောလိုက်သည်။
"အလကားပဲ။ Boycottလုပ်တာတွေက ဘယ်တုန်းကများ ကြာကြာခံခဲ့လို့လဲ။ နောက်ဆုံးတော့ အပြစ်ပုံချရမဲ့လူတစ်ယောက်ကိုရှာပြီး တောင်းပန်စာလေးတစ်စောင်နဲ့ ပြီးသွားတာချည်းပဲ။ အချိန်တွေကြာလာတော့လည်း မေ့ကုန်တာပါပဲ။ အဆိုးဆုံးရှိလှ ဒီတစ်ခါပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာ။ ဒါပေမဲ့ နှစ်ဝက်နီးပါးလောက်ကြာပြီးသွားရင် ပုံမှန်အတိုင်း လုပ်ငန်းပြန်လည်ပတ်မှာပဲ။ ဘာလို့လဲဆိုတော့ ငါတို့တွေက အမြတ်အစွန်းကို ဦးစားပေးတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ နေထိုင်နေတာမို့လို့ပေါ့"
"ဒါဆို ငါတို့ ဒီအတိုင်းပဲလွှတ်ထားလိုက်တော့မှာလား"
လုရီယောင်လည်း ချက်ချင်းဆိုသလို မချင့်မရဲဖြစ်သွားရသည်။
"ဘယ်ဟုတ်ပါ့မလဲ"
"နင် ဒီဆိုင်ကိုဝယ်ပစ်ဖို့တို့ဘာတို့ တွေးနေတာတော့မဟုတ်ပါဘူးနော်"
ကျန်းမုန့်လောင်၏စရိုက်ကို ကောင်းကောင်းသိထားသူပီပီ လုရီယောင်လည်း ယခုလက်ရှိမှာ ထိုအတွေးတစ်ခုတည်းသာ တွေးလိုက်မိသည်။
"ဝယ်မှာတဲ့လား။ ငါက တန်ဖိုးရှိတဲ့အရာတွေကိုပဲ ဝယ်တာ။ အမှိုက်ကို ဘာလို့ဝယ်ရမှာလဲ"
ကျန်းမုန့်လောင်က Parisiagaကို ဝယ်ယူရန် စိတ်ကူးမရှိချေ။ ရှန်းရှဲ့အာပလာဇာကို အသာထား။ ၎င်းမှာ အိမ်ခြံမြေအဖွဲ့အစည်းတစ်ခုမျှသာဖြစ်ပြီး ပိုင်ဆိုင်မှုအရာ၌ ထန်ဟွေ့အုပ်စု၏ ဆယ်ပုံတစ်ပုံမျှပင် မရှိပေ။
ပိုအရေးကြီးသည့်အချက်မှာ ဤမြေက ကျန်းမုန့်လောင်တို့၏ မိသားစုပိုင်မြေဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ့အဘိုးက ဥရောပအနှံ့ သိမ်းပိုက်ခဲ့စဉ်က မမျှတသည့် သဘောတူစာချုပ်အများအပြားကို ချုပ်ဆိုထားသည်။ ဤသည်မှာ သူတို့ကိုယ်တိုင်ဖော်ထားသည့် ဆေးအရသာကို မြည်းစမ်းခိုင်းရမည့်ကိစ္စတစ်ခုပင် ဖြစ်ချေသည်။
"အရမ်းပြောင်မြောက်တဲ့အကြံတစ်ခု ငါ ရုတ်တရက်ကြီးရလိုက်ပြီ"
ရုတ်ခြည်းဆိုသလို ကျန်းမုန့်လောင်၏မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန် အရိပ်အယောင်တို့ ပေါ်ပေါက်လာသည်။
"ပြောစမ်းပါဦး"
ကျန်းမုန့်လောင်၏မျက်နှာထက်တွင် ထိုကဲ့သို့သော အမူအရာမျိုး ပေါ်လာခဲ့ပါက တစ်စုံတစ်ယောက်ကတော့ ကံဆိုးတော့မည်ဖြစ်ကြောင်း လုရီယောင်သိထားသည်။ ထို့အပြင် ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမဟုတ်ပါဘဲ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ နှစ်ထပ်ကွမ်းနှိပ်စက်ညှဉ်းပန်းမှုမျိုးပင်။ ကျန်းမုန့်လောင်တွင် ကောက်ကျစ်စဉ်းလဲသောအကြံဉာဏ် ဘယ်လောက်များများရှိလေသလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။
"သူတို့က ဒေသခံတွေကိုပဲ အရေးအကြီးဆုံးလို့ ထင်တယ်မလား"
ကျန်းမုန့်လောင်က လုရီယောင်၏နားထဲသို့ တိုးတိုးကပ်ပြောလိုက်သည်။
"သူတို့က ဒီနေ့ ရှူးဖိနပ်တစ်ဝက်စာလောက်ပဲ ထုတ်ရောင်းရသေးတာတဲ့။ ဒီတော့ အဓိပ္ပာယ်က မနက်ဖြန်ကျရင်လည်း ဒီလိုပဲအလုပ်များနေမှာပဲ။ ဒီတော့ ငါ.."
"ဟားဟားဟား.. နင်ကတော့ တကယ်ဉာဏ်နီဉာဏ်နက်များလွန်းတာပဲ"
ကျန်းမုန့်လောင်၏အစီအစဉ်ကို ကြားလိုက်ရသောအခါ လုရီယောင်မှာ လဲကျသည်အထိ ရယ်မောလိုက်မိတော့သည်။
...
"ငါ ဒေါသထွက်လွန်းလို့ သေတော့မှာပဲ။ ဒါကြီးကတော့ သောက်ကျိုးနည်းအနိုင်ကျင့်နေတာ"
ကျန်းမုန့်လောင် အိမ်သို့ပြန်ရောက်သောအခါ ဝမ်လင်ကလည်း ဒေါနှင့်မောနှင့်ပြန်ရောက်ချလာသည်။ သူ့မျက်နှာဆိုလျှင် အသည်းအလား နီရဲနေချေသည်။
"မင်းဘာဖြစ်လာတာလဲ။ ရန်ဖြစ်လာတာလား"
ကျန်းမုန့်လောင်က မေးလိုက်၏။
"Parisiagaမှာဖြစ်တဲ့ကိစ္စကို မင်းမကြားဘူးလား"
ဝမ်လင်က ဒေါသတကြီးဖြင့် ရေတဂွပ်ဂွပ်မော့သောက်လိုက်သည်။
"သူတို့က ဒါကို ၁၉ရာစုများထင်နေတာလား။ ငါတို့ဟွာရှားလူမျိုးတွေက ဒီလောက်အလွယ်လေးအနိုင်ကျင့်လို့ရတဲ့လူတွေလား"
"ကြည့်လိုက်.. သူတို့က တရားဝင်ဝက်ဆိုက်ဘ်မှာတောင် ကြေညာချက်ထုတ်ထားရဲသေးတယ်။ ဒီနေ့ဖြစ်ရပ်က ဟွာရှားခရီးသွားတွေက တခြားဖောက်သည်တွေကို ရန်စလို့ဖြစ်ရတာပါတဲ့။ ဒယ်အိုးဖင်က ကရားအိုးဖင်ကို မည်းတယ်လို့ ပြောနေသလိုပဲ"
"ပြီးတော့ သူတို့က မနက်ဖြန်ကျရင် အုပ်စုပြန်ဖွဲ့ပြီးတဲ့နောက်မှာ ဟွာရှားလူမျိုးခရီးသွားတွေကို အရောင်းပြန်ဖွင့်ပေးသွားမဲ့အကြောင်း ပြောထားသေးတယ်"
ဝမ်လင်ကတော့ သူ့ဖုန်းကို ရိုက်ခွဲချင်လောက်အောင် ဒေါသထွက်နေလေသည်။
"ဘာလို့လဲသိလား။ ဖိနပ်အရန်ငါးရာရှိတာလေ။ တစ်ရံကို ဟွာရှားငွေတစ်သောင်းပေးရတယ်။ ငါတို့ဟွာရှားလူမျိုးတွေသာမရှိရင် သူတို့ အရန်သုံးရာတောင် ကုန်အောင်မရောင်းနိုင်ဘူး"
"သောက်ကျိုးနည်း… သူတို့က ငါတို့ကို အချဉ်များအောက်မေ့နေတာလား။ ပိုက်ဆံပေါနေတဲ့ ငတုံးငအတွေလို့ ထင်တာလား"
ထိုသတင်းကိုကြားလိုက်ရသောအခါ ကျန်းမုန့်လောင်မှာ သူ့လောကအမြင်များ ပြိုလဲသွားရသလို ခံစားလိုက်ရသည်။ ပြင်သစ်လူမျိုးများက အရှက်မရှိကြဘူးလား။
"အခုဆိုရင် အင်တာနက်မှာ ဒေါသူပုန်ထနေကြပြီ"
ဝမ်လင်က ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ မင်းယုံနိုင်ရဲ့လား။ မနက်ဖြန်ကျရင် အဲ့ဒီသောက်မှတ်မရှိတဲ့ ငွေမက်သူတွေက ဖိနပ်ဝယ်ဖို့ ထပ်တန်းစီကြဦးမှာတဲ့။ ငါတော့ ဒေါသထွက်လွန်းလို့ မီတာလေးဆယ်ရှည်တဲ့ ငါ့ဓားကိုထုတ်ပြီး သူတိုကို တစ်ယောက်ချင်းစီသွားခုတ်ပစ်လိုက်ချင်တော့တာပဲ"
"လောလောဆယ် စိတ်လျှော့ထား"
ကျန်းမုန့်လောင်က ဒေါသထွက်နေသော ဝမ်လင့်ကို နှစ်သိမ့်လိုက်သည်။
"ငါ စိတ်လျှော့ထားလို့မရဘူးကွ"
ဝမ်လင်ကလည်း ပြန်ပက်သည်။
"လောင်ကျန်း.. ငါတို့ ဒါကို ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူး။ ဒီကိစ္စကို ဒေါသဖြေဖို့အတွက် မင်း နည်းလမ်းတစ်ခုခုစဉ်းစားမှဖြစ်မဘ်။ သူတို့ကိုဝယ်ပစ်ပြီး အဲ့ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ထိပ်တန်းအဆင့်အမှုဆောင်တွေအကုန်လုံးကို အလုပ်ဖြုတ်ပစ်လိုက်"
"ကြည့်လိုက်ဦး။ ဝေးပေါ်မှာ အကုန်လုံးက မင်းကို Tagထားကြတယ်"
ဝမ်လင်က သူ့ဖုန်းကိုထုတ်ပြလိုက်လေရာ အမှန်တကယ်ပင် နာမည်ကြီးပို့စ်တော်တော်များများတွင် လူတိုင်းက ကျန်းမုန့်လောင်ကို မန်းရှင်းခေါ်ထားကြသည်။
"ဘော့စ်ကျန်း… ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ချင်းချိုးနိုင်ငံကို အနိုင်ပိုင်းပြီးသွားပြီဆိုတော့ ဒီတစ်ခေါက်လည်း တရားမျှတမှုအတွက် ပြန်ရပ်တည်ပေးရမယ်နော်"
"သေစမ်း! ငါ သည်းမခံနိုင်တော့ဘူး။ ဘော့စ်ကျန်း… သူတို့ကို စီးပွားရေးအကျပ်အတည်းတစ်ခုလောက် ပေးလိုက်စမ်းပါ။ ဘော့စ်ကျန်းရဲ့အစွမ်းကို သူတို့ကိုထုတ်ပြလိုက်"
"ဘော့စ်ကျန်း… ငါတို့ဟွားရှားရဲ့အစွမ်းကိုထုတ်ပြလိုက်စမ်းပါ"
...
"မဟုတ်ဘူး။ အဲ့ဒါနဲ့တင် မကျေနပ်နိုင်ဘူး။ မနေ့တုန်းက လေယာဉ်တင်သင်္ဘောတွေကိုခေါ်ပြီး ဒီနေရာကို စိစိညက်ညက်ကြေသွားအောင် ဗုံးကြဲချပစ်ဖို့ စကော်ရိုလိုကိုပြောလိုက်"
"စီးပွားရေးလုပ်တာကို ဒီလိုပုံစံမျိုးနဲ့ ဘယ်သူကလုပ်လို့လဲ"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"လူယုတ်မာတွေအများကြီးရှိတယ်ဆိုပေမဲ့ အပြစ်မရှိတဲ့လူတွေကို ထိခိုက်အောင်လုပ်တာကလည်း မကောင်းဘူးလေ။ ကျန်းမုန့်လောင်ဆိုတဲ့ ငါက ဒေါသကို မျိုသိပ်ထားတတ်တဲ့လူလို့ ထင်လို့လား"
"ဟားဟားဟား.. မင်းမှာ အကြံဆိုးတွေ အမြဲရှိနေတယ်ဆိုတာ ငါသိသားပဲ"
နောက်ဆုံးမှာတော့ ဝမ်လင်ကလည်း ပြုံးလိုက်မိလေသည်။
"ဒီတော့ မင်း အကူအညီလိုသေးလား။ ငါ ဆယ်သန်းထည့်မယ်ကွာ"
"မင်း ပေးစရာမလိုပါဘူး"
ကျန်းမုန့်လောင်က တခစ်ခစ်ရယ်လိုက်သည်။
"ငါ ခဏလောက် မင်းကို တစ်နေရာကို ခေါ်သွားပေးမယ်။ မင်း မကြာခင်သိရမှာပါ"
ထိုအချိန်မှာပင် စကော်ရိုလိုက ဝင်လာသည်။
"မစ္စတာကျန်း.. အကုန်အဆင်သင့်ဖြစ်ပါပြီ။ ကျုပ်တို့ အခုသွားကြတော့မလား"
"အင်း.. အခုသွားကြရအောင်"
********