ဒီမှာရှိတဲ့လူတိုင်းက စွမ်းအားရှင်တွေပဲ
Vol. 13 Ch. 190
ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်ကျသွားချိန်မှာ လေယာဉ်တစ်စင်းက မြေထဲပင်လယ်၏ဗဟိုရှိ လူသူမဲ့ကျွန်းတစ်ခုပေါ်သို့ ဆင်းသက်သွားသည်။ ထိုကျွန်းကားနိုင်ငံငယ်လေးတစ်ခု၏ အရွယ်အစားလောက်ရှိသော်လည်း ထိုကျွန်းပေါ်တွင် အဖြူရောင်အဆောက်အအုံတစ်ခုတည်းသာ ရှိလေသည်။
"ဒါကဘယ်နေရာလဲ။ မင်း ငါ့ကို ညလယ်ကြီး သရဲအိမ်တစ်အိမ်ကိုဝင်ကြည့်ဖို့ ခေါ်လာတာလား"
ဝမ်လင့်စိတ်ထဲ ရတက်မအေးဖြစ်နေရသည်။ ပင်လယ်ထဲရှိ လူသူမဲ့ကျွန်းတစ်ကျွန်းဆိုသည်မှာ ဘာမှကောင်းနိုင်စရာမရှိမှန်း သူသိသည်။
"မကြာခင် မင်းသိရတော့မှာပါ"
ကျန်းမုန့်လောင်က ဝမ်လင့်ကို စနောက်နေဆဲပင်။
မကြာခင်မှာပင် အဆောက်အဦ၏အထက်မှတစ်ဆင့် တည်ဆောက်ပုံမြင်ကွင်းအသေးစိတ်ကို ဝမ်လင် မြင်လိုက်ရလေပြီ။ ဤနေရာကား အကျဉ်းထောင်ကြီးတစ်ခုနှင့် ဆင်တူလှသည်။ မြင့်မားလှသောနံရံများဖြင့် ဝန်းရံထားသည်မှာ လေးဖက်လေးတန်မှ တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသော မြို့တစ်မြို့နှင့်အလားသဏ္ဍာန်တူကာ အစောင့်များကလည်း အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက်လုပ်ကာ ကင်းလှည့်နေကြသည်။
"လျှို့ဝှက်စစ်အခြေစိုက်စခန်းလား။ မင်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုလုပ်ဖို့ စီစဉ်ထားတာလား"
"တိုက်ခိုက်မှုတဲ့လား။ ယဉ်ယဉ်ကျေးကျေးပြောစမ်းပါ"
ကျန်းမုန့်လောင်က ဆိုလာလေသည်။
"ငါက ဘာမဟုတ်တဲ့အငြင်းပွားမှုလေးကြောင့်နဲ့ အဲ့လိုအကြမ်းဖက်မှုမျိုးကိုလုပ်မယ်လို့ မင်းထင်နေတာလား"
"အမှန်ပဲလေ"
ဝမ်လင်က မျက်ဆန်လည်ပြလိုက်သည်။ မနေ့တုန်းက ကျန်းမုန့်လောင်၏ အတင်းအကျပ်ဝင်ရောက်ဖျန်ဖြေပေးခဲ့သည့် လုပ်ရပ်ကို သူ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်။ ဤသကောင့်သားသည် ဘာမဆိုလုပ်နိုင်စွမ်းရှိ၏။
"ဟင်း..မဟုတ်ဘူးပဲ။ ကြက်ခြေနီလား။ ဒါက ခရူးဆိတ်ရဲ့ဥရောပဌာနချုပ်များလား"
"ချီးကိုခရူးဆိတ်လား။ မင်း ဆေးရုံတစ်ရုံကိုတောင် မမြင်ဖူးဘူးလား"
"ဟင်"
ဝမ်လင့်ခမျာ ချက်ချင်းဆိုသလို ကြောင်အသွားရသည်။
"မင်းက ငါ့ကို ဘာလို့ ဆေးရုံကိုခေါ်လာတာလဲ။ ဟိုလူတွေအတွက် ခုတင်ကြိုဦးထားပေးဖို့လား"
"ချီးကိုကြိုဦးမှာလား"
ကျန်းမုန့်လောင် ဆဲရေးလိုက်မိတော့သည်။
"ငါသာ တကယ်အဲ့လိုလုပ်မယ်ဆိုရင် သူတို့အတွက် အုတ်ဂူတစ်ခါတည်းတူးပေးလိုက်မှာပေါ့။ အိပ်ရာအတွက်နဲ့ နိုင်ငံတကာအရင်းအမြစ်တွေကို ဖြုန်းတီးမနေဘူး"
"ဒါဆို ငါတို့က ဆေးရုံကို ဘာလာလုပ်တာလဲ။ ပြီးတော့ ဒီလိုပျင်းစရာကောင်းတဲ့နေရာကြီးမှာ ဆေးရုံကို ဘာလို့လာဆောက်ထားတာလဲ။ ဘယ်သူကများ ဒီလိုနေရာမျိုးမှာ ဆေးကုသမှုခံယူချင်မှာလဲ။ ဒီနေရာမှာ ဆိပ်ကမ်းတစ်ခုလေးတောင် ရှိတာမဟုတ်ဘူး"
"ဒါက စိတ္တဇဆေးရုံကွ"
ကျန်းမုန့်လောင်က တခစ်ခစ်ရယ်လိုက်သည်။
"ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အန္တရာယ်အများဆုံးစိတ္တဇဆေးရုံ"
"မင်းတို့မိသားစုက လုပ်ငန်းအမျိုးမျိုးကို ဦးစီးနေတာပဲ။ စိတ္တဇဆေးရုံတောင် ပါသေးတယ်"
ဝမ်လင်ခမျာ ထိုသို့ပြောရင်း ပြောစရာစကားပျောက်ရှသွားရသည်။
"ဟားဟားဟား.. ဒီစိတ္တဇဆေးရုံက အစတုန်းကတော့ ငါပိုင်တာမဟုတ်ဘူး။ ဖန်းမျိုးရိုးနဲ့ သူငယ်ချင်းတစ်ယောက်ဆီကရတာ။ ငါတို့အကြီးအကဲတွေက ဆက်ဆံရေးကောင်းကြတယ်လေ။ ငါက ဒီအတိုင်းပြောလိုက်တာကို သူက ငါ့ကို ဒီဆေးရုံကြီးကို ချက်ချင်းလက်ဆောင်ပေးလိုက်တာ"
လေယာဉ်က ထူထဲလှသော ဂိတ်တံခါးဝကြီး၏ အပြင်ဘက်တွင် ဆင်းသက်လိုက်သည်။ ထိုအချိန်မှသာ ထိုဆေးရုံ၏နာမည်ကို ဝမ်လင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
အရုဏ်ဦးနိုင်ငံတကာစိတ္တဇဆေးရုံဥရောပဌာနခွဲ
"ဘုရားရေ.. ဒါတောင် ဌာနခွဲပဲရှိသေးတာ။ တကယ့်ဆေးရုံကြီးသာဆိုရင် ဘယ်လောက်တောင်အံ့သြဖို့ကောင်းလိုက်မလဲ"
"အဓိကဆေးရုံက ဟွာရှားနဲ့ ရုရှားကြားက နယ်စပ်မှာရှိတာ။ ဒီနေရာထက် ဆယ်ဆပိုကြီးတယ်။ တစ်နေ့နေ့ကျရင် ငါ မင်းကို ခေါ်သွားပေးမယ်"
ကျန်းမုန့်လောင်က ရယ်သည်။ ထို့နောက် ထူထဲလှသော ဆေးရုံနံရံများဆီသို့ ဦးဆောင်သွားလေတော့သည်။
"စိတ်မှန်တာတောင် စိတ္တဇဆေးရုံတစ်ခုကို လာနေတာက တော်တော်ရူးနှမ်းရာကျလိုက်တာ"
ဝမ်လင်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး အင်တင်တင်ဖြင့် ကျန်းမုန့်လောင်၏အနောက်မှလိုက်ကာ အထဲသို့ဝင်သွားလိုက်သည်။
ထုထည်ကြီးမားလှသော အီလက်ထရောနစ်တံခါးများက ဘေးဘက်သို့ ဖြည်းဖြည်းချင်းလျှောပွင့်သွားပြီး စိတ္တဇဝေဒနာသည်များအတွက် လေညင်းခံရန် ရည်ရွယ်ထားသည့် ကြီးမားလှသောခြံဝင်းကြီးတစ်ခုကို ထုတ်ဖော်ပြသလာသည်။
"မစ္စတာကျန်း.. ဒီဥရောပဌာနခွဲက ပြင်းထန်တဲ့လူနာတစ်သောင်းခုနစ်ထောင်ကျော်လောက်ကို လက်ခံထားပါတယ်။ ဒါပေမဲ့ တော်တော်များများက ရန်မူတတ်ပါတယ်။ ပုံမှန်ဆိုရင် သူတို့ကို လေညင်းခံဖို့အတွက် တစ်နေ့ကို အသုတ်ဆယ်သုတ်ခွဲပေးထားပါတယ်"
"သူတို့က ရန်မူတတ်တယ်တဲ့လား"
ဝမ်လင်ခမျာ ခိုက်ခိုက်တုန်နေချေသည်။ ဤနေရာက အလုံပိတ်ထားသော အကျဉ်းထောင်တစ်ခုနှင့် ဘာလို့တူနေရသလဲဆိုသည်ကို သူ နားလည်လိုက်လေပြီ။
"မစ္စတာဝမ်.. စိတ်ပူဖို့မလိုပါဘူး။ အခု လူနာတွေအကုန်လုံးက သူတို့အခန်းထဲမှာပဲ ရှိနေပါတယ်။ ပြီးတော့ ဒီနေရာမှာ ၂၄နာရီအပြည့် ဝန်ထမ်းတွေရှိနေတဲ့အတွက် ဘာမှဖြစ်စရာမရှိပါဘူး"
"ကောင်းသားပဲ"
အဆုံးမှာတော့ ဝမ်လင်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
သူတို့လည်း လူနာဆောင်များရှိရာ အဆောက်အဦကြီးထဲသို့ ဝင်သွားလိုက်သည်။ တစ်ယောက်ချင်းစီတိုင်းက အလွန်အမင်းရန်မူတတ်သောကြောင့် တစ်ယောက်ကို တစ်ခန်းစီထားရသည်။
ပထမဆုံးအခန်းကို သူတို့ ဖြတ်သွားလိုက်ချိန်ဝယ် အထဲရှိလူနာက "အရုဏ်ဦးနိုင်ငံတကာစိတ္တဇဆေးရုံဥရောပဌာနခွဲ"ဟူသော အမှတ်အသားပါသည့် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်မှာ နှစ်ပေါင်းများစွာကြာအောင် မညှပ်ထားရပုံပေါက်နေသည်။ သူ့အနောက်ရှိ ၁၀စင်တီမီတာရှည်ပြီး ၂-၃စင်တီမီတာခန့်ထူသော ပျဉ်ပြားတစ်ချပ်ပေါ်တွင် ပိန်လိန်နေသော ဟွာရှားစာလုံးများကို စာကြောင်းအများကြီးရေးထားသည်။
"လျှို့ဝှက်ဆန်းကြယ်သော..နည်းလမ်းများ"
"ဧကရာဇ်ဟန်ထျန်း.. မင်း မြင်းပေါ်ကဆင်းပြီး တိုက်ရဲလား"
ကျန်းမုန့်လောင်တို့တစ်သိုက်ကို မြင်သောအခါ ထိုလူနာက ပျဉ်ပြားကို ခပ်ကြမ်းကြမ်းဆွဲယူလိုက်သည်။
"ဒါကိုမြည်းကြည့်လိုက်စမ်း။ ရှောင်ယန်ရဲ့မီးလျှံဖျက်ဆီးရေးဆူနာမီတဲ့ဟေ့"
"သောက်ကျိုးနည်း။ ဒါကဘာလဲဟ"
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့လည်း အနောက်ကို သုံးလှမ်းလောက် ဆုတ်မိသွား၏။ ထိုလူနာမှာ ဥရောပသားစစ်စစ်ဖြစ်သော်ငြား ဟွာရှားစကားကိုပြောနေပြီး "ကောင်းကင်ဘုံတိုက်ပွဲ"ထဲမှ ဇာတ်ကွက်များကို တုပနေချေသည်။
"အစတုန်းကတော့ သူက "ကောင်းကင်ဘုံတိုက်ပွဲ"ဆိုတဲ့ စိတ်ကူးယဉ်ဝတ္ထုရဲ့ အမာခံပရိသတ်တစ်ယောက်ပါ။ သူက ဒီလက်ရာအကြောင်း ပိုနားလည်ဖို့အတွက် ဟွာရှားစကားတောင် သင်ထားတာပါ"
အဖြူရောင်ဂျူတီကုတ် ဝတ်ဆင်ထားသော ဆရာဝန်တစ်ယောက်ရောက်လာပြီး ပြောပြလေသည်။
"ဘယ်သူများလဲ"
"မင်္ဂလာပါ ဒါရိုက်တာကျန်း.. ကျွန်တော်က ဒီဆေးရုံရဲ့ခေါင်းဆောင်ဆရာဝန်ပါ။ ခင်ဗျား ကျွန်တော့်ကို ရုတ်ပ်လို့ခေါ်လို့ရပါတယ်"
"ခွီး"
ဝမ်လင်မှာ အော်မရယ်ဘဲ မနေနိုင်တော့ပေ။
"ဟားဟားဟား ဒါရိုက်တာတဲ့။ စိတ္တဇဆေးရုံတစ်ခုရဲ့ဒါရိုက်တာတဲ့"
"ပြဿနာတစ်ခုခုရှိလို့လား"
ရုတ်ပ်ကတော့ ဝမ်လင် ဘာလို့ရယ်နေသလဲဆိုသည်ကို နားမလည်ပေ။
"ဒါရိုက်တာဖန်းက မစ္စတာကျန်းရဲ့နာမည်နဲ့ ဆေးရုံအားလုံးကို လွှဲပြောင်းပြီးသွားပါပြီ။ အဲ့ဒါကြောင့် မစ္စတာကျန်းက အခု ဒီဆေးရုံရဲ့ဒါရိုက်တာဖြစ်သွားပါပြီ"
"သူ့ကိုစိတ်ထဲမထားနဲ့။ ဆက်ပြောပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီလူနာက ဘယ်လိုလုပ်ပြီး အခုလိုဖြစ်သွားရတာလဲ"
"ဝတ္ထုကို မရူးမချင်း လေ့လာခဲ့တာလေ။ အစတုန်းက သူက ဓာတုဗေဒကျောင်းသားတစ်ယောက်လေ။ နောက်တော့ အဂ္ဂိရတ်ပညာကို လေ့လာခဲ့ပြီး သူ့ဦးနှောက်ကို ထိခိုက်စေမဲ့အရာတစ်ခုကို စားမိခဲ့တယ်။ အဲ့ဒါက တစ်ကဏ္ဍပါ။ နောက်ပိုင်းကျတော့ ဟွာရှားက ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး အဲ့ဒီဆိုးဝါးလှတဲ့တီဗီစီးရီးကပဲ ဒီလူနာကို အစွန်းရောက်အောင် တွန်းပို့ခဲ့တာဖြစ်မယ်။ သူ့မိသားစုပြောတဲ့စကားအရဆိုရင် သူက ဒိုချီက မြင်းတွေဖြစ်သွားတယ်"ဆိုတဲ့ စကားတစ်ခွန်းကိုပြောပြီး လုံးဝရူးသွားခဲ့တာတဲ့"
"သောက်ကျိုးနည်း.. ဒီတီဗီစီးရီးက တကယ်ကြီး အန္တရာယ်ပေးနိုင်တာပဲ"
"အဲ့ဒါ အမှန်ပဲမဟုတ်လား"
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့နှစ်ယောက်လည်း ဤလူနာအတွက် တိတ်တိတ်လေးပူဆွေးပေးလိုက်မိသည်။
"ငါကိုယ်တော်ကိုမြင်တာတောင် မင်းတို့က ဘာလို့ဒူးမထောက်တာလဲ"
နောက်လူနာဆောင်သို့ ဆက်သွားလိုက်သည့်အခါ ခေါင်းပေါ်တွင် ခေါက်ဆွဲဘူးတစ်ဘူးတင်ထားသော လူနာတစ်ယောက်ကို တွေ့လိုက်ရသည်။
"ဒီလူက သောက်ကျိုးနည်းဘာဖြစ်တာလဲ"
ကျန်းမုန့်လောင်လည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။
"အာ.. ဒီလူနာက တကယ်သနားစရာလေး။ ဧကရာဇ်ချင်းရှီဟွမ်ဝင်စားတယ်ဆိုပြီး ဟန်ဆောင်ထားတဲ့ ဟွာရှားနိုင်ငံသားတစ်ယောက်ဆီက လူလိမ်ခံခဲ့ရပြီး သူ့ပိုက်ဆံတွေရော အိမ်ရော ပါသွားတာ။ နောက်တော့ သူ့မိန်းမနဲ့ကလေးတွေက တခြားလူတစ်ယောက်နောက်ကိုလိုက်သွားပါလေရော။ အဲ့ဒါနဲ့ သူလည်းရူးသွားတာပဲ"
ဆရာဝန်က ရှင်းပြသည်။
"သောက်ကျိုးနည်း..."
"လူမျိုးစုအတွက်ဟေ့။ ဘီလူးတွေက ဘယ်တော့မှကျွန်ခံမှာမဟုတ်ဘူး"
"ဒီလူနာက loyal Warcraftကစားသမားတစ်ယောက်လေ။ ဒါပေမဲ့ သူတို့အသင်းက နှစ်ပေါင်းများစွာကြာအောင် ကမ္ဘာ့ချန်ပီယံပွဲစဉ်မှာ ဝင်ပြိုင်ဖို့ အရည်အချင်းမမီခဲ့ဘူး။ အဲ့ဒါနဲ့ စိတ်ဓာတ်ကျတာကို မခံနိုင်တော့တဲ့အဆုံး စိတ်ဖောက်သွားတော့တာပဲ"
...
"ကြည့်လိုက်စမ်း။ ဒါက ငါအခုလေးတင်သင်ထားတဲ့ လျှပ်စီးကြာပွတ်ငါးချက်ပဲ။ ဟားဟားဟား.. ငါနဲ့တိုက်ခိုက်ဖို့ ရှောင်ယန်ကို ခေါ်လိုက်စမ်း။ ဒီတစ်ခေါက်တော့ ငါ သူ့ရဲ့ဗုဒ္ဓကြာပန်းကို ရအောင်အနိုင်ယူပြမယ်"
"ဒီလူနာက မာပေါင်ကွမ်ရဲ့တပည့်တစ်ယောက်ပေါ့။ ဒီလူက သူ့ကို နတ်ဘုရားတစ်ပါးလို့ ယုံကြည်ပြီး ကိုးကွယ်ထားတာ။ မာပေါင်ကွမ်က လူလိမ်တစ်ယောက်ဆိုတာလည်းသိရော သူလည်း ရူးတော့တာပဲ"
...
"သုံးရက်နဲ့သုံးည သေဆုံးခြင်းညမှာ.."
"မင်းက စက်ဆုပ်ဖို့ကောင်းတယ်..မင်း ငါ့ကိုစွန့်ပစ်ခဲ့တယ်.."
"ဒီကမ္ဘာပေါ်မှာ Ultramanရှိတယ်။ အဲ့ဒီနွေရာသီတုန်းက ငါလည်းအလင်းရောင်ဖြစ်သွားခဲ့တယ်"
"ငါက Iron Manကွ"
"လူသားအာဏာရှင်ကို တွန်းလှန်ကြ။ ဒီကမ္ဘာကြီးကို Three-Bodyပိုင်တယ်"
...
သူတို့ ဆက်လျှောက်လာလိုက်သည့်အခါ သာမန်ဆန်သည့် လူနာဟူ၍ တစ်ယောက်လေးမှမရှိပေ။
"ဟင်.. ဒီလူနာကတော့ သာမန်လိုပါပဲ။ တခြားလူတွေလို ပရမ်းပတာအပြုအမူမျိုးတွေ လုပ်မနေဘူးပဲ"
ကျန်းမုန့်လောင်က လူနာဆောင်တစ်ခုထဲရှိ လူနာတစ်ယောက်က ထောင့်နားလေးတွင် သတိကြီးကြီးဖြင့် တိတ်တိတ်လေးရပ်နေသည်ကို မြင်လိုက်ရသည်။
"ဒါရိုက်တာ.. သူက တကယ်တော့ ဟယ်ရီပေါ်တာကိုတုပနေတာ။ အခု သူက သူ့ကိုယ်သူ ကိုယ်ပျောက်ဝတ်ရုံဝတ်ထားတယ်လို့ ထင်နေပုံပဲ"
ဆရာဝန်ရုတ်ပ်က ရှင်းပြလေသည်။
"သူ့ဘောင်းဘီထဲမှာ ထိုးထည့်ထားတဲ့ ထမင်းစားတူကိုတွေ့တယ်မလား။ အဲ့ဒါ သူ့ရဲ့မှော်တုတ်တံလေ"
"သောက်ကျိုးနည်း..ဒီမှာရှိတဲ့လူတစ်ယောက်ချင်းစီတိုင်းက ဇာတ်ကောင်တွေပဲဟ"
***********