သူတို့အတွက် အဖွဲ့လိုက်စုဝေးပွဲတစ်ခုစီစဉ်ပေးလိုက်
Vol. 13 Ch. 191
"လောင်ကျန်း.. ငါတို့ကို ဘာလို့ စိတ္တဇဆေးရုံကို ခေါ်လာတာလဲ။ ဒီလူတွေအကုန်လုံးကို စိတ္တဇဝေဒနာရှင်တွေဖြစ်အောင်လုပ်ပြီး ဒီနေရာမှာ ဆေးရုံတက်ခိုင်းမလို့လား"
"ငါ့မှာ အဲ့လိုအခြေအမြစ်မရှိတဲ့ အကြံအစည်မျိုး တကယ်မရှိဘူး။ သူတို့သာရူးသွားရင် ငါက လက်ကျန်ဘဝတစ်ခုလုံး သူတို့ကို ဒီနေရာမှာ ထောက်ပံံ့ထားရတော့မှာလေ။ ငါ့အတွက် နာတာပေါ့"
"ဒါဆို ဘာလုပ်ချင်..."
"ဟီးဟီးဟီး"
ကျန်းမုန့်လောင်က အကြံဆိုးကြီးဖြင့် သွားဖြဲရယ်လိုက်သည်။
"ဒီလူနာတွေက ဒီထဲမှာပဲ တစ်ချိန်လုံးခြေချုပ်မိနေခဲ့တာလေ။ ဒီတော့ သူတို့ကျန်းမာရေးအတွက် မကောင်းဘူး။ သူတို့လည်း လေကောင်းလေသန့်လေးထွက်ရှူဖို့လိုတယ်မဟုတ်လား။ သူတို့အတွက် Sheryl Springsမှာ အဖွဲ့လိုက်စုဝေးပွဲလေးတစ်ခုလုပ်ပေးဖို့ စီစဉ်ထားတယ်။ မင်း ဘယ်လိုသဘောရလဲ"
"သိပ်ပြောင်မြောက်တာပဲ။ လုံးဝပြောင်မြောက်တယ်"
ဝမ်လင်လည်း လက်မထောင်မပြဘဲ မနေနိုင်တော့ချေ။
ဒီလူတွေက သူတို့ကို အထင်သေးခဲ့ကြတာမဟုတ်လား။ သူတို့က ဥရောပသားတွေဘက်က ဘက်လိုက်ခဲ့ကြတယ်မလား။ ဒီတစ်ခေါက်လည်း ဥရောပသားတွေကိုပဲ သူတို့ဆိုင်မှာ ဝယ်အားပေးပါစေ။ လက်မခံစရာလည်း အကြောင်းမရှိဘူးမဟုတ်လား။
ဥရောပသည် လူ့အခွင့်အရေးကို အလွန်တန်ဖိုးထားသည်။ စိတ္တဇဝေဒနာရှင်များမှာလည်း လူ့အခွင့်အရေးများရှိ၏။ သူတို့ နာမကျန်းဖြစ်နေလျှင်တောင် သူတို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိတ်ပင်တားမြစ်ထားခြင်းမှာ မမျှတပေ။ သူတို့ဘက်က ဈေးဝယ်ထွက်ချင်သည်ဆိုပါက ထိုတောင်းဆိုချက်ကို ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မည်တဲ့လဲ။
"စကားမစပ် ရုတ်ပ်... ဒီဆေးရုံမှာ ပြင်သစ်နိုင်ငံသား ဘယ်နှယောက်ရှိလဲ"
"ကျွန်တော့်မှာတော့ အချက်အလက်တွေမရှိပါဘူး။ ဒါပေမဲ့ ၇၀၀ကျော်လောက်တော့ရှိတယ်။ အရေအတွက်အတိအကျကိုတော့ ဆေးရုံမှတ်တမ်းကြီးကြပ်သူကို မေးမှရမယ်"
ရုတ်ပ်က ပြန်ဖြေလာသည်။
"ပြဿနာမရှိပါဘူး။ အကြမ်းဖျင်းသိရရုံနဲ့ အဆင်ပြေပါတယ်"
ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်သည်။
"ဒါဆို အဆင်ပြေပြီ။ လူတအားများနေရင်လည်း အဆင်မပြေဘူး။ မနက်ဖြန်ကျရင် ဒီလူတွေအတွက် အဖွဲ့လိုက်စုဝေးပွဲတစ်ခု စီစဉ်ပေးရင်းနဲ့ စလိုက်ရအောင်"
"ဒါပေမဲ့ ဒီလူတွေက အပြင်းအထန်နာမကျန်းဖြစ်နေတာမို့ သူတို့ မြို့ထဲကိုတောင် ဝင်ခွင့်ရမှာမဟုတ်လောက်ဘူး"
ရုတ်ပ်က ပြောလိုက်၏။
"သူတို့မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းပျောက်ဆုံးသွားလို့ ဒီဆေးရုံမှာထိန်းသိမ်းထားရတာလေ။ အဲ့ဒါကြောင့် လူ့အခွင့်အရေးဥပဒေက သူတို့ကို တားမြစ်ထားလို့မရဘူးဆိုပေမဲ့ သူတို့က အန္တရာယ်များတဲ့လူတွေဖြစ်နေတာမို့ ဥရောပနိုင်ငံတွေကလည်း ပေါ်လစီထုတ်ပြန်ထားတာတွေရှိမှာပဲ။ ဒီလူတွေ မြို့ထဲမှာ ဝရုန်းသုန်းကားဖြစ်အောင်လုပ်နေတာကိုတော့ သူတို့တွေ ဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူး"
"ဒါဆို သူတို့ ဘယ်လိုလုပ်ရင် မြို့ထဲဝင်လို့ရနိုင်လဲ"
ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။
"ဒီဆေးရုံက ရောဂါပြင်းထန်တဲ့လူနာတွေကိုကုသပေးဖို့နဲ့ သီးခြားခွဲထုတ်ဖို့အတွက် တည်ဆောက်ထားတာပါ။ အစကတည်းက နိုင်ငံတစ်နိုင်ငံချင်းစီက ဒီမှာ အမြဲတမ်းနေထိုင်ဖို့ဆိုပြီး ကျွမ်းကျင်စိတ်ရောဂါအထူးကုတစ်ယောက်ကို လွှတ်ပေးထားပါတယ်။ သူ့လက်မှတ်ပါမှ ဒီလူနာတွေကို အပြင်ထွက်ခွင့်ပေးမှာပါ"
"အဲ့ဒါက ပြဿနာပဲ"
ကျန်းမုန့်လောင်လည်း အတွေးများရလေတော့သည်။ ဤကိစ္စမှာ ကိုင်တွယ်ရန် လွယ်ကူလိမ့်မည်မဟုတ်။ ပိုက်ဆံနှင့် ဖြေရှင်း၍ရနိုင်သည့် ကိစ္စတစ်ခုလည်းမဟုတ်ချေ။
"မစ္စတာကျန်း အဲ့ဒါက သိပ်မခက်ပါဘူး။ သူတို့သာ စစ်ဆေးနေစဉ်အတောအတွင်းမှာ အတွေးအမြင်ရှင်းလင်းပြီး သာမန်လူတစ်ယောက်လို ကျိုးကြောင်းသင့်တွေးခေါ်နိုင်တယ်ဆိုရင် လုံလောက်ပါတယ်"
ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏စိတ်အာရုံထဲ ပေါ်ပေါက်လာသည်။
"မင်းပြောတော့ လွယ်တာပေါ့။ အရူးတစ်ယောက်ကို ကုသပေးရတာ ဘယ်နေရာမှာများရိုးရှင်းနေလို့လဲ။ သူတို့သာ ရောဂါပျောက်သွားပြီး အပြင်ထွက်သွားတယ်ဆိုရင် ငါ့အတွက် ဘာပျော်စရာများကျန်ဦးမှာတဲ့လဲ"
"မစ္စတာကျန်း.. ဒီစိတ္တဇဝေဒနာရှင်တွေ အခုလိုအခြေအနေမျိုးရောက်သွားရတာက သူတို့ရဲ့ဦးနှောက်ဖွဲ့စည်းမှုကို ပျက်ပြားစေတဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေလိုမျိုး ပြင်ပအကြောင်းအရာတွေကြောင့်ပါ။ အဲ့ဒါက အာရုံကြောထုတ်လွှတ်ရေးအမှတ်တွေကို သွားထိခိုက်စေခဲ့လို့ပါ။ ဒါပေမဲ့ အထူးနည်းလမ်းတချို့ကိုသုံးပြီး သူတို့ရဲ့အာရုံကြောထုတ်လွှတ်ရေးအမှတ်တွေကို ယာယီပြန်ကောင်းအောင်လုပ်ထားလိုက်ရင် သူတို့လည်း သာမန်လူတစ်ယောက်လိုမျိုး ပြုမူနိုင်ပါတယ်"
"မင်းမှာ အဲ့လိုလုပ်နိုင်စွမ်းရှိလား"
ကျန်းမုန့်လောင်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"မင်း အဲ့လိုလုပ်ပေးနိုင်လား"
"လှည့်ကွက်သေးသေးလေးလောက်နဲ့ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ရဲ့ရောဂါကို လုံးဝပျောက်သွားအောင် ကုပေးချင်တယ်ဆိုရင်လည်း ကုပေးလို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါက လူကြီးမင်းရဲ့ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်"
"အဟမ်း အဟမ်း အဟမ်း"
ရုတ်တရက်ဆိုသလို ကျန်းမုန့်လောင်က တည်ငြိမ်လှသောလေသံဖြင့် ပြောလာလေသည်။
"မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနဲ့ သေဆုံးခြင်းဆိုတာက ဒီကမ္ဘာကြီးရဲ့ဓမ္မဓိဋ္ဌာန်ကျတဲ့ဥပဒေသတွေလေ။ ငါတို့မှာ လုပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင် သူ့ဟန်ချက်ကိုပျက်သွားအောင် တမင်တကာဝင်မနှောင့်ယှက်သင့်ဘူး"
"မစ္စတာကျန်း မလုပ်ချင်ရင်လည်း ဒီအတိုင်းပြောလိုက်လို့ရပါတယ်"
"စကားတွေများလိုက်တာ"
ကျန်းမုန့်လောင်သာ စကားထုတ်ပြောလို့ရနိုင်မည်ဆိုလျှင် သူ ဆဲပစ်လောက်မိပြီဖြစ်၏။ သို့သော် သူသာ တကယ် ထိုသို့လုပ်မိခဲ့ပါက ဤဆေးရုံအတင်ခံရမည့်သူမှာ သူ ဖြစ်သွားနိုင်သည်။
"ဒီကိစ္စကြီးပြီးသွားရင် သူတို့ကို နည်းနည်းလောက်ကုသပေးလိုက်။ ဒီလိုကြီးကျယ်တဲ့လုပ်ရပ်မျိုးကို လုပ်ပေးဖို့အတွက် ကျန်းမုန့်လောင်ဆိုတဲ့ ငါက ကပ်စေးကုပ်တဲ့လူစားမျိုးမဟုတ်ဘူး"
"ကောင်းပါပြီ မစ္စတာကျန်း.. အချိန်ကျလာရင် ကျွန်တော်စီစဉ်လိုက်ပါ့မယ်"
"ရုတ်ပ်.. ဒီမှာရှိတဲ့ ဆရာဝန်တွေကို သွားခေါ်လိုက်။ ပြီးရင် ပြင်သစ်လူမျိုးလူနာတွေကို အရှေ့ဘက်ရင်ပြင်မှာ စုခိုင်းထားလိုက်။ ပြီးရင် ပြင်သစ်ကခန့်အပ်ထားတဲ့ တာဝန်ခံကိုသွားခေါ်ခဲ့။ ငါ သူနဲ့ အဖွဲ့ဖွဲ့စည်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးစရာရှိတယ်"
"မစ္စတာကျန်း သူသဘောတူမှာမဟုတ်ပါဘူး။ ဒီလူနာတွေက ရောဂါအရမ်းပြင်းထန်တာ။ တစ်ယောက်ချင်းစီတိုင်းကလည်း အရမ်းရန်မူတတ်တယ်။ ပြင်သစ်မြို့ထဲကိုသွားဖို့မပြောနဲ့။ ဆင်ခြေဖုံးဘက်ကို အလည်အပတ်သွားဖို့အတွက်တောင်မှ အန္တရာယ်များတယ်။ သူတို့တွေ အချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ဒဏ်ရာအနာတရဖြစ်စေနိုင်တယ်။ လူသေတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်"
ရုတ်ပ်က လူနာဆောင်နှစ်ခုကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"ဥပမာပြောရရင် အဲ့ဒီ"ရှောင်ယန်"နဲ့ ဆရာမာရဲ့တပည့်တို့က အပြင်ကို လမ်းလျှောက်ထွက်တဲ့အချိန်တိုင်း အမြဲ အကြီးအကျယ်ရန်ဖြစ်ကြတာ။ လုံခြုံရေးအတွက် ကျွန်တော်တို့ သူတို့နှစ်ယောက်ကို လူချင်းခွဲပေးထားရတယ်လေ"
"ဟားဟားဟား"
ကျန်းမုန့်လောင်က ထိုမြင်ကွင်းကို သူ့စိတ်ထဲမှာ မြင်ယောင်မိနေပြီဖြစ်၏။
"စိတ်မပူပါနဲ့။ သူတို့ကိုသာ ခေါ်လိုက်ပါ။ ကျုပ်တို့ လုပ်ထုံးလုပ်နည်းကို လိုက်နာမှာပါ။ သူ့ဘက်က လက်မှတ်ထိုးမပေးဘူးဆိုရင်လည်း ကျုပ် သူ့ကို အတင်းဖိအားမပေးပါဘူး။ ကျုပ်တို့ဟွာရှားလူမျိုးတွေက အမြဲတမ်း စည်းကမ်းလိုက်နာပါတယ်"
...
သိပ်မကြာခင်မှာ ရုတ်ပ်က စိတ်ရောဂါအထူးကုကို ရင်ပြင်ဆီကို ခေါ်လာခဲ့သည်။
"ရုတ်ပ်.. ငါ မင်းကိုပြောပြီးသားနော်။ ဒါကမဖြစ်နိုင်ဘူး။ ဒီလူတွေက တော်တော်လေးနာမကျန်းဖြစ်နေတာ။ ငါ ဒါကို လက်မှတ်မထိုးပေးနိုင်ဘူး။ မင်းတို့ဒါရိုက်တာက ချမ်းသာတယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ တရားဥပဒေပိုင်းဆိုင်ရာအန္တရာယ်ကလည်း အရမ်းကြီးတယ်။ တစ်ခုခုမှားသွားရင် ငါ ကြိုးပေးခံရနိုင်တယ်"
"ဒေါက်တာချီလ်ဒီ.. ဒါရိုက်တာအသစ်က ခင်ဗျားဘက်က တစ်ချက်ကြည့်ပေးရုံပဲလို့ ပြောလိုက်တယ်။ အခြေအနေက တကယ်ပြင်းထန်တယ်လို့ ခင်ဗျားယုံတယ်ဆိုရင် ဘာမှလက်မှတ်ထိုးပေးစရာမလိုဘူး။ သူက ခင်ဗျားကို ဖိအားပေးမှာမဟုတ်ပါဘူး"
"ဒါပေမဲ့ အဲ့ဒါ အသုံးမဝင်ဘူးလေ။ မနေ့ကပဲ ငါ ကင်းလှည့်ကြည့်ပြီးပြီ။ ဒီလူနာတွေရဲ့အခြေအနေက တိုးတက်မှုမှမရှိတာ။ သူတို့က ညတွင်းချင်းကောင်းသွားပြီလို့ မင်းကဆိုလိုချင်နေတာလား။ ဝရုန်းသုန်းကားတွေတော့ ဖြစ်ဦးတော့မှာပဲ။ မင်းကြည့်နေလိုက်..."
စကားမဆုံးခင်မှာပင် ဒေါက်တာချီလ်ဒီခမျာ အံ့ဩမှင်တက်သွားရသည်။ ဆေးရုံဝတ်စုံဝတ်ဆင်ထားသော လူနာအယောက်၇၀၀လောက်က ရင်ပြင်ထဲတွင် စည်းကမ်းတကျစီစီရီရီလေး မတ်တတ်ရပ်နေကြသည်။
ယခင်ကဆိုလျှင် တချို့က ငေးကြောင်နေသောအမူအရာများနှင့် ရှုပ်ထွေးနေသောအမူအရာများ ဆင်မြန်းထားကြသော်လည်း ယခုမူ တည်ငြိမ်လေးနက်နေသောအမူအရာများက သူတို့မျက်နှာထက်တွင် ကိန်းအောင်းနေချေသည်။ မသိလျှင် စိတ္တဇဆေးရုံကိုမဟုတ်ဘဲ စစ်ဆေးရုံတစ်ခုကို ရောက်လာသည့်အလားပင်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရုတ်ပ်နှင့် ချီလ်ဒီတို့က တစ်ပြိုင်တည်းဆိုသလို တအံ့တဩရေရွတ်လိုက်မိကြသည်။
ဒီလူနာတွေက ဘယ်တုန်းကများ ဒီလောက်စည်းကမ်းကျသွားရတာလဲ။
သူတို့တင်သာမက ဝမ်လင်ပင် သူ့အရှေ့ရှိ အခြေအနေကို ရှင်းမပြနိုင်ပေ။ သူ့လက်အောက်ရှိ ဆေးဝါးကုမ္ပဏီတစ်ခုက မကြာသေးခင်ကမှ ပြင်းထန်လှသော စိတ်ရောဂါများကို ကုသဖို့အတွက် အံ့ဖွယ်ဆေးဝါးတစ်မျိုးကို ထုတ်လုပ်ထားကြောင်း ကျန်းမုန့်လောင်က ဆိုလေသည်။
လူနာများကို ဘယ်ဆေးဝါးကိုမှ လက်လွတ်စပယ်တိုက်လို့မရပေ။ အထူးသဖြင့် စမ်းသပ်ဆေးဝါးများပင်။ ထိုကဲ့သို့သောဆေးဝါးများအတွက် လူနာ၏မိသားစုထံမှ ခွင့်ပြုချက် အရင်တောင်းရမည်ဖြစ်၏။
ကျန်းမုန့်လောင်က ဆေးရုံမှတစ်ဆင့် လူနာများ၏ မိသားစုကို ချက်ချင်းဖုန်းခေါ်ခိုင်းခဲ့သည်။
အခြေအနေက အလွန်ပြင်းထန်ဆိုးဝါးနေသည့်အတွက် မိသားစုဝင်များကလည်း မျှော်လင့်ချက်များကို စွန့်လွှတ်လုနီးပါးဖြစ်နေချေပြီ။ သို့သော် ဤစမ်းသပ်ဆေးဝါးကို လက်ခံမည်ဆိုပါက လူနာတစ်ယောက်ချင်းစီတိုင်းကို လျော်ကြေးယူရိုတစ်သိန်းပေးနိုင်ကြောင်း ကျန်းမုန့်လောင်က အာမခံခဲ့သည်။ ဤဆေးဝါးက မကောင်းသည့်သက်ရောက်မှုများ ဖြစ်စေခဲ့ပါလျှင် လျော်ကြေးငွေကို အဆတစ်ရာတိုးပေးမည်ဖြစ်၏။
ဤအခြေအနေများအောက်မှာ မိသားစုအားလုံးကလည်း အီလက်ထရောနစ်စာချုပ်ကို အပြေးအလွှားလာရောက်ချုပ်ဆိုကြလေသည်။ ဤသို့ဖြင့် ခွင့်ပြုချက်တောင်းခံခြင်းက နာရီဝက်တောင်မကြာလိုက်ဘဲ ပြီးဆုံးသွားသည်။
တကယ်တမ်းတွင် ထိုအံ့ဖွယ်ဆေးဝါးဆိုသည်မှာ လုံးဝမရှိပေ။ ၎င်းမှာ အာဟာရဖြည့်ဖြည့်စွက်ဆေးတစ်မျိုးသာဖြစ်၏။
သို့သော် အံ့ဖွယ်ကောင်းလောက်အောင်ပင် လူနာများက ထိုဆေးကိုသောက်ပြီးသည်နှင့် ငြိမ်ကျသွားသည်။ သူတို့မျက်နှာထက်ရှိ စိတ်ကြွပြီး ငေးငိုင်နေသောအမူအရာများလည်း ခြေရာလက်ရာပင်မကျန်ဘဲ ပျောက်ကွယ်သွားလေရာ ဤဆေး၏ မှော်ဆန်လှသောအကျိုးသက်ရောက်မှုကို ချီးမွမ်းလာစေသည်။
မိနစ်ပိုင်းအတွင်းမှာပင် လူနာအားလုံးက ရင်ပြင်ရှေ့၌ စီစီရီရီစုဝေးပြီးကြပြီဖြစ်၏။
"သူငယ်ချင်းတို့..မင်းတို့ကို ဒီနေရာက ထွက်သွားခွင့်မပေးတာ သူပဲ။ မင်းတို့ အပြင်ထွက်ချင်တယ်ဆိုရင် သူ့ကို ဆန္ဒပြကြ"
ကျန်းမုန့်လောင်က ဒေါက်တာချီလ်ဒီကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ငါတို့ကိုအပြင်ထုတ်ပေး"
"ငါတို့ မဖျားဘူးကွ"
"ငါတို့ကို အခုလိုမျိုးထိန်းသိမ်းထားတဲ့အတွက် ငါတို့ဘက်ကလည်း တရားရုံးမှာ တရားစွဲပိုင်ခွင့်ရှိတယ်နော်"
"ငါတို့ လွတ်လပ်မှုကိုလိုချင်တယ်။ ငါတို့ လူ့အခွင့်အရေးကိုလိုချင်တယ်"
"ဆန္ဒပြကြ"
လူနာများက တစ်ယောက်ပြီးတစ်ယောက် စတင်အော်ဟစ်လာကြတော့သည်။
"ဒါက စိတ်ဝေဒနာပြင်းထန်တဲ့ စိတ္တဇဝေဒနာရှင်တွေမှာရှိသင့်ရှိထိုက်တဲ့ ကျိုးကြောင်းသင့်တွေးခေါ်မှုရော ဟုတ်ရဲ့လား။ ဒါ မဖြစ်နိုင်ဘူး။ သူတို့တွေအကုန်လုံး ပြန်ကောင်းသွားကြပြီလား။ ဒါပေမဲ့ ဒါကြီးက အရမ်းအဓိပ္ပာယ်မရှိဘူးလေ"
ဒေါက်တာချီလ်ဒီခမျာ သူမြင်နေရသမျှအရာအားလုံးကို ယုံရခက်နေချေသည်။
"ဘာတွေဖြစ်ကုန်တာလဲ"
ဒေါက်တာချီလ်ဒီက မေးလိုက်သည်။
"အိုး..ဘာရယ်မဟုတ်ပါဘူး။ ကြည့်ရတာတော့ ဒီလူနာတွေအကုန်လုံး ပြန်ကောင်းသွားပြီထင်တယ်။ သူတို့တွေက အခု ဆေးရုံဆင်းချင်နေကြတယ်လေ။ ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် တော်တော်လေးသံယောဇဉ်တွယ်နေကြပြီဆိုတော့ သူတို့တွေမပြန်ခင်မှာ အဖွဲ့လိုက်စုဝေးပွဲတစ်ခုလောက်စီစဉ်ပေးဖို့ ကျုပ်စဉ်းစားထားတယ်"
*********